ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 December 2010

၇။ နန္ဒောပနန္ဒ နဂါးကို အောင်တော်မူခြင်း


နန္ဒောပနန္ဒ နဂါးမင်းကား နတ်နဂါးမျိုးနွယ်ဖြစ်၏။ အလွန်ကြီးကျယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်၏။ အလွန်ပြင်းထန်သော အခိုးအငွေ့များ၊ မီးလျှံများ၊ နှာခေါင်းလေးများကို လွှတ်လျက် သတ္တ၀ါများကို သတ်ဖြတ်နိုင်၏။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုမသိ၊ မိစ္ဆာအယူကို စွဲယူ၏။

သူသည် နတ်နဂါးတို့ စီစဉ်ထားသော သေသောက်ပွဲသဘင်ကို ပျော်ရွှင်ခံစားရန် နတ်ပလ္လင်ထက်မှာ နတ်နဂါးမင်းတို့၏ ဣနြေ္ဒဖြင့် ထိုင်နေလေသည်။ သူ့အား နတ်ထီးဖြူကြီးကို ဆောင်းမိုးပေးထားကြ၏။ အကြီး အလတ် အငယ် အရွယ်စုံ နတ်နဂါးမ ကချေသည်များ၊ အခြွေအရံ နတ်နဂါး ပရိသတ်များက သူ့အား ၀န်းရံ ခစားနေကြလေသည်။

ထိုနေ့တွင် မြတ်စွာဘုရားသည် လောကရှိ ကျွတ်ထိုက်သော သတ္တ၀ါများကို မဟာကရုဏာဉာဏ်တော်ဖြင့် ကြည့်တော်မူသောအခါ နန္ဒောပနန္ဒ နဂါးမင်းကို မြင်တ်ာမူ၍ နောက်ပါ ရဟန်းငါးရာနှင့်အတူ နန္ဒောပနန္ဒ နဂါးမင်း၏ သေသောက်ပွဲသဘင် အခမ်းအနားပေါ်မှ ဖြတ်ကျော်၍ တာဝတိံ သာ နတ်ပြည်သို့ ကြွချီတော်မူလေသည်။

နန္ဒောပနန္ဒ နဂါးမင်းသည် မြတ်စွာဘုရားနှင့် သံဃာတော်များကို မြင်လျှင် -

“ဤရဟန်းတို့သည် ငါတို့ထက်မှ တာဝတိံသာနတ်ပြည်သို့ ၀င်ထွက် သွားလာလေ့ရှိကြ၏။ ယခုလည်း ငါတို့အပေါ်သို့ ခြေမူန့်များ ကြဲချလျက် သွားကြပြန်သည်။ ဤရဟန်းတို့အား သွားခွင့်မပေးတော့အံ့” ဟု ဒေါသတကြီး ပြောဆိုဆုံးဖြတ်၏။ ထို့နောက် ရတနာပလ္လင်မှထ၍ မြင်မိုရ်တောင်ခြေသို့ သွားပြီးလျှင် အလွန်ကြီးမားသော ခန္ဓာကြီးကို ဖန်ဆင်းလျက် မြင်းမိုရ်တောင်ကို ခုနှစ်ပတ် ရစ်ပတ်၏။ အလွန်ကြီးမားသော ပါးပျဉ်းကြီးဖြင့် တာဝတိံသာနတ်ပြည်ကို မမြင်ရအောင် ဖုံးအုပ် ကွယ်ကာလျက် အမှောင်ထုကြီးကို ဖန်ဆင်းထားလေသည်။

မြင်းမိုရ်တောင်၊ တောင်ရံခုနှစ်လုံး၊ တာဝတိံသာနတ်ပြည်၊ ဝေဇယန္တာပြသာဒ်၊ သိကြားမင်းအလံတော် များကို မမြင်ရသောအခါ အရှင်ရဋ္ဌပါလက မြတ်စွာဘုရားကို မေးလျှောက်၏ မြတ်စွာဘုရားက မိန့်ကြားသဖြင့် နန္ဒေပနန္ဒ နဂါးမင်းကြောင့်ု သိရသောအခါ အရှင်ရဋ္ဌပါလ၊ အရှင်ဘဒ္ဒိယ၊ အရှင်ရာဟုလာ စသော ရဟန်းတော်များက နဂါးမင်းကို ဆုံးမခွင့်တောင်းကြသည်။ မြတ်စွာဘုရားက ခွင့်ပြုတော်မမူ၊ အရှင်မောဂ္ဂလ္လာန် ခွင့်တောင်းသော အခါမှသာ ခွင့်ပြုတော်မူ၏။

အရှင်မောဂ္ဂလ္လာန်သည် နဂါးမင်ထက် ပိုမိုကြီးမားသော ကိုယ်ခန္ဓာကို ဖန်ဆင်းလျက် နဂါးမင်း၏ အခွေပေါ်မှ တစ်ဆယ့်လေးပတ်ရစ်ပတ်လိုက်၏။ ပိုမိုကြီးမားသော ပါးပျဉ်းကြီးဖြင့် နဂါးမင်း၏ ပါးပျဉ်းပေါ် အုပ်မိုးပြီး နဂါးမင်းကြီးကို မြင်းမိုရ်တောင်ဖြင့် ဖိညှပ်ထား၏။ နဂါးမင်းက အလွန်ပြင်းထန်သော အခိုးအငွေ့များကို လွှတ်သောအခါ အရှင်မောဂ္ဂလ္လာန်ကလည်း ထို့ထက် ပိုမိုပြင်းထန်သော အခိုးအငွေ့ကို လွှတ်၏။ နဂါးမင်းက မီးအလျှံများကို လွှတ်ပြန်လျှင်လည်း အရှင်မောဂ္ဂလ္လာန်က ပိုမိုပြင်းထန်သော မီးအလျှံများကို လွှတ်ပြန်၏။ နဂါးမင်း၏ အခိုးအငွေ့နှင့်မီးအလျှံများသည် အရှင်မောဂ္ဂလ္လာန်ကို မည်သို့မျှ မထိခိုက်စေနိုင်သော်လည်း အရှင်မောဂ္ဂလ္လာန် လွှတ်သော အခိုးအငွေ့နှင့် မီးအလျှံများသည် နဂါးမင်းကို ပူလာင်ထိခိုက်စေလေသည်။

နဂါးမင်းက မည်သူမည်ဝါဖြစ်ကြောင်းမေး၍ အရှင်မောဂ္ဂလ္လာန်ဖြစ်ကြောင်း ပြောလျှင် -

“သို့ဖြစ်လျှင် ပကတိရဟန်းအသွင်ပြလော့” ဟု နဂါးမင်းက ဆိုသဖြင့် အရှင်မောဂ္ဂလ္လာန်သည် ပကတိရဟန်းအသွင်ဖြင့် နဂါးမင်း၏ လက်ယာနားမှ ၀င်၍ လက်ဝဲနားဖြင့် ထွက်၏။ လက်ဝဲနားမှ ၀င်၍ လက်ယာနားဖြင့် ထွက်၏။ နဂါးမင်း၏ နှာခေါင်းပေါက်ဝမှ ၀င်၍ လက်ယာလက်ဝဲနားတို့မှ ထွက်၏။ နဂါးမင်း၏ ခံတွင်းမှ ၀င်၍၀မ်းတွင်း၌လည်း လူလာတုံ့ခေါက် စင်္ကြံလျှောက် ပြ၏။

ထိုစဉ် မြတ်စွာဘုရားက -

“ချစ်သား မောဂ္ဂလ္လာန် ကြပ်ကြပ် သတိထားလော့၊ နဂါးမင်းသည် အလွန်တန်ခိုးကြီးပေ၏” ဟု သတိပေးတော်မူ၍ -

“မြတ်စွာဘုရား - တပည့်တော်သည် ဣဒ္ဓိပါဒ်လေးပါး၊ အလေ့အကျင့် ၀သီဘော်ငါးမျိုးတို့ကို နိုင်နိုင်နင်းနင်း ပွားများပြီး ဖြစ်ပါသည်။ နန္ဒောပနန္ဒကဲ့သို့သော နဂါးမင်းပေါင်း အထောင်အသိန်းကိုသော်လည်း ဆုံးမနိုင်ပါသည်” ဟု အရှင်မောဂ္ဂလ္လာန်က ပြန်လည်လျှောက်ထားလေသည်။

နဂါးမင်း၏ ၀မ်းတွင်း၌ အရှင်မောဂ္ဂလ္လာန် စင်္ကြံလျှောက်နေစဉ် နဂါးမင်းက “ယခုတခါ ထွက်လာလျှင် အရှင်မောဂ္ဂလ္လာန်ကို ကျွတ်ကျွတ်ဝါး၍ စားပေအံ့” ဟု ကြံစည်ပြီး “အရှင်ဘုရား အပြင်ထွက်ပါလော့” ဟုဆို၏။ အရှင်မောဂ္ဂလ္လာန် အပြင်ထွက်၍ ရပ်တော်မူစဉ် နဂါးမင်းသည် အလွန်ပြင်းထန်သော နှာခေါင်းလေကို မူတ်၏။ အရှင်မောဂ္ဂလ္လာန်က စတုတ္ထဈာန်ကို လျင်မြတ်စွာ ၀င်စား၍ ကာကွယ်လိုက်သည်။

အခြားရဟန်းတော်များသည် တန်ခိုးပြာဋိဟာတို့ကို များပြားစွာ ပြသနိုင်စွမ်းရှိသော်လည်း ယခုကဲ့သို့ နှာခေါင်းလေမူတ်ခြင်းကို လျင်မြတ်စွာ ကာကွယ်ရာ၌ကား မြတ်စွာဘုရားမှတပါး အရှင်မောဂ္ဂလ္လာန်သာ စွမ်းနိုင်သဖြင့် မြတ်စွာဘုရားက အရှင်မောဂ္ဂလ္လာန်ကိုသာ ဆုံးမခွင့် ပြုခြင်းဖြစ်လေသည်။

ထို့နောက် အရှင်မောဂ္ဂလ္လာန်သည် ဂဠုန်ငှက်မင်းအသွင် ဖန်ဆင်း၍ အလွန်ပြင်းထန်သော လေအဟုန်ကို တိုက်ခတ်ပြလိုက်၏။ နဂါးမင်းကြောက်၍ ပြေးလေလျှင် နောက်မှ အစဉ်တစိုက် လိုက်၏။ နဂါးမင်းသည် ပြေး၍ မလွတ်နိုင်ကြောင်းသိလျှင် လုလင်ငယ်အသွင် ဖန်ဆင်း၍ -

“အရှင်ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏” ဟု လျှောက်ကာ အရှင်မောဂ္ဂလ္လာန်၏ ခြေတော်အစုံကို ရိုသေစွာ ရှိခိုးလေသည်။ ထိုစဉ် အရှင်မောဂ္ဂလ္လာန်က -

“နန္ဒောပနန္ဒ … မြတ်စွာဘုရား ကြွတော်မူလာပြီ၊ လာလော့၊ မြတ်စွာဘုရားထံ သွားကြစို့” ဟု မိန့်ဆိုကာ နဂါးမင်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်သွားလေသည်။

မြတ်စွာဘုရားထံရောက်လျှင် နဂါးမင်းက ရိုသေစွာ ရှိခိုးပြီး -

“မြတ်စွာဘုရား … အရှင်ဘုရားတို့ကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါ၏” ဟု လျှောက်ထားကာ သရဏဂုံဆောက်တည်၍ ဥပါသကာ အဖြစ် ခံယူလေသည်။

No comments:

Post a Comment