ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 7 October 2011

၎ - မဟာဝဂ် (၁ - အမ္ဗသက္ကရပေတ၀တ္ထု)

၅၁၇။ ၀ဇ္ဇီတိုင်းသားတို့၏ ဝေသာလီမြို့၌ အမ္ဗသက္ကရမည်သော လိစ္ဆ၀ီမင်းသည် မြို့ပြင်ပ၌နေသော ပြိတ္တာကို မြင်သောကြောင့် ထိုမြင့်ရာအရပ်၌ပင် (အချင်း အသက်ရှင်ပါလော့၊ အသက်ရှင်ခြင်းသည်သာ မြတ်၏ဟု) ပြောဆိုသော စကား၏ အဓိပ္ပါယ်ကို သိလိုသည်ဖြစ်၍ ထိုပြိတ္တာအား (ဤသို့) မေးမြန်းလေပြီ။

၅၁၈။ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်အား အိပ်ရခြင်း ထိုင်ရခြင်းသည်လည်း မရှိခဲ့၊ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်းသည်လည်း မရှိခဲ့၊ ဤ ပုဂ္ဂိုလ်အား စားဖွယ် သောက်ဖွယ် ခဲဖွယ် အ၀တ်အရုံတို့ကို သုံးဆောင်ခြင်းဟု ဆိုအပ်သော ခံစားခြင်းသည်လည်း မရှိခဲ့။

၅၁၉။ ရှေးကရှိကြသည့် သနားစောင့်ရှောက်တတ်သော အဆွေအမျိုးတို့သည်၎င်း မြင်ဘူးကြားဘူးသော အဆွေခင်ပွန်းတို့သည်၎င်း ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့သည်၎င်း ထိုတံကျင်လျှိုသောပုဂ္ဂိုလ်ကို ယခုအခါ တွေ့မြင်ခြင်းငှါလည်း မရကြကုန်၊ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်သည် ထိုဆွေမျိုးစသော လူအပေါင်းက စွန့်ပစ်ထားသော သဘောရှိတော့သည်သာတည်း။

၅၂၀။ အသက်ဝိညာဏ်ကင်းပြီးသောသူအား အဆွေခင်ပွန်းတို့ မရှိကုန်၊ (သေသူကို ထားလိုက်ပါဦး) အဆွေခင်ပွန်းတို့သည် ပစ္စည်းဥစ္စာ ချို့တဲ့သူကို (ဤသူထံမှ ဘာတခုမျှ ရတော့မည် မဟုတ်ဟု) သိရသည်ရှိသော် (အသက်ရှင်သော်လည်း) စွန့်ပစ်တတ်ကြကုန်သေး၏၊ မိမိအကျိုးစီးပွါးကို မြင်ရသော်သာ ခြံရံကြကုန်၏၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော သူအားသာလျှင် အဆွေခင်ပွန်း များကုန်၏။

၅၂၁။ (ဤတံကျင်လျှိုထားသော ယောက်ျားသည်) စည်းစိမ်ချမ်းသာ အားလုံးတို့မှ ယုတ်သော သဘောရှိသည်ဖြစ်၍ သွေးတို့ဖြင့် လိမ်းကျံသောကိုယ် တံကျင်ထိုးလျှိုသဖြင့် ပေါက်ကွဲသောကိုယ် ရှိလျက် ဆင်းရဲငြိုငြင် ပင်ပန်းလှ၏၊ ဤယောက်ျားအား မြက်ဖျား၌ လိမ်းကျံသော ဆီးနှင်းပေါက်အတူ ယနေ့သော်၎င်း အသက် ချုပ်ပျောက်ခြင်း ဖြစ်တော့လတ္တံ့။

၅၂၂။ နတ်သား ထိုသို့ဖြစ်လျက် တမာသားတံကျင်၌ ထိုးတင်အပ်သည်ဖြစ်၍ အလွန်ပင်ပန်းခြင်းသို့ရောက်သော သူကို “အချင်း အသက်ရှင်ပါလော့၊ အသက်ရှင်ခြင်းသည်သာလျှင် မြတ်၏”ဟု အဘယ်ကြောင့် သင် ဆိုဘိသနည်း (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၂၃။ လီစ္ဆ၀ီမင်း ဤသူသည် ရှေးဘ၀က အကျွန်ုပ်၏ သွေးသားတော်စပ်သော သူဖြစ်၏ဟု အကျွန်ုပ် အမှတ်ရပါသည်၊ ဤသူကို မြင်ရ၍ အကျွန်ုပ် သနားခြင်း ဖြစ်မိပါ၏၊ ယုတ်မာသော သဘောရှိသော ဤသူသည် ငရဲသို့ မကျပါစေလင့်။

၅၂၄။ လိစ္ဆ၀ီမင်း ဤယောက်ျားသည် မကောင်းမူကို ပြုလေ့ရှိသည်ဖြစ်၍ ဤဘ၀မှ စုတေသော် မကောင်းမူပြုသူ သတ္တ၀ါတို့ဖြင့် ရောပြွမ်း၍ ကြမ်းတမ်းသော သဘောရှိသော အလွန့်အလွန် ပူလောင်ခါးစပ်သော ကြောက်ဖွယ်ကို ဖြစ်စေတတ်သော ငရဲသို့ ကပ်ရောက်ရလတ္တံ့ ။

၅၂၅။ ဤသူသည် စင်စစ် ဆင်းရဲသော ခါးစပ်၍ ကြောက်ဖွယ်ကို ဖြစ်စေတတ်သော စင်စစ် ထက်မြက်သော အကြင်ငရဲသို့ ကျရာ၏၊ ထိုထိုကျရမည့် ငရဲထက် ဤတံကျင်သည်သာလျှင် များစွာသော ဂုဏ်အဘို့အစုအားဖြင့် မြတ်သေး၏။

၅၂၆။ ဤသတ္တ၀ါသည် အကျွန်ုပ်၏ ဤစကားကိုကြားရသော် ဆင်းရဲသို့ ကပ်ရောက်ရသကဲ့သို့ ဖြစ်၍ မိမိအသက်ကို စွန့်ရာ၏၊ ထို့ကြောင့် အကျွန်ုပ်သည် တပြိုင်နက် အသက်ချုပ်ပျောက်ခြင်း မဖြစ်ပါစေလင့်ဟု နှလုံးပိုက်၍ ဤသတ္တ၀ါ၏ အနီး၌ ဤစကားကို ဆိုသည် မဟုတ်ပါ (ဟု ပြိတ္တာက ပြောဆို၏)။

၅၂၇။ တံကျင်လျှိုထားသော ယောက်ျား၏ ဤအကြောင်းအရာကို ငါတို့ သိရပါပြီ၊ တပါးသော အကြောင်းအရာကိုလည်း သင့်အား မေးလိုကုန်၏၊ ငါတို့အား အကယ်၍ အခွင့်ပြုပါမူ သင့်ကို မေးပါကုန်အံ့၊ ငါတို့အားမူ အမျက်မထွက်သင့်ပါ (ဟု လိစ္ဆ၀ီမင်းက ဆို၏)။

၅၂၈။ လိစ္ဆ၀ီမင်း (ရှေးဦးစွာ မြင်သော) ထိုအခါကပင် အကျွန်ုပ်အား စင်စစ် မေးလော့ဟု ၀န်ခံခြင်း ဖြစ်ပါ၏၊ မကြည်ညိုသူအား မဖြေကြားလိုခြင်း ဖြစ်ပါ၏၊ ယခုအခါ အလိုမရှိစေကာမူ သင်သည် ယုံကြည်ထိုက်သော စကားရှိသူ ဖြစ်သောကြောင့် ငါ့အား အလိုရှိရာ မေးလော့၊ စွမ်းအားရှိသလောက် ဖြေပါအံ့ (ဟု ပြိတ္တာက ဖြေ၏)။

၅၂၉။ နတ်မင်း ငါသည် မျက်စိဖြင့် မြင်ရသည့် အရာဟူသမျှ အားလုံးကိုလည်း ထိုမြင်သည့်အတိုင်းပင်လျှင် ယုံကြည်ရာပါ၏၊ ထိုအလုံးစုံကို မြင်ရ၍လည်း အကယ်၍ မယုံကြည်ခဲ့ပါမူ သင်သည် ငါ့အား နှိမ်နင်းမူကို ပြုမည်လော (ဟု လိစ္ဆ၀ီမင်းက ပြော၏)။

၅၃၀။ လိစ္ဆ၀ီမင်း သင်၏ ဤ၀န်ခံခြင်းသည် အကျွန်ုပ်အား မှန်ကန်သော ၀န်ခံခြင်း ဖြစ်ပါစေ၊ အကျွန်ုပ်သည် သင်ကြားဘူးသည်လည်းဖြစ်သော မကြားဘူးသည်လည်းဖြစ်သော တရားအားလုံးကို သင့်အား သိသမျှ ဟောကြားပါအံ့၊ သင်သည် သိခြင်းငှါ အလိုရှိသည်ဖြစ်၍၎င်း ပြစ်မှားလိုသောစိတ် မရှိသည်ဖြစ်၍၎င်း အကျွန်ုပ် ဟောမည့်တရားကို ကြားနာရ၍ ကောင်းသောကြည်ညိုမူကို ရပါစေသတည်း (ဟု ပြိတ္တာက ပြော၏)။

၅၃၁။ သင်သည် တန်ဆာဆင်အပ်သော မြင်းဖြူဖြင့် တံကျင်လျှိုထားသူ၏ အထံသို့ သွားဘိ၏၊ ဤမြင်းယာဉ်သည် မဖြစ်စဘူး ဖြစ်၍ ရူချင်ဖွယ် ရှိလှပါပေ၏၊ ဤမြင်းယာဉ်ကို ရခြင်းသည် အဘယ်ကံ၏ အကျိုးနည်း (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၃၂။ လိစ္ဆ၀ီမင်း ဝေသာလီမြို့၏ အလယ် ရွှံ့ညွန်ရှိသော ခရီးလမ်း၌ (ရွှံ့ညွန်)တွင်း ရှိခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဖြူသော နွားဦးခေါင်းရိုးတခုကို ယူ၍ ရွှံ့ညွှန်တွင်း၌ ချထားခဲ့၏။

၅၃၃။ အကျွန်ုပ်သည်၎င်း တပါးသောသူတို့သည်၎င်း ဤနွားဦးခေါင်းရိုးတံတား၌ ခြေတို့ကို ချနင်း၍ ရွှံ့ညွန်ကို လွန်မြောက်ကြရပါကုန်၏၊ ထိုကံကြောင့် မဖြစ်ဘူးမြဲဖြစ်၍ ရူချင်ဖွယ်ရှိသော ဤမြင်းယာဉ်ကို ရအပ်ပါ၏၊ ဤမြင်းယာဉ်ကို ရခြင်းသည် ထိုကံ၏ အကျိုးပါတည်း (ဟု ပြိတ္တာက ဖြေ၏)။

၅၃၄။ သင်၏ အဆင်းသည်လည်း အလုံးစုံ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ ကိုယ်ရနံ့သည်လည်း အလုံးစုံသော အရပ်မျက်နှာတို့၌ ကြိုင်လှိုင်ဘိ၏၊ သင်သည် ကြီးသော အာနုဘော်ရှိ၍ နတ်တန်ခိုးသို့ ရောက်သူဖြစ်ခဲ့၏၊ သို့သော်လည်း အ၀တ်မဆည်း အချည်းနှီး နေရသူ ဖြစ်ခဲ့၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၃၅။ လိစ္ဆ၀ီမင်း အကျွန်ုပ်သည် အမျက်မထွက်မူ၍ အမြဲကြည်လင်သော စိတ်ရှိပါ၏၊ သိမ်မွေ့သော စကားတို့ဖြင့် လူအပေါင်းသို့ ချဉ်းကပ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမြဲတောက်ပသော နတ်၌ဖြစ်သော ဤအဆင်းသည် ထိုကံ၏ အကျိုးပါတည်း။

၅၃၆။ လိစ္ဆ၀ိမင်း အကျွန်ုပ်သည် တရား၌ တည်သူတို့၏ ကျော်စောခြင်းကို၎င်း ချီးမွမ်းသံကို၎င်း သိမြင်၍ ကြည်ညိုသော စိတ်ရှိသည်ဖြစ်လျက် ပြောကြားတတ်ပါ၏၊ အကျွန်ုပ်၏ အမြဲလှိုင်သော နတ်၌ဖြစ်သော ဤရနံ့သည် ထိုကံ၏ အကျိုးပါတည်း။

၅၃၇။ သူငယ်ချင်းတို့ ရေချိုးဆိပ်၌ ရေချိုးနေကြကုန်စဉ် ကုန်း၌ ထားသော သူငယ်ချင်းတယောက်၏ ပုဆိုးကို ရယ်မြူးလိုသည်ဖြစ်၍ ပြစ်မှားလိုစိတ်မရှိပဲ ဆောင်ယူဝှက်ထားမိခဲ့ပါ၏၊ ထို့ကြောင့် အ၀တ်မ၀တ်ရသူလည်း ဖြစ်ရပါ၏၊ ပင်ပန်းသော အသက်မွေးခြင်းရှိသူလည်း ဖြစ်ရပါ၏ (ဟု ပြိတ္တာက ဖြေ၏)။

၅၃၈။ အကြင်သူသည် ကစားရယ်မြူးလို၍ မကောင်းမူ ပြု၏၊ ထိုသူ၏ အကုသိုလ်ကံအကျိုးသည်ပင် ဤသို့ သဘောရှိသေး၏၊ အကြင်သူသည်ကား ကစားရယ်မြူးလိုစိတ် မရှိပဲ မကောင်းမူကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံအကျိုးကို (ပညာရှိတို့) အဘယ်သို့ ဆိုကုန်သနည်း (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၃၉။ အကြင်သူတို့သည် ကာမဂုဏ်ကို ကြံခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် ဖျက်ဆီးအပ်သော စိတ်ရှိကုန်၏၊ ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း ညစ်ညူးကြကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာပျက်စီးသည့် နောက် တမလွန်ဘ၀၌ ယုံမှားမရှိ ငရဲသို့ ကပ်ရောက်ရကုန်၏။

၅၄၀။ တပါးသော လူတို့သည်ကား သုဂတိဘုံသို့ တောင့်တကုန်လျက် အလှူပေးခြင်း၌ မွေ့လျော်ကုန်၏၊ ချီးမြှောက်လိုသော သဘောရှိကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘ၀၌ ယုံမှား မရှိ ကောင်းသော လားရာ “သုဂတိ”သို့ ကပ်ရောက်ရကုန်၏ (ဟု ပြိတ္တာက ဖြေ၏)။

၅၄၁။ သင်သည် ကောင်းမူ မကောင်းမူ၏ ဤကောင်းကျိုး မကောင်းကျိုးကို ခွဲဝေ၍ ဆိုအပ်ပြီး၊ ထိုကောင်းကျိုး မကောင်းကျိုးကို အဘယ်သို့ သက်ဝင်၍ ငါသိရပါအံ့နည်း၊ အဘယ်သို့သော အထောက်အထားကိုမူလည်း တွေ့မြင်၍ ငါယုံကြည်ရပါအံ့နည်း၊ အဘယ်ပညာရှိသည်မူလည်း ထိုကောင်းကျိုး မကောင်းကျိုးကို ယုံကြည်စေနိုင်ပါအံ့နည်း (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၄၂။ လိစ္ဆ၀ီမင်း ကောင်းမူ မကောင်းမူ၏ ဤ ကောင်းကျိုး မကောင်းကျိုးကို (ခွဲဝေ၍ ငါဆိုအပ်ခဲ့ပြီ) ထိုကောင်းကျိုး မကောင်းကျိုးကို မြင်၍၎င်း ကြား၍၎င်း ယုံကြည်ပါလေလော့၊ ကောင်းမူ မကောင်းမူ နှစ်ပါးစုံ မရှိမူ သတ္တ၀ါတို့သည် ကောင်းသော လားရာ “သုဂတိ” ဘ၀သို့ လားရောက်ရကုန်၏၊ မကောင်းသော လားရာ “ဒုဂ္ဂတိ”သို့ လားရောက်ရကုန်၏ဟု အဘယ်သို့လျှင် ဖြစ်နိုင်ပါအံ့နည်း။

၅၄၃။ လိစ္ဆ၀ီမင်း ဤလူ့ပြည်လောက၌ သတ္တ၀ါတို့သည် ကောင်းမူ မကောင်းမူတို့ကို အကယ်၍ မပြုကြကုန်မူ လူ့ပြည်၌ ကောင်းသောလားရာ “သုဂတိ” မကောင်းသော လားရာ “ဒုဂ္ဂတိ”သို့ ရောက်ကုန်သော သတ္တ၀ါတို့သည်၎င်း အယုတ် အမြတ် ဖြစ်သော သတ္တ၀ါတို့သည်၎င်း ရှိသည် မဖြစ်ကုန်ရာ။

၅၄၄။ သတ္တ၀ါတို့သည် လူ့ပြည်လောက၌ ကောင်းမူ မကောင်းမူတို့ကို အကြင်ကြောင့် ပြုကုန်၏၊ ထို့ကြောင့် လူ့ပြည်လောက၌ ကောင်းသော လားရာ “သုဂတိ” မကောင်းသော လားရာ “ဒုဂ္ဂတိ”သို့ ရောက်ကုန်သော သတ္တ၀ါတို့သည်၎င်း အယုတ်အမြတ် ဖြစ်သော သတ္တ၀ါတို့သည်၎င်း ရှိကုန်၏။

၅၄၅။ ယခုအခါ ကောင်းမူ မကောင်းမူတို့၏ ချမ်းသာကို၎င်း ဆင်းရဲကို၎င်း ခံစားခြင်းငှါ လျောက်ပတ်သော နှစ်ပါးသော ကောင်းကျိုး မကောင်းကျိုးကို (ပညာရှိတို့) ဆိုကုန်၏၊ အကြင်သူတို့သည် အလွန်အကဲအားဖြင့် ချမ်းသာသုခကို ခံစားခြင်းငှါ လျောက်ပတ်သော အကျိုးကို ရကုန်၏၊ ထိုသူတို့သည် နတ်ပြည်၌ နတ်ဖြစ်ကြ၍ ချမ်းသာသုခကို ခံစားကြရကုန်၏၊ လူမိုက်တို့သည် ကံ ကံ၏ အကျိုးနှစ်ပါးကို မမြင်ကုန်သည်ဖြစ်၍ ငရဲစသည်တို့၌ ကျက်ကြရကုန်၏။

၅၄၆။ လိစ္ဆ၀ီမင်း အကြင် ကံတို့ကြောင့် ယခုအခါ အ၀တ်ပုဆိုးကို၎င်း အိပ်ရာနေရာကို၎င်း ထမင်းအဖျော်ကို၎င်း ရရာ၏၊ ရှေးက ကိုယ်တိုင်ပြုခဲ့သော ထိုကံတို့သည် အကျွန်ုပ်အား မရှိပါကုန်၊ (သမဏ ဗြဟ္မဏတို့အား အလှူကို) ပေးလှူ၍ အကျွန်ုပ်အား ရည်ညွှန်း အမျှဝေသော သူလည်း မရှိပါ၊ ထို့ကြောင့် ယခု အ၀တ် မ၀တ်ရသူ ပင်ပန်းသော အသက်မွေးခြင်းရှိသူ ဖြစ်နေရပါ၏ (ဟု ပြိတ္တာက ဖြေ၏)။

၅၄၇။ နတ်သား အကြင်အကြောင်းကြောင့် သင်သည် အ၀တ်ပုဆိုးကို ရရာ၏၊ တစုံတခုသော ထိုအကြောင်းသည် ရှိရာအံ့လော၊ အကယ်၍ အကြောင်းရှိမှ ထိုအကြောင်းကို ပြောကြားပါလော့၊ ယုံကြည်ထိုက်၍ အကြောင်းနှင့်တကွသော စကားကို နားထောင်ပါကုန်အ့ (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၄၈။ ဤဝေသာလီပြည်အနီး၌ ကပ္ပိတကမည်သော ရဟန်းသည် ရှိ၏၊ ထိုရဟန်းသည် အရဟတ္တဖိုလ်ဈာန် ရှိ၏၊ ကောင်းသောသီလ ရှိ၏၊ ပူဇော်အထူးကို ခံထိုက်၏၊ ကိလေသာမှ လွတ်မြောက်၏၊ လုံခြုံသော ဣနြေ္ဒ ရှိ၏၊ စောင့်စည်းပြီးသော ပါတိမောက္ခသီလ ရှိ၏၊ ငြိမ်းအေးသည် အဖြစ်သို့ ရောက်၏၊ မြတ်သော အရတ္တဖိုလ် သမ္မာဒိဋ္ဌိသို့ ရောက်၏။

၅၄၉။ နူးညံ့၏၊ တရားအားလုံးကို သိ၏၊ ကောင်းသော စကား ရှိ၏၊ ကောင်းသော မျက်နှာရှိ၏၊ ကောင်းစွာ နူတ်တက် အာဂုံဆောင်ထားသော ပါဠိ ပိဋက ရှိ၏၊ လွတ်လွတ်ဆိုတတ်သော စကားရှိ၏၊ ကောင်းမူ၏၊ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏၊ မေတ္တာဖြင့် နေတော်မူလေ့ရှိ၏၊ နတ်လူတို့၏ မြတ်သော အလှူကိုလည်း ခံယူတော်မူထိုက်၏။

၅၅၀။ ကိလေသာ ငြိမ်းပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တည်းဟူသော အခိုး ကင်းတော်မူ၏၊ ဆင်းရဲခြင်း မရှိ၊ တဏှာ မရှိ၊ ဘ၀ခပ်သိမ်းတို့မှ လွတ်၏၊ ရာဂစသော ငြောင့်တံသင်းတို့မှ ကင်း၏၊ ငါဟူသော မာန်မာန မရှိ၊ (ကိုယ်နူတ် နှလုံးတို့ဖြင့်) ကောက်ကျစ်ခြင်းမှ ကင်း၏၊ ကိလေသာ သင်္ခါရစသော ဥပဓိတို့ကို ပယ်ပြီး ဖြစ်၏၊ ပပဉ္စ တရားအားလုံး ကုန်ပြီးဖြစ်၏၊ ၀ိဇ္ဇာသုံးပါးသို့ ရောက်ပြီ၊ လောကုတ္တရာ ဉာဏ်ရောင်ဖြင့် ထွန်းပသော အရောင်ရှိ၏။

၅၅၁။ (အလွန် အလိုနည်းသည်၏ အဖြစ်ကြောင့် မိမိ၏ သီလစသော ဂုဏ်ကို မထင်ရှားစေ၊ မြင်၍လည်း ဤသို့ သီလ သမာဓိပညာ ရှိ၏ဟု သိခြင်းငှါ မလွယ်ကူပါ၊ ၀ဇ္ဇီတိုင်းတို့၌ လူတို့သည် ထိုအသျှင်ကို ရဟန်းဟူ၍ ခေါ်ဝေါ်ကြကုန်၏၊ သတ္တလောက၌ ကျင်လည်သော ကောင်းမြတ်သော သီလစသော ကျေးဇူးရှိသော ထိုကပ္ပိတက ရန်းကို တဏှာမြူကင်းသော ရဟန်းဟူ၍ နတ်တို့ သိကြပါကုန်၏။

၅၅၂။ သင်သည် ထိုကပ္ပိတက မထေရ်အား ပုဆိုးတစုံဖြစ်စေ နှစ်စုံဖြစ်စေ အကျွန်ုပ်ကို ရည်ညွှန်း၍ လှူခဲ့ပါမူ ထိုပုဆိုးအစုံတို့ကို မထေရ်ကလည်း ခံယူအပ်ကုန်မူ ပုဆိုး အ၀တ်ဝတ်ရသော အကျွန်ုပ်ကို သင်တွေ့မြင်နိုင်ရာပါ၏ (ဟု ပြိတ္တာက ဖြေ၏)။

၅၅၃။ အကြင် ကပ္ပိတက ရဟန်းမြတ်သည် ငါတို့၏ သို့လော သို့လော တွေးတောမူ ၀ိစိကိစ္ဆာကို၎င်း မှားသော မိစ္ဆာအမြင်တည်းဟူသော ငြောင့်တံသင်းတို့ကို၎င်း ပယ်ဖျောက်နိုင်ရာ၏၊ ယခု အဘယ်အရပ်၌ သီတင်းသုံးနေသော ထိုကပ္ပိတက ရဟန်းမြတ်ကို ငါတို့ သွား၍ ဖူးမြင်ရကုန်အံ့နည်း (ဟု လိစ္ဆ၀ီမင်းက မေး၏)။

၅၅၄။ ကပိနစ္စနခေါ်သော အရပ်၌ များစွာသော နတ်တို့ခြံရံလျက် သီတင်းသုံးနေတော်မူသော ဂုဏ်ကြောင့်ဖြစ်သော အမည်တို့ဖြင့် မှန်သော အမည်ရှိတော်မူသော ထိုကပ္ပိတက ရဟန်းမြတ်သည် မိမိဆရာ မြတ်စွာဘုရား၏ ဥစ္စာဖြစ်သော တရား၌ မမေ့ မလျော့သည်ဖြစ်၍ တရားစကားကို ပြောဟော၏ (ဟု ပြိတ္တာက ဖြေ၏)။

၅၅၅။ ယခုအခါ သင်ပြောဆိုသည့်အတိုင်း သွား၍ ငါပြုလုပ်ပါအံ့၊ ကပ္ပိတကရဟန်းကို အ၀တ်အစုံဖြင့် လှူဒါန်းပါအံ့၊ ထိုအ၀တ်အစုံတို့ကိုလည်း ထိုရဟန်းမြတ်က ခံယူအပ်သည် ဖြစ်ကုန်ရာ၏၊ ပုဆိုးအ၀တ် ၀တ်ရသော သင့်ကိုလည်း ငါတို့ တွေ့မြင်လိုပါကုန်၏ (ဟု လိစ္ဆ၀ီမင်းက ဆို၏)။

၅၅၆။ လိစ္ဆ၀ီမင်း တောင်းပန်ပါ၏၊ အခါမဟုတ်သည်၌ ကပ္ပိတက ရဟန်းမြတ်သို့ မချဉ်းကပ်ပါလေနှင့်၊ ဤအခါ မဟုတ်သည်၌ ချဉ်းကပ်ခြင်းသည် သင်ကဲ့သို့သော မင်းတို့၏ သဘော မဟုတ်၊ ထို့ကြောင့် နံနက်အခါ၌သာ ချဉ်းကပ်၍ ထိုကပိနစ္စနခေါ်သော အရပ်၌သာလျှင် ဆိတ်ငြိမ်းရာအရပ်ဝယ် ထိုင်နေသော ရဟန်းမြတ်ကို ဖူးမြင်ပါလော့ (ဟု ပြိတ္တာက ဆို၏)

၅၅၇။ လိစ္ဆ၀ီမင်းသည် ကောင်းပြီဟု ဆို၍ ကျွန်အပေါင်း ခြံရံလျက် ထို မိမိအရပ်သို့ သွားလေ၏၊ ထိုလိစ္ဆ၀ီမင်းသည် ထိုဝေသာလီမြို့သို့ ချဉ်းကပ်ပြီးလျှင် မိမိ နန်းတော်၌ နေလေ၏။

၅၅၈။ ထိုလိစ္ဆ၀ီမင်းသည် ထိုနေ့ကုန်ဆုံးပြီးသည့်နောက် နံနက်မိုးသောက် ရောက်သောခါ လူမူကိစ္စတို့ကို ပြုလုပ်ပြီးသော် ရေချိုး ရေသောက်ပြီးလျှင် သွားခွင့်ခဏကို ရသဖြင့် ကျွန်အပေါင်းတို့ကို သေတ္တာမှ ပုဆိုးရှစ်စုံေ၇ွးချယ်ယူစေပြီ။

၅၅၉။ ထိုလိစ္ဆ၀ီမင်းသည် ထိုရဟန်းမြတ် ရှိရာအရပ်သို့ ချဉ်းကပ်သည်ရှိသော် ဆွမ်းခံရွာမှ ဖဲကြွပြန်နစ်သော ကိလေသာငြိမ်းချမ်းခြင်းသို့ ရောက်ပြီဖြစ်၍ သစ်ပင်ရင်း၌ ထိုင်နေသော ငြိမ်သက်သော စိတ်ရှိတော်မူသော ထိုရဟန်းမြတ်ကို မြင်လေ၏။

၅၆၀။ (ထို့နောက်) ထိုရဟန်းမြတ်ကို ချဉ်းကပ်၍ လျှောက်ထား၏၊ အနာကင်းသည်အဖြစ်ကို၎င်း ချမ်းသာစွာနေရသည်အဖြစ်ကို၎င်း မေး၏၊ အရှင်ဘုရား အကျွန်ုပ်သည် ဝေသာလီပြည်က လိစ္ဆ၀ီမင်းပါတည်း၊ အကျွန်ုပ်ကို အမ္ဗသက္ကရလိစ္ဆ၀ိမင်းဟု လူအပေါင်းတို့ သိကြပါကုန်၏။

၅၆၁။ အရှင်ဘုရား အရှင်ဘုရားသည် အကျွန်ုပ်၏ ဤပုဆိုးရှစ်စုံတို့ကို အလှူခံတော်မူပါ၊ အရှင်ဘုရားအား လှူဒါန်းပါ၏၊ ထိုသို့ ပေးလှူလိုသောကြောင့် ဤအရပ်သို့ အကျွန်ုပ်လာရောက်ပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ် နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်လောက်အောင် ပြုတော်မူပါ (ဟု လျှောက်၏)။

၅၆၂။ သမဏတို့သည်၎င်း ဗြဟ္မဏတို့သည်၎င်း သင်၏ နန်းတော်ကို အဝေးမှပင် ကြဉ်ရှောင်ကြကုန်၏၊ သင်၏ အိမ်၌ သပိတ်တို့သည်လည်း ကွဲကုန်၏၊ ဒုကုဋ်သင်္ကန်းတို့သည် ကွဲပြတ် စုတ်ပြဲကြကုန်၏။

၅၆၃။ ထိုမှတပါး သင်၏ ခြေဟူသော ရဲတင်းပုဆိန်တို့ကြောင့် တပါးကုန်သော ရဟန်းတို့သည် ဦးခေါင်းငိုက်ဆိုက် လဲကျကြကုန်၏၊ ပဗ္ဗဇိအမည်ရသော သမဏတို့သည် သင်ပြုအပ်သော ဤသို့သဘောရှိသော အညှဉ်းဆဲခံရခြင်းသို့ ရောက်ကြရကုန်၏။

၅၆၄။ သင်သည် မြက်ဖျားဖြင့် ဆီကိုသော်လည်း မပေးလှူစဘူး၊ ခရီးမှားသူအား လမ်းခရီးကိုမျှလည်း မညွှန်ပြ မပြောဆိုစဘူး၊ သူကန်း၏ (လက်မှ) တောင်ဝှေးကို ကိုယ်တိုင်ပင် လုယူ၏၊ သင်ကား ဤသို့သဘောရှိသော စဉ်းလဲသူ မစောင့်စည်းသူ ဖြစ်ခဲ့၏၊ သို့ပါလျက် သင်သည် အဘယ်အကြောင်းကြောင့် အဘယ်အကျိုးကို မြင်၍သာလျှင် ငါတို့နှင့်တကွ ခွဲခြမ်းဝေဘန်မူကို ပြုဘိသနည်း (ဟု ရဟန်းမြတ်က မေး၏)။

၅၆၅။ အရှင်ဘုရား အရှင်ဘုရားဆိုသော စကားကို အကျွန်ုပ် ၀န်ခံပါ၏၊ အကျွန်ုပ်သည် သမဏတို့ကို၎င်း ဗြဟ္မဏတို့ကို၎င်း ရယ်မြူးလိုသည်ဖြစ်၍သာ ညဉ်းဆဲမိခဲ့ပါ၏၊ ပြစ်မှားလိုသော စိတ်ရှိ၍ကား မဟုတ်ပါ၊ အရှင်ဘုရား ထိုရယ်မြူးလိုသည့် အဖြစ်သည်လည်း အကျွန်ုပ်၏ မကောင်းမူပင် ဖြစ်ပါ၏။

၅၆၆။ အရှင်ဘုရား နတ်သားသည် ရယ်မြူးလိုသည်ဖြစ်၍ မကောင်းမူ ဆည်းပူးမိသောကြောင့် မပြည့်စုံသော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍ ဆင်းရဲ့ကို ခံစားရပါ၏၊ ပျိုမျစ်နုနယ် အရွယ်အဆင်းနှင့် ပြည့်စုံသော နတ်သားသည် အ၀တ်မရှိခြင်း အဘို့ရှိ၏၊ ထိုနတ်သားအား ထိုအ၀တ်မရှိခြင်းထက် ပိုလွန်၍ ဆင်းရဲခြင်းသည် အဘယ်မှာ ရှိပါတော့အံ့နည်း။

၅၆၇။ အရှင်ဘုရား အကျွန်ုပ်သည် ထိုနတ်သား (ပြိတ္တာ)ကိုမြင်ရ၍ ထိန်လန့်ခြင်း၊ သံဝေဂရခဲ့ပါ၏၊ ထိုသို့ သံဝေဂရသောကြောင့်လည်း အလှူဒါနကို ပေးလှူပါ၏၊ အရှင်ဘုရား အ၀တ်ပုဆိုးရှစ်စုံတို့ကို အလှူခံတော်မူပါ၊ ဤအ၀တ်အလှူတိုပသည် နတ်ပြိတ္တာအား ရောက်ပါစေကုန်သတည်း (ဟု လိစ္ဆ၀ီမင်းက လျှောက်၏)။

၅၆၈။ လိစ္ဆ၀ီမင်း မချွတ်ဧကန်သာလျှင် ဒါနကို ဘုရားအစရှိသည်တို့သည် များစွာသော အပြားတို့ဖြင့် ချီးမွမ်းအပ်၏၊ ပေးလှူသော သင့်အားလည်း မကုန်ခန်းနိုင်သော သဘောရှိသည်ဖြစ်ပါစေ၊ သင်၏ အ၀တ်ပုဆိုးရှစ်စုံတို့ကို အလှူခံပါ၏၊ ဤအ၀တ်အလှူတို့သည် နတ်(ပြိတ္တာ)သို့ ရောက်ပါစေကုန်သတည်း (ဟု ရဟန်းမြတ်က မိန့်၏)။

၅၆၉။ ထို့နောက် ထိုလိစ္ဆ၀ီမင်းသည် လက် ခြေ ခံတွင်းကို ဆေးကြောပြီး၍ မထေရ်အား အ၀တ်ရှစ်စုံတို့ကို ပေးလှူသောကြောင့် ထိုအ၀တ်ရှစ်စုံတို့ကိုလည်း မထေရ်မြတတ်သည် ခံယူအပ်ကုန်၏၊ အ၀တ်ပုဆိုး ၀တ်ရုံလျက်နေသော နတ်သား (ပြိတ္တာ) ကိုလည်း တွေ့မြင့်ရ၏။

၅၇၀။ စန္ဒကူးနှစ်ဖြင့် လိမ်းကျံလျက် အာဇာနည်မြင်းကို တက်စီးကာ နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တန်ဆာဆင်ပြီးလျှင် ကောင်းသော အ၀တ်ပုဆိုးကို ၀တ်ရုံလျက် လျောက်ပတ်သောအခြံအရံဖြင့် ခြံရံအပ်သော ကြီးသော နတ်တန်ခိုးသို့ရောက်၍ တည်သော ထိုနတ် (ပြိတ္တာ)ကို မြင်ရပြီ။

၅၇၁။ ထိုလိစ္ဆ၀ီမင်းသည် ထိုနတ်(ပြိတ္တာ)ကို မြင်၍ နှစ်သက်သောစိတ် တက်ကြွသောစိတ် ရွင်လန်းသောစိတ်ရှိသည့်အပြင် တင့်တယ်သော ရုပ်အသွင်လည်း ရှိ၏၊ ကံကိုလည်း ဉာဏ်မျက်စိဖြင့် မြင်၍ မျက်မှောက်ဖြစ်သော ကြီးမြတ်သော အကျိုးကိုလည်း မျက်စိဖြင့် မျက်မှောက်ပြု၍ -

၅၇၂။ ထိုနတ်(ပြိတ္တာ)ထံသို့ ချဉ်းကပ်ပြောဆို၏၊ နတ်သား ငါသည် သမဏဗြာဟ္မဏို့အား အလှူကို ပေးလှူပါတော့အံ့၊ ငါ့အား မပေးလှူအပ်သော တစုံတခုသော အရာမည်သည်လည်း မရှိတော့ပါ၊ နတ်သား သင်သည် ငါ့အား များသော ကျေးဇူးရှိလှပါပေ၏ (လိစ္ဆ၀ီမင်းက ပြောဆို၏)။

၅၇၃။ လိစ္ဆ၀ီမင်း သင်သည်လည်း အကျွန်ုပ်အား ရည်စူး၍ အ၀တ်အလှူတို့ကို တစိတ်တဒေသပေးလှူခဲ့၏။ ဤအ၀တ်အလှူသည် အချဉ်းနှီးမဟုတ်၊ နတ်ဖြစ်သော ထိုအကျွန်ုပ်သည် လူဖြစ်သော သင်နှင့်အတူတကွ သက်သေအဖြစ်ကို ပြုပါအံ့ (ဟု နတ်ပြိတ္တာက ပြော၏)။

၅၇၄။ (နတ်သား သင်သည်) ငါ၏ လားရာသည်၎င်း ဆွေမျိုးသည်၎င်း လည်းလျောင်းရာသည်၎င်း အဆွေခင်ပွန်းသည်၎င်း ထို့ပြင် ငါ၏ ကိုးကွယ်ရာနတ်သည်၎င်း ဖြစ်ပေ၏၊ သင့်ကို လက်အုပ်ချီသည်ဖြစ်၍ တောင်းပန်ပါ၏၊ နတ်သား သင့်ကို နာက်ထပ်တဖန် တွေ့မြင်နိုင်ရန် အလိုရှိပါ၏ (ဟု လိစ္ဆ၀ီမင်းက ပြော၏)။

၅၇၅။ လိစ္ဆ၀ီမင်း သင်သည် ယုံကြည်မူ “သဒ္ဓါ”မရှိသူ ၀န်တိုမူ “မစ္ဆရိယ” သဘောရှိသူ မှားသောအားဖြင့် ကျင့်လိုသော သဘောရှိသူ အကယ်၍ ဖြစ်ပြန်အံ့၊ အကျွန်ုပ်ကို သင်တွေ့မြင်နိုင်ရန် ရရှိလိမ့်မည် မဟုတ်၊ တွေ့မြင်ရသော်လည်း သင့်ကို ငါစကား ပြောတော့မည်မဟုတ်။


၅၇၆။ သင်သည် တရား၌ ရိုသေခြင်းရှိသူ အလှူပေးခြင်း၌ မွေ့လျော်သော စိတ်နှလုံးရှိသူ ချီးမြှောက်ခြင်းသဘောရှိသူ သမဏဗြာဟ္မဏတို့၏ ရေတွင်းရေကန်သဖွယ်ဖြစ်သူ အကယ်၍ဖြစ်ခဲ့မူ ငါ့ကို တွေ့မြင်ရလိမ့်မည်။

၅၇၇။ အရှင်လိစ္ဆ၀ီမင်း တွေ့မြင်ရသော် သင့်ကို စကားပြောပါအံ့၊ တံကျင်လျှိုအပ်သော ယောက်ျားဟူသော အကြင်သူ၏ ထံသို့ လာခြင်းဟူသော အကြောင်းကြောင့် အကျွန်ုပ်တို့သည် သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤ တံကျင်လျှိုထားသူကိုလည်း တံကျင်မှ လွှတ်သင့်၏ဟု အကျွန်ုပ် မှတ်ထင်မိပါ၏။

၅၇၈။ ထိုငါတို့သည် အချင်းချင်း သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤသူသည်လည်း တံကျင်မှ လျင်စွာ လွတ်သည်ဖြစ်အံ့၊ ထိုသူသည် တရားတို့ကို ကောင်းစွာကျင့်သည်ဖြစ်၍ ထိုငရဲမှ လွတ်ရာ၏၊ ထိုသူ၏ အပရာပရိယကံမှ တပါးသော ဥပပဇ္ဇဝေဒနီယကံသည် ဖြစ်ရာ၏။

၅၇၉။ လိစ္ဆ၀ီမင်းမြတ် လျောက်ပတ်သော အခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဉ်းကပ်၍ ထိုကပ္ပိတက ရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်း ဝေဘန်ခြင်းကို ပြုပြီးလျှင် အနီးသို့ကပ်၍ ကိုယ်တိုင် နူတ်ဖြင့် မေးလျှောက်လေလော့၊ ထိုရဟန်းမြတ်သည် ဤအကြောင်းကို သင့်အား ဖြေကြားလတ္တံ့ ။

၅၈၀။ ထိုရဟန်းမြတ်သို့သာလျှင် ချဉ်းကပ်၍ သိလိုသည်ဖြစ်၍သာလျှင် မေးလျှောက်ပါလော့၊ ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ မေမေးလျှောက်ပါလင့်၊ ထိုရဟန်းမြတ်သည် သင့်အား ကြားဘူးသောတရား မကြားဘူးသောတရား အားလုံးကိုလည်း သိသည့်အတိုင်း ဟောကြားလတ္တံ့ (ဟု ပြိတ္တာက ပြော၏)။

၅၈၁။ ထိုလိစ္ဆ၀ီမင်းသည် ထိုအရပ်၌ နတ်(ပြိတ္တာ)နှင့် လျှို့ဝှက်စွာ စကားပြောဆို၍ သက်သေအဖြစ်ကိုလည်း ပြုပြီးနောက် လိစ္ဆ၀ီမင်းတို့၏ အစည်းအဝေးပြောဆိုနေရာသို့ ဖဲသွားပြီးနောက် စုဝေးနေထိုင်သော ပရိသတ်ကို ပြောဆို၏။

၅၈၂-၃။ ပရိသတ်တို့ အကျွန်ုပ်၏ တခွန်းသော စကားကို နားထောင်ကြကုန်လော့၊ အကျွန်ုပ်သည် ဆုတခုကို ယူလိုပါ၏၊ အကျိုးရပါလိမ့်မည်၊ ကြမ်းကြုတ်သော အမူရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆ၀ီမင်းအပေါင်းက ကွပ်ညှပ်ဆုံးမအပ်သော သဘောရှိသော တံကျင်လျှိုခံနေရသော ယောက်ျားသည် ဤမျှဖြင့် ညဉ့်ပေါင်းနှစ်ဆယ်ရှိပြီး၊ ပရိသတ်တို့ အကြင်ကြောင့် တံကျင်လျိုခံရသူသည် အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်၊ ထို့ကြောင့် ယခုအခါ၌ ထိုသူကို ငါလွှတ်လိုက်တော့အံ့၊ ငါအလိုအတိုင်း မင်းအပေါင်းသည် ခွင့်ပြုပါလော့ (ဟု ပြောဆို၏)။

၅၈၄။ အမ္ဗသက္ကရလိစ္ဆ၀ီမင်းမြတ် ဤသူကို၎င်း တပါးသူကို၎င်း လျင်စွာ လွှတ်လော့၊ ထိုတရားနှင့် လျော်သော အမူကို ပြုသော သင့်ကို အဘယ်သူသည် ပြောဆိုရာပါအံ့နည်း၊ အကြင်အခြင်းအရာဖြင့် သင်သိ၏၊ ထိုအခြင်းအရာဖြင့် ပြုလော့ဟု မင်းအပေါင်းသည် အမ္ဗသက္ကရလိစ္ဆ၀ီမင်း အလိုအတိုင်း ခွင့်ပြု၏။

၅၈၅။ ထိုအမ္ဗသက္ကရလိစ္ဆ၀ီမင်းသည် ထိုအရပ်သို့ ချဉ်းကပ်၍ တံကျင်လျှိုခံရသူကို လျင်စွာသာလျှင် သင်လွှတ်၏၊ အချင်းယောက်ျား မကြောက်လင့်ဟုလည်း ထိုသူကို ပြောဆို၏၊ ဆေးသမားတို့ကိုလည်း လုပ်ကျွေးပြုစုစေ၏။

၅၈၆။ ထိုသမ္ဗသက္ကရလိစ္ဆ၀ီမင်းသည် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဉ်းကပ်၍ ထိုရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဘန်ခြင်းကို ပြု၍ သုံးဆောင်၏၊ ထိုရဟန်းမြတ်၏ အကျိုးကို အလိုရှိသော လိစ္ဆ၀ီမင်းသည် အနီးသို့ ကပ်၍ ကိုယ်တိုင် နူတ်ဖြင့် မေးလျှောက်၏။

၅၈၇။ ကြမ်းကြုတ်သော အမူရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆ၀ီမင်းအပေါင်းက ကွပ်ညှပ် ဆုံးမအပ်သော သဘောရှိသော တံကျင်လျှိုခံနေရသော ယောက်ျားသည် ဤမျှဖြင့် ညဉ့်ပေါင်းနှစ်ဆယ်ရှိပါပြီ၊ အရှင်ဘုရား တံကျင်လျှိုခံရသူသည် အကြင်ကြောင့် အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်ပါ။

၅၈၈။ ယခုအခါ အကျွန်ုပ်သည် သွား၍ ထိုယောက်ျားကို လွှတ်အပ်ပါပြီ၊ အရှင်ဘုရား ထိုနတ်(ပြိတ္တာ)၏ စကားကိုသာလျှင် (လိုက်နာ၍ ဤသို့ ပြုလုပ်ပါ၏)၊ ထိုတံကျင်လျှိုခံရသော ယောက်ျားသည် အကြင်အကြောင်းကြောင့် ငရဲသို့ မရောက်ရာ၊ ငရဲသို့ မရောက်ရာသော အကြောင်းတစုံတရာ ရှိရာပါအံ့လော။

၅၈၉။ အရှင်ဘုရား အကယ်၍ အကြောင်းရှိမူ ပြောကြားပါလော့၊ ယုံကြည်ထိုက်သော အကြောင်းနှင့် တကွသော စကားကိုလိုက်နာပါကုန်အံ့၊ ဤလောက၌ အကျိုးကို မခံစားရမူ၏ ထိုကံတို့၏ ပျက်စီခြင်းသည် မရှိပါသလော၊ သို့မဟုတ် ကံတို့၏ ကင်းပြတ်ပျက်စီးသော အဖြစ်သည် အဟောသိကံ ဖြစ်ရာ၏ (ဟု ရဟန်းမြတ်က ဆို၏)။

၅၉၀။ ထိုသူသည် နေ့ညဉ့်ပတ်လုံး မမေ့ မလျော့ပဲ တရားတို့ကို ရိုရိုသေသေ ကောင်းမွန်စွာ ကျင့်ငြားအံ့၊ ထိုသူသည် ထိုငရဲမှ လွတ်ရာ၏၊ အပရာပရိယကံမှ တပါးသော ဥပပဇ္ဇဝေဒနီယကံသည် အဟောသိကံ ဖြစ်ရာ၏ (ဟု ရဟန်းမြတ်က ဆို၏)။

၅၉၁။ အရှင်ဘုရား ယောက်ျား၏ ဤအကျိုးတရားကို သိရပါပြီ၊ ယခုအခါ အကျွန်ုပ်ကိုလည်း အစဉ်စောင့်ရှောက်တော်မူပါ၊ မြေကြီးအထူနှင့်တူသော ပညာရှိသော အရှင်ဘုရား အကြင်အခြင်းအရာဖြင့် ဆုံးမသည်ရှိသော် အကျွန်ုပ်သည် ငရဲသို့ မရောက်ရာ၊ ထိုအခြင်းအရာဖြင့် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ သွန်သင်တော်မူပါ (ဟု လိစ္ဆ၀ီမင်းက လျှောက်၏)။

၅၉၂။ လိစ္ဆ၀ီမင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဘုရားကို၎င်း တရားကို၎င်း သံဃာကို၎င်း ယနေ့ပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထိုအတူပင် ငါးပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပျက်သည်တို့ကို ပြု၍ ဆောက်တည်လော့။

၅၉၃။ လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်လော့၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်လော့၊ သေရည်သေရက် မသောက်လေနှင့်၊ မမှန်သော စကားကို မပြောဆိုနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲလော့၊ မြတ်သောအင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ အပြစ်မရှိသော ကောင်းသော အကျိုးကို ပွါးစေတတ်သော ဤဥပုသ်သီလကိုလည်း ဆောက်တည်လော့။

၅၉၄။ လိစ္ဆ၀ီမင်း သင်သည် ဖြောင့်မတ်သော အဖြစ်သို့ ရောက်ကုန်သော သမဏဗြဟ္မဏတို့အား သင်္ကန်းကို၎င်း ဆွမ်းကို၎င်း ဆေးကို၎င်း အိပ်ရာနေရာကို၎င်း ထမင်းကို၎င်း အဖျော်ကို၎င်း အ၀တ်ပုဆိုးနှင့် ကျောင်းတို့ကို၎င်း အထူးကြည်လင်သော စိတ်ဖြင့် ပေးလှူလော့။

၅၉၅။ သီလနှင့် ပြည့်စုံကုန်သော ရာဂကင်းကုန်သော အကြားအမြင်များကုန်သော ရဟန်းတို့ကိုလည်း ထမင်းအဖျော်ဖြင့် ရောင့်ရဲစေလော့၊ ဤသို့ ပြုသည်ရှိသော် သင့်အား အခါခပ်သိမ်းကုသိုလ်ကောင်းမူသည် ပွါးများ၏။

၅၉၆။ ဤသို့လျှင် ရိုသေစွာ နေ့ညဉ့်ပတ်လုံး မမေ့လျော့ပဲ ရိုသေစွာ တရားတို့ကို ကျင့်သော သင်သည် ထိုငရဲမှ လွတ်ရာ၏၊ ခံစားအပ်သော အကျိုးရှိသော အပရာပရိယ ကံကို ကြဉ်ထား၍ ဥပပဇ္ဇဝေဒနီယကံသည် အကျိုးမပေးသည့် အဟောသိကံ ဖြစ်ရာ၏ (ဟု ရဟန်းမြတ်က ဖြေ၏)။

၅၉၇။ အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို၎င်း တရားတော်ကို၎င်း သံဃာတော်ကို၎င်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယခုပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ထို့ပြင်လည်း သိက္ခာပုဒ်ငါးပါးတို့ကို မကျိုးမပျက်သည်ကိုပြု၍ ဆောက်တည်ပါ၏။

၅၉၈။ လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါအံ့၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါအံ့၊ သေရည်သေရက် မသောက်ပါအံ့၊ မမုန်စကားကို မဆိုပါအံ့၊ မိမိမယားဖြင့်သာ ရောင့်ရဲပါအံ့၊ ဖြူစင်သော မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အပြစ်မရှိသော ကောင်းသောအကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကို ဆောက်တည်ပါအံ့။

၅၉၉-၆၀၀။ သင်္ကန်းကို၎င်း ဆွမ်းကို၎င်း ဆေးကို၎င်း အိပ်ရာနေရာကို၎င်း ထမင်းကို၎င်း အဖျော်ကို၎င်း ခဲဖွယ်ကို၎င်း အ၀တ်ပုဆိုးနှင့် ကျောင်းတို့ကို၎င်း သီလနှင့်ပြည့်စုံကုန်သော (ရာဂ) ကင်းကုန်သော အကြားအမြင်များကုန်သော ရဟန်းတို့အား ပေးလှူပါအံ့၊ မတုန်လူပ်တော့ပါ၊ မြတ်စွာဘုရားတို့၏ သာသနာတော်၌ မွေ့လျော်ပါအံ (ဟု လိစ္ဆ၀ီမင်းက လျှောက်၏)။

၆၀၁။ ဤသို့ ဆိုအပ်ပြီးသော သဘောရှိသော အမ္ဗသက္ကရလိစ္ဆ၀ီမင်းသည် ဝေသာလီပြည်၌ ရတနာသုံးပါးကို ဆည်းကပ်သူတို့တွင် တယောက်အပါအ၀င်ဖြစ်သော ဥပါသကာ ဖြစ်၏၊ ထိုအခါဝယ် အမ္ဗသက္ကရလိစ္ဆ၀ိမင်းသည် သဒ္ဓါတရား နူးညံ့သိမ်မွေ့သူ ကျေးဇူဥပကာရကို ပြတတ်သူဖြစ်၍ ရဟန်းသံဃာကိုလည်း ရိုသေစွာ ဆည်းကပ် လုပ်ကျွေးပြီ။

၆၀၂။ တံကျင်လျှိုခံရသော ယောက်ျားသည်လည်း အနာရောဂါကင်းသူ မိမိ အလိုအတိုင်းနေရသူ ချမ်းသာရှိသဖြစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်၏။ ကပ္ပိတက ရဟန်းမြတ်ကို စွဲ၍ နှစ်ယောက်သော လိစ္ဆ၀ီမင်းနှင့် တံကျင်လျှိုခံရသူတို့သည်လည်း သောတာပတ္တိဖိုလ်ဟူသော အကျိုးတို့ကို ရကြကုန်၏။

၆၀၃။ ကိလေသာ ငြိမ်းအေးပြီးကုန်သော လောကီ လောကုတ္တရာ အသိဉာဏ်ပညာ ရှိကုန်သော သူတော်ကောင်းတို့ကို မှီဝဲခြင်းသည် ဤသို့သော အကျိုးရှိ၏၊ တံကျင်လျှိုခံရသော ယောက်ျားသည် အရဟတ္တဖိုလ်သို့ ရောက်၏၊ အမ္ဗသက္ကရလိစ္ဆ၀ီမင်းသည်ကား သောတာပတ္တိဖိုလ်သို့ ရောက်၏။

ရှေးဦးစွာသော အမ္ဗသက္ကရပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment