ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 27 December 2010

ဥပါသကာ ဥပါသိကာအကြောင်း


ဥပါသကာ ဥပါသိကာ ဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမများကိုပင် ခေါ်ဆိုသော ဝေါဟာရဖြစ်၏။ သရဏဂုံ တည်သူမှန်သမျှ ကြီးကြီးငယ်ငယ် အမျိုးသားဖြစ်လျှင် ဥပါသကား၊ အမျိုးသမီးဖြစ်လျှင် ဥပါသိကာဟု ခေါ်သည်။

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်းကဏ္ဍ တာဝန်လည်း အရေးပါလှ၏။ သံဃာတော် အရှင်မြတ်များနှင့် ဓမ္မာနုဂ္ဂအားဖြင့် အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် လက်တွဲ ထမ်းဆောင်ကြရ၏။ သံဃာတော်များနှင့် အေးအတူ ပူအမျှ(သမာနသုခဒုက္ခ) စိတ်ထားရသူများ ဖြစ်သည်။ ပစ္စည်းလေးပါးတာဝန် ထမ်းဆောင်ရသူများဖြစ်၍ မိမိပိုင် ပစ္စည်းဥစ္စာကို ရဟန်းသံဃာများနှင့် မခွဲခြား မကန့်သတ်ဘဲ သာတူညီမျှ အတူတကွ သုံးစွဲနိုင်ရသူများလည်း ဖြစ်၏။ (အပ္ပဋိဝိဘတ္တဘောဂီ)၊ သံဃာတော်များအတွက် အမြဲတမ်း ပေးလှူရဲသူ ဖြစ်ရ၏။ ရေတွင်းသဖွယ် ဖြစ်ရ၏။

ဥပါသကာမည်သည် သာသနာဆုတ်ယုတ်မည့် အရေးကိစ္စ ပေါ်လျှင်လည်း ကြောင့်ကြမဲ့ မနေ၊ သံဃာတော်များနှင့်အတူ လက်တွဲ၍ ဆောင်ရွက်ရ၏။ ယုတ်စွအဆုံး သံဃာတော်များအချင်းချင်း မသင့်မမြတ် ဖြစ်သည်ကို တွေ့လျှင်ပင် ညီညွတ်အောင် ဆောင်ရွက်ပေးရသည်။ ကောသမ္ဓီမြို့တွင် ပစ္စည်းလေးပါးဖြင့် အကြပ်ကိုင်၍ပင် ညီညွတ်စေခဲ့ဖူး၏။

ဘုရားရှင်လက်ထက်တော်က စိတ္တသူကြွယ် ဟတ္ထကအာဠ၀က ဥဂ္ဂတ စသော ဧတဒဂ်ဝင် စံတင်ထားရသော သာသနာပြု ဥပါသကာများ၊ ၀ိသာခါ။ ခုဇ္ဇုတ္တရာ၊ နန္ဒမာတာ စသော ဥပါသိကာမများ ရှိခဲ့ကြ၏။ ဗုဒ္ဓခေတ်က မိဘများသည် သားသမီးများကို ဆုံးမစကား ပြောကြားရာ၌ပင် သားယောက်ျားကလေးများကို -

“လူ့ဘောင်မှာနေလျှင် စိတ္တသူကြွယ် စသူတို့လို ဖြစ်အောင် ကြိုးစားရမယ်၊ သာသနာမှာနေလျှင် အရှင်သာရိပုတ္တရာစသူတို့လို ဖြစ်အောင် ကြိုးစားပါ။ သမီးငယ်များကိုမူ - လူ့ဘောင်မှာနေလျှင် ခုဇ္ဇုတ္တရာ စသူတို့လို ဖြစ်အောင်လုပ်ရမယ်၊ သာသနာမှာနေလျှင် ခေမာထေရီ စသူတို့ကို အားကျရမယ်” ဟု စံပြပြောဆိုရသော ဥပါသကာ ဥပါသိကာမများ ရှိခဲ့သည်။

မြတ်စွာဘုရားရှင်သည် အနာဂတ်သာသနာအတွက် ရဟန်းသံဃာတော်နှင့် ရဟန်းမများနည်းတူ ဥပါသကာနှင့် ဥပါသိကာမတို့အားလည်း အားထားမျှော်လင့်တော်မူ၏။ တာဝန်လည်း ပေးအပ်ထားတော်မူခဲ့၏။ သာသနာ့ကျက်သရေဆောင် သာသနာ့ဝန်ဆောင် လေးဦးဟု ခေါ်သည်။ ရဟန်းတော်များနည်းတူ တာဝန်ရှိသူများဖြစ်သည်ကို မမေ့သင့်ကြ။

သာသနာပြုရာတွင် ၀ိနည်းသိက္ခာပုဒ်များကြောင့် ရဟန်း သံဃာတော်များ မ၀င်ဆံ့၊ မဆောင်ရွက်နိုင်သော ကိစ္စများရှိတတ်၏ ထိုကိစ္စမျိုးကို လူဒကာ ဒကာမတို့က ဆောင်ရွက်မှသာ ရနိုင်သည်။ ဥပါသကာ ဥပါသိကာမတို့သည် ရဟန်းတော်များနည်းတူ သာသနာ့တာဝန်များ ရှိကြသည့် အားလျော်စွာ ဥပါသကာ ဥပါသိကာမတို့၌ ရှိသင့်ရှိထိုက်သော ကိုယ်ကျင့်တရား၊ဂုဏ်အရည်အသွေးများ အပြည့်ရှိအောင်လည်း ကြိုးစားကြရာ၏။

No comments:

Post a Comment