ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 6 December 2012

ကုလ္လထေရ်၏ ထွက်နည်းတစ်ခု

ကုလ္လ အမည်ရှိသော အမျိုးကောင်းသားသည် သိ,ကြား လိမ္မာရှိသော အရွယ်တွင် မြတ်စွာဘုရား အထံတော်၌ တရားကို နာရလျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ သာသနာတော်၌ ရဟန်းပြုလေသည်။ သို့ရာတွင် ရဟန်းပြုသော်လည်း ၎င်းမှာ ရာဂစရိုက်သည် အလွန်ထက်သန် အားကြီးရကား ကိလေသာစိတ်သည် အလွန်ထက်သန် အားကြီးရကား ကိလေသာစိတ်သည် ၎င်းအား မပြတ်အစဉ် ပွားစီးလျက်ရှိရာ ကုလ္လမထေရ်၏ ကိလေသာစိတ် အားကြီးသည်ကို သိသော မြတ်စွာဘုရားသည် ခန္ဓာကိုယ်၌ စက်ဆုပ်ဖွယ် ထင်မြင်ရန် အသုဘကမ္မဋ္ဌာန်ကို ပေး၍...


(ကုလ္လတယာ အဘိဏှံ သုသာနေ စာရိကာ စရိတဗ္ဗာ)

“ချစ်သား ကုလ္လ - သင်သည် အမြဲမပြတ် သုသာန်၌ လှည့်လည်၍ နေအပ်၏”

ဟု ညွှန်ကြားသောကြောင့် ကုလ္လထေရ်သည် သုသာန်သို့ဝင်၍ ဖူးရောင် ပုပ်ပွနေသော စက်ဆုပ်ဖွယ် သူသေအလောင်းတို့ကို မြင်၍ ထိုခဏမျှ အသုဘ ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရူမှတ်နိုင်ပြီးလျှင်သုသာန်မှ အပြင်သို့ ထွက်လာသည်နှင့် ကာမအာရုံ ကာမဂုဏ်၊ ကာမရာဂစသည့် ကိလေသာတို့သည် ထကြွပြန်လေသည်။

တစ်နေ့သောအခါ သုသာန်မှပြန်လာသော ကုလ္လထေရ်အား ကာမအာရုံ ပြန်လည် ထကြွနေကြောင်း သိတော်မူသော မြတ်စွာဘုရားသည် အရွယ်အဆင်းအားဖြင့် ကောင်းခြင်း ငါးဖြာ လက္ခဏာနှင့် ပြည့်စုံသော ယခုမှ သေလေသဖြင့် အဆင်းအင်္ဂါမချွတ်ယွင်း မပျက်စီးသေးသော အမျိုးသမီးအလောင်းတစ်ခုကို ဖန်ဆင်းထားးပြီးလျှင် ကုလ္လကို ခေါ်၍ ပြလေသည်။

ကုလ္လမထေရ်သည် ထိုအမျိုးသမီးအလောင်းကို မြင်ကာ ခတ္တခဏ၌သာလျှင် အသက်ရှိသေးသော ချစ်နှစ်သက်ဖွယ်ရာဟု နှလုံးသွင်းမှားလျက် အတွင်း၌ ကိန်းအောင်းနေသော ဆန္ဒရာဂ ကိလေသာတဏှာသည် အလျင်အမြန် ထကြွလာလေသည်။ မြတ်စွာဘုရားသည် ကုလ္လ၏ ကိလသောစိတ်ဖြင့် ကြည့်နေသည်ကိုမြင်၍ ထိုကြည့်မြင်နေဆဲကာလ၌ပင် ဒွါရ ၉-ပေါက်မှ အပုပ်ရည်တို့သည်လည်း တရွရွဖြစ်လျက် အလွန်လျှင် စက်ဆုပ်ဖွယ် ရွံရှာဖွယ်သော အနံ့ဆိုးတို့သည်လည်း ထွက်လာ၏။ ကြောက်မက်ဖွယ်ရာအဖြစ် ပြလေသည်။

ကုလ္လထေရ်သည် ၎င်း၏ မြင်ကွင်း ပြောင်းလာသဖြင့် နှစ်သက်တပ်မက် သာယာသော အမြင်မှ ငြီးငွေ့စက်ဆုပ်သော ထိတ်လန့်ဖွယ် အသွင်ဆောင်လာသောအခါ မြတ်စွာဘုရားက...

(အာတုရံ အသုစိံ ပုတိံ။ လ။ ဗာလာနံ အဘိနန္ဒိတံ)

“ချစ်သား ကုလ္လ - ဆင်းရဲအမျိုးမျိုးတို့ဖြင့် နှိပ်စက်အပ်သော မစင်ကြယ်၍ ပုပ်သော အနံ့ရှိသော အထက်သို့လည်း လျှံ၍ အောက်သို့လည်း ယိုစီးထွက်ကျနေလျက် ပုထုဇဉ် လူမိုက်တို့သည် အလွန်နှစ်သက်အပ်သော ဤခန္ဓာကိုယ်ကို သဘောတရား အမြင်ဖြင့် ရူကြည့်ပါလော”

မြတ်စွာဘုရား၏ ထိုညွှန်ပြချက်ကို မထေရ်ကြားလေလျှင် ကြည့်နေသာ ပကတိမျက်စိ၏ အာရုံမှ ခွာ၍ ဉာဏ်ဖြင့် ရူမြင်အပ်သော် မိမိ၏ ခန္ဓာ၏ သဘာဝ ပရမတ္ထအပေါ်သို့သာလျှင် အာရုံပြောင်း၍ ရူကြည့်လေလျှင် ပထမ ပကတိမျက်စိ၏ အသုဘသညာသည် ပထမဈာန်ကို ဖြစ်စေ၍ ထိုဈာန်ကို အခြေခံထားပြီးလျှင် မိမိခန္ဓာကိုယ်၏ ဖြစ်ပျက်မူကို ဉာဏ်ဖြင့် သိမြင် ရူဆင်ခြင်သောအခါ ၀ိပဿနာ ဉာဏ်သည် ရင့်သန်လာလျက် မဂ်အဆင့်ဆင့် အားဖြင့် အရဟတ္တဖိုလ်ရောက် ရဟန္တာ ဖြစ်လေသည်။

ရဟန္တာဖြစ်လေပြီးသော အရှင်ကုလ္လသည် မိမိ၏ အဖြစ်မှန်ကို ပြန်လည်သုံးသပ်လျက် ရွတ်ဆိုမြွက်ကြားသော တရားတို့မှာ...

“ငါသည် ၀ိပဿနာဉာဏ်တည်းဟူသော တရားအကြောင်းကိုယူ၍ မဂ်ဉာဏ်ဟု ဆိုအပ်သော ဉာဏ်အမြင်ကို ရခြင်းမှာ အသုဘ ကမ္မဋ္ဌာန်းဟူသော အပြင် ဖြစ်ပျက် သဘာဝ ၀ိပဿနာဟူသော အတွင်းတို့၌ အချည်းနှီးဖြစ်သော ဤခန္ဓာကို ဉာဏ်ဖြင့် ရူအပ်မြင်အပ်ပြီ”

“ဤငါ၏ကိုယ်သည် မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ထိုအသေကောင်သည်လည်း စက်ဆုပ်ဖွယ်ပင်ဖြစ်၏။ ဤခန္ဓာကိုယ်သည် အောက်ပိုင်း၌ မတင့်မတယ် ဖြစ်သကဲ့သို့ အထက်ပိုင်း၌လည်း မတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏”

“တည်ကြည်သောစိတ် ရှိသည်ဖြစ်၍ ခန္ဓာတို့၏ သဘောတရားကို ရူသော ယောဂါဝစရပုဂ္ဂိုလ်အား တရား၌ မွေ့လျော်မူ ဖြစ်သကဲ့သို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာငါးပါးဖြင့် ကာမဂုဏ်ခံစားသော သူအား ထိုသို့သော မွေ့လျော်မူသည် မဖြစ်နိုင်”

(ထေရဂါထာ အဋ္ဌကထာ - ၉၁)

ဤကုလ္လထေရ်အကြောင်း ဖော်ပြချက်တွင် အသုဘကမ္မဋ္ဌာန်းကြောင့် ရဟန္တာဖြစ်သည်ဟု မယူဆမိဖို့ အထူးအရေးကြီးပေသည်။

အသုဘကမ္မဋ္ဌာန်းဟူသည် ရာဂစရိုက်လွန်ကဲအားကြီးနေသော ကိလေသာ သောင်းကျန်းသူအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော အသုဘကို ရူရာတွင် သာယာသော၊ တပ်မက်သော၊ စွဲလမ်းသော၊ စိတ်တို့သည် သာယာဖွယ်၊ တပ်မက်ဖွယ်၊ စွဲလမ်းဖွယ် မဖြစ်အောင်၊ စက်ဆုပ်အောင်၊ ရွံရှာအောင်မြင်မှ စွဲလမ်းမူ၊ တပ်မက်မူတို့ ကွာနိုင်သည်။ ယင်းသို့ ကွာမှ ပုံမှန် ခန္ဓာပရမတ်ကို ပရမတ်အတိုင်း သိမြင်နိုင်ရာသောကြောင့် ခန္ဓာ၏ ပုံမှန်သဘာဝပေါ်ရုံသာ အသုဘကမ္မဋ္ဌာန်းကို အသုံးပြုရသည်။ မဂ်ဖိုလ် နိဗ္ဗာန်အတွက် တိုက်ရိုက်ဖြစ်သောတရား မဟုတ်ပေ။ ၎င်း အသုဘကမ္မဋ္ဌာန်းသည် သမထသာဖြစ်၍ “သုသိမ”ကို ဘုရး ညွှန်ပြရာ၌...

“သုသိမ မဂ္ဂါဝါ ဖလံဝါ နသမာဓိ နိဿန္ဒော၊ နသမာဓိ အာနိသံသော နသမာဓိဿနိပ္ဖတ္တိ၊ ၀ိပဿနာယ ပနေသော နိဿန္ဒော - ၀ိပဿနာယ အာနိသံသော၊ ၀ိပဿနာယနိပ္ဖတ္တိ”

(နိဒါန၀ဂ္ဂသံယုတ္တဋ္ဌကထာ - ၁၁၇)

“သုသိမ၊ မဂ်ဖိုလ် ဆိုသည်မှာ သမထ သမာဓိ၏ အကျိုးရင်းမဟုတ်၊ အကျိုးဆက်မဟုတ်၊ သမာဓိဖြင့်ပြီးသော အကျိုးမဟုတ်၊ ၀ိပဿနာ၏ အကျိုးရင်းသာဟုတ်၏၊ အကျိုးဆက်သာ ဟုတ်၏၊ ၀ိပဿနာဖြင့်ပြီးသော အကျိုးတရားသာ ဟုတ်၏”

ဟု ဟောတော်မူသည်။ ၎င်းပြင် ကုလ္လမထေရ်အား မိန်းမပျို အသုဘ ဖန်ဆင်းပြေးပြီး ပုပ်ပွနေသည်ကို ပြသဖြင့် မြတ်စွာဘုရား၏ ညွှန်ပြချက်အရ...

“ထေရော သမ္မဒေ၀ သရီသဘာဝံ ဥပဓာ - ရေန္တော အသုဘသညံ ပဋိလဘိတွာ တတ္တ ပဌမံဈာနံ နိဗ္ဗတ္တေတွာ တံပါဒကံကတွာ ၀ိပဿနံဝဍ္ဎေ-တွာ အရဟတ္တံ ပါပုဏိ”

(ထေရဋ္ဌကထာ - ၉၂)။

“ကုလ္လမထေရ်သည် ကောင်းစွာသာလျှင် ခန္ဓာကိုယ်၏ သဘောကို ဆင်ခြင်စဉ်းစားသည် ရှိသော် (အသုဘသညာ) မတင့်တယ်သောအမှတ်ကိုရ၍ ထိုအသုဘကို မြင်ခြင်း ရူခြင်း၌ ပထမဈာန်ကို ရလေသည်၊ တစ်ဆင့်တစ်ဖန် ထိုဈာန်ကို အခြေခံ၍ ခန္ဓာ၏ သဘာဝဖြစ်ပျက် ပရမတ်ကို ၀ိပဿနာ ရူပွားသဖြင့် ရဟန္တာ ဖြစ်လေသည်ကို ပြသည်”

၎င်းပြင် အောက်ကဖော်ပြခဲ့သော သဗ္ဗကာမိ မထေရ်သည် သုသာန်သို့ သွား၍ အသုဘရူရာ၌လည်း...

“တာဝ ဒေ၀ သုသာနံ ဂန္တာ အသုဘနိမိတ္တံ ဥဂ္ဂ ဟေတွာ တတ္ထ ပဋိလဒ္ဓဈာနံ ပါဒကံကတွာ ၀ိပဿနံ ၀ဍ္ဎေတွာ အရဟတ္ထံ ပါပုဏိ”

(ထေရဋ္ဌကထာ - ၁၂၀)။

“ထိုခဏ၌ သဗ္ဗကာမိမထေရ်သည် သုသာန်သို့သွား၍ အသုဘ နိမိတ်ကိုယူပြီးလျှင် ထိုအသုဘကို ရူသဖြင့် ရအပ်သေဈာန်ကို အခြေခံ၍ ခန္ဓာ၏ ဖြစ်ခြင်း ပျက်ခြင်း ၀ိပဿနာကိုရူပွားသဖြင့် ရဟန္တာဖြစ်လေသည်။”

ဟု ဖော်ပြထားသည်။ စကားဆက်သဖြင့်(အဋ္ဌိကသညာ) အရိုးစု ကမ္မဋ္ဌာန်းရူသော စေတီယတောင်မှ တိဿမထေရ်တစ်ပါးအကြောင်းကိုလည်း သတိရလာသည်။ စေတီယတောင်မှ အနုရာဓမြို့တွင်းသို့ ဆွမ်းခံဝင်ရန် ကြွလာသော တိဿမထေရ်အား လင်ယောက်ျားနှင့် ရန်ဖြစ်၍ မိဘအိမ်ပြန်လာသော အမျိုးသမီးတစ်ယောကို တောလမ်းခရီးတွင် တွေ့ဆုံမိရာ ဖောက်ပြန်သောစိတ်ဖြင့် ထိုအမျိုးသမီးက ပြင်းစွာရယ်လိုက်သည်တွင် မျက်လွှာချ၍ ကြွလာသောမထေရ်သည် “ဘာလဲ”ဟု စုံစမ်းလိုသဖြင့် မျက်လွှာကိုပင့်၍ လှမ်းကြည့်လိုက်ရာ မိန်းမ၏ သွားရိုးကို မြင်သဖြင့်...

(တဿာ ဒန္တဋ္ဌိကေ အသုဘသညံ ပဋိလဘိတွာ အရဟတ္တံ ပါပုဏိ)

“တဿာ၊ ထိုအော်၍ရယ်လိုက်သော မိန်းမ၏။ ဒန္တဋ္ဌိကေ၊ သွားရိုးကို။ ဒိသွာ၊ မြင်၍။ အသုဘသညံ၊ မတင့်တယ်သော အမှတ်သညာ (အသုဘသညာ)ကို။ ပဋိလဘိတွာ၊ ရ၍။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပါပုဏိ၊ ရောက်လေပြီ”

(၀ိသုဒ္ဓိမဂ္ဂဋ္ဌကထာ - ၂၀)။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာအဆိုကို ကြည့်ပါ၊ မိန်းမ၏သွားရိုးကို မြင်ရသော မဟာတိဿထေရ်သည် ၎င်း၏ ရှေးအခါက လေ့ကျင့်ရူမှတ်နေကျဖြစ်သော အရိုးစု အမှတ်(အဋ္ဌိကသညာ) သမထနိမိတ်ကိုရ၍ အရဟတ္တဖိုလ်ကို ရ၏ဟု ဆိုလိုသော အဓိပ္ပာယ်ရောက်လေသည်။ ထိုအချက်ကိုပင် အခွင့်ကောင်းယူ၍ အသုဘသမထကမ္မဋ္ဌာန်းဖြင့်လည်း အရဟတ္တဖိုလ်ကို ရသည်ဟု ယူဆပြောဆိုပြီး အသုဘကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်အလို့ငှာ အားထုတ်သူတို့ရှိနေပေရာ အလွန်ဝမ်းနည်းဖို့ကောင်းသည်။ ထိုသဘောကို တာဝန်ရှိသော မဟာဋိကာက ရှင်းပြပုံမှာ...

“အရဟတ္တံပါပုဏီတိ၊ သွားရိုးကိုမြင်ပြီး ရဟန္တာဖြစ်သည် ဟူသည်ကား။ ထေရာ၊ မဟာတိဿမထေရ်သည်။ ဟသန္တိယာ၊ အော်၍ ရယ်လိုက်သော။ တဿ၊ ထိုမိန်းမ၏။ ဒန္တဋ္ဌိဒဿနေ နေ၀၊ သွားရိုးကိုမြင်ရသဖြင့်သာလျှင်။ ပုဗ္ဗဘာဂ ဘာဝနာယ၊ ရှေးအခါက လေ့ကျင့်လာခဲ့သော အရိုးစုကမ္မဋ္ဌာန်းကို။ သုဘာဝိတတ္ထာ၊ လွန်စွာ ပွားအပ်သည် အဖြစ်ကြောင့်။ ပဋိဘာဂနိမိတ္တဉ္စ၊ ပဋိဘာဂနိမိတ်ကိုလည်းကောင်း။ သာတိသယံ၊ လွန်ကဲသော။ ဥပစာရဈာနဉ္စ၊ ဥပစာရ ဈာန်ကိုလည်းကောင်း။ လဘိတွာ၊ ရ၍။ ယထာဌိတောဝ၊ ရပ်လျက်ပင်လျှင်။ တတ္ထ၊ ထိုနေရာအရပ်၌။ ပဌမဇ္ဇျာနံ၊ ပထမဈာန်ကို။ အဓိဂန္တာ၊ ရ၍။ တံ၊ ထိုပထမဈာန်ကို။ ပါဒကံကတွာ၊ အခြေပြု၍။ ၀ိပဿနံ၊ အဋ္ဌိကသညာ သမထကမ္မဋ္ဌာန်းနှင့် ရလာသော ဈာန်တရား၏ မခိုင်မြဲမူ၊ ဆင်းရဲမူ၊ ငါမဟုတ်မူတို့ကို ရူကြည့်ရသော ၀ိပဿနာကို။ ၀ဍ္ဎေတွာ၊ ပွား၍။ မဂ္ဂပရမ္ပရာယ၊ မဂ်အဆက်ဆက်အားဖြင့်။ အာသ၀က္ခယံ၊ အာသဝေါတရားလေးပါးကုန်သော ရဟန္တာအဖြစ်သို့။ ပါပုဏီ၊ ရောက်လေပြီ”

(၀ိသုဒ္ဓိမဂ် မဟာဋီကာ - ၄၉)။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၏ ချွတ်ယွင်းချက်ကို မဟာဋိကာ ဆရာအရှင်ဓမ္မပါလက သဘာဝကျကျရှင်းပြပေးပုံမှာ မဟာတိဿမထေရ်၏ ရဟန္တာဖြစ်ပုံသည် လုံးဝသမထနှင့် မဂ်မရကြောင်း။ မထေရ်သည် မိန်းမ၏ သွားရိုးကိုမြင်လိုက်သောအခါ မိမိ၏ ရှေးအခါကပင် လေ့ကျင်အားထုတ် လာခဲ့သော (အဋ္ဌိက) အရိုးစုကမ္မဋ္ဌာန်း၏ ပဋိဘာဂနိမိတ် ထင်လာ၍ ပထမဈာန်ကို ရပြီးလျှင် ထိုဈာန်ကို အခြေခံပါဒကပြုပြီးမှ ၀ိပဿနာတက်၍ ရူလိုရကား ထိုရသော ဈာန်တရား၏ မခိုင်မမြဲမူ အနိစ္စ၊ ဆင်းရဲမူဒုက္ခ၊ ငါမဟုတ်မူ အနတ္တနတို့ကို အဆင့်ဆင့် ပွားများရူ မှတ်သဖြင့် နောက်ဆုံးတွင် ရဟန္တာဖြစ်ကြောင်း ဖော်ပြထားသည်မှာ ပါဠိတော်နှင့် အညီ ဖြစ်ပေသည်။

မိမိတို့အတွက် သံသရာလွတ်ကြောင်း ၀ိပဿနာတရားအားထုတ်ရာတွင် သမထဟူ၍ လည်းကောင်း၊ ၀ိပဿနာဟူ၍ လည်းကောင်း ကွဲပြးခြားနားစွာ သိပါမှ လိုအပ်သော တရားကို ရမည်ဖြစ်ရာ မိမိအားထုတ်သော တရားသည် ပညတ်နိမိတ်ဖြစ်ပါက သမထသာဖြစ်၍ ပရမတ်အာရုံမှန်မှ ၀ိပဿနာဖြစ်မည်ကို သတိရှိရာသည်။

သို့အတွက် ပညတ်-ပရမတ် ခွဲခြား၍ သိရန်လည်း လိုပြန်သည်။ ပညတ်-ပရမတ် မကွဲပါကလည်း အလုပ်မတွင်ပေ။ အချို့ပညတ်ကိုပင် ပရမတ်ထင်၍ အမှန်ဟုစွဲယူကာ ရူနေကြသော ယောဂီတို့လည်း နည်းအံ့မထင်၊ ပညတ်-ပရမတ်ခွဲ၍ သိရာတွင် ပေါ့ပေါ့ကွဲနေသဖြင့် မရကြောင်းကို ပရမတ်သိလိုသူတို့ လေးနက်စွာ လေ့လာကြစေလိုသည်။

အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ရင်ဆိုင်တွေ့ရာ၌ အနိုင်တိုက်ခဲ့ကြသော ပုဂ္ဂိုလ်တို့အကြောင်းကို ဖော်ပြရာ၌ အများအပြားပင် ကျန်သေးသော်လည်း တော်လောက်ပြီဖြစ်၍ ယခုအခါတွင် ပုဂ္ဂလအနေနှင့် မဟုတ်ဘဲ ဓမ္မအနေနှင့် ထွက်မြောက်ရာဖြစ်သော လုပ်ငန်းကို ဖော်ပြမည် ဖြစ်ပါသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။





































No comments:

Post a Comment