ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 18 December 2010

ဘုရားဂုဏ်တော်ကိုးပါး



ရှေးအခါက မြတ်စွာဘုရားအဆုံးအမ လိုက်နာကျင့်ကြံသူတို့ကို “သမ္မာဒိဋ္ဌိအယူရှိသူများ” ဟု ခေါ်တွင်ခဲ့ကြသည်။ ယခုအခါ ဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုနေကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ရတနာသုံးပါးဂုဏ်တော်အကြောင်းအရာ ပြည့်စုံမှန်ကန်စွာ သိထားမှ ဗုဒ္ဓဘာသာပီသ၍ အဖိုးတန်သော ဘ၀ကို ရကျိုးနပ်ပေမည်။ “ဤဘ၀၌လည်းကောင်း၊ နောင်တမလွန်ဘ၀၌လည်းကောင်း၊ သတ္တ၀ါအပေါင်းတို့အား သုခစစ် သုခမှန်ကို ပေးလျက် နိဗ္ဗာန်ကို မျက်မှောက် ပြုစေနိုင်သည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတပါး အခြားမရှိ” ဟု ကျမ်းဂန်နှင့်အညီ ကျန်စစ်မင်းကြီးက ပြည်ရွှေဆံတော်ဘုရား ကျောက်စာ၌ ရေးထိုးခဲ့သည်။

မြတ်စွာဘုရား ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည်မှာ ဤရွေ့ဤမျှရှိသည်ဟု ဂဏန်းချ၍ နိုင်းဆရေတွက် မရလောက်အောင် များပြားလှသည်။ သိသာအောင် ဖော်ပြရလျှင် ကမ္ဘာလောကရှိ သတ္တ၀ါအပေါင်း၏ ကောင်းမူပါရမီများကို စုပေါင်းပြီး အဆတစ်ရာဖြင့် မြှောက်လျှင် ရရှိသော အဖြေအရေအတွက်သည်ပင် တစ်ဆူတစ်ဆူသော ဘုရားရှင်၏ ပါရမီကုသိုလ်ကို မမီနိုင်သေးကြောင်း ပြဆိုထားသည်။ ဘုရားရှင်၏ ပါရမီဂုဏ်မှာ ဤမျှလောက်ကြီးမားလှသည်။

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း စုဆောင်းဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်များသည် ဘုရားဖြစ်ရာ နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀၌ နောက်ထပ် အကျိုးပေးစရာ ဘ၀မရှိတော့သဖြင့် အဆုံးစွန် အကျိုးပေးရမည့် အချိန်ဖြစ်၏။ ပါရမီကံများ သူ့ထက်ငါ စုပြုံအကျိုးပေးလေတော့ရာ ဘာမျှ လိုလေသေးမရှိ။ ရုပ်လက္ခဏာတော်မှစ၍ ကောင်းခြင်းဂုဏ်မှန်သမျှ အကြွင်းမဲ့ ပြည့်စုံတော်မူရ၏။ ပင်မဂုဏ်တော်ကိုးပါးပင်တည်း။


ဘုရားဂုဏ်တော် ၉-ပါး ပါဠိ

ဣတိပိ သော ဘဂ၀ါ

၁။ အရဟံ၊

၂။ သမ္မာသမ္ဗုဒ္ဓေါ၊

၃။ ၀ိဇ္ဇာစရဏသမ္ပန္နော၊

၎။ သုဂတော၊

၅။ လောက၀ိဒူ၊

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ၊

၇။ သတ္ထာ ဒေ၀မနုဿာနံ၊

၈။ ဗုဒ္ဓေါ၊

၉။ ဘဂ၀ါ။


၁။ အရဟံ ဂုဏ်တော်

အနက်

သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ - ဣမိနာ စ ကာရဏေန - တစ်ထောင့်ငါးရာ ကိလေသာတို့ ၀ါသနာဓလ့ ထုံအငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းနတ်လူ များပြည်သူတို့ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း အရဟံ - အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။

အရဟံ = လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။


အဓိပ္ပာယ်

အရဟံဂုဏ်တော်၏ အနက်အပြည့်အစုံကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရသည် -

(က) ကိလေသာတို့မှ ဝေးကွာတော်မူသော မြတ်စွာဘုရား၊

(ခ) အရ-ဟံ-ကိလေသာရန်သူတို့ကို ပယ်သတ်တော် မူတတ်သော မြတ်စွာဘုရား၊

(ဂ) အရ-ဟံ-သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူတက်သော မြတ်စွာဘုရား၊

(ဃ) အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊

(င) အ-ရဟံ-ဆိတ်ကွယ်ရာ၌ မကောင်းမူကို ပြုတော်မမူသော မြတ်စွာဘုရား။


ဂုဏ်ဟူသည် အရည်အချင်း

မြတ်စွာဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်ကျေးဇူးတော်တို့ကို (အာရုံပြု၍ ဖြစ်ပွားပေါ်ပေါက်လာသော) သတိရနေမူသည် ဗုဒ္ဓါနုဿတိမည်၏။ ထိုသတိရမူကို ကြိမ်ဖန်များစွာ ဖြစ်ပွားအောင် ပြုခြင်း၊ နှလုံးသွင်းခြင်းသည် ဘာဝနာမည်၏။

လောကီဖြစ်စေ၊ လောကုတ္တရာဖြစ်စေ အဖိုးတန် ရတနာဟူသမျှတို့၌ ကောင်းမြတ်သော ဂုဏ်အရည်အချင်းတို့ ရှိကြသည်။ ဂုဏ်ဟူသည် ထိုက်တန်သော အရည်အချင်းဖြစ်၍ လိုလားအပ် မြတ်နိုးအပ်သည်။ သိဒ္ဓိတန်ခိုး တန်ဖိုးအရှိဆုံး ဂုဏ်နှင့်ပြည့်စုံသော ဇောတိရသ ပတ္တမြား၊ လိုတရသည့် စွမ်းအာဂုဏ်နှင့် ပြည့်စုံသော မနောမယ ဣစ္ဆာသယပတ္တမြားတို့သည် သက်မဲ့ရတနာများပင် ဖြစ်သော်လည်း လွန်စွာ အဖိုးတန်သော တန်ခိုးဂုဏ်နှင့် ပြည့်စုံသဖြင့် သတ္တ၀ါတို့ လိုလားတောင့်တ ကိုးစားကြသည်။

ရတနာတို့တွင် ဘုရား၊ တရား၊ သံဃာ၊ ရတနာတို့သည် အမြတ်ဆုံး ဖြစ်ကြ၏။ သတ္တ၀ါအားလုံးတို့၏ ကိုးကွယ်မူကို ခံတော်မူထိုက်ကြသည်။ “ကိုး” ဟူသည် အားကိုးမူ အားထားမှီခိုမူ ဖြစ်သည်။ “ကွယ်” ဟူသည် ပပျောက်စေခြင်း၊ ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ခြင်းဖြစ်သည်။ ထိုဘုရား ရတနာကို ကိုးကွယ်လိုက်လျှင် ကောင်းကျိုးမှန်သမျှ အားကိုးစရာရ၍ ဒုက္ခအားလုံးမှ ပျောက်ကင်းစေရန် အကာအကွယ်လည်း ရယူပြီး ဖြစ်သည်။
ထိုသို့ သတ္တ၀ါအများကိုးကွယ် အားထားလောက်သည့် ဘုရားဟူသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီုး သတ်မှတ် စံထားရမည့် ပဓာနဂုဏ် အရည်အသွေးကား အဘယ်ပါနည်း။


အရံဟံဖြစ်မှ မြတ်ဗုဒ္ဓ

လောက၌ ဖြစ်ခြင်းသဘောရှိလျှင် မဖြစ်ခြင်း၊ ချုပ်ငြိမ်းခြင်း၊ သဘောလည်း ရှိရပေမည်။ လည်ပတ်နေခြင်းသဘောရှိလျှင် ရပ်ခြင်း ပြတ်ခြင်းသဘောလည်း ရှိရပေမည်၊ သတ္တ၀ါမှန်သမျှတို့သည် တစ်ဘ၀ပြီး တစ်ဘ၀ မရပ်မနား ဆုံလည်နွားသို့ တသွားတည်း သွားနေရသည်ကို သံသရာ လည်သည်ဟု ခေါ်၏။ အဘိဓမ္မာ သဘာဝအားဖြင့် ခန္ဓာ၊ အာယတန၊ ဓာတ်သဘောတို့ ကြောင်းကျိုးဆက်စပ်၍ ဖြစ်ပေါ်လှည့်ပတ် နေခြင်းပင်တည်း။ အ၀ိဇ္ဇာနှင့်တဏှာ အရင်းခံသော ကိလေသာ ဆယ်ပါးတို့သည် သံသရာလည်ပတ်ကြောင်း တရားများ ဖြစ်၏။ သံသရာစက်ဘီးကြီး လည်ပတ်ခိုင်ခံ့ရန်အတွက် အကန့်၊ တကူ၊ ဒေါက်များအဖြစ် ကိလေသာတို့က ခိုင်ခံ့အောင် တည်ဆောက်ထားသည်ကို တွေ့ကြရသည်။ သံသရာ စက်ဘီးကြီး မလည်ပတ်နိုင်အောင် အလည်ရပ်အောင် ဒေါက် တကူ အကန့်များနှင့်တူသော ကိလေသာတရားဆိုးတို့ကို ရိုက်ချိုးရပေမည်။

ဘုရားအလောင်းတော်သည် ထိုသံသရာစက် ပြတ်စဲရေးအတွက် ကောင်းမူပါရမီများကို ထပ်ကာထပ်ကာ ဖြည့်ကျင့်သောအခါ နောက်ဆုံးတွင် ပါရမီပြည့်ဝ ရင့်ကျက်သူ ဖြစ်လာသည်။ အကြိမ်တစ်ထောင် မီးတိုက်လှော်ထားသော ရွှေစင်ရွှေသားသည် ညစ်ကြေးကင်းစင် ကြည်လင်တောက်ပလာသကဲ့သို့ ပါရမီတော် အဟုတ်တို့ကြောင့် ကိလေသာအလုံးစုံ ကုန်စင်ကာ အဖြူစင်ဆုံး အမြင့်မြတ်ဆုံး အသန့်ရှင်းဆုံး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်လာခဲ့သည်။

လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ အကြီးအမှူး အထူးအားကိုးရမည့် ပုဂ္ဂိုလ်မြတ်ကြီးတစ်ဆူ ဆိုထိုက်သူ၏ ဂုဏ်အရည်အချင်းတို့တွင် အရေးအကြီးဆုံးသော ဂုဏ်အရည်အချင်းတစ်ရပ်မှာ အခြားမုတ်၊ ထိုကိလေသာ ကင်းစင်မူပင်ဖြစ်သည်။ မိမိကိုယ်တိုင်က ကိလေသာ မကင်းသေးပါဘဲလျက် အခြားသူများကို ကိလေသာကင်းအောင် နည်းပေးရှေ့ဆောင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

အမြဲမပြတ် လည်ပတ်နေသော ဖြစ်ပျက်မွေးသေ ယန္တရားကြီးအတွင်း၌ မိမိကိုယ်တိုင် မျောပါနေရပါလျက် အခြားသူများအား မအို မနာ မသေရာ အမြဲတမ်း ချမ်းသာသည့် ထာဝရဘုံသို့ ခေါ်ဆောင်ကယ်တင်မည်ဆိုသော ဘုရားသခင်များလည်း လောက၌ ရှိနေကြ၏။ ကိုယ်စာလှယ် ဆိုသူများကလည်း ထိုဘုရားများကို အနန္တဂုဏ်တို့ဖြင့် မွှမ်းထုံနေကြသည်။

အရဟံ ဂုဏ်တော်ကြီးကာ ဤ၌ တစ်ခုတည်းသော မှတ်ကျောက်ကြီးပင်တည်း။


လယ်ယာမြေကောင်း ပေါင်းမြက်မရှိ။

အကျဉ်းအားဖြင့် ကိလေသာဆယ်ပါး၊ အကျယ်မြှောက်ပွားပါက တစ်ထောင့်ငါးရာ ကိလေသာတို့ကို ဘုရားရဟန္တာ ပုဂ္ဂိုလ်မြတ်တို့သာ အရတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမရှိ ပယ်သတ်တော်မူနိုင်ကြ၏။ သို့ရာတွင် ရဟန္တာအရှင်တို့မှာမူ သံသရာတလျှောက် စွဲကပ်ထုံမွှမ်လာသော ၀ါသနာဓလေ့ အထုံအငွေ့ ဟူသမျှတို့ကို အကြွင်းမဲ့ ပယ်သတ်တော်မမူနိုင်၊ သဗ္ဗညုဘုရားရှင်တို့သာလျှင် ကိလေသာတရားဆိုး တို့ကို အငွေ့အသက် အထုံ ၀ါသနာနှင့်တကွ မြူခြမ်းတစေ့မျှ မကျန်ရအောင် လုံးဝအပြီးပိုင် ပယ်ရှားတော်မူနိုင်၍ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ပူဖော်အထူးကို အတုမရှိ ခံယူတော်မူထိုက်သည်။

ပေါင်းမြက်အမိုက်ကင်း၍ သန့်ရှင်းသော လယ်ယာမြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့များ သန်မာဖွံ့ဖြိုး အကျိုးဖြစ်ထွန်း၏၊ အသီးအပွင့်ကောင်း စားသုံးလိုလျှင် ထိုမြေမျိုး၌သာ စိုက်ပျိုးသင့်၏။ ထို့အတူ ကိလေသာ ပေါင်းမြက်ကင်းစင်၍ စိတ်တော်အစဉ် အမြဲကြည်လင်နေသော ဘုရားရှင်တည်းဟူသော လယ်မြေကောင်းကြီး၌ စိုက်ပျိုးလိုက်သော လှူဒါန်းပူဇော်ရခြင်းတည်းဟူသော မျိုးစေ့များသည်လည်း ရည်မှန်းသလောက် အကျိုးရောက်စေနိုင်ကြ၏။ စိုက်ပျိုးသူ အလိုကျအောင် အပြည့်ဝဆုံး ဖြည့်စွမ်းနိုင်သော အတုမရှိ လယ်ယာမြေကောင်းကြီးဖြစ်၏။

“အရဟံ - လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား” ဆိုသည်မှာ ဤအဓိပ္ပာယ်ပင်တည်း။


No comments:

Post a Comment