ဘုရားရှိခိုးခြင်း၊ မြတ်စွာဘုရား၏ ဂုဏ်တော်များကို နှလုံးသွင်းပွားများခြင်း၊ လက္ခဏာကြီးငယ် အသွယ်သွယ်ဖြင့် တင့်တယ်သပ္ပာယ်တော်မူသည့် မြတ်စွာဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့် မှန်းဆ ကြည်ညိုခြင်း စသည်ကို ဗုဒ္ဓါနုဿတိဘာဝနာဟု ခေါ်၏။ လေးလေးနက်နက် အာရုံစိုက်ပါက တကိုယ်လုံးပီတိဖြစ်၍ ရွှင်လန်းဝမ်းမြောက်မူအရသာကို ခံစားရ၏။ ဗုဒ္ဒ္ဓါနုဿတိစသော ဘာဝနာ၏ အစွမ်းကြောင့် လောဘ၊ ဒေါသစသော နီဝရဏ(ပိတ်ဆီးဟန့်တားမူ) တရားများ ကင်းကွာ၍ ကိုယ်စိတ်ချမ်းသာ၏။ တကိုယ်လုံး ပေါ့သွက် ကြည်လင်၏။ အနုအရင့် အဆင့်ဆင့် ဖြစ်ပေါ်လာသော ပီတိကိုပင် အဖြစ်အပျက် ရူ၍ဖြစ်စေ၊ အခြား ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရူ၍ဖြစ်စေ ရူပွားသွားလျှင် မြင့်မြတ်လှသော အရဟတ္တဖိုလ်သို့ပင် ဆိုက်ရောက်နိုင်၏။ (ဂုဏ်တော်ပွားများနည်း ရှေ့၌ပြပါမည်)။
မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့၌ ဒုတိယမြောက် ၀ါကပ်တော်မူသည့် အချိန်ဖြစ်၏။ ထိုအချိန်မှာပင် သာဝတ္ထိမြို့ အနာထပိဏ်သူဌေးသည် မိမိပြည်တွင်းဖြစ် ကုန်ပစ္စည်းများကို လှည်းငါးရာဖြင့် တင်ဆောင်၍ ယောက်ဖ တော်စပ်သူ ရာဇဂြိုလ်သူဌေးကြီး ၀ိသာလထံသို့ ကုန်ရောင်းထွက်ခဲ့လေသည်။ ရာဇဂြိုလ်မြို့သို့ ရောက်ရန် တစ်ယူဇနာခရီးအလိုတွင် ခါတိုင်းလိုပင် မိမိလာကြောင်း သတင်းပို့ထားနှင့် လေသည်။
ထိုအချိန် ရာဇဂြိုလ်သူဌေးသည် ဘုရားအမူးရှိသော သံဃာတော်များကို နောက်တစ်ရက် ဆွမ်းဆက်ကပ်ရန် ကိစ္စရှိနေ၍ ကိုယ်ဖိရင်ဖိ စီမံကွက်ကဲ နေရသဖြင့် ယောက်ဖတော်အား ကြိုဆိုရန် မသွားရောက်နိုင်ပေ။
အနာထပိဏ်ကလည်း ယောက်ဖတော် လာရောက် ကြိုဆိုလိမ့်နိုးနှင့် မျှော်ကိုးရင်း ခရီးဆက်ခဲ့ရာ အိမ်သို့ရောက်မှပင် အလုပ်များနေသည့် ယောက်ဖတော်အား တွေ့ရလေ၏။
အကျိုးအကြောင်းမေးမြန်းသောအခါ ရာဇဂြိုလ်သူဌေးက မိမိအလုပ်ကိစ္စ များနေရခြင်းမှာ မင်္ဂလာလက်ထပ်ပွဲကိစ္စလည်း မဟုတ်၊ ဘုရင်အား ဧည့်ခံကျွေးမွေးရန် ကိစ္စများလည်း မဟုတ်၊ မြတ်စွာဘုရားအမူးရှိသည့် သံဃာတော်များအား နက်ဖြန်တွင် ဆွမ်းဆက်ကပ်ရန်အတွက်သာ ဤမျှ အလုပ်များနေရခြင်းဖြစ်ကြောင်း ပြောဆို၏။
“မြတ်စွာဘုရား” ဟူသော စကားကို မမျှော်လင့်ဘဲကြားလိုက်ရသော အနာထပိဏ်သူဌေးမှာ အမောအပန်းပြေးကာ နှစ်သက်ဝမ်းမြောက်မူ ပီတိ သောမနဿ တကိုယ်လုံး ပျံ့နှံ့သွား၏။ ၀မ်းသာလွန်းလှ၍ “မြတ်စွာဘုရား” ဟု ပြောဆိုလိုက်ပါသလာုး ရာဇဂြိုလ်သူဌေးကြီးကို သုံးကြိမ်သုံးခါ ထပ်ကာ မေးလေ၏။ ရာဇဂြိုလ် သူဌေးကြီးကလည်း မြတ်စွာဘုရား” ဟု မိမိပြောဆိုကြောင်း သုံးကြိမ်တိုင်တိုင်ပင် ဖြေဆို၏။
ထို့နောက် အနာထပိဏ်သူဌေးကြီးက ရာဇဂြိုလ်သူဌေးကြီးအား “မိတ်ဆွေ … မြတ်စွာဘုရား မြတ်စွာဘုရားဟူသော အသံမျှကိုပင် လောက၌ ကြားရဖို့ ခဲယဉ်းလှ၏။ ယခုပင် မြတ်စွာဘုရားကို ဖူးမြော်ပါရစေ” ဟု အကူအညီ တောင်းဆိုလိုက်၏။ ရာဇဂြိုလ် သူဌေးကြီးက -
“မြတ်စွာဘုရားထံ အဖူးအမြော်သွားရန် ယခုအချိန်မဲ့ပြီ၊ နက်ဖြန်နံနက်စောစောထပြီးမှသာ သွားသင့်ပါသည်” ဟု ပြောဆိုလေ၏။
အနာထပိဏ်သူဌေးကြီးသည် ဘုရား ဖူးမြော်လိုသော စိတ်ဆန္ဒပြင်းပြကာ ရောင်းရေးဝယ်တာများကိုပင် သတိမရ၊ ညစာကိုပင် မစားမိတော့ချေ။ ဘုံခုနှစ်ဆင့်ရှိ ပြာဿာဒ်ထက်သို့တက်၍ လျောင်းစက်ရင်း “မြတ်စွာဘုရား မြတ်စွာဘုရား” ဟု နူတ်မှ တဖွဖွရေရွတ်လျက် အိပ်စက်လေရာ နှစ်ခြိုက်စွာ အိပ်လို့မရ။ မပျော်တချက် ပျော်တချက် ဖြစ်နေ၏။ နိုးတိုင်းလည်း ဘုရားရှင်ကို သတိရကာ မိုးသောက်ယံသို့ပင် ရောက်လာခဲ့သည်။ မိုးကားမလင်းသေး၊ ဘုရားရှင်ကို စိတ်ကူးဖြင့် ဖူးကြည့်တိုင်း ပီတိများ တလိုက်လိုက်ဖြစ်ကာ သူဌေးကြီးကိုယ်မှ အလင်းရောင်များပင် ထွက်ပေါ်လာ၏။ ထိုအလင်းရောင်ကြောင့် မိုးလင်းပြီထင်ဖြင့် သုံးကြိမ်တိုင်တိုင် အိပ်ရာမှထမိ၏။ မိုးမလင်းသေးမှန်းသိ၍ လျောင်းစက်နေရပြန်သည်။ နောက်ဆုံး အိပ်ရာမှ ထ၍ ကြည့်လိုက်ရာ မိမိနေသည့်ဗိမာန်မှ တံခါးများ ပွင့်နေသည်ကို တွေ့ရှိရသဖြင့် အိမ်အပြင်သို့ ထွက်လာခဲ့သည်။ ထိုမှ မြို့တွင်းလမ်းအတိုင်း လျှောက်ခဲ့ရာ မြို့အထွက် သိဝက မြို့တံခါးအနီးသို့ ရောက်ရှိလာခဲ့၏။ မြို့တံခါးများလည်း ပွင့်နေသည်ကို တွေ့ရသည်။ လူဦးရေ ထူထပ်သော ရာဇဂြိုလ်မြို့တွင် ညအချိန်မတော် သေဆုံးသူများ၏ အလောင်းကို မြို့တံခါးအထွက် သုသာန်မှာပင် ပစ်ထားလေ့ရှိရာ အနာထပိဏ်သူဌေးကြီး သိဝကတံခါးမှအထွက် သုသာန်မှာပင် ပစ်ထားလေ့ရှိရာ အနာထပိဏ်သူဌေးကြီး သိဝကတံခါးမှအထွက် သုသာန်မှအထွက် သူသေကောင်အလောင်းများကို ခလုတ်တိုက်မိ နင်းမိ၏။ ထိုအခါ ကြောက်စိတ်များ ၀င်လာသဖြင့် မိမိကိုယ်မှ အလင်းရောင်များ ကွယ်ပျောက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းလာ၏။ လူသေကောင်ကို ခလုတ်တိုက်မိရာမှ ဝေါကနဲ ပျံသန်းသွားသော ယင်ကောင်များ၏ အသံနှင့် အပုပ်နံ့များကြောင့် သူဌေးကြီးမှာ ပို၍ ကြောက်ရွံ့ တုန်လူပ်လာကာ ကြက်သီး မွေးညင်းများပင် ထလာသဖြင့် အိမ်သို့ လှည့်ပြန်လိုသည့်စိတ်များ ဖြစ်လာ၏။ ထိုအခါ သိဝကသုသာန်စေင့် နတ်က သူဌေးကြီးအား -
“အရှင်သူဌေးကြီး … ဆင်တစ်သိန်း မြင်းတစ်သိန်း ရထားတစ်သိန်းနှင့် သတို့သမီးကညာ တစ်သိန်းတို့၏ တန်ဖိုးသည် မြတ်စွာဘုရားအား ဖူးရန်သွားသည့် ယောက်ျား၏ ခြေလှမ်းကို တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပါ။ သူဌေးကြီး … ရှေ့သို့သာ ဆက်သွားပါ။ ထိုသို့ သွားခြင်းကသာ ကျေးဇူးကြီးလှပါသည်” ဟု တိုက်တွန်းစကား ပြောကြား၏။
ထိုအားပေးစကားသံကို ကြားရသောအခါ “နောက်မှာ အဖော်တွေပါသားဘဲ” ဟူသော အထင်ဖြင့် သူဌေးကြီးမှာ အားတက်လာ၏။ ကြောက်စိတ်များလည်း ပြေပျောက်ကာ ခန္ဓာကိုယ်မှ အလင်းရောင်များထွက်မြဲ ထွက်ပေါ်လာ၏။ သို့နှင့် … ရှေ့သို့ ခရီးဆက်လေရာ ကိုယ်ရောင် ကိုယ်ဝါ ကြောင့် မြို့အထွက်သုသာန်မှ သူသေကောင်များကို မြင်နေရ၏။ သုသာန်၌ ကျက်စားသော ခွေးများ၏ ပြေးလွှားရင်း ဟောင်ကြ အူကြသော အသံများကိုလည်း ကြားရသဖြင့် ကြောက်စိတ်များ ၀င်လာပြန်၏။ ကြောက်စိတ်များဝင်လျှင် ၀င်ချင်း အလင်းရောင်များလည်း ပျောက်ကွယ်၍ မှောင်မြဲ မှောင်လာပြန်သည်။
ကြောက်လေ မှောင်လေ၊ မှောင်လေ ကြောက်လေဖြစ်ကာ နောက်ကြောင်းလှည့်ပြန်ရန် သုံးကြိမ်တိုင်တိုင် ကြံစည်မိရာ ကြံစည်လိုက်တိုင်း အားပေးစကားသံများ ကြားရသဖြင့် ဆက်၍ဆက်၍ သွား၏။ မိုးလင်းခါနီး မြတ်စွာဘုရား သီတင်းသုံးရာ သီတ၀န်တောအုပ်သို့ ဆိုက်ရောက်သွားသည်။
မြတ်စွာဘုရားသည် သီတ၀န်တောအုပ်အတွင်း သီတင်းသုံးရာ ကျောင်းအနီး လွင်ပြင်၌ လူးလာ တုံ့ခေါက် စင်္ကြံလျှောက်တော်မူနေ၏။ သူဌေးကြီးလာသည်ကို မြင်လျှင် စင်္ကြံရပ်နား၍ ခင်းထားသော နေရာတော်၌ သီတင်းသုံးထိုင်နေတော်မူသည်။
အနာထပိဏ်သူဌေးကြီးသည် လောက၌ ဘုရားအမည်ခံယူသော ပူရဏကဿပ စသော တိတ္ထိဆရာကြီးများကိုလည်း တွေ့မြင်ကြားသိဖူးရာ တကယ့်ဘုရားအစစ်ကိုသာ ဖူးတွေ့လို၏။ အတူအစစ်လည်း မခွဲခြားတတ်၊ စိတ်ထဲ၌ မဝေခွဲနိုင်ဖြစ်နေစဉ် ရုတ်တရက် အကြံပေါ်လာ၏။
“ဆင်းရဲသားများအား ထမင်းအစားအစာ ပေးကမ်းလေ့ရှိသဖြင့် ငါ၏အမည်ကို အနာထပိဏ်ဟု အများသိနေကြ၏။ ဘုရားအစစ်အမှန် ဖြစ်တော်မူရိုးမှန်လျှင် လူအများ မသိသော ငါ့ငယ်နာမည်ကို ခေါ်လိမ့်မည်၊ ခေါ်ပါစေ” ဟု စိတ်ကူးကြံစည်ရင်း လျှောက်ခဲ့ရာ တောကျောင်းအနီးသို့ ရောက်လျှင် ဘုရားရှင်က ကြည်လင် အေးမြသော အသံတော်ဖြင့် -
“ချစ်သား သုဒတ္တ - လာလော့” ဟု ကြိုဆိုနူတ်ခွန်းဆက်တော်မူရာ သူဌေးကြီးမှာ ၀မ်းသာရွှင်မြူး ကြည်နူးနှစ်သက်သွားလေတော့၏။ ဆက်လက်၍ မြတ်စွာဘုရားရှင်၏ တရားကို နာကြားရပြီးနောက် သူဌေးကြီးသည် အသိအမြင် ရှင်းကာ သောတပတ္တိမဂ်ဉာဏ်အလင်းကို ရရှိသွား၏။
ဗုဒ္ဓနုဿတိ ပီတိမှ စတင်ခဲ့သော အနာထပိဏ်သူဌေးကြီးသည် ဘုရားအမူးရှိသော သံဃာတော်များအား ဆွမ်းကပ်လှူပြီးနောက် ရာဇဂြိုလ်မှ သာဝတ္ထိပြည်သို့ ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်၍ ဇေတ၀န်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ပစ္စည်းလေးပါးအရာတွင် သာသနာတော်၏ ပဓာန၀န်ဆောင် ဥပါသကာကြီးတစ်ဦး ဖြစ်လာလေတော့သည်။

Tuesday, 21 December 2010
ဘုရားဂုဏ်တော်အကျိုးပြ၀တ္ထု (အနာထပိဏ် သူဌေးကြီးအကြောင်း)
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment