မြန်မာအမည် - သင်္ဘောမဲဇလီ
ရုက္ခဗေဒအမည် - ကတ်စီယာအလာတာ
ကျေးလက်တောရွာနှင့် မြို့ဆင်ခြေဖုံး လမ်းဘေးများ၊ တောရိုင်း ဖုန်းဆိုးမြေများတွင် အလေ့ကျ ပေါက်လေ့ရှိသော အပင်မျိုး ဖြစ်သည်။ ယင်းကို မဲဇလီကြီး ဟူ၍ လည်းကောင်း၊ မဲဇလီခါး ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်။
သင်္ဘောမဲဇလီပင်သည် အပူပိုင်းဇုန်ဒေသ၌ ပေါက်ရောက်သော အပင်မျိုး ဖြစ်ပြီးလျှင် ရှင်သန်လွယ်သဖြင့် ထိုဒေသများ၌ အများအပြားတွေ့ရှိနိုင်သည်။ နှစ်ကြာခံအပင်မျိုးဟု ဆိုရသော်လည်း အပင်သက်တမ်းတိုသော အပင်မျိုးဖြစ်သည်။ သို့သော် တစ်ခါပေါက်မိလျှင် ထိုဒေသ၌ အစေ့များကျပြီး မျိုးမပြတ်အောင် ပေါက်ရောက်လေ့ရှိသည်။ ပင်ငယ်ခြုံပင်မျိုး ဖြစ်၍ ၅-ပေမှ ၆-ပေကျော် အထိ မြင့်သည်။ အရွက်များသည် ထိပ်ရွက်မြွှာမပါသော (ငှက်မွှေး ရွက်လွှာစုံ) ရွက်ပေါင်း ဖြစ်သည်။ ရွက်လက်များသည် တစ်ပေကျော်ခန့် ရှည်၍ ဆိုင်လျက်ထွက်သော ရွက်မြွှာများသည် ၄-လက်မမှ ၅-လက်မခန့်အထိ အရှည်ရှိပြီးလျှင် အရင်းအဖျားတိုင်းသည် ရွက်မြွှားများတွင် ကြောများထင်ရှား၍ ရွက်ကြောပြိုင်ဖြစ်သည်။ ရွက်လတ်ရိုးတံနှင့် ရွက်လွှာ၊ ရွက်ညှာတို့သည် နီဝါ၀ါ အရောင်မျိုး ဖြစ်သည်။
စက်တင်ဘာလဆန်းမှစ၍ အဖူးတံ၊ အပွင့်တံများ ထွက်စပြုသည်။ အပွင့်တံများသည် အကိုင်းများ၏ အဖျား၌ ထောင်၍ ထွက်ကြသည်။ တောက်ပသော အ၀ါရောင် သို့မဟုတ် လိမ္မောရောင် တစ်ပင်တိုင် ပန်းခိုင်မျိုးဖြစ်၍ ၆-လက်မခန့် ရှည်သည်။ အပွင့်များ၌ ပွင့်ညှာမရှိဘဲ ပွင့်တံ၏ ပတ်လည်တစ်လျှောက် ကပ်၍ ပွင့်ကြရာ အရင်းပိုင်းမှ အပွင့်တို့သည် အပွင့်နုများနှင့် အဖူးများ ဖြစ်ကြသည်။ သင်္ဘောမဲဇလီသီးသည် အသီးတောင့် ဖြစ်သည်။
မြန်မာ့ဆေးကျမ်းများ အလိုအရ မဲဇလီခါး သို့မဟုတ် သင်္ဘောမဲဇလီရွက်သည် ခါး၏၊ ဆီးရွှင်စေ၏။ ချေနာကို ငြိမ်းစေတတ်၏။ ပွေးကို သက်သစေ၏၊ လေကို ပျက်စေ၏ ဟုဆိုသည်။ ထို့အပြင် အရေပြား ရောဂါများ အတွက်လည်း ဆေးဖက်ဝင်သည်။ ပွေးပေါက်ပါက အရွက်ရင့်များဖြင့် ပွက်တိုက်ပေးပါက ပျောက်ကင်းနိုင်သည်။ ထို့အပြင် ၀မ်းချုပ်လျှင် အရွက်နုများကိုလည်းကောင်း အဖူးအပွင့်များကို လည်းကောင်း ပြုတ်၍ တို့စရာအဖြစ် စားသုံးကြသည်။ ဟင်းချို၊ ဟင်းခါး ချက်၍လည်း စားသုံးနိုင်သည်။ သုတ်၍လည်း စားကြသည်။ အရွက်နုများကို နေလှန်း၍ လက်ဖက်ခြောက်အကြမ်း ကဲ့သို့လည်း သုံးစွဲကြသည်။ အဖူးအပွင့်များ အခြောက်လှန်းပြီးသော် အမူန်ထောင်း၍ ၀မ်းနူတ်ဆေးတစ်လက် ကဲ့သို့လည်း သုံးကြသည်။
အိန္ဒိယ ဆေးကျမ်းများ အလိုအရမူ အရွက်နုနှင့် အပွင့်ပြုတ်ရည်သည် ရေယုန်နာနှင့် အခြားသော အရေပြားရောဂါများအတွက် လည်းကေင်း ကာလသားရောဂါနှင့် စပ်လျဉ်း၍ အနာရောဂါများအတွက် လည်းကောင်း၊ အဆိပ်ရှိသော ပိုးမွှားများ ကိုက်လျှင်သော်လည်းကောင်း အသုံးပြုနိုင်သော ဆေးတစ်လက်ဟု ဆိုပါသည်။ အားတိုးဆေးရည် အဆီမျိုး အဖြစ်လည်း စားသုံးနိုင်သည်။ ထို့ပြင် ၀မ်းနူတ်ဆေး၊ သလိပ်ရွှင်ဆေး၊ သန်ချဆေးနှင့် ချုပ်ဆေးအဖြစ်လည်း သုံစွဲနိုင်သည်။ အရွက်စိမ်း လတ်လတ် ဆပ်ဆပ်များကို အရည်ညှစ်ယူ၍ သံပုရာရည်နှင့် ရောတိုက်လျှင် ကလေးများအတွက် သံချဆေးတစ်လက် ဖြစ်သည်။ အစေ့များသည်လည်း အရေပြား ရောဂါအတွက် ဆေးဖက်ဝင်သည်ဟု ဆိုသည်။

Saturday, 30 October 2010
သင်္ဘောမဲဇလီ
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment