ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 23 October 2010

အချစ်ဆိုတာ မှားတတ်သဗျာ (အပိုင်း-၃)

ပရိယာယ်လို့ ခေါ်တယ် မော်”


မော်က စိတ်ဝင်စားလွန်း၍ တုန်နေရှာသည်။


“ ဂရုစိုက်နားထောင်..မော်။ လူတစ်ယောက်က အလုပ်လာလျှောက်တယ်။ ဒီတော့ အလုပ်ရှင်က သူ့ကိုသူ့ရဲ့ ပညာအရည်အချင်းတွေ မေးတယ်။ ဒီလူက ပြန်ပြောတယ်။ ကျွန်တော့်မှာ မိန်းမရှိတယ်။ ကလေးခြောက်ယောက်ရှိတယ်။ မိန်းမကလည်း ရောဂါဖြစ်ပြိး အိပ်ရာထဲက မထနိုင်ဘူး။ ကလေးတွေမှာ လည်း စားစရာမရှိပါဘူး။ ၀တ်စရာ အ၀တ်လည်းမရှိပါဘူး။ ဖိနပ်လည်းမရှိဘူး။ အားလုံး ကိုယ်တုံးလုံး ကလေးတွေနဲက ချမ်းချမ်းအေးအေးနေနေရတယ်။ နွေးနွေးထွေးထွေးခြုံစရာစောင်လည်း မရှိဘူး။ အိမ်ကလည်း မိုးမလုံဘူး။ မိုးတွေကရွာတော့ မီးဖိုထဲ မီးမွှေးစရာ ထင်းလည်း မရှိဘူး”


ထိုအခိုက် မိမိမော်၏ မို့မောက်သော ပန်းနုရောင် ပါးပြင်နှစ်ဖက်တွင် မျက်ရည်ပုလဲအုတစ်လုံးစီ လိမ့်ကျလာပြီး…


“ဟင့်…ဟင့်…သနားစရာကောင်းလိုက်တာ ကိုရယ်…ဟင့်…ဟင့်…”


မော်က ရိုက်နေ၏။


ကျွန်တော်က ရှင်းပြ၏။


“ဟုတ်တယ် မော်၊ သနားစရာတော့ ကောင်းတယ်။ ဒါပေမဲ့ ဒီလူပြောတာဟာ များတယ်။ အကြောင်းပြချက်လည်း မဟုတ်ဘူး အလုပ်ရှင်က သူ့အရည်အချင်းတွေကိုမေးတာကို သူက အဲဒီကိစ္စ ဘာမှပြန်မဖြေဘူး။ ပြီးတော့ သူက အလုပ်ရှင်ကို မျက်ရည်ခံထိုးပြီး အသနားခံတယ်။ အဲဒါဟာ သောကပရိဒေ၀ မျက်ရည်ခံ နည်းပရိယာယ်ပဲ။ မော် ရှင်းပြီလား”


“လက်ကိုင်ပ၀ါပါရင် မော့ကိုပေးစမ်းပါ ကိုရယ်၊ ဟင့်…ဟင့်…”


မော်က ရိုက်ဆံပင် ဖြစ်၏။


ကျွန်တော်က လက်ကိုင်ပ၀ါကို ထုတ်ပေးလိုက်ပါ၏။ သို့သော် ကျွန်တော် ဟစ်လို့သာ အော်လိုက်ချင်သည်။ စိတ်ကို မနည်းချုပ်တီးထားရသည်။ မော်က မျက်ရည်များကို သုတ်နေသည်။


ကျွန်တော်က အသံကို ကြိုးစားထိန်း၍ စကားဆက်၏။


“နောက်တစ်ခု ကိုတို့ဆွေးနွေးမယ့် အမှားကတော့ လွဲမှားသော နိုင်းယှဉ်ချက်လို့ ခေါ်တယ်။ ဥပမာတစ်ခု ကိုပေးမယ်။ ကျောင်းသားတွေ စာမေးပွဲဖြေဆိုတဲ့အခါမှာ ပြဋ္ဌာန်းတဲ့ စာအုပ်တွေကိုကြည့်ပြီး ဖြေခွင့်ပေး သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်များဟာ လူနာကို ခွဲတော့မယ်ဆိုရင် ဓာတ်မှန်ရိုက်ထားတာ ကိုကြည့်ပြီး ခွဲနိုင်တယ်။ ၀တ်လုံများဟာလည်း လျှောက်လဲချက်ပေးတဲ့အခါမှာ မှတ်စုမှတ်တမ်း ဥပဒေ စာအုပ်တွေကိုကြည့်ပြီး ကိုးကားလျှောက်လဲခွင့် ရကြတယ်။ အင်ဂျင်နီယာတွေ တိုက်အိမ်ဆောက်ရင် လည်း အိမ်ပုံစံကို ကြည့်ပြီးဆောက်ကြရတယ်။ ဒီလိုဆိုရင် ကျောင်းသူကျောင်းသားတွေကိုလည်း စာမေးပွဲခန်းမထဲမှာ ပြဋ္ဌာန်းစာအုပ်ကြည့်ပြီး ဖြေခွင့်ပေးဖို့ မကောင်းဘူးလား”


“ဟိုက်…ရှားပါး၊ မော့် တစ်သက်လုံး ဒီလောက်အရမ်းကောင်းတဲ့စိတ်ကူးမျိုး တစ်ခါမှ မကြားဖူဘူး…ကို”


ကျွန်တော် အနည်းငယ်ငေါက်လိုကရ၏။


“ဒိမယ် မော်၊ ဒီအကြောင်းပြချက်ဟာ မှားနေတယ်။ ဆရာဝန်တွေ၊ ၀တ်လုံတွေ၊ အင်ဂျင်နီယာတွေ အလုပ်လုပ်တာဟာ သူတို့ သင်ကြားထားတာတွေ ဘယ်လောက်တတ်မြောက်နေပြီဆိုတာကို အဆစ်ဆေးခ့တဲ့သဘော မဟုတ်ဘူး။ ကျောင်းသူကျောင်းသားတွေကတော့ ဘယ်လောက်တတ်ပြီ ဆိုတာ အဆစ်ဆေးခံဖို့ စာမေးပွဲဖြေကြရတာ။ အခြေအနေချင်း လုံးဝမတူဘူး။ ဒီတော့ သူတို့ချင်း နိုင်းယှဉ်ပြောလို့ မရဘူး။ ဒါဟာ လွဲမှားသော နိုင်းယှဉ်ချက်ပဲ”


“ ဒါပေမဲ့ စိတ်ကူးကတော့ အရမ်းကောင်းတာပဲ ကိုရယ်၊ မော်တို့ တက္ကသိုလ်မှာ တကယ်ခွင့်ြု့ဖို့ ကောင်းပါတယ်”


“ပေါက်ကရတွေ ပြောမနေနဲ့ မော်၊ တော်တော့။ ဒါ သင်တန်းပေးနေတာ”


ကျွန်တော်က မျက်နှာတင်းတင်းနှင့် ရှေ့ကို ဇွတ်အတင်းဆက်ရပြန်၏။


“နောက်တစ်ခု ကိုတို့လေ့လာမယ့် အမှားကတော့ ယထာဘူတာ ဘ၀အမှန်ကို ဆန်ကကျင်ပြီး နိဂုံးကမ္ပည်းဆွဲခြင်းလို့ ခေါ်တယ်”


“အဟမ်း…လေလုံးကတော့ အရမ်းထွားတာပဲ” ဟု မော်က မှတ်ချက်ချ၏။


“နားထောင်စမ်း မော်။ အကယ်၍သာ မဒမ်ကြူရီဟာ ကျောက်မိးသွေး အဆီတုံးကလေးတစ်တုံးကို ဓာတ်ပုံရိုက် မှန်တစ်ချပ်နဲ့အတူတူ သူ့အံဆွဲထဲမှာ ရောပြီးမထားခဲ့မိဘူးဆိုရင် ကနေ့ ကမ္ဘာကြီးဟာ ရေဒီယမ်ဆိုတဲ့ သတ္တုအကြောင်းကို ကြားဖူးတော့မှာ မဟုတ်ဘူးဆိုပါတော့”


“ ဒါ မှန်တယ်…ဒါ မှန်တယ်”


မော်က ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံနေချေသည်။


“ဒါ အမှန်ပဲ ကို။ မော် ရုပ်ရှင်ထဲမှာ ကြည့်လိုက်ရတယ်။ ဇာတ်လမ်းက အားကြီးကောင်းလွန်းလို့ မော်တော့ ပြောတောင် မပြတတ်တော့ဘူ။ ဇာတ်လိုက်မင်းသား ၀ါလတာပီဂျင်ကလည်း အရမ်းချောတာပဲ။ အိပ်မက်ထဲက ရွှေမင်းသားကလေးနဲ့ တူတယ်။ မော်လေ သိပ်စွဲသွားတာ…ကို”


ကျွန်တော်က မော့်ကို မာန်ရပြန်၏။


“ဒီမယ်…အမိ၊ ဇာတ်လိုက်မင်းသား ၀ါလတာပီဂျင်ကို တဆိတ်လော်က မေ့ထားလိုက်စမ်းပါ။ ကို ထောက်ပြချင်တာက ဒီအကြောင်းပြချက်ဟာ များနေတယ်ဆိုတဲ့ အကြောင်းပဲ။ မဒမ်ကြူရီဟာ အံဆွဲထဲ ဟိုပစ္စည်းတွေ ရောမထားမိဘူးဆိုရင်လည်း တခြားတစ်ချိတ်ချိန်မှာ ရေဒီယမ်သတ္တုကို သူရှာတွေ့ချင် တွေ့နိုင်တာပဲ။ သူ မတွေ့ရင်လည်း တခြား သိပ္ပံပညာရှင် တစ်ယောက်ယောက်က ရေဒီယမ်ကို တွေ့နိုင်တတာပဲ။ တခြားဖြစ်နိုင်တာတွေလည်း အများကြီးရှိတယ်။ ဒီလိုဖြစ်နိုင်တာတွေကို ထည့်မတွက်ဘဲ ဆန့်ကျင်ပြီး နိဂုံးဆွဲလို့ မရဘူး။ ဆွဲရင် မှားသွားမှာပဲ”


သို့သော် မော်က …


“၀ါလတာပီဂျင်ကို နောက်ထပ်ရုပ်ရှင် ဘာကြောင့် မရိုက်ကြသလဲ မသိဘူး…ကို။ မော်လေ သူ့ကိုစောင့်ကြည့်တာ တစ်ခါမှ မတွေ့ဘူး”


ကျွန်တော် စိတ်အတော် ကုန်သွား၏။ သို့သော် နောက်ဆုံး တစ်ကြိမ်တော့ အခွင့်အရေးပေးလိုက်ဦးမည် ဟု ကျွန်တော်ဆုံးဖြတ်၏။ တစ်ကြိမ်ဆိုမှ တစ်ကြိမ်တည်းသာလျှင်ပေးတော့မည်။ သွေးနှင့်ကိုယ် သားနှင့်ကိုယ်ဖြစ်သော ကျွန်တော်သည် သည်းခံသင့်သမျှကိုသာ သည်းခံနိုင်ပေမည်။ ကျွန်တော်သည် လူသာလျှင်ဖြစ်၏။


ထို့ကြောင့်….


“ကဲ…မော်၊ အခု ကိုပြောမယ့် လောဂျစ်အမှားကတော့ ရေတွင်းထဲ အဆိပ်ခတ်နည်းလို့ ခေါ်တယ်”


“သိမ်း…လှတဲ့နာမည်ကလေးပဲနော်…ကို”


“လူနှစ်ယောက်ဟာ စကားရည်လုပွဲမှာ ပြိုင်ပြောကြတယ်။ ပထမလူက ထပြီးပြောတယ်။ “တစ်ဖက်ကလူဟာ အလကား လူလိမ်လူညာတစ်ယောက်ပါ။ သူပြောတဲ့စကားဆိုရင် နှမ်းစေ့ကလေး တစ်စေ့လောက်တောင်မှ မယုံရပါဘူး” အဲဒီလိုပြောတယ်။ ကဲ…မော် စဉ်းစားစမ်း၊ နက်နက်နဲနဲ စဉ်းစားစမ်း။ ဒီစကား ဘယ်လိုမှားနေသလဲ”


မော်က မျက်မှောင်ကို လှလှကလေးကုတ်ပြီး စူးစူးစိုက်စိုက် စဉ်းစားလေ၏။ ကျွန်တော်က မော့်ကို အကဲခတ်နေ၏။ ရုတ်တရက်ပင် မော်၏ မျက်လုံးများထဲတါင် ပထမဆုံးအကြိမ်အဖြစ်ဖြင့် အသိဉာဏ် အလင်းရောင်တန်းကလေး ၀င်းခနဲ လက်သွားသည်ထင်၏။


မော်က ဒေါမာန်ပါပါ အမူအရာကလေးနှင့်…


“ဒီဟာ ဘယ်တရားမလဲ။ ဒီဟာ နည်းနည်းကလေးမှ မတရားဘူး။ ဒုတိယလူမှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ သူ့မှာ စကားပြောဖို့ ပါးစပ်တောင် မဟရသေးဘူး။ ပထမလူက သူ့ကို အလကား လူလိမ်လူညာပါလို့ စွပ်စွဲထားတော့ ဒါ ဘယ်တရားမျှတမှာလဲ”


“မှန်လိုက်လေ မော်၊ မှန်လိုက်လေ”


ကျွန်တော်က အောင်မြင်စွာ ချီးကျူးလိုက်၏။


“မော်ပြောတာ ရာနူန်းပြည့်မှန်တယ် မော်၊ ဒီလူပြောတာဟာ မတရားဘူး။ ဒီပထမလူဟာ ရေတွင်းထဲက ရေကို ဘယ်သူမှမသောက်ရသေးခင် အဆိပ်ခပ်တဲ့လူပဲ။ ဘာမှ အကာအကွယ်မရှိသေးတဲ့ ဒုတိယလူကို သူက မတရားနည်းနဲ့ အလဲထိုးပစ်လိုက်တာပဲ။ မော် ကောက်ချက်ချတာ မှန်တယ်။ မော့်အတွက် ကို အများကြီး ဂုဏ်ယူတယ် မော်”


“အဟင့်…အဟင့်…အဟီး”


မော်က ရှက်သေးကလေးကြွအောင် ၀မ်းသာနေရှာ၏။


“ကဲ…ဘာခက်လို့လဲမော်။ လောဂျစ်ဆိုတဲ့ ဒီစဉ်းစားနည်းကလေးတွေဟာ ဒီလောက်မခက်ပါဘူးကွယ်။ တခြား ဘာမှလုပ်ဖို့ မလိုဘူး။ မော့်စိတ်ကို တစ်နေရာတည်း စူးစိုက်ထားရမယ်။ ပြီးတော့ မော်နဲ့ကို ဆွေးနွေးလေ့လာထားသမျှ သင်ခန်းစာအားလုံးကို တစ်ခေါက်ပြန်ပြိး စစ်ဆေးကြရအောင်”


“ ကြိတ်လိုက်စမ်း…ကို၊ ကြိတ်လိုက်စမ်း…”


မော်က ခပ်ရွှင်ရွှင်ပြောရင်း လက်ကလေးကိုပင် ဝှေ့ယမ်းပြလိုက်သေး၏။


ဤတွင် မော်သည် လုံးဝသုံးမရသော နလပိန်းတုံးမကလေး တစ်ယောက်မဟုတ်ကြောင်း သိမြင်ရပြီဖြစ်၍ တိုးတက်သော အားသစ် အင်သစ်များဖြင့် ကျွန်တော်သည် ကျွန်တော်၏ လောဂျစ် သင်ခန်းစာကို အစမှအဆုံးတိုင် စိတ်ရှည်လက်ရှည် မော့်အား တစ်ပတ်ကျော့ သင်ကြားရပြန်၏။ တစ်ကျော့ပြီးတစ်ကျော့။ ထို့နောက် တစ်ကျော့၊ ကျွန်တော်က မံလျော့မတမ်းပြသ၏။ ဥဒါဟရုဏ် အမျိုးမျိုးကိုဆောင်၍ ရှင်းလင်း၏။ ချွတ်ယွင်းချက်ပျော့ကွက်များကို ထောက်ပြ၏။ ကျွန်တော်၏ သင်တန်းမှာ ပမာအားဖြင့် လိုဏ်ခေါင်းကြီးတစ်ခု တူးရသည်နှင့် တူလေသည်။ လုပ်ငန်းအစတွင် ချွေးတလုံးလုံး၊ တကုန်းကုန်း တကွကွ၊ မှောင်ထဲတွင် တူးဖော်ရသည်မှာ မဆုံးနိုင်သလို ထင်ရသည်။ လိုဏ်ခေါင်းအဆုံးသို့ ဘယ်တော့ရောက်မည်မသိ။ အလင်းရောင်ကို ဘယ်တော့မြင်ရမည်မသိ။ မြင်ကောမြင်ရပါဦးမည်လား စသည်ဖြင့် ဘာတစ်ခုမှ မသေချာမရေရာ။ သို့သော် ကျွန်တော်က အရူံးမပေး။ ပေါက်မြဲပေါက်သည် တူးမြဲတူးသည်။ ဆွဲမြဲဆွသည်။ နောက်ဆုံးတွင် ကျွန်တော်အကျိုးခံစား ရတော့သည်။ ပထမ အလင်းရောင်ပေါက်ကလေးတစ်ခုကို မြင်သည်။ ထိုအပေါက်ကလေးသည် တစ်စ တစ်စ ကျယ်၍ကျယ်၍လာသည်။ ထို့နောက် နေရောင်သည် တစ်လုံးတစ်ခဲကြီး ထိုးဝင်လာလေသည်။


ဤသို့လျှင် ငါးညလုံးလုံး ချွေးတလုံးလုံးနှင့် ကျွန်တော်ကြိုးပမ်း၏။ သို့သော် ကြိုးပမ်းရကျိုးနပ်ပါသည်။ မိမိမော်သည် လောဂျစ်ပညာရှင်တစ်ယောက် ဖြစ်လာပြီ။ မိမိမော်အား စဉ်းစားတတ်အောင်၊ ချင့်ချိန်တတ်အောင်၊ နိုင်းယှဉ်တတ်အောင်၊ ပိုင်းခြားဆုံးဖြတ်တတ်အောင် ကျွန်တော် သင်ပြနိုင်ခဲ့လေပြီ။ ကျွန်တော့်လုပ်ငန်း အောင်မြင်လေပြီ။ မော်သည် ကျွန်တော်နှင့် ထိုက်တန်သောအဆင့်သို့ လှမ်းတက်နိုင်ခဲ့လေပြီ။ မော်သည် ကျွန်တော်၏ ဇနီးဖြစ်ထိုက်ပြီ။ ကျွန်တော်၏ အိုးအိမ်စည်းစိမ် ချမ်းသာအရပ်ရပ်ကို ထိန်းသိမ်းရမည့် အိမ်ရှင်မ ဖြစ်ထိုက်ပြီ။ ကျွန်တော့် သားသမီး လူရည်ချွန်ကလေးများ၏ မိခင်ဖြစ်ထိုက်လေပြီ။


မိမိမော်ကို ကျွန်တော် အသည်းနှလုံးထဲက မချစ်၊ စီမံကိန်းနှင့် သာချစ်သည်ဟု မိတ်တွေတို့ မတွေးကြပါလေနှင့်။ ကျွန်တော်သည် မော့်ကို အသည်းထဲကချစ်ပါသည်။ ပမာပြရလျှင် မဟောသဓာသုခမိန်သည် အမရာအား ရှာဖွေပြီး အမျိုးမျိုးပညာစမ်းကာ တော်ဝင် မိန်းမကောင်း ဖြစ်ကြောင်းသိ၍ ဇနီးအဖြစ် နှစ်နှစ်ကာကာချစ်သလို၊ ကျွန်တော်စိတိုင်းကျ ပုံသွင်းထားသော မော့်ကိုလည်း ကျွန်တော် နှစ်နှစ်ကာကာ ချစ်ပါသည်။ ထို့ကြောင့်ပင် နောက်တစ်ကြိမ် ကျွန်တော်တို့တွေ့သောအခါ မော့်အား ကျွန်တော်ချစ်သမျှ လှစ်ဟလိုက်တော့မည်ဟု စိတ်ကူးထားပါ၏။ စင်စစ် ယနေ့အထိ မော်နှင့် ကျွနတော်သည် ဦးနှောက်ချင်းသာ စကားပြောခဲ့ကြသည်။ ယခု အသည်းနှလုံးချင်း စကားပြောရန် အချိန်တန်ပေပြီ။


သို့အတွက် နောက်တစ်ကြိမ် စိန်ပန်းပင်ကြီးအောက်၌ ကျွန်တော်တို့နှစ်ယောက် ဆုံမိသောအခါ ကျွန်တော်က…


“မော်ရေ…ကနေ့ညနေတော့ ကိုတို့ လောဂျစ်အကြောင်း မဆွေးနွေးတော့ဘူးကွယ်”


“အွန့်ဟွန်..ကိုကလဲ”


မော်က စိတ်ပျက်သွားဟန်ရှိ၏။


ကျွန်တော်က မော့်ကို ရွှန်းရွှန်းစားစား ကြည့်လိုက်ပြီးနောက်…


“ဒီမယ် မော်လေးရေ။ ကိုယ်တို့နှစ်ယောက် ဒီစိန်ပန်းပင်ကြီးအောက်မှာ ငါးရက် ငါးညလုံးလုံး အတူတွေ့ခဲ့ကြတယ်။ အတူစကားပြောခဲ့ကြတယ်။ ကိုတို့နှစ်ယောက် အတော်ပျော်ခဲ့ကြတယ်။


ဒါကိုကြည့်ရင် မော်နဲ့ ကိုဟာ အတော် ရှေ့သွးနောက်လိုက်ညီတဲ့ အတွဲလို့ဆိုရမယ်။ ဟုတ်လား မော်”


“ဒါကတော့ လွဲမှားသော နိုင်းယှဉ်ချက်ပဲ ကို၊ မော်ဟာ ကိတ်မုန့်မှ မဟုတ်ဘဲ။ မော်က တက္ကသိုလ်ကျောင်းသူလေ”


ကျွန်တော် ရယ်မိပြန်၏။ သို့သော် စိတ်ထဲတွင် နည်းနည်းအောင့်သွားသည်။ ဒီကလေးမ အတတ်ကျူး၁င လောဂျစ် ဘီလူးမကလေး ဖြစ်နေရော့သလား။ သို့သော် ကျွန်တော်က နည်းဗျူဟာ ပြောင်းလဲတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ မော့်အား ချဉ်းကပ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျွန်တော်ဒ အချစ်ကို ရိုးရိုးသားသား ပြတ်ပြတ်ရှင်းရှင်း တိုက်ရိုက်ကြေညာခြင်းပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်တော်သည် ခေတ္တရပ်ဆိုင်း၍ အရှိန်ယူလိုက်၏။ ကျွန်တော်၏ ဦးနှောက်ကလည်း အဆီလျော်ဆုံး စကားလုံးများကို စေ့စေ့စပ်စပ် ရွေးချယ်လျက်ရှိ၏။


ထို့နောက် ကျွန်တော်ကစ၍ ပြော၏။


“မိမိမော်၊ ကို…မော့်ကိုချစ်တယ်။ မော်ဟာ ကို့ရဲ့ဘ၀၊ မော်ဟာ ကို့ရဲ့ လောကပဲ။ ကြယ်တွေ၊ လတွေ၊ စကြ၀၀ဠာ အနန္တတွေ၊ အဆုံးမရှိ အာကသပြင်ကျယ်ကြီးတွေ ပါဝင်တဲ့ ကို့ရဲ့လောကကြီးတစ်ခုလုံးမှာ မော်တစ်ယောက်ပဲ ရှိတယ်။ အဲဒီတော့ အချစ်ကလေးရယ်၊ အချစ်ကလေးကလည်း ကို့ကိုချစ်ပါတယ်လို့ ပြောစမ်းပါ။ မော်က မချစ်ဖူးဆိုရင် ကို ငိုချင်တယ်။ ကို့ဘ၀ဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ကိုဟာ လုံးပါးပါးမှာပဲ။ ထမင်းလည်း မစားတော့ဘူး။ ကို့ကိုမချစ်ဖူးဆိုရင် ကိုဟာ မျက်လုံးဟောက်ပက်၊ အအိပ်ပျက်၊ အစားပျက်၊ ခန္ဓာကိုယ်တစ်ခုလုံးပျက်ပြီး၊ ဟောဒီတစ်ကမ္ဘာလုံး သီတာရေမြေဆုံးအောင် တစ်ယောက်တည်း လျှောက်သွားတော့မယ်။ ဒါပဲ”


စကားအဆုံး၌ ကျွန်တော်က ဣနြေ္ဒရရ လက်ပိုက်၍ မော့်ကို တည်ငြိမ်စွာကြည့်လိုက်၏။ ဤမျှအပြောပိုင် သော် ကျွန်တော့်အား မည်သည့်မိန်းကလေးသည် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တောင့်ခံနိုင်ပါအံ့နည်း။


သို့သော်လည်း မော်၏ အဖြေမှာ…


“ဒီစကားဟာ သောကပရိဒေ၀မျက်ရည်ခံနည်း ပရိယာယ်ပဲ”


ကျွန်တော်က အံကိုခံ၊ သွားကိုကြိတ်လိုက်၏။


ကျွန်တော်ထင်ခဲ့သလို ကျွန်တော်သည် မဟောသဓာ မဟုတ်ချေတကား။


မော်သည် အမရာဟုတ်ချေတကား။ စင်စစ် ကျွန်တော်သည် မဒုမမင်းသား ဖြစ်နေလေပြီ။ ကျွန်တော် လက်မောင်းသွေးဖောက်၍ တိုက်ခဲ့ရသော ပုဒမဒေ၀ီမောက ကျွန်တော့်အား တောင်ထိပ်မှ တွန်းချရန် ကြံနေလေပြီ။ ထိတ်လန့်တုန်လူပ်နေတသော ကျွတ်တော်၏စိတ်ကို သတိ သမာဓိတရား ကြီးမားစွာဖြင့် ပြန်လည်ထိန်းချုပ်လိုက်ရ၏။ ကျွတ်တော် ခေါင်းပူ၍မဖြစ်၊ ခေါင်းအေးအေးနှင့် ရင်ဆိုင်မှဖြစ်မည်။


ကျွန်တော်က ဇွတ်အတင်းကြိုးစား၍ ပြုံးရင်း…


“ဟဲဟဲ…မော်က လောဂျစ်မှာ အတော်ပိုင်နေပါကလား မော်”


“ဟောဒီမှာ လော၈ျစ်ပညာ မော်ဆရာလေ”


မော်က လှောင်ပြုံးကလေးနှင့် ပြောနေ၏။


“ကောင်းပြီ မော်၊ မော့်ကို လောဂျစ် ဘယ်သူသင်ပေးသလဲ”


“ကို သင်ပေးတယ်လေ”


“ကောင်ပြီ။ ဒီလိုဆိုရင် ကို့ကျေးဇူး မော့်မှာ အများကြီးရှိတာ ပေါ့။ ဟုတ်လား မော်။ တကယ်လို့ ဒီတက္ကသိုလ်မှာ ကိုနဲ့သာ မတွေ့ရင် မော်ဟာ ခုလို လောဂျစ်နည်းပရိယာယ် အမှားကလေးတွေကို ကြားဖူးမှာတောင် မဟုတ်ဘူးပေါ့”


“ဒါကတော့ ကိုဟာ ယထာဘူတ ဘ၀အမှန်ကို ဆန့်ကျင်ပြီး ကိုလိုရာ နိဂုံးကမ္ပည်းဆွဲပြောတာပဲ”


မော်က ပိုင်နိုင်စွာ တုံ့ပြန်လိုက်ချေပြီ။


ကျွန်တော်နဖူးတွင် ချွေးဒိးဒီးကျလာ၏။ ကျွတ်တော်က ငိုမလို အသံမျိုးဖြင့် …


“ဒီမယ်မော်…အခု ကိုနဲ့မော် ပြောတာတွေအားလုံးကို လောဂျစ်နဲ့ အဓိပ္ပာယ်မကောက်ပါနဲ့ကွယ်။ ကိုယ်ပြောချင်တာက ကိုတို့အရင်လေးငါးရက် ပြောခဲ့တာတွေဟာ သင်တန်းစကားတွေပါ။ မော်လည်း သိသားပဲ။ ကျောင်းမှာ သင်ရတာတွေ သင်တန်းမှာလေ့လာစကားတွေဟာ အပြင်က တကယ်ဘ၀နဲ့ ဘယ်လိုမှ မဆိုင်ဘူးမဟုတ်လား မော်”


“ဒါက မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်ကို ကြည့်ပြောတဲ့ အမှားပဲ”


မော်က ကောက်ချက်ချရင်း ကျွန်တော့်မျက်နှာကို လက်ညိုးကလေးတောက်တောက်ထိုး၍ လှောင်နေသည်။


ကျွန်တော် မခံမရပ်နိုင်တော့ပြီ။ ၀ုန်းခနဲ ထရပ်ထဲ့ပြီး ကျွန်တော်က နွားသိုးကဲ့သို့ အော်မေးလိုက်၏။


“ဒီမယ်၊ မိမိမော်၊ ကို့အချစ်ကို မော်လက်ခံမလား လက်မခံဘူးလား၊ ဒါပဲပြော”


“လက်မခံနိုင်ဘူး”


“ဘာကြောင့်လဲ”


“ဘာကြေင့်လဲဆိုတော့ ကနေ့ နေ့လယ်မျာပဲ မော်နဲ့ ကိုစိုးသိမ်းပိုင်နဲ့ တွေ့ပြီး မော်က ကိုစိုးအချစ်ကို လက်ခံလိုက်တယ်။ သူကလွဲပြီး တခြား ဘယ်သူနဲ့မှ မတွဲပါဘူးဆိုတာကိုလည်း ကတိပေးလိုက်တယ်”


ကျွန်တော့်မှာ မူးမိုက်သွား၏။ ဒေါသကြောင့် မထိန်းနိုင်မသိမ်းနိုင် ချောက်ချားသွား၏။ လုပ်မှ လုပ်ရက်ပလေ စိုးသိမ်းပိုင်ရယ်။ ကို့ကို ကတိပေးပြီးမှ စိန်ခေါ်ပြီးမှ အရောင်းမ၀ယ်တည့်ပြီး လက်ဆွဲနူတ်ဆက်ပြီးမှ မင်းလုပ်ရက်လေခြင်း။ ကျွန်တော်သည် စိန်ပန်းပင်ကြီးအောက်ရှိ မြက်ခင်းကို မြက်ဖုတ်ရော၊ မြေစိုင်ခဲတွေရော အလွှားလွှား လွင့်စဉ်သွားအောင် ရူးဖိနပ်နှင့် ကန်ကျောက်ပစ်လိုက်၏။ မိုးခြိမ်းသကဲံသို့ အော်လည်းအော်မိ၏။


“ခွေးမသား ကြွက်စုတ် အလကားကောင်၊ ဒီမယ် မိမိမော်၊ စိုးသိမ်းပိုင်ဟာ လူလိမ်လူညာ အလကားကောင်ပဲ။ ဒီကောင်ဟာ သစ္စာဖောက် ကြွက်စုတ်ပဲ”


“ရှင် ဒီလို ရေတွင်းထဲ အဆိပ်မခတ်ပါနဲ့။ ပြီးတော့ မော့်ကိုလည်း ဒီလိုအော်မပြောနဲ့။ လောဂျစ်ထဲမှာ အော်တာကိုလည်း အမှားတစ်ခုအနေနဲ့ ထည့်ထားဖို့ကောင်းတယ်။


ကျွန်တော်သည် သတိသမားဓိကြီးမားစွာဖြင့် ကျွန်တော့်ဒေါသကို ချုပ်တည်းလိုက်၏။ ထို့နောက် မလျော့မတင်း စောင်းကြိုးညှင်းသလို အသံဖြင့် ကျွန်တော်က…


“ကောင်းပြီမော်၊ မော်ဟာ အခု လောဂျစ်ပညာရှင်တစ်ယောက် ဖြစ်နေပြီ။ ဒီတော့ အခုကိစ္စကို ခေါင်းအေးအေး လောဂျစ်နည်းနဲက သုံးသပ်ကြည့်ကြမယ် ဟုတ်လား။ ကဲ…မော်ဟာ ကိုလိုကျောင်းသား တစ်ယောက်ကိုကျော်ပြီး စိုးသိမ်းပိုင်ကို ရွေးချယ်တာ ဘာကြောင်းပြချက် ရှိသလဲ။ ကို့ကိုကြည့်စမ်း။ အလွန်ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်။ အလွန်ဦးနှောက်ကြီးမားတဲ့ ပညာရှင်တစ်ယောက်။ အနာဂတ်မှာ အလွန်အလားအလာရှိတဲ့ ကြယ်တစ်ပွင့်။ ကို့မှာ ဒါတွေအားလုံး၇ှိတယ်။ တစ်ဖက်က ဟိုကောင် စိုးသိမ်းပိုင်ကြည့်စမ်း။ ကျောင်းမှာ အလွန်တုံးတဲ့ကောင်။ အလွန် ကြမ်းပိုးကျတဲ့ကောင်။ ကျောင်းကထွက်ရင် ထမင်းနပ်မှန်အောင်စားဖို့တောင် အင်မတန်ခဲယဉ်းမယ့်ကောင်။ ဒီလိုကောင်းမျိုးမှာ အထင်ကြီးစရာ ဘာတစ်ခုရှိသလဲ။ ကဲပြောစမ်း…မော်။ စိုးသိမ်းပိုင်ရဲ့အချစ်ကို မော်က လက်ခံရလောက် အောင် သူ့အပေါ်မှာ အထင်ကြီးစရာ ဘာရှိလို့လဲ။ မော်တတ်ထားတဲ့ လောဂျစ်နည်းနဲ့ စဉ်းစားပြီး အကြောင်းပြချက် တစ်ခုတည်းတောင် မော် ပြနိုင်ရဲ့လား..ပြောစမ်း..”


“ပြနိုင်တယ်ရှင့်…ပြနိုင်တယ်။ ရှင်မသိဘူးလား။ သူ့မှာ ၀က်ဝံမွေး ဂျာကင်ကြီးရှိတယ်လေ။ သူနဲ့ဆိုရင် သိပ်…ကြည့်ကောင်းတာပဲသိလား..”


“ဟိုက်….”


စောရွှေဗိုလ် ခေတ်စမ်း ဘာသာပြန်ဆိုသည်။

No comments:

Post a Comment