သတ္တ၀ါမည်သည် မသိရာမှပင် စတင်သည်ဆို၏။
ထို မသိခြင်းကြောင့်ပင် ကြိုက်စိတ်သည် ၀င်လာချေ၏။
ထို့ကြောင့် ထိုကြိုက်စိတ်သည်ကား မသိခြင်း၏ သမီးရင်းတည်း။
ထိုကြိုက်ခြင်းကြောင့်လျှင် တန်ပြန်မကြိုက်စိတ်လည်း ၀င်ကိန်းလာချေတော့ရာ ထိုမကြိုက်စိတ်ကား ကြိုက်စိတ်မှ ဖွား၊ သားဖြစ်ပြီး မသိခြင်း၏ မြေးရင်းလေးသာတည်း။ ကျန်စိတ်များကား မြစ်ဖျားများ ချည်းတည်း။
ထိုတွင် သတ္တ၀ါတိုင်း၊ မသိရာမှချည်း စခဲ့သည်ဆိုရာ
(က) ဓာတ်လေးပါး(ရုပ်ဓာတ်လေးမျိုး) ပေါင်းဆုံးမိကြရာမှ သက်ဝင်လူပ်ရှား သတ္တ၀ါဇယားထဲ ၀င်လာခြင်းကြောင့်လည်း ဖြစ်ရာ၏။
(ခ) မူလအစ ဘ၀သည် တိရစ္ဆာန်ဘ၀မှချည်း စတင်ခဲ့ကြရခြင်းကြောင့်လည်း ဖြစ်ရာ၏။
ထိုသို့ မသိမူနှစ်မျိုး ရှိလေရာ၏။ ဓာတ်လေးပါးတို့တွင်လည်း မြေဓာတ်ဟူသော အမာခံကိုယ်ထည်နှင့် ရေဓာတ်ဟူသော ပတ်ဖွဲ့ပေးမူ အသက်သွင်းတို့က တစ်အုပ်စု၊ တစ်ခန္ဓာ “မ”ဓာတ်ပမာ။ တစ်ဖန် အခိုးဓာတ်ဟူသော ကိုယ်ထည်နှင့် လေဓာတ်ဟူသော လူပ်တို့ပေးမူ အသက်သွင်းများက တစ်အုပ်စု၊ တစ်ခန္ဓာ “ဖို”ဓာတ်ပမာ။
ဤသို့လျှင် ဖို-မ နှစ်တွဲ ခွဲရာ၏။ ထို ဖို-မစုံတွဲသည် အမြဲလျှင် တွေ့ရာတိုင်းဝယ် စပ်ယှက်လျက် ပူအိုက်ခြင်းနှင့် အေးစက်ခြင်း အခိုးဓာတ်ကို အမြဲ ငံ့လင့်လျက် ရှိ၏။ နေ့နှင့်ညကို အချိန်းချက်ထား စောင့်စားတတ်၏။ နေ့ည ရှိ အပူခိုး၊ အအေးခိုးတို့ဖြင့် ထိတွေ့ခွင့် ရလေသောအခါ မိုးနူးမြေကား အဆီတက်လျက်က အညှီဘက်သက်လာ၏။ ထို အခိုးတို့ကိုကား အခံလေ၊ အပြန်လေးများဖြင့် အစုန်အဆန်ထိပါး ကစားပေးလျက် ရှိချေ၏။
- ဥတုမိုးရေ နူးသဖြင့် မြေဆီကား မြူးလာပြီ။
- မြေဆီထွက်သဖြင့်လည်း အညှီကား တက်လာပြီ။
- ပူတစ်လှည့် အေးတစ်လှည့်နှင့် ဥတုခိုးကလည်း ပိုးကပ်ထားပြီးပြီ။
- အပူအား၊ အအေးအားများကိုလည်း လေသော့၍ အဆော့ခိုင်းလိုက်ပြီးပြီ။
ထိုအခါ အညှီကိုမှီလျက်က ဓာတ်ဖို-ဓာတ်မတို့
(က) ကုန်းပိုင်း၌ စပ်ယှက်ကြသော် “ပျ” စသော ပိုးမွှားငယ်လေးများ ထွန်းကားလာ၏။
(ခ) ရေပိုင်း၌ ပေါင်းဖက်မိကြသော်ကား ကျွမ်းထိုးကောင်၊ ပိုးလောက်လန်းကောင်လေးများ ထွန်းကားလာ၏။
ဤကား သတ္တ၀ါတိုင်းတို့၏ လာမြဲလမ်းတည်း။
ထို ပထမအစဘ၀တွင်-
ရုပ်ပိုင်းဆိုင်ရာ အ၀ိဇ္ဇာကို ဥတုသင်္ခါရဖြင့် ပြုပြင်ဖန်တီး၏။ ဥတုသည် ဖန်ဆင်းရှင်တည်း။ ဥတု၏ ဖန်ဆင်းခြင်းကြောင့် ရုပ်ခန္ဓာသည် ပီပြင်လာရ၏။ ထို ရုပ်ခန္ဓာလိုက်၍ ထိမူကိုသာ သိတတ်သေးသော အထဲသိ ၀ိညာဉ်သည်လည်း စက်နိုးရာမှ ပေါ်ဓထွက်လာသော စက်သံ မြည်ဟီးမူပမာ ပေါ်ထွက်လာရ၏။
(၁) ထိုအခါ ရုပ်နာမ်စုံဘ၀၊ အသားကျလာပြီ။
(၂) အတွင်းဓာတ်(အကြည်ဓာတ်ခံ) မှန်ပြင်များလည်း ပေါ်လာပြီ။
(၃) အပြင် အတွေ့အထိတို့၏ ရှေ့ပြေးလိုင်းရိပ်များကိုလည်း ဖမ်စပြုလာပြီ။ ထိုစဉ် ပြင်ပအတွေ့အထိတို့က မိမိရုပ်ဓာတ်နှင့် ဟပ်မိလာလျှင် ကြိုက်စိတ် ၀င်လာတော့၏။ ၎င်းအတွေ့ကို တစ်ကြိမ်ကား ကောင်း မကောင်း၊ မသိသေး၊ စုံစမ်းဆဲ။ နှစ်ကြိမ်ကား ရိပ်မိလာပြီ။ ငံ့မျှော်တတ်လာပြီ၊ သုံးကြိမ်မှအထက် တွေ့ဖန်ထိဖန်များလာချေသော်ကား မတွေ့ထိရ မနေနိုင်လောက်အောင် ဆုံးဖြတ်ချက် ပေါ်ထွက်လာချေပြီ။ သို့သော် ဘာအကြောင်းကြောင့် ကြိုက်ရပါသည်ကိုမူကား အလျဉ်း မသိရှာချေပြီ၊ ဘယ်လိုကောင်းသည် ဆိုးသည်ကား ဝေလာဝေးသေးသည်။ သူ၌ ခံစားမိရာမှ တပ်မက်စွဲလန်းခြင်း ဆိုသောအရာမှတစ်ပါး အခြား မသိပြီ။ အထဲသိတွင်းသို့ အစွဲသိသည်ကား စတင် ချဉ်းနင်းမိသွားပြီ။
ဤကာ မသိခြင်းမှ မွေးဖွားပေးလိုက်သော ကြိုက်စိတ်တည်း။
မုန်းစိတ် ခေါ် မကြိုက်မနှစ်သက်ခြင်း မကျေချမ်းခြင်းတို့သည်ကား…
(က) မိမိကြိုက်ပစ္စည်း မရရာမှလည်း ထပေါ်တတ်လှချေသည်။
(ခ) မိမိကြိုက်ပစ္စည်း လက်လွှတ်ဆုံးရူံးရာမှလည်း ပေါက်ဖွားလာတတ်လှချေသည်။
(ဂ) မိမိဓာတ်နှင့် မဟပ်မိသော ပစ္စည်းမျိုးကို ရရာမှလည်း ထလာတတ်သေးသည်။
ထိုတွင် ကြိုက်ပစ္စည်း မရရာအခါ၊ မကြိုက်ပစ္စည်း ရလာရာအခါမျိုးများ၌ မကြိုက်မနှစ်သက်မိခြင်းနှင့် မကျေချမ်းခြင်းများ ဖွားမြင်ပေးတတ်ပြီး မိမိကြိုက်ပစ္စည်း လက်တွင်းမိမှ လက်လွှတ်လိုက်ရလေသော အခါမျိုးတွင်ကား မုန်းတီးခြင်းဟူသော အာဃာတစွဲအထိ စွဲငြိသွားချေပြီ၊ အကြိုက်မှ အမုန်းသား ဖွားမြင်ပေခြင်းတည်း။
ဤကား ကြိုက်စိတ်မှ မွေးဖွားပေးလိုက်သော မုန်းစိတ်တည်း။ ထိုသုံးမျိုးတို့မှ ဆင်းသက်လာသော အဆက်နွယ်တို့သည်ကား -
(က) မိမိကိုယ်ကို အထင်ကြီးရာမှ မြတ်နိုးလာပြီး သူတစ်ပါးနှင့် ဖက်ပြိုင်ခြင်း မာန။
(ခ)၀တ္ထုအာရုံအပေါ် အထင်ကြီးရာမှ မြတ်နိုးလာပြီး ယှဉ်ပြိုင်လုယက်ခြင်းမာန။ ဓာတ်လေစုံ ဖိုမတစ်တွဲ၊ တစ်ဖန် အအေးခိုး၊ အပူခိုး၊ ဖိုမတစ်တွဲတို့က ဖန်ဆင်းပေးသဖြင့် ပေါက်ဖွားလာရပါလေသော ဤ ကိုယ်ကို ငါ့ကိုယ်ဟူ၍ အယူသည်းမူ ဒိဋ္ဌိစသည် မသိရာမှ အမှားဖြစ် - ထိုအမှားဖြစ်ကို အမှားညှစ်သဖြင့် ညစ်ပတ်ပေကျံမူများ ဖြစ်ပွားစေတတ်ရာ၏ အယုတ်တရားအားလုံးတို့သည်ပင်တည်း။
(က) ထိုအားလုံးတို့သည် မသိမူနှင့် မကင်းစဉ် သေသေချာချာကြည့်လေ သူ့အဖွားရုပ်နှင့် တူလေပင်။
(ခ) ထိုအားလုံးတို့သည် လိုချင်မူနှင့်လည်း မကင်းစဉ်။ စေ့စေ့စပ်စပ် ကြည့်တတ်လေလေ သူ့အမေရုပ်နှင့် တစ်ထေရာတည်း ဖြစ်လေပင်။
ထိုကို ထောက်၍ မသိ၍ လိုချင်မူသည် ရေသောက်မြစ်ဆိုသည်ကို လက်ခံသင့်ပြီ။ ယနေ့ လူ့ရင့်မကြီးအဆင့်ရှိ သင့်၏စိတ်ကို အကဲခတ်ကြည့် သိနိုင်လောက်ပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည် ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment