ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 26 December 2010

သရဏအဓိပ္ပာယ်


ဤ၌ ကိုးကွယ်မူနှင့်စပ်၍ “သရဏ” ကို ဦးစွာ နားလည်ထားရန် လိုသည်။ သရဏဟူသည် “ကိုးကွယ်ရာ” ပင်ဖြစ်၏။ သို့သော် “သရဏ ကို ကိုးကွယ်ရာ” ဟု ဘာသာပြန်ခြင်းမှာ နားလည်လွယ်အောင် ဘာသာပြန်ခြင်း ဖြစ်၏။ သရဏ၏ မူလဆိုလိုရင်းမှာ “သတ်ဖြတ်ခြင်း - ပယ်ဖျောက်ခြင်း - ဖယ်ရှားခြင်း” ပင် ဖြစ်သည်။ ဘေးရန်အန္တရာယ်အမျိုးမျိုး၊ ကြောက်ရွံ့ ထိတ်လန့်ဖွယ်အမျိုးမျိုး၊ ကိုယ် စိတ် ဆင်းရဲမူအမျိုးမျိုး၊ အချုပ်အားဖြင့် သံသရာတခွင်လုံး မဆုံးနိုင်အောင် ကျင်လည်ခံစားကြရမည့် ဘေးဒုက္ခ အမျိုးမျိုးတို့ကို သတ်ဖြတ် ပယ်ဖျောက် - ဖယ်ရှား - ပေးတတ်သည်ကို “သရဏ” ဟု ခေါ်သည်။

ဘေးရန်အန္တရာယ်များကို ဖယ်ရှားပေးခြင်းဖြင့် ကောင်းကျိုးချမ်းသာကို ပေးသည်ဟု အဓိပ္ပာယ် သက်ရောက်လာ၏။ ဤအဓိပ္ပာယ်ကို ခြုံငုံ၍ “စောင့်ရှောက်တတ်သောအရာ” ဟု လည်းကောင်း၊ “ကိုးကွယ်ရာ” ဟု လည်းကောင်း ဘာသာပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် -

“သရဏ - ဘေးရန်ဖယ်ရှား ကောင်းကျိုးများအောင်၊ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာ” ဟူ၍ -

သရဏဂုံအနက်များကို ကဗျာလင်္ကာဖြင့် ပြည့်ပြည့်စုံစုံ ဂုဏ်ရသမြောက်အောင် ရေးသားကြခြင်း ဖြစ်လေသည်။

ဆက်လက်၍ ဗုဒ္ဓ ဓမ္မ သံဃ ဟူသော ရတနာမြတ်သုံးပါးတို့ အသီးသီး သရဏဖြစ်ပုံ (ဘေးရန် ပယ်ဖျောက်နိုင်ပုံ) ကိုလည်း မှတ်ထားသင့်၏။

- မြတ်စွာဘုရားသည် သတ္တ၀ါတို့အား မကောင်းမူ ဒုစရိုက်များကို ရှောင်ရှား၍ ကောင်းမူသုစရိုက်တို့ကို ဆောင်ထားရန် ကြောင်းကျိုးပြ၍ ဆုံးမသွန်သင်ပေးခြင်း၊ သံသရာ လည်ကြောင်း ပြတ်ကြောင်းကို လမ်းညွှန်ပြခြင်းဖြင့် ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန်အန္တရာယ်များကို ဖယ်ရှားတတ်၏။ ကောင်းကျိုးချမ်းသာများကို ဖြစ်ပွားစေတတ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

- တရားတော်သည် ငါးပါးသီလမှစ၍ တရားတော်အတိုင်း လိုက်နာကျင့်သုံးလျှင် ယုတ်စွအဆုံး သံသရာကျင်လည်ရစေကာမူ ဘေးအန္တရာယ်ကင်းကွာ၍ သက်သောင့်သက်သာ ချမ်းသာမူ ရှိအောင် ဆောင်ရွက်ပေးတတ်၏။ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုလျှင်လည်း အဆုံးစွန် လွတ်မြောက်သည်အထိ ပို့ဆောင်ပေးနိုင်၏။ ထိုသို့ သက်သာမူပေးတတ်၊ လွတ်မြောက်စေတတ်၍ တရားတော်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

- သံဃာတော်သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ဆောင်၍ သတ္တ၀ါတို့အား (မြတ်စွာဘုရားရှင် ကိုယ်စား) ဟောကြား ညွှန်ပြ၏။၊ ကိုယ်တိုင်လည်း မြတ်သော အလှူခံပုဂ္ဂိုလ် ဖြစ်သည်အထိ ကျင့်ကြံ၍ ပူဇော်လှူဒါန်းသူများ အကျိုးစီးပွား များအောင်၊ ဘေးရန် ကင်းအောင် ဆောင်ရွက်တော်မူတတ်၏။ ထို့ကြောင့် သံဃာတော်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

ဤ ဘုရား တရား သံဃာ ရတနာတော်မြတ်သုံးပါးကဲ့သို့ သတ္တ၀ါတို့အား ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်ကယ်မနိုင်သော ပုဂ္ဂိုလ်၊ ဓမ္မမျိုးသည် ဘယ်မှာမှ မရှိနိုင်ပေ။ ထို့ကြောင့် ရတနာမြတ်သုံးပါးသည်သာ သတ္တ၀ါတို့၏ အကောင်းဆုံး အမြတ်ဆုံး အစစ်မှန်ဆုံးသော ကိုးကွယ် အားထားရာ ဖြစ်တော်မူသည်။

No comments:

Post a Comment