ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 December 2010

၂။ ဥဇုပ္ပဋိပန္နဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ သာဝကသံဃော - ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ သဇုပ္ပဋိပန္နော - စဉ်းလဲသမူ မာယာစုဖြင့် ဖုဖုထစ်ထစ် မကောက်ကျစ်ဘဲ စင်စစ် နိဗ္ဗာန်လမ်းဖြောင့်မှန်အောင် လျော်ကန်ချင့်မြော် ကျင့်ကြံတော်မူတတ်ပါပေ၏။

ဥဇုပ္ပဋိပန္နော - ရိုးသားဖြောင့်မတ်စွာ ကျင့်တတ်သော အရိယာ သံဃာတော်မြတ်ပါပေတည်း။


အဓိပ္ပာယ်

ဥဇုပ္ပဋိပန္န ဆိုသည်မှာ လမ်းကောက် လမ်းမှားမလိုက် လမ်းဖြောင့် အတိုင်းကျင့်သူ၊ လှည့်ပတ်ကောက်ကျစ် စဉ်းလဲခြင်း မရှိ၊ ရိုးသားဖြောင့်မတ်စွာ ကျင့်သူဟု အဓိပ္ပာယ်နှစ်မျိုးရပေသည်။

အရိယာသံဃာတော်များသည် ကာမဂုဏ်ချမ်းသာခံစားခြင်း ဟူသော ကာမသုခလ္လိကအကျင့်၊ မိမိကိုယ်ကို ညှဉ်းပန်းခြင်းဟူသော အတ္တကလမထအကျင့် တည်းဟူသော အစွန်းနှစ်ပါးတို့မှ ကင်းလွတ်ကြ၍ မဇ္ဈိမပဋိပဒါ လမ်းဖြောင့်အတိုင်းသာ ကျင့်ကြကုန်၏။ ဤသို့လမ်းဖြောင့်အတိုင်း ကျင့်၍ တရားထူး တရားမှန် ရကာ လူနတ်ဗြဟ္မာတို့၏ ပူဇော်မူကို ခံယူ ရရှိတော်မူကြသည်။

ထို့ပြင် အရိယာသံဃာတော်များသည် မိမိ၌ ရှိသော အပြစ်ကို ဖုံးကွယ်လှည့်ပတ်၍ မရှိဟန်ဆောင်ခြင်း (မာယာ) လည်း မရှိ၊ မိမိ၌ အမှန်တကယ် မရှိသောဂုဏ်ကို ရှိလေဟန်ပြုမူခြင်း (သာဌေယျ) လည်း မရှိပေ။ တရားစစ် တရားမှန်ကိုသာ လိုလားကြသဖြင့် အလွန်ရိုးသား ဖြောင့်မတ်စွာ ကျင့်ကြံတော်မူကြ၏။ ပဋိပတ်တရားအကျင့်ကို ကျင့်စဉ်အခါကပင် မာယာသာဌေယျ တရားများ ကင်းစင်ကြ၍ အရိယာဖြစ်သွားသောအခါ၌မူ အလွန် ရိုးသားဖြောင့်မတ်ကြောင်း အထူးဆိုဖွယ်ပင်မလိုတော့ပေ။ ဤသို့ အရိယာ သံဃာတော်များသည် ဥဇုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူကြ၏။

No comments:

Post a Comment