ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 24 December 2010

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဧသ = ဧသော သာဝကသံဃော - အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ လောကဿ - လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်း၏။ အနုတ္တရံ - အတုမရှိ မြတ်ခေါင်ထိသော။ ပုညက္ခေတ္တံ - ကုသိုလ်စေ့မျိုး နည်းငယ်ပျိုးက ကောင်းကျိုးထွေထွေ ဖြစ်ထွန်းစေသဖြင့် လယ်မြေယာကောင်းသဖွယ် ဖြစ်တော်မူကြပါပေ၏။

အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = တလောကလုံး၏ ကုသိုလ်မျိုးစေ့ကို ကြဲချ စိုက်ပျိုးရာ အတုမဲ့ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော အရိယာ သံဃာတော်မြတ်ပါပေတည်း။


အဓိပ္ပာယ်

လောက၌ မည်သည့်လူမျိုးဘာသာဝင်မဆို ပေးကမ်းစွန့်ကြဲခြင်း ဒါနအလုပ်များ ရှိကြသည်ပင် ဖြစ်၏။

အကျင့်သီလနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်အား လှူရသော အလှူမှသာ အကျိုးကျေးဇူးကြီးကျယ်မွန်မြတ်၏။ မြေဆီ မြေသြဇာဓာတ်ကောင်းသော လယ်ယာ၌ မည်သည့်မျိုးစေ့ကိုမဆို စိုက်ပျိုးကြဲချကာ အသီးအနှံကောင်း ရရှိရန် သေချာ၏။ အရိယာသံဃာတော်များသည် တလောကလုံး စိုက်ပျိုးစားသုံး၍ မကုန်နိုင်သည့် မြေဆီသြဇာကောင်းသော လယ်ယာမြေနှင့် တူ၏။ မိမိတို့ စိုက်ပျိုးမည့် မျိုးစေ့ ကောင်း မကောင်း စိစစ်ရွေးချယ်ရန်သာ လိုသည်။

မြေကလည်း မြေဆီမြေသြဇာ ပြည့်ဝသည့် မြေကောင်းမြေသန့်ဖြစ်၏။ ရေ လေနှင့် နေရောင်ခြည်သဖွယ်ဖြစ်သော သဒ္ဓါ စေတနာ ပညာကလည်းကောင်း၊ စိုက်ပျိုးသည့် မျိုးစေ့ကလည်း မျိုးသန့် မျိုးကောင်း ဖြစ်ပါမူ ဆိုဖွယ်ရာမရှိချေ။ ထို့ကြောင့် အရိယာ သံဃာတော်များသည် ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးကြဲချရန် တလောကလုံးအတွက် အတုမဲ့ လယ်ယာမြေကောင်းကြီးများ ဖြစ်သည် (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ) ဟု ဆိုရပေသည်။

ယခုပြဆိုခဲ့ပြီးသော သံဃာ့ဂုဏ်တော်ကိုးပါးကား အရိယာ သံဃာတော်များ၌ ရှိသော ဂုဏ်တော်များဖြစ်သည်။ သို့ရာတွင် ပုထုဇဉ်သမုတိ သံဃာတော်များသည်လည်း အရိယာမဖြစ်သေး စေကာမူ အရိယာဖြစ်ကြောင်း စတုပါရိသုဒ္ဓိစသော သီလ သမာဓိ ပညာ အကျင့်များကိုပင် ကျင့်ကြံတော် မူနေကြသည်ဖြစ်၍ သံဃာဟုပင် ခေါ်ရ၏။ အမူအကျင့်(သီလ) အားဖြင့် လည်းကောင်း၊ အယူဝါဒ အမြင်စင်ကြယ်မူ (ဒိဋ္ဌိ) အားဖြင့်လည်းကောင်း အတူတူပင် ဖြစ်သည်။ အရိယာသံဃာနှင့် အနုအရင့်မျှသာ ခြားနား၍ တစိတ်တ၀မ်းတည်း ပေါင်းစည်းညီညွတ်စွာ အတူတကွ တည်ရှိကြသဖြင့် ဘုရားရှင်၏ သာဝက သံဃာပင် ဖြစ်သည်။ ရဟန်းသံဃာတော်များအား ဖူးမြော် ပူဇော်ကြသောအခါ ပုထုဇဉ် အရိယာ မခွဲခြားဘဲ သံဃာ့ဂုဏ်တော် ၉-ပါးကိုသာ အာရုံပြု၍ ဆည်းကပ်ကြရာ၏၊ ဖူးမြော်ပူဇော် ကြရာ၏။

No comments:

Post a Comment