မြတ်စွာဘုရား လက်ထက်တော်တွင် ဥပနန္ဒ အမည်ရှိသော သာကီဝင်မင်းသား ရဟန်းသည် မြတ်စွာဘုရားဆုံးမတော်မူသော ပစ္စည်းလေးပါးတို့၌ ရောင့်ရဲလွယ်ရန် သန္တုဋ္ဌီက ဖြစ်ရန် အဆုံးအမကို အခြားသော ရဟန်းငယ်များအား ဟောပြောဆုံးမလေသည်။ ထိုရဟန်းငယ်တို့သည် ဥပနန္ဒ ဆုံးမသည့်အတိုင်း နာယူ၍ ပစ္စည်းလေးပါးတို့ကို အပိုမထားကြကုန်ဘဲ စွန့်လွှတ်ကြလေသည်။ ထိုအခါ ဥပနန္ဒ ရဟန်းသည် စွန့်လွှတ်သော ပစ္စည်းတို့ကို သူချည်းယူ၍ သွားလေသည်။ ထိုအကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ မြတ်စွာဘုရားက ခေါ်တော်မူ၍ အကြောင်းကို မေးလေလျှင် ဟုတ်မှန်ကြောင်း လျှောက်သဖြင့် မြတ်စွာဘုရားသည် ဥပနန္ဒအား အပြစ်တင် ကဲ့ရဲ့တော်မူပြီးလျှင်…
“အတ္တာန မေ၀ ပထမ၊ ပဋိရူပေ နိဝေသယေ၊ အထညမနုဿသေယျ၊ နကိလိေဿယျ ပဏ္ဏိတော”
(ဓမ္မပဒ ဋ္ဌကထာ - ၉၀)။
“ပဏ္ဍိတော၊ ပညာရှိတို့သည်။ ပထမံ၊ ရှေးဦးစွာ။ အတ္တာနံ မေ၀၊ မိမိကိုယ်ကိုသာလျှင်။ ပဋိရူပေ၊ မှန်ကန် လျှောက်ပတ်သော အကျင့်၌။ နိဝေသယေ၊ စိတ်ကိုကောင်းစွာ သွင်းထားရာ၏။ အထပစ္ဆာ၊ မိမိကိုယ်ကို ဆုံးမပြီး နောက်မှ။ အညံ၊ မိမိမှတစ်ပါး အခြားသူကို။ အနုသာသေယျာ၊ ဆုံးမရာ၏။ ပဏ္ဏိတော၊ ပညာရှိသောသူသည် နကိလိေဿယျ မညစ်ညူးစေရာ”
ဟု ဟောတော်မူသည်။ မြတ်စွာဘုရား၏ အလိုတော်သည် ဤအတိုင်းဖြစ်၏။ ကိုယ်တိုင်ကိုယ်ကျ နည်းနာရမှ သူတစ်ပါးကို ဟောပြောပြသရာ၏။ မိမိကိုယ်တွေ့မရှိဘဲ ဟောပြောပြသ ပါက နောင်အခါတွင် အခက်အခဲတွေ့ရတတ်လေသည်။ ဘုရားမဖြစ်မီ အလောင်းတော်ဘ၀က မည်ကဲ့သို့ တရားရှာရပုံ၊ ကိုယ်တိုင်သိအောင် အားထုတ်ခဲ့ရပုံတို့ကို အကြောင်း ဆိုက်သလို ဟောပြောခဲ့၏။ ထို့ကြောင့် “ချစ်သားတို့ - ဤနိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော လမ်းခရီး (မဂ်) ကို ငါသည် တစ်ဆင့်စကား သူတစ်ပါးပြောသံကြား၍ ဟောသည်မဟုတ်၊ ငါကိုယ်တိုင်သိပြီးမှ ဟောသည်”ဟူ၍ ပင် အာမခံစကား မြွက်ကြားခဲ့၏။
ထို့ကြောင့် တိတ္ထိပရိဗိုဇ်တို့သည် ကာမတို့ကိုလည်းကောင်း၊ အဆင်းရုပ်တို့ကိုလည်းကောင်း၊ ခံစားမူတို့ကိုလည်းကောင်း၊ ငါတို့လည်း ပညတ်သည်၊ ဟောကြားသည် ဆိုစေကာမူ ထိုကာမတို့၏ သာယာဖွယ်ကိုလည်း မသိ၊ အပြစ်ကိုလည်း နားမလည်၊ ထွက်မြောက်ရာ မဂ်ကိုလည်း မတတ် မကျင့်သဖြင့် အဘယ်ကိုသိနိုင်မည်နည်း။ ဤသဘောတို့ကို ငါဘုရားသည်လည်းကောင်း၊ အရိယာသည်လည်းကောင်း၊ အရိယာသာဝကသည်လည်းကောင်း သိရှိအပ်သော အရာသာဖြစ်၍ တိတ္ထိတို့၏အရာ မဟုတ်ကြောင်းကို ဟောပြတော်မူလေသည်။
၎င်းနောက် အဆင်းရုပ်တို့၏ သာယာဖွယ်, အပြစ်, ထွက်မြောက်ရာတို့ကိုလည်း သူတို့နားလည်သော တရားမျိုးမဟုတ်ကြောင်း ခံစားမူတို့၏ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာ တို့ကိုလည်း ၎င်းနည်းအတူ ကိုယ်တိုင်သိမြင်အောင် အားထုတ်ထားခြင်း မရှိသဖြင့် အမှန်ကို မသိပုံတို့ကို ရဟန်းတို့အား ဟောကြားလေသည်။
ဒေသနာတော်ဆုံးလျှင် အားလုံးသော ရဟန်းတို့သည် ၀မ်းမြောက်နုမော်သာဓုခေါ်ကာ အလွန်နှစ်ခြိုက်ကျေနပ်ကြလေသည်။ မြတ်စွာဘုရား၏ သာသနာတော်တွင် သာသနာ့ဝန်ကို ထမ်းဆောင်တော်မူကြကုန်သော ဘုရား၏ သားတော်တို့သည် မြတ်စွာဘုရား၏ ညွှန်ကြားပြသသော တရားများကို မိမိတို့ သဘောပေါက် နားလည်အောင် လေ့လာသင်ကြားအပ်၏။
ထိုသို့ ကိုယ်တိုင်ကိုယ်ကျတွေ့သိလာပါမှ ဘုရား, တရား, သံဃာဟူသော ရတနာသုံးပါး၌ ယုံကြည်ချက်ရလာမည်။ ယုံကြည်မူရ၍ “၀ိစိကိစ္ဆာ” သံသယ ပြတ်လျှင် အရိယာဘုံသို့ ရောက်၍ ကျွတ်လမ်း လွတ်လမ်းသို့ သွားသောသူ ဖြစ်ပေရကား စိစစ်လေ့လာမူကိစ္စသည် မိမိကိစ္စသာဖြစ်၍ မိမိကိစ္စကို မိမိသိဖို့သာ အရေးကြီးကြောင်း တိုက်တွန်းအပ်ပေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment