ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 11 December 2012

ဘုရားနှင့် အရှင်မောဂ္ဂလာန်

မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုခါနီး၌ ဝေဠုစရွာသို့ ကြွတော်မူ၍ ထိုရွာ၌ပင် ၀ါကပ်တော်မူသည်။ ထိုအခါတွင် မြတ်စွာဘုရားအား ကြမ်းတမ်းသော သေခြင်းသို့ နီးကပ်သော အနာရောဂါသည် ဖြစ်ပေါ်၍လာ၏။ ထိုအခါ မြတ်စွာဘုရားသည် ရောဂါဝေဒနာပြင်းထန်သည်ကို ဂရုမစိုက်ဘဲ သည်းခံတော်မူ၏။ ထိုအခါတွင် “ငါသည် အလုပ်အကျွေးတို့ကို မသိစေမူ၍ ရဟန်းသံဃာတို့ကို မပန်ကြာဘဲ ပရိနိဗ္ဗာန်ပြုခြင်းသည် မသင့်မတော်ချေ၊ ဤရောဂါကို ဘာဝနာ ၀ီရိယဖြင့် ပယ်ခွာ၍ နေရမူ ကောင်းလေစွ´ဟု အကြံဖြစ်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဘာဝနာဝီရိယဖြင့် ရောဂါဝေဒနာကို ငြိမ်းစေလျက် အနာရောဂါမှ ထမြောက်၍ မကြာမီ ကျောင်းမှ ထွက်တော်မူလာပြီးလျှင် ကျောင်း၏ အရိပ် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။


အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ အနာရောဂါမှ ထမြောက်၍ ကျန်းမာတော်မူလာသည်ကို မြင်၍ အလွန်ဝမ်းမြောက်စွာဖြင့် စိတ်သက်သာရာရကြောင်း စသည်တို့ကို လျှောက်လေသည်။

မြတ်စွာဘုရားက “အာနန္ဒာ - ယခုအခါ ငါသည် ကြီးရင့် အိုမင်းလှပြီ၊ အရွယ်လွန်လေပြီ၊ အဆုံးပိုင်းသို့ ရောက်နေပြီ၊ ငါသည် အသက်ရှစ်ဆယ်ရှိပြီ”

“သေယျထာပိအာနန္ဒ ဇဇ္ဇရသကဋံ ဝေဌမိဿကေန ယာပေတိ၊ ဧ၀မေ၀ ခေါ အာနန္ဒဝေဌမိဿကေန မညေ တထာဂတဿကာယော ယာပေတိ၊ ယသ္မိံ အာနန္ဒ သမယေ တထာဂတော သဗ္ဗနိမိတ္တာနံ အမနသိကာရာ ဧကစ္စာနံ ဝေဒနာနံ နိရောဓာ အနိမိတ္ထံ စေတော သမာဓိံ ဥပသမ္ပဇ္ဇ ၀ိဟရတိ၊ ဖာသုတရော အာနန္ဒတသ္မိံ သမယေ တထာဂတဿကာယော ဟောတိ”

(မဟာပရိနိဗ္ဗာနသုတ်ပါဠိတော် - ၈၅)။

“အာနန္ဒာ၊ ပျက်စီးချွတ်ယွင်းနေသော လှည်းအိုကြီးသည် နွယ်ကြိမ်တို့ဖြင့် ဖွဲ့စည်းတုပ်နှောင်ခြင်းဖြင့် ခိုင်သည်ဟု ထင်ရသကဲ့သို့ ဤအတူပင် ငါဘုရား၏ ပျက်စီးလျက်ရှိသော ခန္ဓာကိုယ်ကို (ဈာန်စသော) နွယ်ကြိမ်တို့ဖြင့် ဖွဲ့စည်းတုပ်နှောင်သော သမာပတ်ဖြင့် ခိုင်ခံ့သကဲ့သို့ ဖြစ်၏။ အာနန္ဒာ-အကြင်အခါ မြတ်စွာဘုရားသည် အလုံးစုံသော အာရုံနိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် လည်းကောင်း၊ အချို့သော ဝေဒနာတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း၊ သင်္ခါရနိမိတ်ကို အာရုံမပြုသော သမာဓိသို့ ရောက်နေ၏၊ အာနန္ဒာ - မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် ထိုအခါ၌ သာလွန်၍ ချမ်းသာပေ၏”

မြတ်စွာဘုရား၏ ဖလာသမာပတ် စသည် ၀င်စားရာတွင် ဈာန်အခြေခံ၍ ၀င်စား၏။ ထိုဈာန်သည် စတုတ္ထဈာန်သို့ ရောက်သည်နှင့် “သုခဿစ ပဟာနာယ, ဒုက္ခဿစ ပဟာနာယ” ဆိုသောအတိုင်း ချမ်းသာခံစားမူ၊ ဆင်းရဲခံစားမူတို့ကို လျစ်လျူရူ၍ ဥပေက္ခာ ဖြစ်လာလေသည်။ ထိုအချိန်တွင် ရောဂါအနာအပေါ်၌ ခံစားသော ဝေဒနာဒုက္ခတို့ ကွာလေသည်။ ထိုအခါ မြတ်စွာဘုရားသည်လည်း ချမ်းသာသည်။ ဖူးမြင်ရသော အရှင်အာနန္ဒာလည်း ၀မ်းသာသည်။ ဤသည်လျှင် ခံစားမူ (ဝေဒနာ) တို့၏ သာယာဖွယ်ပင်။

ထို့အတူ အရှင်မဟာမောဂ္ဂလာန်သည်လည်း လူသတ်သမားတို့၏ လက်ချက်ဖြင့် အရိုးတို့သည် ဆန်ကျိုး ဆန်ကွဲမျှ မူန့်မူန့်ညက်ညက်ကြေအောင် အရိုက်ခံရ၍ လူဆိုးတို့က သေပြီဟု ဆိုကာ ချုံတစ်ခုတွင် ပစ်ထားခဲ့လေသည်။

မထေရ်သည် “ငါကား မြတ်စွာဘုရားကို ဖူးမြင်ပြီးမှ ပရိနိဗ္ဗာန်ပြုအံ့” ဟုကြံပြီးလျှင်...

“အတ္တဘာဝံ ဈာန ဝေဌနေန ဝေဌေတွာ ထိရံကတွာ အာကာသေ သတ္ထုသန္တိကံ ဂန္တာ”

(ဓမ္မပဒ အဋ္ဌကထာ - ၄၂)။

“ထေရော၊ အရှင် မောဂ္ဂလာန် မထေရ်သည်။ အတ္တဘာဝံ၊ ဖရိုဖရဲ ပြိုကွဲကြေမွလျက်ရှိသော မိမိ၏ ကိုယ်ကို။ ဈာနဝေဌနေန၊ ဈာန်ကြိုးဖြင့် ရစ်ပတ်ဖွဲ့ချည်ခြင်းဖြင့်။ ဝေဌေတွာ၊ ရစ်ပတ်တုပ်နှောင်၍။ ထိရံကတွာ၊ တောင့်တင်း ခိုင်မာအောင် ပြု၍။ အာကာသေန၊ ကောင်းကင်ခရီးဖြင့်။ သတ္ထုသန္တိကံ၊ မြတ်စွာဘုရား အထတော်သို့။ ဂန္တာ၊ ကြွသွား၍”

အရှင်မဟာမောဂ္ဂလာန်မှာ ရှေးက ၀ိပါတ်ကြောင့် လူဆိုးတို့၏ ရိုက်နှက်ခြင်း ခံရသော်လည်း ဈာန်၏ ကျေးဇူးကြောင့် မြတ်စွာဘုရား နောက်ဆုံးဖူးမြော်ခွင့် တောင်းခွင့် ရလေသည်ကား ဈာန်ခံစားမူ၏ သာယာဖွယ်ပင်တည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။












No comments:

Post a Comment