ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 11 December 2010

ဉာဏ်တော်ဆယ်ပါး

၁။ ဌာနာဌာနကောသလ္လဥာဏ်
အကြောင်းဟုတ်သည် မုန်သည်ကို အမှန်အတိုင်း သိမြင်သောဉာဏ်၊

မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် သတ္တ၀ါတစ်ဦးတစ်ယောက်သည် အာသဝေါတရားကုန်နိုင်၊ မကုန်နိုင်၊ သို့မဟုတ် ရဟန္တာဖြစ်နိုင်၊ မဖြစ်နိုင်ကို အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်တော်မူသည်။ ဘုရားရှင်သည် သတ္တ၀ါ တစ်ဦးတစ်ယောက်ကို ကြည့်ရာ၌ ဤသူသည် ကိလေသန္တရာယ်ခေါ် နိယတမိစ္ဆာဒိဋ္ဌိ ဟုတ် - မဟုတ် (စွဲမြဲသော အယူမှားရှိသူ ဟုတ် - မဟုတ်) အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်နိုင်ရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၂။ ကမ္မ၀ိပါကဉာဏ်
ကံတရားတို့၏ အကျိုးပေးမူနှင့် စပ်၍ အကြောင်းရင်းများနှင့်တကွ အမှန်အတိုင်း သိမြင်သောဉာဏ်၊

မြတ်စွာဘုရားသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် ဈာန်မင်္ဂဖိုလ်ရမူအတွက် အဟန့်အတား အန္တရာယ်ဖြစ်စေနိုင်သော ၀ိပါကန္တရာခေါ် အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေ တည်နေသူ ဟုတ် - မဟုတ်ကို အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်တော်မူနိုင်ရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၃။ သဗ္ဗတ္ထဂါမိနီ ပဋိပဒါဉာဏ်
အလုံးစုံသော ဘုံဘ၀သို့ ရောက်စေ၊ လားစေတတ်သော အကျင့်အမျိုးမျိုး၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ပဋိပဒါတို့ကို အမှန်အတိုင်း သိမြင်တော်မူသောဉာဏ်၊

မြတ်စွာဘုရားသည် ပုဂ္ဂိုလ်သတ္တ၀ါတို့တွင် ဈာန်မဂ်ဖိုလ်ရရန်အတွက် အန္တရာယ်ဖြစ်စေနိုင်သော ကမ္မန္တ ရာယ်ဟုခေါ်သည့် အမိသတ်ခြင်း စသော ကံကြီးငါးပါး (ပဉ္စာနာန္တ ရိယကံ) လွန်ကျူးမူ ရှိ - မရှိကို အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်တော်မူနိုင်ရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၎။ အနေကဓာတု နာနာဓာတုဉာဏ်
သက်ရှိသတ္တ၀ါတို့၏ ခန္ဓာ အာယတန ဓာတ်စသော ဓာတ်ခံ အမျိုးမျိုးကိုလည်းကောင်း၊ သက်မဲ့တို့၏ ထူးခြား ကွဲလွဲချက် ဓာတ်ခံ သဘောတရား အမျိုးမျိုးကို လည်းကောင်း အမှန်အတိုင်း သိသောဉာဏ်၊

မြတ်စွာဘုရားသည် အထက်ဖော်ပြပါ ဉာဏ်တော်သုံးမျိုးဖြင့် ကြည့်ရူရာ (ကိလေသန္တရာယ်၊ ၀ိပါကန္တရာယ်၊ ကမ္မန္တရာယ်ဟူသော) အန္တရာယ်သုံးမျိုးတို့ကင်းရှင်း၍ ကယ်သင့်ကယ်ထိုက် ချွတ်သင့် ချွတ်ထိုက်သော သတ္တ၀ါဖြစ်ကြောင်း သိမြင်တော်မူပြီးနောက် ထိုသတ္တ၀ါတို့၏ အကျင့်စရိုက် ဓာတ်ခံကို သိတော်မူရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၅။ နာနာဓိမုတ္တိကဉာဏ်တော်
သတ္တ၀ါတို့၏ နှလုံးသွင်း စိတ်နေ သဘောထား၊ အလိုဆန္ဒ အမျိုးမျိုး ရှိနေမူကို သိမြင်သောဉာဏ်၊

မြတ်စွာဘုရားသည် သတ္တ၀ါတို့ နှလုံးသွင်း စိတ်နေသဘောထားကို အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိရှိပြီး သင့်လျော်သောတရားကိုဟောရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၆။ဣနြ္ဒိယပရောပရိယတ္တဉာဏ်တော်
သတ္တ၀ါတို့၏ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာ ဟူသော ဣနြေ္ဒအနုအရင့်ကို သိသောဉာဏ်၊

မြတ်စွာဘုရားသည် သင့်လျော်သောတရားကို ဟောရာ၌ သတ္တ၀ါတို့၏ သဒ္ဓါ စသော ဣနြေ္ဒတို့၏ အနုအရင့်ကို အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်နိုင်ရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၇။ ဈာန၀ိမောက္ခသမာဓိသမာပတ္တိဉာဏ်
ဈာန်တရား၊ ၀ိမောက္ခတရား၊ သမာဓိတရား၊ သမာပတ် တရားတို့၏ ညစ်ညူးကြောင်း။ ဖြူစင်ကြောင်း၊ ဆုတ်ယုတ်ကြောင်း၊ တိုးတက်ကြောင်းတို့ကို သိမြင်သောဉာဏ်၊

ထိုထိုသတ္တ၀ါတို့၌ ဈာန် မဂ် ဖိုလ် ရလောက်သော ဣနြေ္ဒ ရင့်ကျက်မူ ရှိကြသည်ကို သိမြင်တော်မူလျှင် ထိုထိုကျွတ်ထိုက်သော သတ္တ၀ါတို့သည် ဝေးသောအရပ်၌ အကယ်၍ ရှိနေစေကာမူ အနိုင်းးမဲ့ တန်ခိုးအထူးကို ဖြစ်ပေါ်စေနိုင်သော ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၈။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
မိမိသူတပါးတို့၏ ရှေးဖြစ်ဟောင်း ဘ၀ခန္ဓာအစဉ်ကို သိမြင်သောဉာဏ်၊

မြတ်စွာဘုရားသည် ဈာန၀ိမောက္ခသမာပတ္တိဉာဏ်၏ စွမ်းအားဖြင့် ထိုသို့ ကြွတော်မူပြီးနောက် သတ္တ၀ါတို့၏ ရှေးဘ၀ဖြစ်ပုံကို အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်နိုင်ရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၉။ စုတူပပါတဉာဏ်
သေခါနီးသတ္တ၀ါ၊ ပဋိသန္ဓေ တည်နေပြီးစ သတ္တ၀ါတို့ကို သိသောဉာဏ်။ (ဤဉာဏ်သည် ဒီဗ္ဗစက္ခုဉာဏ်၌ အကျုံးဝင်၏။)
မြတ်စွာဘုရားသည် သေခါနီးသတ္တ၀ါ၊ ပဋိသန္ဓေတည်နေပြီးစ သတ္တ၀ါတို့ကို သိမြင်နိုင်ရန် ဤဉာဏ်တော်ကို အသုံးပြုတော်မူသည်။


၁၀။ အာသ၀က္ခယဉာဏ်
အာဝေ၀ါတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တမင်္ဂဉာဏ်၊

မြတ်စွာဘုရားသည် ဤဉာဏ်၏ စွမ်းအားဖြင့် ကာမာသ၀ (လောဘ)၊ ဘ၀ါသ၀ (လောဘ)၊ ဒီဋ္ဌာသ၀ (ဒိဋ္ဌိ)၊ အ၀ိဇ္ဇာသ၀ (မောဟ) တည်းဟူသော အာသဝေါတရား လေးပါးတို့ကို ၀ါသနာနှင့်အတကွ အကြွင်းမရှိ အလုံးစုံ အကုန်အစင် ပယ်သတ်တော်မူသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်


No comments:

Post a Comment