ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 12 December 2012

ဈာန်အဘိညာဏ် ရဖူးသူ

ရဟန်း သုံးကျိပ်တို့သည် ကလျာဏီ မဟာစေတီကို ရှိခိုးပူဇော်ပြီး၍ တောလမ်းခရီးဖြင့် ပြန်လာကြသော အခါ ခရီးအကြားတွင် ကိုင်းလုပ်ရန် တောရှင်း၍ မီးရို့ကာ လာနေသော လူတစ်ယောက်ကို မြင်ကြရာ ထိုသူမှာ မီးလောင်ထားသော သစ်တုံးတစ်ခုကို ထမ်းလျက် ဆံပင်စုတ်ဖွား၊ ကိုယ်လက်တို့တွင်လည်း အိုးမဲတွေ ပေကျံ၍ ကြည့်မကောင်းအောင် ရှိနေသဖြင့် ရဟန်းငယ်များသည် တစ်ပါးက တစ်ပါးကိုကြည့်ကာ “ဟိုမှာ - ကိုရင့်ဘကြီး၊ ကိုယ်တော့် ဦးလေး” စသည်ဖြင့် လှောင်ပြောင် သရော်ကြလေသည်။


အနီးအနားရောက်သောအခါ “ဒကာကြီး - သင့်နာမည် ဘယ်လိုခေါ်သလဲ”ဟု မေးကြလေသည်။ ထိုသို့ နာမည်မေးလိုက်သောအခါ ထိုသူသည် စိတ်ထိခိုက်ကာ နှလုံးမသာမယာဖြင့် ထမ်းလာသော တုံးကြီးကို ပစ်ချလိုက်ပြီးလျှင် ဖရိုဖရဲဝတ်ပြီး ခါးတောင်းကျိုက်လာသော ပုဆိုးစုတ်ကို ကောင်းမွန်စွာ ပြင်ဝတ်ပြီး မထေရ်ကြီးတို့ကို ရိုသေစွာ ရှိခိုး၍ “အရှင်ဘုရားများ - ခေတ္တဆိုင်းပါ”ဟု လျှောက်ပြီးလျှင် မထေရ်တို့ ရပ်နေစဉ်၌ပင် ရဟန်းငယ်တို့က လှောင်ပြောင်မြဲ လှောင်ပြောင်ကြလေသေးသည်။ ထိုအခါတွင် ထိုသူက “အရှင်ဘုရားများ - အရှင်တို့သည် တပည့်တော်၏ ဤအခြေအနေကိုသာ ကြည့်၍ ပြောင်လှောင်ရယ်မောကြသည်၊ တပည့်တော်ကို ဤမျှသာဟု အမှန်မပြုကြပါနှင့်၊ တပည့်တော်သည် လွန်ခဲ့သော တစ်ချိန်က အရှင်တို့လို ရဟန်းဖြစ်ခဲ့ဖူးသူပါ၊ အရှင်ဘုရားတို့မှာ စိတ်ငြိမ်သက်မူမျှပင် မရှိပါ။

တပည့်တော်မှာ သာသနာတွင် အလွန်တန်ခိုးကြီးခဲ့ပါသည်၊ အာနုဘော်ကြီးခဲ့ ပါသည်၊ ကောင်းကင်ကို မြေကြီးပြု၍ မြေကြီးကိုလည်း ကောင်းကင် ဖြစ်အောင် ပြုနိုင်ခဲ့ပါသည်။ အဝေးကို အနီးဖြစ်အောင်၊ အနီးကိုလည်း အဝေးဖြစ်အောင် ပြုစွမ်းနိုင်ခဲ့ပါသည်။ စကြ၀ဠာ တစ်ထောင်ကို ခဏချင်းဖြင့် ထွင်းဖောက် သွားရောက်နိုင်ခဲ့ပါသည်။ တပည့်တော်၏ လက်တို့ကို ကြည့်ပါ။ ယခုအခါ ပေကျံကွဲနေ၍ မျောက်လက်နှင့်ပင် တူနေပါသည်။ ဤလက်တို့ဖြင့် တစ်ချိန်က ဤလိုနေရာမှာထိုင်လျက် လ၊ နေတို့ကို သုံးသပ်ကိုင်တွယ်ခဲ့ပါသည်။ တပည့်တော်၏ ဤခြေတို့ဖြင့် လ၊ နေတို့ကို ခြေပွတ်အိုးခြမ်းအဖြစ် အသုံးပြုခဲ့ပါသည်။

ယင်းသို့ တန်ခိုးအမျိုးမျိုး၊ ဣဒ္ဓိပါဒ်အဖုံးဖုံတို့နှင့် ပြည့်စုံခဲ့သော တပည့်တော်မှာ ထိုဈာန်အဘိညာဏ်တို့ကို အားကိုသမူပြု၍ မပြိုမကွဲ ခိုင်မြဲသော တရားကို အမှတ်မှားကာ မေ့လျော့မူကြောင့် ထိုဈာန် အဘိညာဏ်တို့ ကွယ်ပျောက်ကာ အားကိုးရာမဲ့ ယခုဘ၀ ဤအခြေအနေကိုသာ ရူတော်မူကြပါ။

တုမှေမာ ပမဇ္ဇိတ္ထ၊ အရှင်ဘုရားတို့ မမေ့မလျော့ ကြပါကုန်လိမ့်”

ပမာ ဒေနဟိ ဧ၀ရူပံ ဗျသနံ ပါပုဏန္တိ၊ မေ့လျှော့လျှင် တပည့်တော်လို ပျက်စီးကြပါလိမ့်မည်”

အပ္ပမတ္ထာ ၀ိဟရန္တာ ဇာတိ ဇရာ မရဏဿ အနံ္တ ကရောန္တိ၊ မမေ့မလျော့ နေကြပါလျှင် ဖြစ်ခြင်း၊ အိုခြင်း၊ သေခြင်း အဆုံးကိုရောက်အောင် ပြုနိုင်ကြပါကုန်မည်”

တသ္မာ တုမှေမညေ၀ အာရမ္မဏံ ကရိတွာ အပ္ပမတ္တာ ဟောထတန္တေ၊ ထို့ကြောင့် အရှင်ဘုရားတို့သည် တပည့်တော်၏ အဖြစ်ကို သံဝေဂယူ၍ မမေ့မလျော့ဘဲ အားမကိုး လောက်သည့် ဈာန်အဘိညာဏ် တရားသည့် ပျက်ခြင်း၊ အဖန်ဖန်ဆင်းရဲခြင်း၊ ပြောင်းလဲ ဖောက်ပြန်တတ်သော သဘောရှိသည်ကို သတိတတ်သော ၀ိပဿနာ ဉာဏ်ပညာဖြင့် ဒုက္ခဇာတ်သိမ်း ငြိမ်းရာကို ရအောင် နှလုံးသွင်းတော်မူ ကြပါ”

ဟု လျှောက်လေရာ ရဟန်းသုံးကျိပ်တို့သည် လွန်စွာထိတ်လန့်ခြင်း သံဝေဂတို့ ရကြကုန်၍ ငြိမ်သက်စွာ ကြွတော်မူကြပြီးလျှင် ၀ိပဿနာတရားကို ကြိုးစား၍ အားထုတ်ကြလေသောကြောင့် အားလုံးပင် ရဟန္တာ ဖြစ်တော်မူကြလေကုန်သည်။

(ဤကား မဇ္ဈိမ မဏ္ဏာသဋ္ဌကထာ - ၁၇၂။ သမ္မော အဋ္ဌကထာ - ၂၈၂ အရ မြန်မာပြန် သည်)။

ဈာန်အဘိညာဏ်သည် ခိုင်မြဲသောတရားမဟုတ်၊ မခိုင်မမြဲသော အခြားတရားတို့နှင့် မတူ၊ ၎င်းကိုရအောင် အမျိုးမျိုးသော အာရုံငါးပါး ကာမဂုဏ်တရားတို့မှ ဝေးကွာအောင် ရှောင်ကွင်း၍ စိတ်ကို ကျဉ်းကျပ်အောင် ဆောက်တည်ကာ အားထုတ်ယူရစေကာမူ ထိုဖယ်ခွာထားသော အာရုံငါးပါးတို့ တိုက်တွေ့လာလျှင်လည်း ခဏချင်းဖြင့် ၎င်း၏ ဓမ္မတာအတိုင်း ပျက်စီးတတ်ပေရာ အရင်းအနှီးများစွာ ရင်းပြီးမှ ရူံးရသူကဲ့သို့ ဖြစ်ရကား ခံစားမူ ဟူသမျှတွင် ကာမအားဖြင့် ခံစားမူ၊ ရူပ၊ အရူပ(ဈာန်) ခံစားမူ အမျိုးမျိုး ရှိသည့်အနက် “ခံစားမူ”ဟူသော အသံပါလာလျှင် မည်သည့် ခံစားမူမဆို မကောင်းကြောင်းကို “ယံ ကိဉ္စိဝေဒဟယိတံ တံဒုက္ခသ္မိ”ဟု ဘုရားဟောလေသည်။

သို့အတွက် ချမ်းသာသော နိဗ္ဗာန်သည် ခံစားမူဟူ၍ ဘာမျှမရှိကြောင်း “သက်သက်ငြိမ်းအေးမူ” သာရှိကြောင်း ဟောတော်မူသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။











No comments:

Post a Comment