ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 December 2010

၅။ အာဟုနေယျဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဧသ = ဧသော သာဝကသံဃော - အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာသူတော်ကောင်းသည်။ အာဟုနေယျော - တုံ့ပြန်ကြီးလေး အကျိုးပေးသဖြင့် အဝေးမှယူ ဆောင်၍မူလည်း ကြည်ဖြူလေးမြတ် ပူဇော်အပ်သည့် လာဘ်သပ်ပကာ အဖြာဖြာကို ကောင်းစွာသိမ်းပိုက် ခံယူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

အာဟုနေယျော = အဝေးရပ်မှပင် ဆောင်ယူလှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သော အရိယာသံဃာတော် မြတ်ပါပေတည်း။


အဓိပ္ပာယ်

ဤ၌ အထူးမှတ်သားရန်မှာ ရှေ့ကပြခဲ့သော သုပ္ပဋိပန္နစသော ဂုဏ်တော်လေးပါးသည် အကြောင်းဂုဏ်တော်ဖြစ်၍ အာဟုနေယျ စသော ဂုဏ်တော်ငါးပါးသည် အကျိုးဂုဏ်တော်ဖြစ်သည်။

အရိယာသံဃာတော်များသည် မိမိတို့အား လှူဒါန်းပူဇော်မူပြုကြသည့် ပုဂ္ဂိုလ်များအား ကြီးကျယ်မြင့်မြတ် သည့် အကျိုးကို ပေးစွမ်းနိုင်သဖြင့် အလှမ်းဝေးကွာလှသည့် အရပ်ဒေသမှပင် ပင်ပင်ပန်းပန်းယူဆောင်၍ လှူဒါန်းသည့် ၀တ္ထုပစ္စည်းများကိုသော်လည်း အလှူခံတော်မူထိုက်သည့် ဂုဏ်နှင့် ပြည့်စုံကြ၏။

တနည်းအားဖြင့် အရိယာသံဃာတော်ဟူသည် ပြဆိုပြီး အကြောင်းဂုဏ်လေးပါးတို့နှင့် ပြည့်စုံတော်မူကြသဖြင့် လှူဒါန်းပူဇော်သူတိုင်း ကြီးကျယ် မြင့်မြတ်သော အကျိုးကျေးဇူးများကို ရရှိစေနိုင်၍ အနီးအနားရှိ သူတို့သာမက တစ်မြေရပ်ခြား တိုင်းတစ်ပါးမှ၊ အဝေးအရပ်မှ သူများပင် တမင် လာရောက်ပူဇော်လှူဒါန်းထိုက်သည်ဟုလည်း အဓိပ္ပာယ်ဖော်ဆောင်ရ၏။

အဘယ်ကြောင့်ဆိုသော အရိယာ သံဃာတော်အရှင်မြတ်များ၏ သီလစသော ဂုဏ်ရနံ့တို့ကား တလောကလုံး သင်းပျံ့ကြိုင်လိုင်နေ၏။ စန္ဒကူး မြတ်လေး ဇလပ် ကြာညို စသည့် အမွှေးတကာ့ အမွှေးဆုံး ပန်းတို့၏ ရနံ့ကား ပန်းတည်ရှိရာ အရပ်ဝန်းကျင်အတွင်း၌သာ ပျံ့လိုင်၏။ သီလရှိသူများ၏ သီလဂုဏ်ရနံ့မှာမူ လူ့ပြည်မက နတ်ပြည် ဗြဟ္မာ့ပြည်များတိုင်အောင် ပျံ့လိုင်မွှေးကြိုင်လျက်ရှိပေရာ လူသားတို့သာမက နတ် ဗြဟ္မာတို့ကပင် အထူးတလည်လာရောက် လှူဒါန်းကြရ၏။ သိကြားမင်းသည် ဇနီးသုဇာနှင့် အတူ လူ့ပြည်ဆင်း၍ လူအို လူမွဲ ဇနီးမောင်နှံယောင်ဆောင်ကာ အရှင်မဟာကဿပ မထေရ်မြတ်အား ဆွမ်းလှူဒါန်းခဲ့ဖူး၏။

တစ်ချိန်က မြတ်စွာဘုရားသည် လပြည့်ဥပုသ်နေ့၌ ရဟန်းသံဃာတော် အပေါင်းခြံရံလျက် လွင်ပြင်တစ်ခုတွင် ထိုင်နေတော်မူ၏။ ထိုအခါ တိတ်ဆိတ်ငြိမ်သက်လျက်ရှိကြသည့် သံဃာတော်အပေါင်းကို ကြည့်ရူတော်မူရာ အားရတော်မူလှသဖြင့် မိမိ၏ တပည့်သံဃာပရိတ်သတ်မှာ အဖျင်းမပါ၊ အကာမရှိ၊ အနှစ်အသားပြည့်သော ပရိသတ်ဖြစ်ကြောင်း၊ နည်းနည်းလှူလျှင် များများရ၍၊ များများလှူလျှင် အလွန်များသောအကျိုးကို ရစေတတ်သော ပရိသတ်ဖြစ်ကြောင်း၊ လောကသားများအဖို့ ဖူးတွေ့ရန် ခက်ခဲလှသော ပရိသတ်ဖြစ်ကြောင်း၊ ယူဇနာထောင်သောင်း အရပ်ကပင် ရိက္ခာထုပ်ထမ်းကာ ဖူးမြော်ရန်လာထိုက်သော ပရိသတ်ဖြစ်ကြောင်း မိန့်တော်မူဖူး၏။

No comments:

Post a Comment