ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် မလွဲမသွေ အမြဲတမ်း လုပ်ဆောင်ရမည့် အလုပ်သုံးမျိုးရှိ၏။ ယင်းအလုပ်များမှာ -
(၁) ဒါန
(၂) သီလ
(၃) ဘာဝနာ အလုပ်များဖြစ်ကြသည်။
ဗုဒ္ဓဘာသာဝင် အများစုသည် ဒါနမူ၊ သီလမူကိုသာ အလုပ်များကြ၏။ ဘာဝနာမူကိုကား လူတိုင်းမလုပ် ဖြစ်ကြပေ။ ဗုဒ္ဓဘာသာဝင်များသည် ယင်းအလုပ်သုံးမျိုးစလုံးကိုပင် နေ့စဉ်မှန်မှန် ပြုလုပ်သင့်၏။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ကား နိဗ္ဗာန်ဖြစ်၏။ ယင်းနိဗ္ဗာန်ပန်းတိုင်သို့ ရောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ဘာဝနာမူပင် ဖြစ်၏။ ထို့ကြောင့် ဒါနမူ၊ သီလမူ အလုပ်ဖြင့်သာ တင်းတိမ်ရောင့်ရဲ မနေဘဲ ဘာဝနာမူကိုလည်း နေ့စဉ်အချိန်မှန်မှန် အားထုတ်သင့်၏။
ဘာဝနာမူသည်လည်း သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ နှစ်မျိုးရှိရာ ဗုဒ္ဓါနုဿတိ(ဂုဏ်တော်များကို ပွားများအားထုတ်ခြင်း) စသည်မှာ သမထ ဘာဝနာဖြစ်၏။ မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ တရားတော်၏ ဂုဏ်တော်များ၊ သံဃာတော်၏ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် အာရုံပြုနေခြင်း၊ အောက်မေ့ဆင်ခြင်နေခြင်းသည် ဂုဏ်တော်ပွားများခြင်း ဖြစ်၏။ ဂုဏ်တော်ကို သတိရနေသော စိတ်တွေ များပြားအောင် တိုးပွားအောင် ပြုလုပ်ခြင်းပင်တည်း။
ဂုဏ်တော်မပွားများမီ ရှေးဦးစွာ အရဟံ အစရှိသော ဂုဏ်တော်တစ်ပါးစီ၏ ပါဠိအနက်တို့ကို နူတ်တက်ရအောင်ကျက်၍ ကြေနေအောင် လေ့ကျင့်ထားရမည်။ ထိုနောက် ဂုဏ်တော်တစ်ခုစီ၏ အဓိပ္ပာယ်ကို သဘောပေါက်အောင် လေ့လာထားရမည်။ ဂုဏ်တော်များကို နူတ်ရအာဂုံဆောင်၍ အနက်အဓိပ္ပာယ်ကို သဘောပေါက်နားလည်ပြီးပါက အောက်ပါအစီအစဉ်အတိုင်း ပွားများခြင်းကို ပြုရမည် -
(၁) နေရာရွေးချယ်ခြင်း - ဂုဏ်တော်ပွားများခြင်း - ဘာဝနာအလုပ်သည် စိတ်အလုပ်ဖြစ်၍ စိတ်ကို အနှောက်အယှက်ဖြစ်စေမည့် ကာလ ဒေသ မဖြစ်ရန် လို၏။ ဂုဏ်တော် ပွားများခြင်းသည် သမာဓိ ဦးစီးရသော အလုပ်ဖြစ်၍ ဆိတ်ငြိမ်မူကို ရနိုင်သည့် ကာလ ဒေသ ဖြစ်ရမည်။
(၂) သီလဆောက်တည်ခြင်း - သီလဆောက်တည်ပြီးမှ သမာဓိ အလုပ်ကို လုပ်ရသည်။ ထို့ကြောင့် ငါးပါးသီလကို ဖြစ်စေ၊ ရှစ်ပါးသီလကို ဖြစ်စေ၊ ဆယ်ပါးသီလကို ဖြစ်စေ ဆောက်တည်ပြီးလျှင် အထူးကြောင့်ကြစိုက်၍ မကျိုးမပေါက်ရအောင် စောင့်ထိန်းရမည်။
(၃) ခန္ဓာကိုယ်ကို လှူဒါန်းခြင်း - သီလဆောက်တည်ပြီးလျှင် အောက်ပါအတိုင်း မြန်မာလို ဖြစ်စေ၊ ပါဠိလို ဖြစ်စေ သုံးကြိမ်ရွတ်ဆို၍ ခန္ဓာကိုယ်ကို ဘုရားရှင်အား လှူဒါန်းရမည် -
“ဣမာ၊ ဟံ ဘဂ၀ါ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ”
“အရှင်ဘုရား - ဘုရားတပည့်တော်သည် ဘုရားတပည့်တော်၏ ခန္ဓာကိုယ်အတ္တဘောကို မြတ်စွာဘုရားရှင်အား တရားအားထုတ်စဉ်အတွင်း အပ်နှင်းလှူဒါန်းပါ၏။”
(၄) တရားထိုင်ခြင်း - တရားအားထုတ်သည့်အခါ ယောက်ျားများသည် တင်ပျဉ်ခွေထိုင်၍ အမျိုးသမီးများသည် ကြုံ့ကြုံ့ထိုင်၍ အားထုတ်ရမည်၊ ထိုင်သည့်အခါ ကြာကြာထိုင်နိုင်ရန် ကိုယ်အထက်ပိုင်းကို ဖြောင့်ဖြောင့် မတ်မတ်ထား၍ (ခါးဆန့်၍) ထိုင်ရမည်။
(၅) ဂုဏ်တော်ပွားများခြင်း - ဂုဏ်တော်များကို ကြိုတင် ကျက်မှတ်ထားသည့်အတိုင်း ဂုဏ်တော်တစ်ပါးတည်းကို ဖြစ်စေ၊ အရဟံ - အစ - ဘဂ၀ါ - အဆုံး ဂုဏ်တော်ကိုးပါးလုံးကို ဖြစ်စေ မိမိနှစ်သက်သလို စိတ်ဖြင့် ဆင်ခြင်ပွားများရမည်၊ (နူတ်က မရွတ်ဆိုရ)။ ဤကဲ့သို့ ထပ်ကာထပ်ကာ ဆင်ခြင် ပွားများနေခြင်းကို ဂုဏ်တော်ပွားများသည်ဟု ခေါ်၏။ မိမိစိတ်ကို ဘုရားဂုဏ်တော်အာရုံမှ တပါး အခြားအာရုံဆီသို့ မရောက်စေရ။
နိဗ္ဗာနမဂ္ဂဒီပနီကျမ်း၌မူ - မိမိရှေ့တည့်တည့် ငါးထောင်ကွာခန့်အရပ်၌ ဗောဓိပင်ရွှေပလ္လင်နှင့် သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ဖြင့်ထား၍ အရံ အရဟံ ဟု စိတ်ဖြင့် စီးဖြန်းပွားများရမည်ဟု မိန့်ဆို၏။ အရဟံကို အာရုံပြုပွားများရာ၌လည်း “အရဟံ၊ အ - ရဟံ၊ အရ - ဟံ ဟူ၍ သုံးမျိုးရှိရာ အာရုံမထွေပြားရအောင် တစ်ချိန်တစ်ချိန်ဘာဝနာမူ အားထုတ်ရာတွင် တစ်မျိုးတည်းကိုသာ ပွားများသင့်၏။ ထို့အတူပင် ကျန်ဂုဏ်တော်များတွင်လည်း မိမိနှစ်သက်သည့် ဂုဏ်တော်များတွင်လည်း မိမိနှစ်သက်သည့် ဂုဏ်တော်အဓိပ္ပာယ်တစ်ခုခုကို မိမိစွမ်းနိုင်သမျှ ပွားများရမည်။
ထိုကဲ့သို့ အရဟံ - အစ ဘဂ၀ါ - အဆုံးရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် ပွားများနေသူ၏ သန္တာန်၌ ရာဂါ ဒေါသ မော စိတ်များ ၀င်ခွင့်မရ၊ ထကြွမူမရှိ၊ စိတ်သည် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းအာရုံ၌သာ စူးစိုက်ဖြောင့်မတ်နေ၏။ အိပ်ချင်ထိုင်းမိုင်းမူ၊ သို့လော သို့လော သံသယစိတ်ဝင်မူစသော ဟန့်တားပိတ်ဆို့မူ(နီဝရဏ) များလည်း ကင်းကွာနေသဖြင့် စိတ်သည် ဂုဏ်တော်၌သာ နစ်မြုပ်လျက်ရှိ၏။ ဂုဏ်တော်၏ သဘောအဓိပ္ပာယ်ကိုသာ ဆုပ်ကိုင်၍ အထပ်ထပ် စဉ်းစားကြံစည်မူ၊ သုံးသပ်ဆင်ခြင်မူ (၀ိတက်၊ ၀ိစာရ) များ ဖြစ်ပေါ်လာတော့၏။
မြတ်စွာဘုရားဂုဏ်ကိုသာ ကြံစည်သုံးသပ်နေသူအား တလိုက်လိုက်ကျေနပ်ခြင်း နှစ်သက်ခြင်း ပီတိတရားများ၊ ငြိမ်းအေးခြင်း ပဿဒ္ဓိတရားများ ဖြစ်လာပြီး ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးလာ၏ (သုခ)။ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာလာသဖြင့် ဘုရားဂုဏ်အာရုံတစ်ခုတည်း၌ စူးစိုက် တည်တံ့နေသော သမာဓိတရား (ဥပစာရသမာဓိ) ခိုင်မြဲလာ၏။ ဤကား သမထတရားများကို ရူပွားသူတိုင်း ဖြစ်ပေါ်မြဲဖြစ်သော ပထမဈာန်အင်္ဂါတရား ငါးမျိုးဖြစ်၏။
သမာဓိ မရသေးမီကာလတွင် ဂုဏ်တော်တစ်ပါးတည်းကိုသာ စွဲမြဲစွာ အထပ်ထပ် ပွားများသင့်၏။ သို့မှသာ စိတ်တည်ငြိမ်၍ လွယ်ကူစွာ သမာဓိရနိုင်သည်။
ဗုဒ္ဓနုဿတိ ဘာဝနာပွားများခြင်းကြောင့် ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါငါးပါးတို့ တပြိုင်နက် ဖြစ်ပွားလာကြသည် ဆိုသော်လည်း ဂုဏ်တော်တို့သည် လေးနက်သော ပရမတ္ထသဘာဝများ ဖြစ်သည့်အပြင် အာရုံပြု၍ မကုန်ုနိုင်အောင်လည်း ကြီးကျယ်များပြား လှသောကြောင့် ပထမဈာန် စသော အပ္ပနာဈာန်များကိုမူ ရရှိစေနိုင် ဂုဏ်တော်တို့ကို ပွားများ၍ ဖြစ်ပွားလာသော သမာဓိသည် ဈာန်ကို ရစေနိုင်လောက်အောင် ခိုင်မာတည်တဲ့ခြင်းမရှိ။ ထို့ကြောင့် ဈာန်၏ အနီးအပါး (ဥပစာရ) ရောက်ရှိရုံမျှသာ အားရှိ၍ ဥပစာရသမာဓိဟု ခေါ်၏။
ထိုဥပစာရသမာဓိမျှဖြင့်လည်း ၀ိပဿနာကို ဆက်လက်ရူပွားပါက အရဟတ္တဖိုလ်အထိ ရောက်ရှိနိုင်သည်သာဖြစ်၏။ ဗုဒ္ဓါနုဿတိမှ ၀ိပဿနာသို့ ကူးပြောင်းပွားများပုံမှာ ဂုဏ်တော်ပွားများ၍ ဖြစ်ပေါ်လာသော ပီတိ (တလိုက်လိုက် နှစ်သိမ့်မူ၊ ကြက်သီးတဖြန်းဖြန်းထမူ) ၏ အမြဲမရှိ ပျောက်ကွယ်သွားပုံ (ခယ၊ ၀ယ) တို့ကို ရူပွား၍ သော်လည်းကောင်း၊ ထိုမှတပါး မိမိအသိဉာဏ် ရှင်းလင်းလွယ်ကူရာ ခန္ဓာကိုယ်ရှိ ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတစ်ခုခုကို သော်လည်းကောင်း ရူပွားလျှင်လည်း ၀ိပဿနာ ကူးပြေင်းရူပွားခြင်း ဖြစ်တော့၏။

Saturday, 25 December 2010
ဂုဏ်တော်ပွားများနည်း
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment