ပြောဆိုပုံ၊ ပြုမူပုံကိုလိုက်၍ သရဏဂုံဆောက်တည်နည်း လေးမျိုးရှိရာတွင် အရိုအသေပြုခြင်း ရှိခိုးခြင်းဖြင့်လည်း သရဏဂုံတည်သဖြင့် “အရိုအသေပြုတိုင်း ရှိခိုးတိုင်း သရဏဂုံတည်သလော၊ ရတနာသုံးပါးမှ တပါးသော သာသနာပ ပုဂ္ဂိုလ်များကို အရိုအသေပြုလျှင် ရှိခိုးလျှင်လည်း သရဏဂုံပျက်သလော” ဟု စဉ်းစားစရာရှိ၏။
သို့ရာတွင် ဆွေမျိုးတော်စပ်၍ ရှိခိုခြင်း၊ ကြောက်ရ၍ ရှိခိုးခြင်း၊ ပညာသင်ပေးသော ဆရာအဖြစ်ဖြင့် ရှိခိုးခြင်း၊ အရိုအသေပြုခြင်း များသည် သရဏဂုံမမြောက်၊ သရဏဂုံတည်သော ရှိခိုးခြင်းမဟုတ်၊ လောက၀တ်အရ ရိုသေလေးစားသမူ ပြုခြင်းမျှသာ ဖြစ်သည်။
ဤ၌ ကြောက်ရ၍ မင်းစိုရာဇာများကို ရှိခိုးခြင်းနှင့် ဖမ်းစားမည်စိုး၍ နတ်များကို ရိုသေရှိခိုးခြင်း၊ ပသခြင်း၊ မိမိနှင့် ဘာသာအယူဝါဒမတူသော်လည်း ပညာသင်ပေးသော ဆရာဖြစ်၍ အရိုအသေပေးခြင်း ရှိခိုးခြင်းမျိုးသည် သရဏဂုံ သဘောမသက်ရောက်၊ နတ်ကို ရှိခိုး၍ သရဏဂုံလည်း မပျက်ပေ။
ရိုသေသမူ ရှိခိုးမူနှင့် စပ်၍ သရဏဂုံတည်ခြင်း၊ ပျက်ခြင်းနှစ်မျိုးတွင် အချုပ်သတ်မှတ်သားရန်မှာ မြတ်သောအလှူခံပုဂ္ဂိုလ် (ဒက္ခိဏေယျ) အဖြစ် အထွတ်အမြတ်အဖြစ် သဘောထား၍ ရိုသေသမူ ရှိခိုးမူ ပြုမှ သရဏဂုံတည်၍ ထိုအထွတ်အမြတ်အဖြစ် သဘောထားမူမပါလျှင် သရဏဂုံမတည်။ ထို့ကြောင့် နတ်စသည့် ကိုးကွယ်ရာ၌ ရတနာသုံးပါးထက် မြတ်သည်ု သဘောထား၍ ကိုးကွယ်မှသာ သရဏဂုံပျက်သည်ဟု မှတ်သင့်၏။
ထို့ကြောင့် သရဏဂုံတည်ခြင်း၊ ပျက်ခြင်း ပဓာနအကြောင်းရင်းမှာ ပြုလုပ်ကိုးကွယ်သူ၏ စိတ်၌ အထွတ်အမြတ်သဘောထားမူ၊ မထားမူနှင့် တိုင်းတာရသည်။

Sunday, 26 December 2010
သရဏဂုံ တည်, မတည်၊ ပျက်, မပျက်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment