အနက်
သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ရှေ့သွားလမ်းပြသူ ဆရာတစ်ဆူ ဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း။ သတ္ထာ ဒေ၀မနုဿာနံ - သတ္ထာ ဒေ၀မနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
သတ္ထာ ဒေ၀မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ရှေ့သွား လမ်းပြသူ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
အဓိပ္ပာယ်
လှေခေတ် လှည်းခတ်အခါက လှည်းကုန်သည်တို့၏အကြီးအမှူးဦးစီးခေါင်းဆောင်ဖြစ်သော ပညာရှိ လှည်းကုန်သည်ကြီးသည် ခြင်္သေ့ သစ် ကျား ခိုးသူ ဓားပြ ပေါများ၍ အစာရေစာ ရှားပါးသော သဲကန္တာရ သားရဲကန္တာရ ခရီးကြမ်းကြမ်းကို ဖြတ်သန်းရသောအခါ ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးကင်းရာသို့ ရောက်အောင် နောက်လိုက် ငယ်သားကုန်သည် များကိုး ချမ်းသာအောင် ဦးဆောင်လမ်းညွှန်နိုင်၏။ ထို့အတူ ဘုရားရှင် ကိုယ်တော်မြတ်သည်လည်း ပဋိသန္ဓေနေရမှ ဇာတိဒုက္ခ၊ အိုရမူ၊ ဇရာဒုက္ခ၊ နာရမူ ဗျာဓိဒုက္ခ၊ သေရမူ မရဏဒုက္ခ၊ စိုးရိမ်ပူဆွေးရမူ သောကဒုက္ခ၊ ငိုကြွေးမြည်တမ်းရမူ ပရိဒေ၀ဒုက္ခ၊ ချစ်သောသူတို့နှင့် ကင်းဝေးရမူ အပ္ပိယေဟိ သမ္ပယောဂဒုက္ခ စသော ဘေးဒုက္ခ အန္တရာယ်အမျိုးမျိုးတို့နှင့် ရောပြွမ်းနေသည့် သံသရာကန္တာရခရီးကြမ်းကြီးမှ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ကို လမ်းညွှန် ကယ်မတော်မူလျက် အို နာ သေမူကင်းရာ ချမ်းသာအတိပြီးသော နိဗ္ဗာန်သို့ ပို့ဆောင်တော် မူသည်။
လောက၌ အသိဉာဏ်ရှိသော ခေါင်းဆောင်လမ်းညွှန်ကောင်းကို ရခဲ့၏။ ငါးရာငါးဆယ်ဇာတ်တော်ဟာ လှည်းကုန်သည် ဇာတ်တစ်ခု၌ ဖော်ပြပါ ပညာရှိ လှည်းကုန်သည်နှင့်အပြိုင် ပညာမဲ့လှည်းဦးစီး ခေါင်းဆောင်လမ်းပြရာ လိုက်ကြရသော လှည်းကုန်သည် အုပ်စုတစ်စုလည်း ရှိခဲ့ဖူး၏။ ထိုပညာမဲ့ လှည်းကုန်သည်အုပ်စုသည် ကန္တာရအတွင်း၌ ဘီလူးတို့၏ လှည့်စားမူကို နားမလည်ဘဲ ခေါင်းဆောင်မိုက်၏ လမ်းညွှန်မူကို လိုက်နာ၍ အကျိုးမဲ့ သေဆုံးခဲ့ကြရဖူး၏။ ဘုရားအလောင်းတော် ပညာရှိ လှည်းကုန်သည်ကား မိမိဦးဆောင်သွားရမည့် ခရီးလမ်းတလျှောက်တွင် မည်သည့်နေရာ၌ မည်သို့ရှိ၍ မည်သည့်အခက်အခဲကို မည်သို့ ကျော်လွှားရမည်ဟုလည်း သိ၏။ ထို့ကြောင့် နောက်လိုက် နောက်ပါများ အားလုံး ဘေးကင်း ချမ်းသာခဲ့ကြရသည်။ ဘုရားအလောင်းတော်ကြီးများသည် လမ်းခရီးကြမ်းကို ကိုယ်တိုင် ဦးစွာလျှောက်လှမ်းပြီးမှ ကိန်းသေပေါက် ချမ်းသာမည့်လမ်းကို ညွှန်ပြမြဲ ဖြစ်သည်။ “အပဏ္ဏကပဋိပါဒါ” ဟုခေါ်၏။ ဘုရားဖြစ်တော်မူသောအခါကား ဆိုဘွယ်ရာ မရှိပြီ။ ထို့ကြောင့် မြတ်စွာဘုရားဖြစ်တော်မူသောအခါကား ဆိုဘွယ်ရာ မရှိပြီ။ ထို့ကြောင့် မြတ်စွာဘုရားသည် လူ့လောက၏ ကိုးကွယ်အားထားရာ ကိန်းသေပေါက်လမ်းကို ညွှန်ပြတော်မူနိုင်သည့် ဆရာတဆူ ဖြစ်တော်မူသဖြင့် သတ္ထာ ဒေ၀မနုဿာနံဟူသော ဂုဏ်တော်ဖြင့်လည်း ချီးကျူးပူဇော်ရသည်။

Sunday, 19 December 2010
၇။ သတ္ထာ ဒေ၀မနုဿာနံဂုဏ်တော်
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment