မြတ်စွာဘုရားသည် အာရုံငါးပါးလိုက်စားမူကြောင့် အပြစ်အမျိုးမျိုး ဖြစ်သည်ကို သုတ်၊ ဇာတ်၊ ၀တ္ထု အမျိုးမျိုးဖြင့် ပြ၍ ထိုကာမမှ လွတ်မြောက်မူကို အပြင်းအထန် တိုက်တွန်းသည်၊ ဟောပြသည်၊ ဖြစ်သမျှအပြစ်အားလုံးသည် အာရုံငါးပါး လိုက်စားမူကြောင့် အများဆုံးဖြစ်ရသည်။ အရှင်မောဂ္ဂလာန်မထေရ်မြတ် နုစဉ်အခါက ကာမဂုဏ်တရားတို့၏ တိုက်တွန်းမူကြောင့် မိဘမျက်နှာမမြင်နှစ်ပါးကို ရိုတ်သတ်သည်အထိ အပြစ်ရောက်သည်။ ပစ္စည်းရှာမူ အစုစုတွင်မက မိဘ ရဟန်း ဘုရားထိအောင် ကျူးလွန်ကျော်နင်း စော်ကားဝံ့ခြင်းသည် အာရုံငါးပါး ကာမတရားကြောင့်သာ ဖြစ်သည်ကို ရူဦးလော့...
သာဝတ္ထိပြည်တွင် “ကောက” အမည်ရှိသော ၀ံပုလွေခွေး မုဆိုးတစ်ယောက်သည် တစ်နေ့သောအခါ လေးမြားတို့ကိုယူ၍ မိမိမွေးထားသော အလွန်ဆိုးသည့် ခွေးတို့ကို ခေါ်ပြီးလျှင် အမဲလိုက်ရန် တောသို့သွားရာ လမ်းခရီးတွင် ဆွမ်းခံကြွလာသော မထေရ်တစ်ပါးကိုတွေ့၍ “ငါ့အား... ယနေ့အဖို့ ဘာမျှရမည် မဟုတ်၊ လမ်းခရီးတွင် သူယုတ်ကို တွေ့ရသည် ဆွမ်းခံဝင်ပီး ဆွမ်းကိစ္စပြီးလတ်သော် ကျောင်းသို့ ပြန်ကြွလာလေရာ လမ်းတွင် မုဆိုးလည်း မည်သည့်သားကောင်မှ မရသဖြင့် ပြန်လာရာတွင် ဆုံမိပြန်သောအခါ မုဆိုးက “ငါသည် တောကို သွားစဉ်က ဤသူယုတ်နှင့် တွေ့သဖြင့် ဘာမျှမရခဲ့၊ ယခုလဲ တွေ့ပြန်သည်၊ ခွေးတို့ကို ကိုက်စားစေအံ့”ဟု လိုက်ခိုင်းလေသည်။ ရဟန်းက “ဒကာ၊ ဤကဲ့သို့ မလုပ်ပါနှင့်”ဟု တောင်းပန်လေလျှင် မုဆိုးက အတင်းပင် အမျက်ထွက်လျက် ခွေးတို့ဖြင့် လိုက်လေသည်။ မထေရ်လည်း ကြောက်လန့်သည်နှင့် အနီးရှိ သစ်ပင်တစ်ပင်သို့ လူတစ်ရပ်မျှ ရောက်အောင်တက်လေသည်။
ခွေးတို့လည်း သစ်ပင်အရင်း၌ စုအုံဝိုင်းရံ၍ နေလေရာ မုဆိုးက “သစ်ပင်ပေါ်သို့ တက်ပြေးသော်လည်း လွတ်မည်မဟုတ်”ဟု ပြောဆိုလျက် သူ၏ မြားထိပ်ချွန်ဖြင့် မထေရ်၏ ခြေဖ၀ါးပြင်ကို ထိုးလေသည်။ မထေရ်လည်း နာကျင်လှသဖြင့် “မလုပ်ပါနှင့် ဒကာ”ဟု အကြိမ်ကြိမ်တောင်းပန်သော်လည်းမရဘဲ အတင်းပင် ထိုးမြဲ ထိုးလေသည်။ မထေရ်သည် ခြေတစ်ဖက်ထိုးလျှင် ခြေတစ်ဖက်ကြွ၍ ပြောင်းခံနေရစဉ် မြားနှစ်စင်းဖြင့် ဆက်လက်၍ ထိုးလေရာ မထေရ်ကိုယ်သည် မီးကဲ့သို့ ပူလာလေသည်။
မထေရ်သည်ခံစားအပ်သော ဒုက္ခဝေဒနာ ပြင်းထန်မူကြောင့် ဂရုစိုက်မူ သတိသည် လွတ်၍ ၀တ်ရုံ၍ ထားအပ်သော အပေါ်ရုံ (ဧကသီ) သင်္ကန်းသည် လျှောကျ၍ မြားနှင့် ထိုးနေသော မုဆိုး၏ ဦးခေါင်း၌ လွှမ်းခြုံလိုက်သကဲ့သို့ ဖြစ်လျက်ရစ်ပတ်၍ နေလေရာ မုဆိုး၏ခွေးတို့သည် “မထေရ်ကျလာပြီ” အထင်နှင့် သင်္ကန်းအတွင်းသို့ အတင်းဝင်၍ မုဆိုး၏ အသားကို စားကြလေသည်။ အသားများကုန်၍ အရိုးချည်းကျန်ကာမှ သင်္ကန်းအတွင်းမှ ထွက်၍ အပြင်၌ ရပ်နေကြလေသည်။
မထေရ်လည်း သစ်ကိုင်း အခြောက်တစ်ခုကို ချိုး၍ ခွေးတို့ကို ပစ်ချကာ မောင်းလေသည်။ ထိုအခါမှ ခွေးတို့သည် မထေရ်ကို မြင်သောကြောင့် “ငါတို့ ကိုက်စားမိသည်ကား ငါတို့သခင်တည်း”ဟု သိ၍ တောထဲသို့ ၀င်ပြေးကြလေသည်။ မထေရ်သည်လည်း သစ်ပင်ပေါ်မှ ဆင်းလာ၍ မြတ်စွာဘုရား အထံတော်တွင် အကျိုးအကြောင်း လျှောက်ပြလျက် သံဝေဂဉာဏ် ကြီးစွာဖြစ်ပြီးလျှင် မြတ်စွာဘုရား အထံတော်၌ တရားအားထုတ်လေရာ ရဟန္တာ ဖြစ်တော်မူသည်။
(ဓမ္မပဒ အဋ္ဌကထာ - ၂၀)
အာရုံငါးပါး ကာမတရားအတွက် ရှာဖွေရာ၌ မိမိသည် အလွန်အသက်မွေး ကြမ်းတမ်းသော မုဆိုးဖြစ်ပါလျက် (ဒဿနာနနုတ္တရိယ) မျက်စိဖြင့် မြင်ရမူတို့တွင် အမြတ်ဆုံး အကောင်းဆုံး အမြင်ကိုပင် (ကာဠကဏ္ဏိမေဒိဋ္ဌော) “သူယုတ်ကို မြင်ရသည်” (အဇ္ဇကိဉ္စိနလဘိဿာမိ) “ယနေ့၊ ငါဘာမျှ ရမည်မဟုတ်”ဟု သူ့စကားနှင့်သူ နိမိတ်ဖတ်၍ တောသို့ သွားရာတွင်လည်း ဘာမျှ မရဘဲ ဤမထေရ်ကိုပင် ပြန်မြင်သောအခါ ပို၍ ဒေါသထွက်ပြီးလျှင် ဤသို့သော မိုက်မဲမူကို ပြုသဖြင့် ပျက်စီးသွားရသည်။ ဤတွင်သာမဟုတ် ၎င်းမုဆိုး၏ အတိတ်ဘ၀တစ်ခုမှ ဖြစ်ရပ်ကို ရဟန်းအား ဟောပြပုံမှာ...
“ချစ်သားတို့၊ တစ်ခုသောဘ၀တွင် ဤမုဆိုးသည် ဆေးဆရာ ဖြစ်ဖူးပြီ၊ တစ်နေ့သောအခါတွင် ရွာတစ်ရွာသို့ လှည့်လည်သွားသော် ဆေးကုမည့်သူမရှိ၍ ထမင်းဆာလှရကား ရွာမှအထွက်တွင် ကလေးငယ်များ စုရုံး၍ ကစားနေသည်ကို မြင်သောအခါ အနီးရှိ သစ်ပင်အခေါင်းထဲတွင် ခေါင်းထွက်၍ အိပ်နေသော မြွေတစ်ကောင်ကိုတွေ့၍ “ဤကလေးတို့ကို မြွေကိုက်စေပြီး ငါဆေးကုရသော် အခကြေးငွေ ရလတ္တံ့”ဟု ကြံ၍ “ကလေးတို့၊ ဟိုသစ်ခေါင်းထဲတွင် ဆက်ရက်ငယ် တစ်ကောင်းရှိသည် သွားဖမ်းကြ”ဟု ခိုင်းလေရာ ကလေးတစ်ယောက်က ပြေးသွား၍ သစ်ခေါင်းတွင် နိုက်ယူလိုက်သောအခါ မြွေဖြစ်နေသည်ကို သိသဖြင့် ကြောက်လန့်၍ ပစ်လိုက်လေရာ ဆေးသမား၏ ကိုယ်ပေါ်သို့ ကျသဖြင့် ထိုမြွေကိုက်၍ သေရကြောင်း”ကို ပြန်ဟောထားသည်။ ကာမ၀တ္ထု ကာမမူသည် ပရမတ်ဉာဏ် မရသောသူတို့အဖို့ “လုပ်သမျှဒုက္ခချည်း” ဆိုသကဲ့သို့ ဖြစ်နေလေသည်။ ဤသည့် ရဟန်း သာမညကို မဆိုထားဘိ ရဟန္တာလည်း ဤကာမမွန်သူတို့၏ အနှိပ်စက်ကို ခံရသည့် အကြောင်းများကိုလည်း ဆက်လက်၍ သံဝေဂယူဦးရန် ဖော်ပြပေးပါဦးမည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment