သစ္စကပရိဗိုဇ်သည် နိဂဏ္ဌတွန်း မိဘနှစ်ပါး၏သား ဖြစ်သည်။ အဘဘက်မှ ၀ါဒငါးရာ၊ အမိဘက်မှ ၀ါဒငါးရာ သင်ယူတတ်မြောက်ခဲ့၏။ ဝေသာလီပြည် လိစ္ဆ၀ီမင်းတို့၏ ဆရာဖြစ်သည်။ အယူဝါဒရေးရာ စကားပြိုင်ဆိုင်ပြောဆိုလေ့ရှိပြီး “ငါပညာရှိ” ဟုလည်း ကြွေးကြော်လေ့ရှိသည်။ သူကသာ ပြစ်တင်ပြောဆိုလိုက်လျှင် မတုန်လူပ် မယိမ်းယိုင်သူမရှိ၊ ဘုရားဟု ၀န်ခံသူတို့ပင် အကြံအိုက်ကာ ချွေးပြိုက်ပြိုက်ကျရမည်၊ စိတ်မရှိသော တုံးတိုင်တို့ပင် ယိမ်းယိုင်သွားနိုင်သည်ဟု ပြောဆိုလေ့ရှိသည်။
သူသည် မြတ်စွာဘုရား၏ တပည့်အရှင်အဿဇိထံမှ မြတ်စွာဘုရား၏ အစိုးမရခြင်းဟူသော အနတ္တ၀ါဒကို စုံစမ်းသိရှိခဲ့ပြီးနောက် မြတ်စွာဘုရားနှင့် ၀ါဒပြိုင်ရန် သူ၏ နောက်လိုက်တပည့် လိစ္ဆ၀ီမင်းသားငါးရာတို့အား လွှတ်တော်၌ ညီလာခံ ကျင်းပခိုက်မှာပင် သွားပြောသည် -
“မင်းသားတို့ - လာကြလော့၊ ယနေ့ ငါသည် ရဟန်းဂေါတမနှင့် ၀ါဒပြိုင်ဆိုင်ပြောဆိုမည်၊ အားကောင်းသော ယောက်ျားသည် သိုးငယ်တစ်ကောင်ကို အမွေးကိုင်ပြီး ဆွဲယမ်းတွန်းထိုးပစ်သကဲ့သို့ ငါသည်လည်း အယူဝါဒနှင့်စပ်၍ ရဟန်းဂေါတမကို ယနေ့ ဆွဲယမ်းတွန်းထိုးပြမည်၊ မင်းသားတို့ … အမြန်လာကြလော့”ဟု ပြောဆိုလေ၏။
သစ္စကပရိဗိုဇ်သည် လိစ္ဆ၀ီပရိသတ်ကို ခေါ်ဆောင်ပြီး မြတ်စွာဘုရား သီတင်းသုံးရာ မဟာဝုန်တောအတွင်းရှိ ကူဋာဂါရ (ပြဿာဒ်ကျောင်း) သို့ သွားလေ၏။ မြတ်စွာဘုရားရှေ့၌ အသီးသီး နေရာယူ၊ နူတ်ခွန်းဆက် ကြပြီးနောက် သစ္စက ပရိဗိုဇ်က ၀ါဒပြိုင်ဆိုင်ပြောဆိုခွင့်ပြုရန် ခွင့်ပန်လိုက်သည်။ ခွင့်ပြုချက်ရလျှင် -
“အရှင်ဂေါတမသည် တပည့်တို့ကို အဘယ်သို့ ဟောပြောလေ့ရှိပါသနည်း” ဟု မေးမြန်း၍ ၀ါဒပြိုင်ပွဲကို စတင်လေသည်။ မြတ်စွာဘုရားက -
“သစ္စက … ငါသည် တပည့်တို့ကို ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့သည် အမြဲမရှိ၊ အစိုးမရ အနတ္တသာ ဖြစ်သည်ု ပြောလ့ရှိသည်” ဟု မိန့်တော်မူသည်။ ထိုအခါ သစ္စကပရိဗိုဇ်က -
“အရှင်ဂေါတမ … မျိုးစေ့နှင့်အပင် အားလုံးသည် မြေကြီးကိုတည်မှီ၍ ကြီးပွားစည်ပင်ရ၏။ ထို့ပြင် မည်သည့်အမူကိစ္စတို့ကိုမဆို ဤမြေကြီး၌ တည်မှီ၍ ပြုလုပ်ရ၏။ ဤအတူပင် ကောင်းမူ မကောင်းမူမှန်သမျှ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တည်းဟူသော အတ္တ၌သာ တည်မှီး၍ ဖြစ်ပွားကြရသည်” ဟု - ပြောဆိုလေသည်။
ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့သည် မည်သည့်အခါမျှမပျက်စီးသော အမာခံအတ္တဖြစ်ကြောင်း ပြောဆို၍ မြတ်စွာဘုရား၏ အနတ္တ၀ါဒကို ဆန့်ကျင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုအခါ မြတ်စွာဘုရားက -
“ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့ကို အတ္တဟု သင်ဆိုသလော့” ဟု မေးတော်မူ၏။ သစ္စကပရိဗိုဇ်က -
“ဟုတ်ပါသည်၊ အတ္တ ကျွန်ုပ်ဆိုပါသည်။ ကျွန်ုပ်သာမဟုတ်၊ ဤလူအများလည်း ဤသို့ပင် ဆိုကြပါသည်” ဟု
(ပရိသတ်ကိုပါ သူနှင့် ၀ါဒတူအဖြစ် သူ့ဘက်ဆွဲသွင်း၍) ပြောဆိုလေသည်။ မြတ်စွာဘုရားက -
“ဤလူအပေါင်း၏ အယူဝါဒကို ထား၍ သင့်အယူဝါဒကိုသာ ဖြေဆိုလော့) ဟု
မိန့်တော်မူရာ သစ္စက - က ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့ကို အတ္တဟု ယူဆကြောင်း ထပ်မံ၍ ၀န်ခံပြောဆိုသည်။
“သစ္စက - ထိုသို့ဖြစ်လျှင် သင့်အား ငါမေးဦးမည်၊ ကောသလမင်း အဇာတသတ်မင်းတို့သည် သူတို့ပိုင်ဆိုင်သော နိုင်ငံအတွင်းမှာ တစုံတယောက်ကို သတ်ဖြတ်ခြင်း၊ ဥစ္စာပစ္စည်း သိမ်းယူခြင်းနှင့် တိုင်းပြည်မှ နှင်ထုတ်ခြင်းအမူတို့ကို ပြုလုပ်ရန် အာဏာရှိသလော” ဟု မြတ်စွာဘုရားက မေးတော်မူ၏။
လိုသလိုပြုလုပ်ရန် အာဏာရှိကြောင်း ၀န်ခံလျှင် မြတ်စွာဘုရားက -
“သစ္စက … သင်က သင်၏ရုပ်ကို အစိုးရသည်၊ ပိုင်ဆိုင်သည်၊ အတ္တဖြစ်သည်ဟု သင်ယူဆ ပြောဆိုလျှင် သင့်ရုပ်ကို ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့် ဟု သင် အာဏာထားနိုင်သလော” ဟု မေးတော်မူလိုက်သည်။
သစ္စကပရိဗိုဇ်သည် သူ့အခက်အခဲကို သူသိလိုက်၏။ မိမိရုပ်ကို မိမိအစိုးရသည်။ မိမိသဘောကျ အာဏာထားနိုင်သည် ဖြေဆိုလိုက်လျှင် လိစ္ဆ၀ီမင်းသားတို့က - “ဆရာ့ရုပ်ကို ကျွန်ုပ်ကဲ့သို့ လှပအောင် လုပ်ပြပါ” ဟုဆို၍ လုပ်မပြနိုင်ခဲ့သော် အနတ္တ၀ါဒကို ထောက်ခံရာရောက်ပေတော့မည်ဟု စဉ်းစားကာ အဖြေမပေးဘဲ ဆိတ်ဆိတ်နေလေ၏။ မြတ်စွာဘုရားက ဖြေဆိုရန် ဒုတိယအကြိမ် တိုက်တွန်းသည်၊ သူကား ဆိတ်ဆိတ်နေမြဲနေ၏။
“သစ္စက … ယခုပင် ဖြေကြားလော့၊ သင် ဆိတ်ဆိတ်နေရမည့် အခါမဟုတ်၊ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် မေးပါလျက် မဖြေဆိုဘဲ နေခဲ့လျှင် ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင် ခုနှစ်စိတ်ကွဲလိမ့်မည်” ဟု -
မဟာကရုဏာဖြင့် မိန့်တော်မူလေသည်။
နောက်ဆုံးတွင် သစ္စကပရိဗိုဇ်သည် မဖြေဆိုဘဲ မနေရဲတော့ဘဲ -
“အရှင်ဂေါတမ … ကျွန်ုပ်၏ ရုပ်ကို ဤသို့ဖြစ်စေ၊ ဤသို့ဖြေဆိုလေသည်။
ထို့နောက် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကိုလည်း အစိုးမရသော အနတ္တတရားသာလျှင် ဖြစ်ကြောင်း ၀န်ခံလျှောက်ထားရ လေတော့သည်။

Tuesday, 14 December 2010
၂။ သစ္စကပရိဗိုဇ်ကို အောင်တော်မူခြင်း
အမျိုးအစား/ကဏ္ဍ
အောင်ခြင်းရှစ်ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment