ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 19 December 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (၅)

စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်၊ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့စားလို့ မရတော့ဘူး။ သင့်တော်တဲ့အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်ကို ဘယ်လိုသဘောထားနေတယ် ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။

အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလို တော်ချင်လာတယ်။


သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်၊ ဉာဏ်ပညာ ပိုကြီးလာတယ်၊ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်၊ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မူကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့ အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီပေါ်မှာ စွဲလမ်းမူလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်၊ မရှိရင်လည်း ကိစ္စ မရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။

အစားအစာတင် မကဘူး ဆေးဝါးလည်း ဒီလိုပဲ၊ မလိုအပ်ဘဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။

အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့ စိတ်မှာ ခံစားချက် တော်တော်လေးများပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီးဝတ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်၊ ကိုယ်သွားရမယ့်ခရီး၊ ကိုယ်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေးသုံးပြီးတော့ ၀တ်မှာပဲ။ အ၀တ်အစားနဲ့ ပတ်သတ်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာ ၀ါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။

ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါ။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နည်းသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနည်းသွားရင် ဒေါသလည်း နည်းသွားမယ်။

ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့ အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ ထိုင်တွေးပြီး ပူနေတာတွေလည်း လျော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကို လုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူ သိပ်အချိန်အကြာကြီး စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။

သတိရှိလို့ သမာဓိလည်းကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စ တစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန် တော်တော် သက်သာသွားတာ။

ခြေတစ်လှမ်း တစ်ချက်လောက် သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူး၊ လုပ်ကြည်လာတဲ့အခါကျမှ တကယ့်ကို အကျိုးများတာကို သိလာလိမ့်မယ်။

သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်၊ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ သွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေး နည်းနည်းလျော့သွားရင် စိတ်က နည်းနည်း ကြည်လာတယ်၊ စိတ် နည်းနည်း အေးချမ်းလာတယ်၊ စိတ်မှာ ပင်ပန်းမူ နည်းနည်းလျော့သွားတယ်။

မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့ စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရူမှတ်လိုက်ရင် သတိ, သမာဓိ ကောင်းလာပြီး စိတ်ကြည်လင် အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုး ရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။

အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမူရှိတဲ့၊ တည်ကြည်မူရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ, သမာဓိကို ရတယ်။

ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်၊ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်၊ လုံ့လ၀ီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီးတော့ အားကောင်းလာတယ်။

အိပ်နေရင်းပဲ အသက်ရှူတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်က သိလိုက်ပါ။ သိပြီးရင် “ဘာမှ မထူးပါဘူး” ဆိုပြီးတော့ အသာလေး စိတ်ကိုလျှော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှူတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်း ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်သောင့်သက်သာ ဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ နေရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရည်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလို တရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ။

စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်၊ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်။

တရားကတော့ အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဉာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။

ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန်အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲ့လို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။

စိတ်တည်ငြိမ်အေးချမ်းမူနဲ့ အသိဉာဏ်နက်နဲမူဟာ အင်မတန် အရသာရှိတယ်၊ အင်မတန် ကျေနပ်စရာကောင်းတယ်။

တရားအားထုတ်တယ်ဆိုတာ တကယ်ကို ရာခိုင်နူန်းပြည့် ရိုးရိုးသားသား စိတ်ရောကိုယ်ပါ လုပ်မှပဲ တကယ် ထိထိရောက်ရောက် တိုးတက်မူ ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ရင်တော့ နဲနဲပါးပါး အပေါ်ယံ သတိ၊ သမာဓိလောက်ပဲ ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိ၊ ဉာဏ်ပညာ မရနိုင်ဘူး။

သိနေတာကို သိနိုင်တဲ့သတိ ဖြစ်လာတော့ သိနေတာကို သိနေတဲ့ အချိန်မှာမှ “ငါ အခုမှ လူဖြစ်ပြီ” လို့ ခံစားလိုက်ရတယ်။

ဥပေက္ခာဝေဒနာဟာ မသိရင် မောဟဖြစ်နေတဲ့ အတွက်ကြောင့် ငြိမ်းချမ်းတဲ့သဘောတော့ မရှိဘူး။ ဒါကြောင့် ဥပေက္ခာကိုမသိရင် ဒုက္ခနဲ့တူတယ်တဲ့။ ဥပေက္ခာကို သိရင် သုခနဲ့ တူတယ်တဲ့။

ဥပေက္ခာက အခြေအနေကိုလိုက်ပြီးတော့ သုခဘက်ကိုလည်း ပါတတ်တယ်။ ဒုက္ခဘက်ကိုလည်း ပါတတ်တယ်။ ဥပေက္ခာဝေဒနာကို များများသိအောင် လုပ်လို့ရှိရင် စိတ်က ပိုပြီးတော့ ငြိမ်းချမ်းလာတယ်။ 

ဆရာတော်ဦးဇောတိက

No comments:

Post a Comment