ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့နှင့် မသက်ဆိုင်ဘဲ မြတ်စွာဘုရားရှင်တို့နှင့်သာ သက်ဆိုင်သောဉာဏ်တော်၊ ထိုဉာဏ်တော်သည် ခြောက်ပါးရှိသည်။ ယင်းဉာဏ်တော် (၆)ပါးတို့မှာ ဤသို့ဖြစ်ကြ၏ -
(၁) ဣန္ဒြိယပရောပရိယတ္တဉာဏ်
သတ္တ၀ါတို့၏ ဣနြေ္ဒ အနုအရင့်ကို သိသောဉာဏ် (ဉာဏ်တော်ဆယ်ပါးတွင် ဖော်ပြပြီးဖြစ်သည်။)
(၂) အာသယာနုသယဉာဏ်
သတ္တ၀ါတို့၏ အမြင် အာသယနှင့် ကိလေသာ အနုသယဓာတ်ခံကို သိသောဉာဏ်။
မြတ်စွာဘုရားသည် ဤအာသယာနုသယဉာဏ်တော်ဖြင့် “ဤသတ္တ၀ါတို့သည် သဿတဒိဋ္ဌိအမြင် ရှိကုန်၏။ ဤသတ္တ၀ါတို့သည် ဤသို့သော အနုသယကိလေသာ လွှမ်းမိုးကုန်၏” ဟူ၍ အကြွင်းမရှိ အလုံးစုံ အကုန်အစင် သိမြင်တော်မူသည်။
(ဉာဏ်တော်ဆယ်ပါးတွင်ရှိသော နာနာဓိမုတ္တိကဉာဏ်တော်နှင့် အတူတူပင် ဖြစ်သည်။)
မှတ်ချက် ။ ။ မြတ်စွာဘုရားရှင်သည် ဤဣန္ဒြိယပရောပရိယတ္တဉာဏ်၊ အာသယာနုယဉာဏ် နှစ်ပါးဖြင့် ပိုင်နိုင်စွာ သိတော်မူသောကြောင့် သတ္တ၀ါတို့၏ စရိုက်အားလျော်သော တရားကို ဟောတော်မူ၍ လွယ်ကူစွာ ချေချွတ်တော်မူနိုင်ပါသည်။ ဤဉာဏ်နှစ်ပါးကို “ဗုဒ္ဓစက္ခု” ဟုခေါ်သည်။
(၃) ယမကပါဋိဟာရိယဉာဏ်
ရေမီး အစုံစုံ တန်ခိုးပြာဋိဟာကို ပြနိုင်သောဉာဏ်။
မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို -
(က) မဟာဗောဓိမဏ္ဍိုင်၌ နတ်ဗြဟ္မာတို့၏ ယုံမှား သံသယ မာန်မာနကို ပယ်ဖျောက်ခြင်းငှာ တစ်ကြိမ်။
(ခ) ကပိလ၀တ်ပြည်သို့ ပထမအကြိမ် ကြွရောက်စဉ် သာကီဝင်ဆွေမျိုးတို့၏ မာန်ကို နှိမ်ချိုးခြင်းငှာ တစ်ကြိမ်၊
(ဂ) သာဝတ္ထိပြည် ကဏ္ဍဥယျာဉ်မူး၏ နေ့ချင်းပေါက်၊ နေ့ချင်းကြီး၊ နေ့ချင်းသီး စိုက်ပျိုးအပ်သော သရက်ဖြူပင်အနီး၌ တိတ္ထိတို့၏ မာန်မာနကို နှိမ်ချိုးရန် တစ်ကြိမ်၊
(ဃ) ပါထိကပုတ္တကို အကြောင်းပြု၍ စည်းဝေးရာ၌ တစ်ကြိမ်ပြခဲ့ပါသည်။
(၄)မဟာကရုဏာသမာပတ္တိဉာဏ်
မဟာကရုဏာသမာပတ် ၀င်စားတော်မူသောအခါ၌ ဖြစ်ပေါ်တော်မူသောဉာဏ်
မြတ်စွာဘုရားသည် ဤသမာပတ်ကို နေ့စဉ်နေ့တိုင်း ညဉ့်အခါ၊ နံနက် မိုးသောက်အခါတို့၌ အကြိမ်ပေါင်း ကုဋေ နှစ်သန်း လေးသိန်း တိုင်တိုင် ၀င်စားတော်မူသည်။
(၅) သဗ္ဗညုတဉာဏ်
(ရှေး၌ဖော်ပြပြီး)
(၆) အနာဝရဏဉာဏ်
သဗ္ဗညုတဉာဏ်ကိုပင် အပိတ်အပင် အဆီးအတားမရှိ သိမြင်နိုင်သောကြောင့် အနာဝရဏဉာဏ် ဟူ၍ ခေါ်ဆို၏။
ဤဉာဏ်တော်များကို အကြောင်းအားလျော်စွာ အသုံးပြုတော်မူလျက် ဝေနေယျ သတ္တ၀ါများ၏ အကျိုးစီးပွားချမ်းသာအတွက် ၄၅-၀ါပတ်လုံး မနေမနား ရွက်ဆောင်မူသည်ကို ကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားသည် လောက၏ အနိုင်းမဲ့ ကျေးဇူးရှင်ဖြစ်ကြောင်း သိသာနိုင်ပါသည်။

Sunday, 12 December 2010
အသာဓာရဏဉာဏ်တော်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment