အနက်
သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - သုံးပါး ရှစ်ပါး နှစ်မျိုးအားဖြင့် ဟောထားပညာ ဉာဏ်ဝိဇ္ဇာတည့် နိဗ္ဗနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်မဖင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နေဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာ ရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
အဓိပ္ပာယ်
ဘုရားရှင်ဟူသည် သတ္တ၀ါအားလုံး၏ ကိုးကွယ်ရာ ဦးဆောင် ပုဂ္ဂိုလ်မြတ်ကြီးဖြစ်သည်။ ဦးဆောင်ပုဂ္ဂိုလ်တို့ မည်သည် အလုပ်နှင့်အပြော ညီညွတ်ရသည်။ လုပ်သလို ပြော၍ ပြောသလို လုပ်ရသူ ဖြစ်သည်။ မြတ်စွာဘုရားရှင်၌ ၀ိဇ္ဇာခေါ် အသိဉာဏ်ထူးရှိတော်မူသကဲ့သို့ စရဏခေါ် အကျင့်မြတ်နှင့်လည်း ပြည့်စုံတော်မူသည်။
ဝိဇ္ဇာသည် အမှန်အမှား ခွဲခြားသိနိုင်သော မျက်စိအမြင်ဓာတ်ဖြစ်၍ စရဏသည် မြင်သည့်အတိုင်း သွားလာ လုပ်ကိုင် ရယူနိုင်သော လက်ခြေများ ဖြစ်သည်။ အသိဉာဏ်ထူးရှိသော်လည်း အကျင့်မြတ်မရှိက ချမ်းသာစစ် ချမ်းသာမှန်ကို မရနိုင်။ တဖန် အကျင့်မြတ်သာရှိပြီး အသိဉာဏ်ထူး မရှိလျှင်လည်း လမ်းမှန် မရောက်နိုင်၊ မြတ်စွာဘုရားရှင်ကား ၀ိဇ္ဇာစရဏ မျက်စိ လက်ခြေ နှစ်ထွေ အသိ အကျင့်နှင့် ပြည့်စုံတော်မူသည်။
ဝိဇ္ဇာ = အသိဉာဏ်ပညာ
ဝိဇ္ဇာကို အမျိုးအစားအားဖြင့် သုံးပါး ရှစ်ပါး နှစ်မျိုးခွဲထား၏။
ဝိဇ္ဇာသုံးပါး
(၁)ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးရှေးဘ၀ သံသရာ၌ နေထိုင် တွေ့ကြုံခဲ့သမျှကို ပြန်၍ အောက်မေ့ သိမြင်နိုင်သော ဉာဏ်၊
(၂) ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ ဝေးကွာသော အရာ၊ သေးငယ်သောအရာများကို မြင်နိုင်သော ဉာဏ်။
(၃) အာသ၀က္ခယဉာဏ် = ကိလေသာအာသဝေါတို့ကို ကုန်စင်စေနိုင်သော အရဟတ္တမဂ်ဉာဏ် တို့ ဖြစ်ကြသည်။
ဤ၀ိဇ္ဇာဉာဏ် သုံးပါးသည် ဘုရားရှင်တို့အတွက် လွန်စွာ အရေးပါလှသော ဉာဏ်တော်များ ဖြစ်သည်။ “ပု - ဒိ - အာ” ဟု အတိုကောက် သုံးလေ့ရှိသော ဘုရားဉာဏ်တော်များ ဖြစ်သည်။
ဝိဇ္ဇာရှစ်ပါး
(၁) ၀ိပဿနာဉာဏ် = အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရုပ်နာမ်တရားအားလုံးကို ရူမြင်တော်မူသောဉာဏ်၊
(၂) စေတောပရိယဉာဏ် = အခြားသူများ၏ စိတ်ကို သိနိုင်သောဉာဏ် (ပရိစိတ္တ၀ိဇာနနဉာဏ်ဟု လည်းခေါ်သည်)၊
(၃) မနောမယိဒ္ဓိဉာဏ် = မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဥာဏ်၊
(၄) ဒိဗ္ဗသောတဉာဏ် = နတ်တို့နားကဲ့သို့ ဝေးသောအသံ၊ တိုးသော သေးငယ်သော အသံတို့ကို ကြားနိုင်သောဉာဏ်၊
(၅) မြေလျှိုးမိုးပျံစသော တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်၊
ဤဉာဏ်တော်ငါးပါးနှင့် ဖော်ပြပြီး ၀ိဇ္ဇာသုံးပါးခေါ် ဉာဏ်တော်သံးပါးကို ပေါင်း၍ ၀ိဇ္ဇာရှစ်ပါးဟု ခေါ်သည်။
ဆောင်ပုဒ် ။ ။ ပု၊ ဒိ၊ အာ၊ ၀ိ၊ စေ၊ မ၊ ဒိ၊ ဣဒ္ဓိ ၀ိဇ္ဇာရှစ်။
စရဏ = အကျင့်တရား တစ်ဆယ့်ငါးပါး
နိဗ္ဗာန်ရရန် ကျင့်ကြံရမည့် တရားများကို စရဏဟု ခေါ်သည်။ ထိုစရဏ တရားကား တစ်ဆယ့်ငါးပါးရှိ၏။ ယင်းတို့မှာ -
(၁) သီလ = ကိုယ်ကျင့်သီလလုံခြုံမူ၊
(၂) ဣန္ဒြိယသံဝရ = တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ မဖြစ်စေဘဲ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဣနြေ္ဒများကို ငြိမ်သက်အောင် စောင့်ထိန်းမူ၊
(၃) ဘောဇနေမတ္တညုတာ = စားသောက်ရာ၌ အတိုင်းအရှည် ပမာဏ သိမူ၊
(၄) ဇာဂရိယာနုယောဂ = နိုးနိုးကြားကြား အိပ်စက် နေထိုင်မူ၊
(၅) သဒ္ဓါ = ကုသိုလ် အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါး ရှိသည်။ နောက်ဘ၀ သံသရာရှိသည်ု ယုံကြည်မူ၊
(၆) ဟိရီ = မကောင်းမူ ဒုစရိုက်ပြုရန် ရှက်မူ၊
(၇) သြတ္တပ္ပ = မကောင်းမူ ဒုစရိုက် ပြုလုပ်ရန် ကြောက်ရွံ့မူ၊
(၈) သုတ = အကြားအမြင် ဗဟုသုတ များပြားမူ၊
(၉) ၀ီရိယ = ကုသိုလ်ကောင်းမူ အလုပ်များ၌ ကြိုးစားအားထုတ်မူ၊
(၁၀) သတိ = ကုသိုလ်ကောင်းမူ အလုပ်များကို ထပ်ကာထပ်ကာ အမှတ်တရ အောက်မေ့နေမူ၊
(၁၁) ပညာ = ရုပ်နာမ် အဖြစ်အပျက်ကို သိနိုင်သည့် ပညာနှင့် ပြည့်စုံမူ၊
(၁၂) ၀ိတက် ၀ိစာရ ဧကဂ္ဂတာ = ဈာန် အင်္ဂါ ငါးပါးရှိသော ပဋ္ဌမဈာန်၊
(၁၃) ပီတိ သုခ ဧကဂ္ဂတာ = ဈာန်အင်္ဂါ သုံးပါးရှိသော ဒုတိယဈာန်၊
(၁၄) သုခ ဧကဂ္ဂတာ = ဈာန်အင်္ဂါ နှစ်ပါးရှိသော တတိယဈာန်၊
(၁၅) ဥပေက္ခာ ဏကဂ္ဂတာ = ဈာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထဈာန် တို့ ဖြစ်ကြသည်။
ဆောင်ပုဒ် ။ ။ သီလစောင့်လေ၊ ဣနြေ္ဒထိန်းရ၊ အာဟာရမှာ၊ တိုင်းတာကိုသိ၊ နိုးကြားရှိလျက်၊ ဟိရီ သြတ္တပ္ပ၊ သုတ ပညာ၊ သဒ္ဓါသတိ၊ ၀ီရိယစု၊ ပ ဒု တ စ၊ ဈာန်လေးဝ၊ စရဏ တစ်ဆယ့်ငါး။

Sunday, 19 December 2010
၃။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment