ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 11 December 2012

တံကျင် လျှိုခံရသော သူခိုး

အရှင်မဟာကဿပ၏ တပည့် ရဟန်းတစ်ပါးအား ဈာန်တရားကို အားထုတ်စေရာ စတုတ္ထဈာန်ကို ရလေသည်။ တစ်နေ့သောအခါ ဆွမ်းခံသွားရာ ၎င်း၏ ဦးရီးတော်သူ ရွှေပန်းတိမ်အိမ်၌ အမျိုးသမီးတစ်ယောက်အား တပ်မက်သော စိတ်ကြောင့် ဈာန်ပျက်ပြားလျက် လူထွက်ပြီးလျှင် ၎င်းအိမ်၌ နေလေသည်။ သူသည် အလုပ်အကိုင် မလုပ်လိုဘဲ ပျင်းရိမူကြောင့် နေအိမ်မှ နှင်ထုတ်ရာတွင် ခိုကိုးရာမဲ့လျက် မကောင်းသော သူတို့နှင့် ပေါင်းမိလေရကား... ခိုးသူ ဖြစ်လျက် အသက်မွေးလေသည်။


တစ်နေ့တွင် မင်း၏ အာဏာသားတို့က ဖမ်းမိ၍ မင်းထံပြသောအခါ ခိုးသူအား သုသာန်သို့ ထုတ်၍ သတ်ရန် အမိန့်ချသောကြောင့် လက်ပြန်ကြိုးတုပ်၍ ဆွဲလာကြပြီးလျှင် လမ်းလေးခွသို့ ရောက်တိုင်း ကြိမ်ဖြင့် ရိုက်ကြလေသည်။ ထိုအချိန်တွင် အရှင်မဟာကဿပ မထေရ်ကြီးလည်း ဆွမ်းခံဝင်ရာမှ မြို့တံခါးမှ သုသာန်သို့ ထုတ်ယူလာသော ခိုးသူကို မြင်၍ မှတ်မိလေရကား...

“ယထာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးအခါက။ ပရိစိတကမ္မဋ္ဌာနံ၊ လေ့ကျင့်လာခဲ့သော ကမ္မဋ္ဌာန်းကို။ ပုန၊ တစ်ဖန်။ အာဝဇ္ဇေဟိ၊ နှလုံးသွင်းဆင်ခြင်လော့”

ဟု သတိပေးသောအခါ သတိရသဖြင့် လမ်းတွင်အားထုတ်လေရာ...

“စတုတ္ထဈာနံ နိဗ္ဗတ္တေသိ”

“စတုတ္ထဈာန်ကို ရလေသည်”

ထိုဈာန်ကို ရပြီးနောက် သုသာန်တွင် တံကျင်လျှို၊ လက်ဝါးကပ်စင်တင်သော်လည်း သူသည် မကြောက်မလန့်၊ မနာမကျင်သဖြင့် အရပ်ရပ်မှ လာကြည့်သူအပေါင်း အံ့သြကြရလေသည်။ လက်နက် အမျိုးမျိုးဖြင့် ထိုးခုတ်ကြသော်လည်း မထိခိုက်သောကြောင့် ဘုရင့်ထံ ပြန်၍ ပြကြရာတွင် ဘုရင်လည်း ဘုရားထံ ခေါ်သွား၍ အကျိုးအကြောင်း လျှောက်ပြသောအခါ မြတ်စွာဘုရားက...

“ယောနိဗ္ဗနထော ၀နာဓိမုတ္တော”

အစရှိသော ဒေသနာတော်ကို ဟောသည်။ 

ခိုးသူလည်း...

“ဥဒယဗ္ဗယံ ပဌပေတွာ တိလက္ခဏံ အာရောပေတွာ သင်္ခါရေ သမ္မသန္တော သောတာပတ္တိ ဖလံပတွာ”

(ဓမ္မပဒ ဋ္ဌကထာ - ၃၃၆)။


“ဥဒယဗ္ဗယံ၊ ရုပ်နာမ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို။ ပဋ္ဌပေတွာ၊ ဆောက်တည်၍။ တိလက္ခဏံ၊ မမြဲဆင်းရဲ, ငါမဟုတ်သော လက္ခဏာသုံးပါးကို။ အာရောပေတွာ၊ တင်၍။ သင်္ခါရေ၊ ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့ကို။ သမ္မသန္တော၊ ကောင်းစွာရူမှတ်သည်ဖြစ်၍။ သောတပတ္တိဖလံ၊ သောတာပန် အဖြစ်သို့။ ပတွာ၊ ရောက်၍”

ဤခိုးသူမှာ ထိုဈာန်သာမရပါက ထောက်ရာတည်ရာ မရှိဘဲ သေမည်မုချပင်၊ ထိုဈာန်ကို ပြန်ရလေသောကြောင့် ဆင်းရဲကိုခွာနိုင်သော စတုတ္ထဈာန်ကြောင့် တံကျင်လျှိုထားသည် ကိုလည်း မသိ၊ ထိုးခုတ်မူကိုလည်း မထိမရှိသဖြင့် သူမနာ၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်း မရှိသဖြင့် မသေရသည့်အပြင် ဘုရားထံတွင် တရားနာရ, တရားအားထုတ်ရသဖြင့် သောတာပန် ဖြစ်ပြီးနောက် ရဟန္တာပင် ဖြစ်သွားလေရကား ဈာန်ခံစားရမူဝေဒနာ၏ သာယာဖွယ်ကား ဤသို့ပင်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။












No comments:

Post a Comment