ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 9 December 2012

သေမူကြုံရ-ဤရူပ

“သဗ္ဗံဇီဝိတံ မရဏ ပရိယောသာနံ” “၀ိညာဏ်တင်း လင်းသက်ရှည်ခြင်း သေတွင်းနောက်ဆုံး ရှိချေ၏” ဟူသော အတိုင်း ဤဘ၀ဇာတိ ဖြစ်ပေးသမျှသည် မရဏဟူသော သေခြင်းဖြင့် နိဂုံးချုပ် ရုပ်သိမ်းလေသည်။ သေခြင်းသဘော ဟူသည်..
.
“ကတမဉ္စ ဘိက္ခဝေ မရဏံ၊ ယံ တေသံ တေသံ သတ္တာနံ တမှာတမှာ သတ္တနိကာယာ စုတိ, စ၀နတာ, ဘေဒေါ, အန္တရဓာနံ, မစ္စု, မရဏံ, ကာလကိရယာ, ခန္တာနံ ဘေဒေါ, ကဠေ၀ရဿ နိက္ခေပေါ ဇီဝိတိန္ဒြိ ယဿုပစ္ဆေဒေါ၊ အယံဝုစ္စတိမရဏံ”

(ပဋိစ္စသမုပ္ပါဒ် ၀ိဘင်းပါဠိတော်)။


“ချစ်သားတို့... သေခြင်းသဘောသည် အဘယ်နည်း၊ ထိုထိုသို့သော သတ္တ၀ါတို့၏ ၎င်းတို့၏ ဖြစ်ရာဇာတိ ရသောတည်နေရာဘ၀မှ ရွေ့လျားသွားခြင်းသည် လည်းကောင်း၊ ရွေ့လျားသော အခြင်းအရာသည် လည်းကောင်း၊ ပျက်ခြင်းသည် လည်းကောင်း၊ ကွယ်ခြင်းသည် လည်းကောင်း၊ အသက်ကို စွန့်ရခြင်းသည် လည်းကောင်း၊ သေခြင်းသည် လည်းကောင်း၊ ဘ၀မှ ယုတ်ခြင်းသည် လည်းကောင်း၊ ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးတို့၏ ပျက်ခြင်းသည် လည်းကောင်း၊ ခန္ဓာကိုယ် အကောင်ပုပ်ကို စွန့်ပစ်ရခြင်းသည် လည်းကောင်း၊ အသက်ဟု ဆိုကြသော ဇီဝိတိနြေ္ဒ၏ ပြတ်ခြင်းသည် လည်းကောင်း ရှိ၏၊ ချစ်သားတို့... ဤယခု ပြခဲ့သော သဘောတရားကို သေခြင်းမည်၏ဟု ဆိုအပ်၏”

ဤသေခြင်းဟူသော စကားရပ်၌...

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ သံသရာဝဋ်ဒုက္ခမှ အကြွင်းမဲ့ ပြတ်ခြင်းဟု ဆိုအပ်သော “သမုစ္ဆေဒမရဏ”

၂။ ရုပ်နာမ်ဓမ္မသင်္ခါရဟု ဆိုအပ်သော တရားတို့၏ ပျက်ခြင်း ဘင်ခဏဟု ဆိုအပ်သော “ခဏိကမရဏ”

၃။ သစ်ပင်သေ၏၊ သံသေ၏ စသော ခေါ်ဝေါ်သမုတ်အပ်သော “သမ္မုတိ မရဏ”

ဤမရဏ ၃-မျိုးလုံးကို ယခု ပြမည့်အပိုင်းအတွက် လုံးဝ မလိုအပ်၊ လိုအပ်သည်မှာကား ဘ၀တစ်ခုဖြင့် ပိုင်းခြားအပ်သော ဇီဝိတိနြေ္ဒအစဉ်၏ ပြတ်ခြင်း မရဏကိုသာ ဤနေရာ၌ သတိ၏ အာရုံအဖြစ်ဖြင့် လိုအပ်၏။ ရုပ်နာမ်ခန္ဓာရသော သူအား ဤခန္ဓာ၏ သေအံသောအဖြစ်ကိုသတိဖြင့် မြင်စေရာသည်။ သူသတ်ယောက်ျားသည် သတ်အံ့သာငှာ ဓားလက်နက်ကို ကိုင်၍ ဦးခေါင်းကို ဖြတ်အံ့ဟု အစဉ်တစိုက် လိုက်နေသကဲ့သို့ သေခြင်းတရားသည် ရှေးရူကပ်၍ ငါ၏ အနား၌ တည်၏ဟု အမြဲမပြတ် အောက်မေ့အပ်၏။ အဘယ်ကြောင့်ဟူမူ အိုခြင်း, သေခြင်းသည် ပဋိသန္ဓေ (ဇာတိအဖြစ်)နှင့် အတူ ပါလာသောကြောင့် လည်းကောင်း အသက်ကို ဆောင်တတ်သောကြောင့် လည်းကောင်း ဖြစ်၏။ ဥပမာအားဖြင့် - ထင်းစွာပြအံ့။ မိုငုံသည် ထိပ်ဖျားမှာ မြေမူန့်ကို ရွက်ဆောင်၍ ထွက်ပေါ်လာသကဲ့သို့ ထို့အတူ သတ္တ၀ါတို့သည် ဇရာ, မရဏကို ရွက်ဆောင်၍ ဖြစ်ကြကုန်၏။ ဤသို့လျှင် ခဏိက မရဏသည် ဇာတိနှင့် အတူတကွလာ၏။

ပဋိသန္ဓေနေသော သတ္တ၀ါအား ဧကန်မုချအားဖြင့် သေရမည် မှန်သောကြောင့် လိုရင်းဖြစ်သော မရဏသဘောသည်လည်း ဇာတိနှင့်တကွပင် ပါလာသည် မည်၏။ ထို့ကြောင့် ဤသတ္တ၀ါသည် ပဋိသန္ဓေ တည်နေဖြစ်ပေါ်သည်ကစ္စ၍ တက်လာသော နေသည် ၀င်ခြင်သို့ ရှေးရူ၍ သွား၏။ ရောက်ရာ အရပ်မှ အနည်းငယ်မျှ နောက်သို့ မဆုတ်သကဲ့သို့ လည်းကောင်း၊ တောင်ပေါ်မှ စီးဆင်းသောတောင်ကျ ချောင်းရေသည် လျင်သော အဟုန်ဖြင့် မြက်၊ သစ်ခက်၊ သစ်ရွက်တို့ကို ယူဆောင်၍ တစ်ဟုန်တည်း စီးဆင်း၏။ အနည်းငယ်မျှ ဆုတ် နစ်တန့်သွားခြင်း မရှိသကဲ့သို့ လည်းကောင်း ဤအတူ ပဋိသန္ဓေအဖြစ် ယူလာသော သတ္တ၀ါသည် နောက်သို့ တစ်ဖန် ဆုတ်နစ်ခြင်းမရှိတော့ပေ။ သေခြင်းသို့သာလျှင် ရှေးရူသွား၏။ ထိုသေတတ်သော အဖြစ်သည် ငါ့အား မဖြစ်ပါစေနှင့်ဟူ၍ တောင့်တ၍ ရကောင်းသည် မဟုတ်ပေ။

ပဋိသန္ဓေ (ဇာတိအဖြစ်) တည်လာရသော ခန္ဓာကိုယ်သည် သေခြင်းသို့ ရောက်အောင် သွားသည်။ သေခြင်းသို့ ရောက်သော် ဘာမျှပြုစရာ, လုပ်စရာ မရှိတော့ပေ။

“မရဏနံ္တ ဂမိတွာန-ဣမံ ကာယံခိပ္ပိဿန္တိ”

“သေခြင်းအဆုံးသို့ ရောက်လေသော် ဤအသေကောင်ကို သင်္ချိုင်းမှာ သွား၍ ပစ်ရချည် တော့အံ့”

ဟု မြတ်စွာဘုရားသည် သေပြီးကာလတွင် ဘာမျှ အသုံးကျသည် မဟုတ်သောကြောင့် သွား၍ ပစ်ရမည်ကို သတိပေးဟောကြားလျက် ပြု၍လုပ်၍ရသော မသေမီကာလတွင်သာ မိမိအတွက် ပြုလုပ်ထားအပ်ကြောင်း၊ သေပြီးမှ ငိုယိုနေ၍ သောက ပရိဒေ၀ စသော အပူမီး ကိလေသာတို့သာ တိုးပွားလာနိုင်ကြောင်း ဟောတော်မူသည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်ဟု ပြောဆို ခံယူထားသော သူတို့ကား ဘုရားအလိုတော်နှင့် ဆန့်ကျင်၍ သေပြီးမှ အကြီး အကျယ်ချဲ့၍ ပြုလုပ်နေကြကြောင်း...။

သေသော ကိစ္စသည် သံသရာပင် မပြတ်သော်လည်း ယခု ဘ၀အနေနှင့်ကား လုံးဝ အဆက်ပြတ်သွားပြီ ဖြစ်လေသည်။ သေသူ၏ မသေမီက သူပြုထားသော ကံကိုသာ အားကိုး အားထားပြု၍ ထိုကံလမ်းညွှန်မူကို ခံယူကာ ဘ၀တစ်ခုခု၊ အဖြစ်တစ်ခုခုသို့ သွားနေရလေသည်။ ဝေမာနိကပြိတ္တာမျိုး ဖြစ်မှသာလျှင် သေသူကို ရည်မှတ်၍ လှူက အကျိုးရတန့် သရွေ့ရတတ်လေသည်။ သို့ရာတွင် ၎င်းကို ရည်ရွယ်၍ လှူတိုင်းရပါသည်ဟုဆိုရန် အတော်ပင် ခက်သည်။

မည်သို့ဆိုစေ သေပြီးသောသူအား မသေမီကသာလျှင် မိမိအတွက် ပြုဖွယ်၊ လုပ်ဖွယ်၊ ဆောင်ရွက်ဖွယ် ကိစ္စတို့ကို စိတ်ချရလောက်အောင် ပြုလုပ်ထားထိုက်လှပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် မအိုမီ၊ မနာမီ၊ မသေမီ ကာလက မိမိအကျိုးစီးပွားကို အလိုရှိသော သူတို့သည် ပြုလုပ်အပ်သော မိမိ၏ သံသရာ ဘ၀တွက် မိမိကိုယ်နှင့်သာ မိမိရင်းနှီး၍ စိတ်ချလက်ချ ပြုလုပ် သင့်ကြောင်း ဟောတော်မူလေသည်။

ကျန်ရစ်သူတို့ကလည်း သေတတ် ပျက်တတ်သော ခန္ဓာကိုယ်မျိုးဟု အမှန်သိရန်လိုသည်။ သေသူကို ရက်ရှည်ထား၍ အကျိုးမရှိကြောင်း၊ အချိန်ရလျှင် ချက်ချင်းပင် သုဿာန်ပို့ရန် အရေးကြီးကြောင်း၊ အလောင်းကို တာရှည်ထားသဖြင့် မိမိတို့မှသာ အလုပ်ပျက်၊ ငွေကုန်၊ လူပန်း၊ အပူအလောင်သာ တိုး၍ လာကြောင်းသိကြရာသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

















No comments:

Post a Comment