အနက်
ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ သာဝက သံဃော - ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ ဉာယပ္ပဋိပန္နော - ကိုယ်ဝယ်ဝတ်နှောင် ဆံဦးသျှောင်ကို မီးလောင်သော်ငြား မငြှိမ်းအားဘဲ ဆယ်ပါးလောင်ညီး ကိလေမီးတို့ အပြီးဧကန် ငြိမ်းရာမှန်သည် နိဗ္ဗာန် အလို့ငှာ ကျင့်တော်မူတတ်ပါပေ၏။
ဉာယပ္ပဋိပန္နော - နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူတတ်သော အရိယာ သံဃာတော်မြတ်ပါပေတည်း။
အဓိပ္ပာယ်
အရိယာသံဃာတော်များမှာ လောကီရေးချမ်းသာဟူသမျှကို စွန့်လွတ်၍ နိဗ္ဗာန်ရရေးတစ်ခုကိုသာ မျှော်ကိုး၍ ကျင့်တော်မူကြ၏။ နိဗ္ဗာန်ချမ်းသာရရေးမှ တပါး အခြားမည်သည့်အရာကိုမျှ မလိုလား၊ မတောင့်တ။
နိဗ္ဗာန်ချမ်းသာရရေးကို ရှောင်တိမ်း၍ လောကီချမ်းသာရေးအတွက် ကျင့်သူများမှာ မတရားရှာမှီးသော (အနေသန) နည်းများဖြင့် လာဘ်လာဘနှင့် ထင်ပေါ်ကျော်ကြားမူများကို ရယူတတ်ကြပေရာ သီလ - သမာဓိ - ပညာ တရားတို့ ဆုတ်ယုတ် ပျက်ပြားကြကုန်၏။ သာသနာတော်လည်း ထိုသူတို့ကြောင့် ညစ်နွမ်းရ၏။ နိဗ္ဗာန်ရရေး လောကုတ္တရာရေးနှင့် လောကီရေးသည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည် ဟု ဟောတော်မူ၏။
ဗုဒ္ဓသာသနာတော်၏ ခရီးဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကိုသာ ရည်မျှော်၍ တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ကြသည့် အရှင်မြတ်များမှာ သီလ - သမာဓိ - ပညာဟူသော သိက္ခာသုံးရပ်မပါဘဲ ရည်ရွယ်ချက် မအောင်မြင်နိုင်သဖြင့် ယင်းတရားသုံးပါးကို အထိမခံ၊ အရိုးကြေကြေ အရေခန်းခန်း နောက်မဆုတ်တမ်း ကျင့်ကြကုန်၏။ ထို့ကြောင့် မိမိတို့ လိုလားတောင့်တတော်မူကြသည့်အတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြသော ထိုအရိယာ သံဃာတော်များမှာ ဉာယပ္ပဋိပန္နဂုဏ်တော်နှင့် ပြည့်စုံကြသဖြင့် လူ နတ် ဗြဟ္မာတို့၏ ပူဇော်မြတ်နိုး အားကိုးရာအစစ် သံဃရတနာ ဖြစ်တော်မူကြပေသည်။

Thursday, 23 December 2010
၃။ ဉာယပ္ပဋိပန္နဂုဏ်တော်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment