ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 24 October 2010

အချစ်ဆိုတာ မှားတတ်သဗျာ (အပိုင်း-၂)

ကျွန်တော်က ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ကာ စာတစ်အုပ် ဖတ်ချင်ယောင်ဆောင်နေလိုက်၏။ သို့သော်…မျက်လုံးဒေါင့်တစ်ဖက်မှ စိုးသိမ်းပိုင်ကို အကဲခတ်နေ၏။ ဖိုးစိုးခမျာ…အသည်းကို ကျွဲခတ်သလို ခံစားနေရရှာချေပြီ။ ပထမ သူသည် ထမင်းဆိုင်ရှေ့တွင် ငတ်ငတ်နှင့် မျှော်နေသော ဘိန်းစားတစ်ယောက်၏ အမူအရာဖြင့် ၀က်ဝံမွေးဂျာကင်ကြီးကို လှမ်းကြည့်၏။ ထို့နောက် သူသည် ဆတ်ခနဲက ကိုယ်ရော မျက်နှာပါ တစ်ဖက်သို့လှည့်ကာ၊ အလျှော့မပေးတမ်း အံကိုခဲ၊ သွားကိုကြိတ်၏။ ထို့နောက် တစ်ဖန် သူသည် ဂျာကင်ကြိးကို လှည့်ကြည့်ပြန်၏။ ဤတစ်ကြိမ်တွင် သူ့မျက်နှာ၌ အာသာဆန္ဒပို၍ ပြင်းပြစွာပေါ်နေ၏။ ထိုမှတစ်ဖန် သူသည် မျက်နှာကိုလွှဲ၊ အံကိုခဲပြန်၏။ သို့သော် ခပ်ပျော့ပျော့ပင်ဖြစ်။ ယင်းသို့လျှင် သူ၏ဦးခေါင်းသည် ဂျာကင်ကြိးကို ကြည့်ချီတစ်လှည့်၊ မျက်နှာလွှဲချီတစ်ခါ ကြိမ်ဖန်များစွာ ချာချာလည်နေ၏။ သို့သော် လိုချင်စိတ် အသာက ပြင်း၍ပြင်း၍ လာဟန်တူ၏။ အလျှော့မပေးဟူသော ဆုံးဖြတ်ချက်က တဖြည်းဖြည်း ပျော့၍ပျော့၍ သွားဟန်တူ၏။ နောက်ဆုံးတွင် သူသည် ဟိုဟိုဒီဒီ မလှည့်နိုင်တော့ချေ။ ငုတ်တုတ်ထိုင်ကာ ဂျာကင်ကြီးကို အရူးအမူး ၀ါးစားတော့မလို ကြည့်နေလေတော့သည်။


ထို့နောက် စိုးသိမ်းပိုင်က တစ်ဦးတည်း ညည်းတွားသလိုပြော၏။


“တကယ်တော့လည်း ကိုယ်နဲ့မော်ဟာ ချစ်သူရည်းစားလည်းမဟုတ်ကြသေးပါဘူး။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရမနေနိုင်၊ မတွဲရမနေနိုင်ဆိုတဲ့ သဘောမျိုးလည်း မရောက်သေးပါဘူးကွာ”


“ ဒါ ဟုတ်တာပေါ့ သူငယ်ချင်း” ကျွန်တော်က အားပေးပါ၏။”


“ပြီးတော့ မော်ဟာ ကိုယ့်အတွက် ဘယ်လောက်များ အရေးကြီးလို့လဲ။ ကိုယ်ကလည်း မော့်အတွက် ဘယ်လောက်များ အရေးကြီးလို့လဲ”


“နည်းနည်းလေးမှ မကြီးပါဘူး”


ကျွန်တော်က ထောက်ခံလိုက်ပါ၏။


“အမှန်တော့ သွားရင်းဟန်လွဲပါကွာ၊ တွေ့တုန်းကြုံတုန်း စကားပြောလိုက်ကြ၊ ရယ်လိုက်ကြ၊ ပျော်လိုက်ကြ၊ ဒါပါပဲ…”


“အေး…မင်းဂျာကင်ကြိး ၀တ်ကြည့်စမ်းဟေ့”


ကျွန်တော်က တိုက်တွန်းရာ သူက သဘောတူ၏။ ၀က်ဝံမွေး ကော်လာကြီးမှာ သူ့နားရွက် အထက် ခေါင်းပေါ်အထိ ထောင်တက်နေသည်။ ဂျာကင်အောက်ပိုင်းမျာ ဒူးဆစ်ကိုပင်ဖုံးနေသည်။ ကိုယ်ထည်ကလည်း သူ့ထက် နှစ်ဆခန့်ပွနေသည်။ ကြည့်ရသညမှာ တောချုံထဲမှ ခါချဉ်အုံကိုက်၍ ပြေးထွက်လာသော ၀က်ဝံအိုကြီးနှင့်တူနေ၏။


“ကိုယ်နဲ့ အတော်ပဲကွ၊ သိလား။ တိုင်းချုပ်ထားသလိုပဲ” ဟု သူက ပြုံးဖြီးဖြီးနှင့် ပြောလိုက်သေး၏။


“စိန်ပြီလားဟေ့…သူငယ်ချင်း”ဟု ကျွန်တော်က သူ့ကိုမေးရင်း လက်ဝါးကိုဖြန့်ကာ ဆန့်တန်းပေးလိုက်၏။


သူက တံတွေးကို မျိုချလိုက်ပြီးမှ…


“စိန်ပြီဟေ့ သူငယ်ချင်း” ဟုဆိုကာ ကျွန်တော့လက်ကို ဆွဲယမ်းလျက် နှစ်ယောက်သား အရောင်းအ၀ယ် တည့်သွားကြ၏။


မိမိမော်ကို ထို့နေ့ညနေချမ်းမှာပင် ကျွန်တော် သွားရောက် ဆက်သွယ်လိုက်ပါသည်။ သို့သော ဤညနေချမ်းမှာ အစမ်းကွင်းဆင်းကြည့်သည့် သဘောမျှသာဖြစ်၏။ မော်၏ ဦးနှောက်ဉာဏ်ကို ကျွန်တော်လိုချင်သော အဆင့်ရောက်အောင် ပုံသွင်းပြုပြင်ရာ၌ ဘယ်ရွှေ့ဘယ်မျှ လုပ်အားစိုက်ထုတ်ရန် လိုအပမည်ကို ကျွန်တော် တွက်ချက် ကြည့်ရဦးမည်မဟုတ်လား။


သို့နှင့် ကျွန်တော်သည် မော့်ကိုခေါ်၍ ဟော်တယ်ကြီးတစ်ခု၌ ညစာစားကြ၏။


“အီအီး…ကိုရယ်၊ ဟင်းတွေကလည်း အယ်နေတာပဲ။ မော်ဆာဆာနဲ့ အရမ်းတီးထည့်လိုက်တာ” ဟု မော်ကဆို၏။


ထို့နောက် မော့်အား ရုပ်ရှင်မှ သူ့အိမ်သို့ ကျွန်တော်ပြန်ပို့၏။


“အီအီး…ကိုရယ်၊ မောင်လေ ကနေ့ညနေ သိပ်ပျော် အားကြီိးပျော်၊ အရမ်းပျော်တာ သိလားကို….။ ကျေးဇူးတင်တယ်ကို…တာ့တာ…ချီရီယို..” မော်က ထိုသို့နူတ်ဆက်၏။


ကျွန်တော်သည် စိတ်လေးလေးနှင့် ကျောင်းသို့ပြန်ခဲ့၏။ ကျွန်တော် အကြီးအကျယ် အတွက်မှားသွား ချေပြီ။ မော့်အား ပုံသွင်းပြုပြင်ရန်အလုပ်ကို ဤမျှ ခက်ခဲ လက်ဝင်လိမ့်မည်မဟုတ်ဟု ခန့်မှန်းခဲ့မိသည်။ မော်၏ ပညာဗဟုသုတမှာ ကြောက်စရာလန့်စရာ ခေါင်းပါးလှချေသည်။ ယခုအခြေအနေမှာ မော့်အား ရိုးရိုးပညာပေးရုံမျှဖြင့် ထူးခြားလာနိုင်မည်မထင်။ ရှေးဦးပထမ “စဉ်းစားတတ်အောင်” စတင် သင်ကြားဖို့ လိုနေသည်။ ဤလုပ်ငန်းစဉ်မှာ သေးငယ်သောတာဝန်တစ်ရပ် မဟုတ်ပါချေ။ အသေးစိတ် တွက်ချက်လေသည် ပို၍ပို၍ ကြီးမားလေ ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်သည် မော့်အား စိုးသိမ်းပိုင်ထံ ပြန်အပ်ရန်ပင် စိတ်ကူးမိသေးသည်။ သို့သော် ပြန်လှန်စဉ်းစားသည့်အခါ ကျွန်တော်သည် မော်၏ ကြွယ်ဝသော သယံဇာတ သဘာဝအလှများကို ပြန်မြင်မိသည်။ မော်လမ်းလျှောက်လျှင် ခါးရင်တင်ကလေးများ အလုပ်လုပ်ပုံ၊ ဇွန်းခရင်းကိုင်၍ စားသောက်သည့်အခါ လက်ချောင်းကလေးများ နူတ်ခမ်းကလေးများ လူပ်ရှားပုံ စသည်တိုပကို ပြေးမြင်မိသည်။


နောက်ဆုံးတွင် ကျွန်တော်သည် အကြိမ်ကြိမ်လေ့ကျင့်မူရှိထားသူပီပီ ဤပြဿနာကို စနစ်တကျရင်ဆိုင် လိုက်၏။ ကျွန်တော်က မော့အား လောဂျစ်သင်တန်းတစ်ရပ်ပေးရန် စတင်စီစဉ်၏။ ဥပဒေ ကျောင်းသားတစ်ဦးအနေဖြင့် ကျွန်တော်ကိုယ်တိုင် လောဂျစ် သင်ခန်းစာများ ယူနေရလေရာ အချက်အလက်များ ကြောင်ပုစွန်စား ကြွတ်ကြွတ်ဝါးသို့ ကောင်းစွာ ကြေညက်နေပေသည်။


ထို့ကြောင့် နောက်တစ်နေ့ မော်နှင့် ကျွန်တော်တွေ့ကြသောအခါ ကျွန်တော်က…


“မော်ရေ…ဒီနေ့ညနေချမ်း ကိုတို့ ကုန်းမြင့်သာယာသွားပြီး စကားပြောကြမယ်၊ လိုက်ခဲ့နော် မော်”


“အူးအူး…အားကြီးလိုက်တာပေါ့ ကို…”


ကျွန်တော် မော့်အာမေဋိတ်သံများကြောင့် စိတ်ပျက်သွား၏။


သို့သော် ဒီကောင်မလေးတွင် ချစ်စရာကောင်းတာ တစ်ခုကိုတော့ ကျွန်တော် ၀န်ခံပေမည်။ အခြားမဟုတ်။ မော်သည် ကျွန်တော့်ကို အလွန်အလိုလိုက်သည်။ သူ့လို သဘောကောင်းသူကလေးကို ကျွန်တော် ခေါက်ဆွဲထုပ်နှင့် လိုက်ရှာတောင် ခေါက်ဆွဲသာလျှင် သိုးမည်။ တွေ့ဖို့မလွယ်။


ကျွန်တော်တို့ ကုန်းမြင့်သာယာကို ရောက်သွား၏။ ဤကား တက္ကသိုလ်ချစ်သူများ၏ ချစ်ကွန်းခိုရာဖြစ်၏။ စိတ်ပန်းပင်နီနီကြီးအောက်တွင် ကျွန်တော်တို့ထိုင်သည်။ မော်က ကျွန်တော့်အား မျှော်လင့်ခြင်းကြီးစွာ မော့ကြည့်သည်။ ထို့နောက် …


“ကဲ…ကို၊ မော်တို့ ဘာပြောကြမလဲ”


“လောဂျစ်”


မော်က တစ်မိနစ်ခန့် ကျွန်တော့်အဖြေကို သုံးသပ်နေသည်။


ထို့နောက် လက်ခံရန် ဆုံးဖြတ်လိုက်သည်။


“အားကြီးကောင်းတယ်…ကို”


ကျွန်တော်က လည်ချောင်းကို တစ်ချက်ရှင်းပြီး စကားစ၏။


“လောဂျစ်ဆိုတာ သိပ္ပံနည်းကျ အတွေးအခေါ်ပညာပဲ မော်။ သိပ္ပံနည်းကျကျ တွေးတယ် စဉ်းစားတယ်။ ဒါဟာ လောဂျစ်ပဲ။ ဒါပေမဲ့ ကိုတို့၊ မော်တို့ နည်းမှန်လမ်းမှန် မတွေးတတ် မစဉ်းစားတတ် မသေခင်မှာ ပထမအဆင့်အနေနဲ့ လောဂျစ်ပညာမှာပါဝင်တဲ့ မမှားသင့်ဘဲ မှားတတ်တဲ့အမှားကလေးတွေကို လေ့လာမှတ်သားထားဖို့ လိုတယ်။ ဒီအချက်းကလေးတွေကို သိထားရင် မှန်အောင် စဉ်းစားတတ်လာမယ်။ ဒါ ကနေ့ညနေ ကိုတို့ဆွေးနွေးမယ့် သင်ခန်းစာပဲ”


“ဟိုက်…ရှားပါး”


မောက အားပါးတရအော်၍ လက်ခုပ်တီးကာ သြဘာပေး၏။


ကျွန်တော်မှာ မျက်နှာမဲ့သွားမိ၏။ သိုပသော် ရဲဝံ့စွာ ရှေ့သို့တိုး၍ ပြော၏။


“ပထမဆုံး ကိုနဲ့ မော် စိစစ်ကြည့်ကြမယ့် အမှားအမျိုးအစားကတော့ မျက်မှန်စိမ်းနဲ့ မြက်ခြောက်နည်း လို့ခေါ်တယ် မော်”


“ကဲ…ကြည့်ရအောင်…ကြည့်ရအောင်…ကို”


မော်က မျက်တောင်ကော့ကော့များကို တဖျပ်ဖျပ်ခပ်ရင်း တိုက်တွန်းနေ၏။


“မျက်မှန်စိမ်းနဲ့ မြက်ခြောက်နည်းလို့ ခေါ်တာကတော့ တင်ပြတဲ့ အကြောင်းပြချက်ဟာ ခြွင်းချက်မထား ဘဲ အားလုံးကို ခြုံကြည့်ပြီး ပြောတဲ့အခါ မြက်ခြောက်တွေကို မျက်မှန်စိမ်းတပ်ကြည့်တော့ အားလုံး အစိမ်းချည်း ဖြစ်သွားသလို မမှားသင့်ဘဲ အမှားဖြစ်သွားတာပေါ့ကွယ်။ မော် နားရှင်းအောင် ကို ဥပမာတစ်ခုပေးမယ်။ လေ့ကျင့်ခန်း လုပ်တာဟာ ကောင်းတယ်။ ဒါကြောင့်မို့ လူတိုင်းလူတိုင်း လေ့ကျင့်ခန်း လုပ်သင်တယ်ဆိုပါတော့”


ဤတွင် မော်က စိတ်ပါလက်ပါ ၀င်၍…


“ဒါ မော် သဘောတူတယ် ကို။ မော်ဆိုလိုတာက လေ့ကျင့်ခန်းဆိုတာ သိပ်ကောင်းတာမဟုတ်လား။ အဲလေ…မော်ပြောချင်တာက ခါးသေးအောင်လုပ်တဲ့နည်း၊ ဘော်ဒီလှအောင်လုပ်တဲ့နည်း၊ ဒါတွေဟာ အားကြီးကောင်းတာ မဟုတ်လား”


ကျွန်တော်က စိတ်ရှည်ရှည်နှင့် ဆွဲဆောင်ပြောရ၏။


“ဒီမယ် မော်။ အခု အကြောင်းပြချက်ဟာ မှားနေတယ်ကွဲ့။ ဒါဟာ မမှားသင့်ဘဲ မှားတဲ့အမှားတစ်ခုပဲ။ “လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်” ဆိုတာဟာ ခြွင်းချက်မရှိ ခြုံပြောတာ ဖြစ်နေတယ်။ မျက်မှန်စိမ်း တပ်ကြည့်ပြီး အားလုံး အစိမ်းလို့ပြောတာ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မော့်မှာ နှလုံးရော၈ါ ရှိနေရင် လေ့ကျင့်ခန်းလုပ်တာ ဘယ်ကောင်းမလဲ။ သိပ်ဆိုးတာပေါ့။ လူနာတွေကိုဆိုရင် ဆရာဝန်က မလူပ်နဲ့၊ မရှားနဲ့။ ငြိမ်ငြိမ်နေ၊ အဲဒီလိုပြောတယ် မဟုတ်လား။


ဒါကြောင့် ဒီအကြောင်းပြချက်ကို ခြွင်းချက်ထားပြီးပြောမှ မှန်လိမ့်မယ်။ မော်ပြောရမျာက လေ့ကျင့်ခန်းလုပ်တာဟာ “အများအားဖြင့်” ကောင်းတယ်။ သို့မဟုတ် လေ့ကျင့်ခန်းလုပ်တာဟာ လူအများအတွက် ကောင်းတယ်။ အဲဒီလိုဆိုရမယ်။ ဒီလိုမဆိုရင် မျက်မှန်စိမ်းနဲက မြက်ခြောက်လို မှားသွားလိမ့်မယ်။ ကဲ…မော် ရှင်းရဲ့လား”


“မရှင်းဘူး”


မော်က မရှင်းသေးကြောင်း ခပ်ရှင်းရှင်းပင် ပြန်ပြော၏။”


“ဒါပေမဲ့ ဒီလောဂျစ် သိပ်ကောင်းတာပဲကိုး။ မော် သိပ်စိတ်ဝင်စားတာပဲ။ ပြောဦး…ကို…ပြောဦး၊ ဟင့်…ပြောဦးလို့..”


“ကို့အင်္ကျီကို ဒီလိုတုတ်တုတ်ပြီး မဆွဲပါနဲကနော်…မော်၊ ကို…ပြောမှာပေါ့”


မော်က အင်္ကျီကိုလွှတ်လိုက်သောအခါ ကျွန်တော်က ဆက်၍…


“နောက်တစ်ခု မှားတတ်တဲ့အမှားကတော့ “အလောသုံးဆယ်” အမှားလို့ခေါ်တယ် မော်။ နှစ်ဆယ့်ရာစုနှစ် လောဂျစ်ပညာရှင်တွေကတော့ ဒီအမှားကို “ထန်းတက်ဆာဗေးအမှားလို့လည်း ခေါ်ကြသေးတယ်။ ကောင်းကောင်းနားထောင်၊ ကိုပြောမယ်။ ဟောဒီတက္ကသိုလ်ရွာလေးမှာ မော်က မြေပဲစိုက်တယ်။ ဒါကို စာရင်းဇယားချုပ်လိုက်တဲ့အခါ တက္ကသိုလ်တစ်ရွာလုံး မြေပဲစိုက်ကြတယ် ဆိုပါတော့”


“ဟင်..တစ်ကယ်ပဲလားကို၊ ဒီလိုဆို မြေပဲလှော်တွေ အများကြီး စားရမှာပေါ့နော် ကို”


အံ့အားသင့်သလို မျက်လုံးဝိုင်းနေသော မော့်ကိုကြည့်ပြီး ကျွန်တော် စိတ်ပျက်သွား၏။ သို့သော် အတွင်းစိတ်ကို ကျွန်တော် ဖုံးဖိထားလိုက်နိုင်၏။


“ဒီမယ် မော်၊ ဒါဟာ အမှားတစ်ခုပဲ။ ထန်းပင်ပေါ်က တက်ကြည့်ပြီး မြေပဲစိုက်တဲ့ မြေတစ်ကွက်နှစ်ကွက် မြင်တာနဲက အားလုံးတစ်ရွာလုံးစိုက်သလို စာရင်းချုပ်လိုက်တာဟာ အလောသုံးဆယ်လုပ်ရာကျတာ ပေါ့။ သက်သေခံအကြောင်းတစ်ခုနှစ်ခုတည်းနဲ့ နိဂုံးဆွဲလို့မရဘူး မော်ရဲ့”


“ဒီ့ပြင် လောဂျစ်အမှားရှိသေးလား ကို။ သိပ် ပျော်စရာကောင်းတာပဲနော်။ တွစ်…ကရတာထက်တောင် ပျော်သေး”


မော်က အသက်များပင် မရူနိုင်…။


စိတ်ပျက်ခြင်းဒီရေလိုင်းကို ကျွန်တော့်မှာ အတော်ကြိုးပမ်း တွန်းလှန်နေရချေပြီ။ ဤကလေးမအား သင်တန်းပေးရသည်မှာ နည်းနည်းကလေးမှ ခရီးမပေါက်ပါတကား။ သို့သော် ကျွန်တော်သည် ဇနက မင်းသားထုံး နှလုံးမူ၍ လုံ့လကိုမလျှော့…


“နောက်အမှားတစ်ခုက စမ္ပာနဂိုရ် နွားမပေါင်ကျိုးနည်းလို့ ခေါ်ကြတယ်။ ဒီမှာ နားထောင်စမ်းမော်။ တို့တစ်တွေ ပျော်ပွဲစားထွက်ရင် ခင်မောင်ဇော်ကို မခေါ်ဘူး။ သူ့ကိုခေါ်တဲ့အခါတိုင်း တို့တစ်တွေ မိုးမိတာချည်းပဲဆိုပါတော့”


ဤတွင် မော်က ၀င်၍


“ဟုတ်တယ်ကို၊ အဲဒါ မော် တွေ့ဖူးတယ်။ မော်တို့ ဟိုက်စကူးမှာတုန်းက သီတာမိုးဆိုတဲ့ ကောင်မလေးပေါ့။ သူ့ကိုမော်တို့ ခရီးထွက်လို့ခေါ်တိုင်း မိုးရွာတာပဲ။ သူ့နာမည် သီတာကိုတောင် မော်တို့က သီတာမိုးလို့ ပြောင်းလိုက်ကြတယ်။ သိလားကို…”


ကျွန်တော်က မော့်အား အသံမာမာဖြင့်…


“ဒါ မော်တို့မှားတယ်။ ဒါဟာ လောဂျစ်အမှားတစ်ခုပဲ။ သီတာကြောင့် မိုးရွာတာမဟုတ်ဘူး။ သီတာဟာ မိုးကိုမခေါ်နိုင်ဘူး။ သီတာနဲ့ မိုးနဲ့ ဘာမှမဆိုင်ဘူး။ ညောင်ဦးကမ်းပါးပြိုတာနဲက စမ္ပာနာဂိုရ်က နွားမပေါင်ကျိုးတာဟာ ဘာမှမဆိုင်ဘူး။ ဒီတော့ သီတာကို မောတို့က အပြစ်တင်ရင် မော်တို့မှားတာပဲ”


“နောက် မလုပ်တော့ပါဘူး ကိုရယ်၊ မော့်ကို ခွင့်လွှတ်နော်၊ မော့်ကို စိတ်ဆိုးနေတလား ဟင်…ဟင်…”


မော်က ငိုတော့မလို တောင်းပန်ဝန်ချနေပြန်၏။


ကျွန်တော်က သက်ပြင်းချလိုက်၏။


“ဆိုပါဘူးမော်၊ ကို စိတ်မဆိုးပါဘူး”


“ကောင်းပြီ…မော်၊ ဒီတစ်ခါ ကိုယ့်ရူးကိုယ်ပတ် အမှားကို စမ်းကြည့်မယ်”


“စမ်းကြည့်ကို…စမ်းသာစမ်း”


မော်က ကြက်တူရွေးလိုပြောပြီး မျက်စိကလေး ပေကလပ်နှင့် ပြုံးနေ၏။


ကျွန်တော်က မျက်မှောင်ကုတ်ကြည့်လိုက်၏။ သို့သော် ရှေ့သို့ဆက်၍…


“ကိုယ့်ရူးကိုယ်ပတ် အမှားဆိုတာ ဟောဒါပဲ။ သိကြားမင်းကြီးက ဘာမဆို သူလုပ်နိုငတယ်။ ဒီလိုဆိုရင် သိကြားမင်းကြီးဟာ သူ မချီနိုင်လောက်အောင်လေးတဲ့ ကျောက်တုံးတစ်တုံးကို ဖန်ဆင်းနိုင်ပါ့မလား”


မော်က ချက်ချင်းအဖြေပေးလိုက်သည်မှာ …


“ဖန်ဆင်းနိုင်တာပေါ့”


“ဒါပေမဲ့ သိကြားမင်းဟာ ဘာမဆို လုပ်နိုင်တာပဲ။ ကျောက်တုံးကြီးကိုလည်း သူချီနိုင်မှာပေါ့နော် မော်”


ကျွန်တော်က ဤသို့ထောက်ပြလိုက်ရာ မော်က စဉ်းစား၍…


“အီးအား…ဒီလိုဆိုရင် ဒီလောက်လေးတဲ့ ကျောက်တုံးကြီးကို သူ ဘယ်မှာဖန်ဆင်းနိုင်ပါ့မလဲ”


“ဒါပေမဲ့ သိကြားမင်းက ဘာမဆို လုပ်နိုင်တာပဲ” ဟု ကျွန်တော်က ပြန်သတိပေးရပြန်၏။


မော်သည် အပြင်မှာ လှသလောက် အထဲမှာ ဘာမှမရှိသော သူ့ခေါင်းကလေးကို ကုတ်နေ၏။ ထို့နောက်…


“မော်တော့် ရူပ်သွားပြီ၊ လက်မြှောက်လိုက်ပြီ”


“ဒါပေါ့ မော်၊ မော် ခေါင်းရူပ်သွားမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အကြောင်းပြချက် တစ်ခုတည်းမှာပါဝင်တဲ့ အချက်အလက်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေရင် ဒီအကြောင်းပြချက် ဟာ မရှိနိုင် မဖြစ်နိုင်ဘူး။ လောကကြီးမျာ တော်လှန်လို့မရတဲ့ အင်အားတစ်ရပ်ရှိတယ်ဆိုရင် မရွေ့မရှားနိုင်တဲ့ ပစ္စည်းဆိုတာလည်း မရှိနိုင်ဘူး။ လောကကြီးမှာ မရွေ့မရှားနိုင်တဲ့ ပစ္စည်းတစ်ခုရှိတယ် ဆိုရင် တော်လှန်လို့မရတဲ့ အင်အားဆိုတာလည်း မရှိနိုင်ဘူးပေါ့။ ဟုတ်လား…မော်”


“တော်တော် နက်ရိုင်းတာပဲနော် ကို၊ ထပ်ပြီး ပြောပါဦး၊ ပြောပါဦး”


ကျွန်တော် နာရီကို ကြည့်၏။


“ကနေ့ညတော့ ဒါလောက်နဲ့ပဲ တော်ပြီ မော်။ အခု မော့ကို ကျေင်းပြန်ပို့မယ်။ ကျောင်းရောက်တော့ မော် အခုသင်ရတာတွေကို အားလုံးပြန်ပြီး နွှေးပါ။ နက်ဖြန် ညမှာ ကိုတို့ သင်ခန်းစာ တစ်ချိန်ယူမယ်..ဟုတ်လား”


မော်အား မိန်းကလေးများအဆောင်တွင် ချထားခဲ့ရာ၌ မော်က ယနေ့ည သူ သိပ်ပျော်… အားကြီးပျော်… အရမ်းပျော်ကြောင်း ထပ်လောင်း၍ ကျွန်တော့အား ပြောသေး၏။ ကျွန်တော်လည်း ကျွန်တော့်အခန်းသို့ နှလုံးနောက်ကျိစွာ ပြန်လာခဲ့၏။


စိုးပိုင်သိမ်းမှာ သူ့ခုတင်ပေါ်တွင် တရူးရူးဟောက်လျက် အိပ်ပျော်နေသည်။ ၀က်ဝံမွေးဂျာကင်ကြီးမှာ သူ့ခြေရင်းတွင် ပုံနေသည်။ တကယ့် ၀က်ဝံကြီးတစ်ကောင် ထိုင်နေသလိုထင်ရသည်။ ခဏတော့ ကျွန်တော် ရပ်၍စဉ်းစားမိသေး။ သူ့ကောင်မလေးကို သူ့ ပြန်ပေးရလျှင် ကောင်းလေမလား။ ကျွန်တော် သူ့ကိုနိုး၍ ပြောလိုက်ချင်ဒ။ ကျွန်တော်၏ အချစ်စီမံကိန်းမှာ အပျက်ကြီးပျက်ဖို့ သေချာသလောက် ဖြစ်နေပြီ။ မိမိမော်၏ ဦးနှောက်တွင် လောဂျစ်မ၀င်နိုင်သော အကာအကွယ် အတားအဆိးများ ရှိနေလေသည်။


သို့သော် ကျွန်တော် ပြန်လည်စဉ်းစား၏။ ကျွန်တော် ယနေ့တစ်ည အချည်းအနှီး ကြိုးပမ်းခဲ့ရပြီး၊ နောက်တစ်ညဆက်၍ ကြိုးပမ်းရင်တော့ ကြီးကြီးကျယ်ကျယ် ဘာပင်ပန်းစရာရှိလို့လဲ။ တကယ်တော့ ဘယ်သူသိနိုင်မလဲ။ မော်၏ အသိဉာဏ်တည်းဟူသော မီးငြိမ်းတောင် အ၀တွင် လူမသိသူမသိ ပြာဖုံး နေသည့် မီးခဲအချို့ ရှိကောင်း ရှိနိုင်သည်။ ထိုမီးခဲကလေးများကို ကျွန်တော် ဖော်၍ ယပ်ခတ်နိုးဆွပေ့း် မီးတောက်ထလာအောင် လုပ်ကောင်းလုပ်နိုင်လိမ့်ဦးမည်။ အကယ်ဝန်ခံရလျှင် မျှော်လင့်ချက်သိပ်မရှိ သည်မှာ မှန်၏။ သို့သော် နောက်တစ်ကြိမ် မော့်ကို အခွင့်အရေးပေးကြည့်ချင်သေးသည်။


သို့ဖြင့် နောက်ည စိတ်ပန်းပင်ကြီးအောက်တွင် ထိုင်မိကြသောအခါ ကျွန်တော်က…


“ကနေ့ည ကိုတို့ ပတမဆုံး လေ့လာမယ့် လောဂျစ်အမှားကတော့ သောကပရိဒေ၀ မျက်ရည်ခံနည်း”


စောရွှေဗိုလ် ခေတ်စမ်း ဘာသာပြန်ဆိုသည်။

No comments:

Post a Comment