သတ္တ၀ါတို့၏ အစ ဖြစ်ရာဘ၀သည် မိဘမဲ့သံသေဒဇ (အညှိမှာစွဲ၍ ဖြစ်လာကြရသော) ဘ၀မျိုးမျှဖြစ်ရာ သက်တမ်းတိုးဘ၀မျှသာတည်း၊ ကုန်းပိုင်းဖွားများသည် လည်းကောင်း၊ ရေပိုင်းဖွားများသည် လည်းကောင်း၊ ဥတုမှဖွား၊ ဥတုဇသတ္တ၀ါများချည်း ဖြစ်ကြရာ အလွန်ဆုံး မိုးတစ်ဥတုသာ အသက်ရှည်၏။
ထို မိုးတစ်ဥတုအတွင်း ခံစားမူအဖုံဖုံး ဖြစ်ပျက်ပုံအခင်းခင်းများတို့သည် နိုင်ရာစားခံစားနည်း၊ အခံစားခံရခြင်း နှစ်မျိုးရှိရာ အစွဲသည်လည်း ကျေနပ်ခြင်းနှင့် မကျေနပ်ခြင်းဟူ၍ နှစ်မျိုးတို့သာ ရှိချေရာ၏။
ထိုနှစ်မျိုးကလည်း မသိသော ကျေနပ်ခြင်းနှင့် မသိသောမကျေနပ်ခြင်းများချည်းသာ ဖြစ်ကြရာ မသိခြင်းကား တူညီနေကြ၏။ ထိုမသိမူသည် တိရစ္ဆာန်ဘ၀ကိုပင် ထပ်မံ အကျိုးပေးပေလိမ့်မည်မုချတည်း။
“မောဟော မုယှနသဘာဝတော
ယျေဘုယျန တိရစ္ဆာနဂတာယံ ဂစ္ဆန္တိ”၊ မဟုတ်လော။
“မောဟော မုယှနသဘာဝတော
ယျေဘုယျန တိရစ္ဆာနဂတာယံ ဂစ္ဆန္တိ”၊ မဟုတ်လော။
မသိမူသည် တွေဝေမိန်းမော မသိစိတ် ထူပြောသော သဘောမျှသာ ဖြစ်သဖြင့် တိရစ္ဆာန်ဘုံအပို့ အများဆုံးဟူ၏။
ကုန်းပိုင်း၏ အစာကိုစားသုံးလျက်က သေသော ပိုးသတ္တ၀ါသည် ထိုကုန်ပိုင်း၌ပင် တိရစ္ဆာန်ဘ၀ ထပ်မံ၍ ရချေသည်။
တစ်ဖန် ကုန်းပိုင်းသတ္တ၀ါအချင်းချင်း ၀ါးမျိုခြင်းခံရရှာလေသူ ပိုးသတ္တ၀ါသည်လည်း ထို ၀ါးမျိုးသူကို စွဲသေက ထိုဘ၀အတိုင်း ချွတ်စွပ်ရပြီး အခြား စွဲသေက ထို ၀ါးမျိုးသူအား နိုင်ရာစားဘ၀ကိုသော်လည်းကောင်း၊ ထိုနှင့် လွတ်ကင်းရာဘ၀မျိုးကိုသော်လည်းကောင်း ထိုကုန်းပိုင်း၌ပင်လျှင် ဒုတိယတစ်ဘ၀သို့ တစ်ကြော့ထပ်၍ ပြန်ရပေလိမ့်ဦးမည်။ သည့်အတူ ရေပိုင်းအစာ စားသုံးလျက်က သေသော ရေပိုးသတ္တ၀ါသည် လည်းကောင်း၊ ရေသားအချင်းချင်း ၀ါးမျိုခြင်း ခံရရှာလေသူ ရေပိုးသတ္တ၀ါတို့သည်လည်းကောင်း၊ တစ်ဖန် ရေပိုးမှ ကုန်းပိုးသို့ ကုန်းပိုးမှသည် ရေပိုးသို့ ၀ါးမျိုခြင်း ခံရရှာလေသူ ပိုးသတ္တ၀ါတို့သည်လည်းကောင်း ခဲရာအစွဲ ပါပြီး စွဲရာခန္ဓာ ပေါ်ပေလိမ့်ဦးမည်။
ထို ဒုတိယဘ၀ကား မသိခြင်း စိတ်ပိုင်းဆိုင်ရာကို အကြောင်းခံ ကံတရား၏ စီမံရာအတိုင်း ရောက်ကြရချေသည်။ မိဘများလည်း ကံတူဆုံက ကြုံပေဦးတော့မည်။
ကံကြောင့်ဖြစ်သော ရုပ်သည် ဥတုကြောင့်ဖြစ်သော ရုပ်ထက် အစွဲကြီး၏။ အတွေ့စုံ အကုန်လိုက်၍ နိုက်တော့မည်သာ ဖြစ်၏။ ထိုအခါ ခံစားမူအားကြီးလာမည်။ ခံစားမူလိုက်၍ တဏှာစုံ အကုန်ဝင်လာမည်။ တဏှာစုံလျှင် အစွဲလည်း စုံပြီ။ ထို တဏှာစွဲဖြင့် ပြုသော ကံမှန်သမျှ ကောင်းကံကား မဟုတ်တတ်ပြီ။ သတ္တ၀ါတိုင်း မသိစွဲကြိုက်စွဲများဖြင့် မကောင်းကံများကိုချည်းသာ ထပ်ဆင့်တလဲ အပွဲပွဲနွှဲခဲ့ချေရာ စိတ်သည် မကောင်းမူ၌သာ မွေ့လျော်တော့မည်မှာ သေချာသွားပြီ။ ထို မကောင်းမူသည်ကား စိတ်ကို ထိန်းကျောင်းပေးခဲ့သော အထိန်းတော်တည်း။
(က) မကောင်းနောက် အကြိုက်လိုက်နိုက်သော်လည်းကောင်း ထိုအကြိုက်နောက်သို့ မသိထပ်လိုက်ချေသော်လည်းကောင်း မိုက်ပြီ၊ အမိုက်ကြီးသော် မှောင်၊ မှောင်လွန်က မည်း၊ ထိုအခါ ဘာမျှ မသည်းကွဲတော့ပြီ မဟုတ်လော။
(ခ) မကောင်းနောက်သို့ အမုန်းတိုက်ခိုက်သော်လည်းကောင်း ထို တိုက်ခိုက်ရာ နောက်သို့လည်း မသိစိတ် စိုးမိုလာချေသော်လည်းကောင်း မိုက်ပြီး၊ အမိုက်ကြီး သော် မှောင်၊ မှောင်လွန်းက မည်း၊ ထိုအခါ ဘာဆိုဘာမျှ မသဲကွဲတော့ပြီ မဟုတ်လော။
ထိုတွင် မကောင်းမူ၌ ပျော်မွေ့တတ်သောစိတ်သည် မကောင်းအာရုံ၌ပင် ခင်တတ်၏။ ထိုအာရုံရှင်၏ ကိုယ်ထည်ဖြစ်သော ၀တ္ထုကို ယှဉ်တွဲခွင့်ရလျှင်ကား အကြိုက်သွန်၍ မွှန်လာတတ်၏။ ကြိုက်လွန်၍ မွှန်လာလျှင်ကား သည်အရာမှတစ်ပါး ဘာဆိုဘာမျှ မသိတတ်တော့ပြီ။ ရှေ့မမြင် နောက်မမြင် ဖြစ်လာပြီ၊ ထိုစိတ်ဖြင့် ကြာကြာတွေးလေ အမြင်ဝေးလေ ပင်တည်း။
ထိုစကား ရည်းစားနာ ကျခါစ ကာလသားသမီးများကြည့်၊ သိနိုင်၏။
ထိုစကား အရက်အစွဲကြီး ယစ်ထုပ်ကြီးများမေးကြည့် သိနိုင်၏။ ဤ၌ မသိသဖြင့် အလိုကြီး၊ အလိုကြီးသဖြင့် မသိမူကလည်း ဖိစီးခြင်းသည် နိယာမပင်၊ သည့်အတူ မသိသဖြင့် အမျက်ကြီး အမျက်ကြီးသဖြင့် မသိမူက ပြန်လည်ဖိစီးခံရခြင်းသည်လည်း နိယာမခေါ် အစဉ်လာတစ်ခုပင် ဖြစ်ချေသည်။
သို့ကြောင့် တဏှာနှင့် မသိမူကိုအကြောင်းခံ၍ ပြုကျင့်မိသော ထို ကံဆိုးရှင်၊ (ဒုတိယမြောက်ဘ၀ရောက်သော) တိရစ္ဆာန်ကောင်သည် ပထမဘ၀ကထက် အမိုက်ပိုကြီးလာတော့မည်။ ကောင်းစား ပြီးရောနှင့် နိုင်ရာစားအကျင့်တို့ကိုသာ ကျင့်လာတော့မည်။ သို့ဆိုသော် တတိယဘ၀၊ ကံအကျိုးပေးကား မည်သို့ရှိမည်နည်း။
ဤနည်းဖြင့် တိရစ္ဆာန်သည် တိရစ္ဆာန်မျိုးစေ့များကိုသာ စုဆောင်းပြီး ယင်း တိရစ္ဆာန်ဘ၀မှာချည်း ထပ်ချည်းတလဲ ဘ၀များစွာ ကျင်လည်ရပေဦးမည်။ ဤသို့ လည်ပတ်ရစဉ်အတွင်းလည်း မကောင်းကံနှင့် မကောင်းစိတ်များချည်းသာ မွေမြူပေးလိမ့်ဦးမည်၊ သူနိုင်သူစား၊ ကိုယ်နိုင်ကိုယ်စား အလေ့အထများ ထွန်းကားပေလိမ့်မည်။
(က) ဥတုဆောင်ဘ၀ ပိုးမွှားခေတ်ကလည်း ထိုကံများအတွင်း မရေတွက်နိုင်ရာပြီ။
(ခ) ကံဆောင်ဘ၀၊ တိရစ္ဆာန်အငယ်စားခေတ်ကလည်း ထိုကံများအတွင်း မရေတွက်နိုင်ရာပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည် ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment