အနက်
သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် ဣတိပိ = ဣတမိနာ စ ကာရဏေန - သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ - လောက၀ိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
လောက၀ိဒူ = လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
အဓိပ္ပာယ်
လောကသည် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟု သုံးမျိုးရှိသည်။ အသက်ရှိသော သတ္တ၀ါအပေါင်းသည်သင်္ခါရလောကမည်၏။ သတ္တ၀ါမျိုးစုံတို့၏ တည်နေရာ ဘုံဌာနသည် သြကာသလောကမည်၏။ ရုပ်တရား နာမ်တရားအပေါင်းသည် သင်္ခါရလောကမည်၏။
သတ္တလောကတွင် လူသား သတ္တ၀ါများ ထင်ရှားရှိသကဲ့သို့ပင် မိမိတို့ ပြုလုပ်ခဲ့သော ကံအလျောက် ဆင်းရဲခံနေကြရသော ငရဲ တိရ စ္ဆာန် ပြိတ္တာ အသူရကာယ်များ၊ စည်းစိမ်စံနေကြရသော နတ်ဗြဟ္မာများ လည်းရှိကြသည်။ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ဟူသည် အဆုံးအပိုင်းအခြားမရှိ၊ မရေတွက်နိုင်အောင်လည်း များပြားလှ၏။ မြတ်စွာဘုရားသည် ထိုထိုသတ္တ၀ါမျိုးစုံတို့၏ အမျိုးအမည် ရုပ်ရည်အခြေအနေကို သာမက ဣနြေ္ဒစသည်တို့ကိုပါ သိတော်မူသည်။ ကျွတ်ထိုက်သူ ဟုတ်၊ မဟုတ်ကိုလည်း တိကျစွာ သိတော်မူသဖြင့် ထိုသတ္တ၀ါအလိုက် စရိုက်နှင့် လျော်သော တရားဒေသနာတော်ကို ဟောပြတော်မူနိုင်သည်။
သတ္တ၀ါတို့၏ တည်နေရာ လေထု ရေထု မြေထုနှင့်တကွ ဂြိုလ်နက္ခတ်တာရာ လ နေ တို့ပါဝင်သော သြကာသသည် လောကတစ်ခု၊ စကြ၀ဠာတစ်ခု ဖြစ်သည်။ ထိုစကြ၀ဠာ သြကာသလောကမျိုးပေါင်း အနန္တကိုလည်း သိမြင်တော်မူသည်။
လောကသုံးရပ်တွင် သိနိုင်ခက်ဆုံးသော လောကမှာ သင်္ခါရလောကပင် ဖြစ်သည်။ သတ္တလောက၊ သြကာသလောကတို့ကို ပကတိမျက်စိ၊ ဒိဗ္ဗစက္ခုဉာဏ်မျက်စိ ရှိသူတိုင် သိနိုင် မြင်နိုင်ကြသည်။ သင်္ခါရလောကကိုမူ သဗ္ဗညှမြတ်စွာဘုရားတို့သာ အပြည့်အစုံသိမြင်နိုင်သော အရာဖြစ်သည်။ ရုပ်နာမ်တရားများ ပေါင်းစပ်နေသည်ကိုပင် ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ ဟူ၍ ခ်ါနေကြသည်။ ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ တိရစ္ဆာန် သစ်ပင် တောတောင် မြို့ ရွာ စသည် ခေါ်ဝေးနေကြသည်။ ထိုထို ၀တ္ထုဒြပ်တို့၌ ပါဝင်သော ရုပ်တရား နာမ်တရားတို့ကို ဖယ်ထားလိုက်လျှင်၊ သို့မဟုတ် ရုပ်နာမ်အားလုံး ကုန်ဆုံး ချုပ်ပျောက်သွားလျှင် ပုဂ္ဂိုလ် သတ္တ၀ါဟူ၍ မရှိတော့ပေ။
အမှန်စင်စစ် ရုပ်တရားသည်ပင်လျှင် မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးနှင့် အခြံအရံရုပ်တို့ ပေါင်းစပ်နေမှသာ ဖြစ်သည်။ ထိုပေါင်းစပ်နေသော ရုပ်အစုအခဲကို ရုပ်ကလာပ်ဟု ခေါ်သည်။ ရုပ်ကလာပ်တစ်ခုရှိ ရုပ်ကလေးများ၏ ဖြစ်တည်ပျက် အနုစိတ် အခြေအနေကို သိတော်မူသည်။
ရုပ်ကလာပ်လေးများ စုပေါင်းနေသဖြင့် လောကီပညာရှင်တို့ မသိနိုင်ကြတော့ပေ။ မြတ်စွာဘုရားသည်ကား ထိုမျှသိမ်မွေ့လှသည့် - ဖဿ ဝေဒနာ စသော နာမ်တရားတို့၏ဖြစ်ပုံ ချုပ်ပုံ အလုံးစိုံကို အကုန်စင် သိမြင်တော်မူပေသည်။
ဤသို့လျှင် သဗ္ဗညုမြတ်စွာဘုရားသည် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လာကသုံးမျိုးကို အကုန်အစင် သိမြင်တော်မူသဖြင့် လောက၀ိဒူ ဟူသော ဂုဏ်ထူးဖြင့်လည်း ချီးကျူး ပူဇော်ရသည်။

Sunday, 19 December 2010
၅။ လောက၀ိဒူဂုဏ်တော်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment