သိစရာမှန်သမျှ တရားအားလုံးကို သိမြင်တတ်သောဉာဏ်တော်။
မြတ်စွာဘုရားရှင်သည် အရဟတ္တမဂ်ဉာဏ်ကို ရတော်မူသည်နှင့် တပြိုင်နက် သိစရာ တရားအားလုံးကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုတာဏ်တော်ကိုပါ ရရှိတော်မူသည်။
“သိစရာမှန်သမျှ သိသည်” ဆိုရာ၌ မြတ်စွာဘုရားရှင်သည် ဟောရမည့် တရားကိုလည်း သိသည်။ ဟောပုံဟောနည်းကိုလည်း သိသည်။ ဟောရမည့် ပုဂ္ဂိုလ်၏ အလိုအဇ္ဈာသယကိုလည်း သိသည်။
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် အထက်ဖော်ပြပါ သုံးမျိုးတို့နှင့် စပ်လျဉ်း၍ အကြွင်းအကျန်မရှိ သိမြင်တော်မူ၏။
မြတ်စွာဘုရားမှတပါးသော ရဟန္တာမထေရ်ကြီးများနှင့် ပကတိသာဝက၊ မဟာသာဝက၊ အဂ္ဂသာဝက၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် သံသရာမှထွက်မြောက်ရာ နိဗ္ဗာန်ကို သိမြင်ရရှိကြကုန်သော်လည်း ဟောရမည့်တရားများ၊ ဟောပုံဟောနည်းနှင့် ဟောရမည့်ပုဂ္ဂိုလ်တို့၏ အလိုအဇ္ဈာသယကို အကုန်အစင် သိရှိနိုင်စွမ်း မရှိကြကုန်။ အကြွင်းမရှိ အလုံးစုံ သိမြင်တော်မူခြင်းသည် သဗ္ဗညုတဉာဏ်ရှင်ဖြစ်သော မြတ်စွာဘုရားတို့၏ အရသာဖြစ်သည်။
ထိုထို တရားနာ ပရိသတ်၏ အလိုအဇ္ဈာသယနှင့် ပတ်သက်၍ ဟောရမည့် တရားကား သံသရာတွင်းချမ်းသာကိုသာ ရစေနိုင်သော တရားမုတ်၊ သံသရာမှ လွန်မြောက်သော ချမ်းသာကို ရစေနိုင်သော တရားဖြစ်၏။
သံသရာတွင်း ချမ်းသာလောက်ကိုသာ ရစေနိုင်သော တရားမျိုးကား ပညာရှိအချို့ပင် အထိုက်အလျောက် ဟောနိုင်၏။ သဗ္ဗညုတဉာဏ်ရဖို့မလို။ အခြားပညာရှိအချို့ ဟောကြားသော တရားကို “သွားက္ခာတဂုဏ်နှင့် ပြည့်စုံသည်” ဟု မဆိုနိုင်ချေ။
မြတ်စွာဘုရားကား သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်၏။ ထို့ကြောင့် သဗ္ဗညုတဉာဏ်တော်ရှင်အနေဖြင့် သံသရာလွန် ချမ်းသာကို ရစေနိုင်သော တရားကို ဟောကြားနိုင်ခြင်းဖြစ်၏။ သို့ရာတွင် သံသရာတွင်း ချမ်းသာကို ရစေနိုင်သော ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာများကိုလည်း ဟောကြားသည်ပင် ဖြစ်၏။ ထိုသို့ ဟောကြားသော်လည်း အခြားပညာရှိအချို့ ဟောကြားသကဲ့သို့ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာများကို နောက်ဆုံး ပန်းတိုင်အနေဖြင့် ဟောကြားသည်မဟုတ်၊ လောကုတ္တရာကို အထွတ်တင်ရန် အခြေခံ လမ်းစဉ်အဖြစ်ဖြင့်သာ ဟောကြားတော်မူခြင်းဖြစ်၏။
အမှန်အားဖြင့် သံသရာတွင်း ချမ်းသာဟူသည်ချမ်းသာအတုသာဖြစ်၏။ ဒုက္ခကို သုခဟု ခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုက္ခကို သုခအဖြစ် ပန်းတိုင်ထားပြီး ဟောကြားကြသော အခြားပညာရှိအချို့၏ တရားကို အဘယ်သို့လျှင် သွားက္ခာတဂုဏ်နှင့် ပြည့်စုံသည်ု ဆိုနိုင်ပါမည်နည်း။
မြတ်စွာဘုရားသည် ပြဆိုခဲ့သည့်အတိုင်း သဗ္ဗညုတဉာဏ်တော်ဖြင့် အကြွင်းအကျန်မရှိ သိမြင်ပြီး ဟောကြားတော်မူခြင်းဖြစ်သဖြင့် ထိုထိုတရားနာပုဂ္ဂိုလ်တို့သည် သစ္စာလေးပါးကို သိမြင်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း ဖြစ်၏။ ယခုဘ၀၌ မျက်မှောက် မပြုနိုင်ကြသေးစေကာမူ ဘ၀ချိန်ခါ မကြာမြင့်မီ ပါရမီဓာတ်ခံများ ရင့်သန်ကြီးထွား၍ တရားသိမြင် ကျွတ်တမ်းဝင်နိုင်ကြလေသည်။

Sunday, 12 December 2010
သဗ္ဗညုတဉာဏ်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment