ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းရာပန်းတိုင်သည်ကား သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ၊ တူညီသည်မှာကား နိဗ္ဗာန်သို့ ရောက်ရှိရေးပင်ဖြစ်သည်။ နိဗ္ဗာန်သို့ရောက်ရှိရန်အတွက် အချို့သောတရားဟော၊ တရားပြဆရာအပေါင်းနှင့် သံဃာတော်အရှင်သူမြတ်များက ၄င်းတို့ဖတ်မှတ် သိကျင့် တက်ထားသမျှ တရားတို့အား လူအများ သိရှိနားလည်ရန်အတွက် မေတ္တာကရုဏာရှေ့ထားပြီး စေတနာထားကာ ဟောပြနေသော်လည်း အချို့ပုထုဇဉ်တို့အဖို့ ဥာဏ်မမီနိုင်သဖြင့် နားလည်သဘောပေါက်ရန်မှာ မလွယ်ကူလှပေ။ နိဗ္ဗာန်ကိုမမြင်ဘူး၊ မတွေ့လည်းမတွေ့ဖူး၊ မမြင်ဖူးမတွေ့ဖူးမှတော့၊ ဘယ်လိုဟာကြီးလဲ၊ရှိကောရှိရဲ့လား၊ ဘယ်လိုနားလည်ရမလဲ၊ အတွေးများစွာဖြင့်ဟုတ်မှဟုတ်ပါ့မလား၊ ရှိကောရှိရဲ့လားစသည်ဖြင့် ယုံမှားသံသယစိတ်များလာပြီး ယုံကြည်စိတ် {သဒ္ဓါတရား} လျော့နည်းလာခဲ့ရပါတယ်။
တကယ်တော့ ကိုယ်တိုင်မြင်ဖူးခြင်းမရှိ၊ ရောက်ဖူးခြင်းမရှိ၊ တွေ့ဖူးခြင်းမရှိပါဘဲနှင့်မြင်တယ်၊ တွေ့တယ်၊ ရာက်တယ်လို့ ယုံကြည်ခဲ့ရသော အရာတွေမရှိဘူးလား။ လူသားအားလုံးသည် မမြင်ဖူး၊မတွေ့ဖူး၊ မရောက်ဖူးပါလျက်နှင့် ယုံကြည်နေရသော အရာများရှိနေသည်မှာ မလွဲပါပေ။ ဘာကြောင့်ယုံကြည်ရပါသလဲ၊ မြင်ဖူးလို့လည်းယုံကြည်ရ၏ အများကလက်ခံလို့လည်း ယုံကြည်ရ၏၊ ယုံကြည်ထိုက်လို့လည်းယုံကြည်ရ၏၊ အဲဒီလိုနဲ့ ယုံကြည်နေခဲ့ရခြင်းသာ ဖြစ်ပါတယ်။ မမြင်ဖူး၊ မတွေ့ဖူး၊ မရောက်ဖူးပါလျက်နှင့် မြင်ဖူးသလို၊ ရောက်ဖူးသလို၊ တွေ့ဖူးသလို ယုံကြည်တာဟာ ယုံကြည်မှုဟူသော သဒ္ဓါတရားကြောင့်ဖြစ်ပြီး ယုံကြည်မှုကို နည်းနည်းလေးယုံကြည်မှုက စတင်ခါ နည်းနည်းလေ့လာပါက နည်းနည်းယုံကြည်လာပြီး လေ့လာလေလေ၊ ယုံကြည်စရာပိုတွေ့လေ၊ ပိုများလေဖြစ်လာပြီး၊ ယုံကြည်စရာပိုတွေ့လေ၊ ပိုလေ့လာချင်လေဖြစ်ခါ၊ တဖြည်းဖြည်းနှင့် ယုံကြည်မှုပြည့်ဝသော၊ သဒ္ဓါတရားကောင်းသူ ဖြစ်လာပါသည်၊ အနည်းငယ်သိသူလည်း၊ ၄င်းတွင်သိစရာ အနည်းငယ်မျှသာ ကျန်သေးသည်ဟုထင်၏။ အတော်အတန်သိသူကလည်း၎င်း တွင်အတော်အတန်သိစရာ ကျန်သေးသည်ဟုထင်၏၊ များများသိသူမှာကား၎င်းတွင်သိစရာ၊ လေ့လာစရာများများ ကျန်သေးသည်ဟု မှတ်ယူကြပေသည်။
သို့ဖြစ်ပါ၍ အားကိုးအားထားရာအဖြစ် ကိုးကွယ်ဆည်းကပ်မှုတွင် ယုံကြည်စိတ်{သဒ္ဓါတရား}သည် အခြေခံအကျဆုံးနှင့် အရေးပါဆုံးဖြစ်ပြီး၊ ယုံကြည်စိတ်{သဒ္ဓါတရား} ခြေတလှမ်းဖြင့်စတင်ပါက၊ ယုံကြည်စိတ်ခြေလှမ်းများစွာဖြင့် မိမိရောက်ရှိလိုသော ပန်းတိုင်ကို အမှန်တကယ် ရောက်ရှိနိုင်မှာဖြစ်ပေသည်။
ကျွန်ုပ်တို့သဘောပေါက်နားလည်ထားကြတာက နိဗ္ဗာန်ရောက်အောင်၊ ၀ိပဿနာတရားပွားများ အားထုတ်ရမယ်၊ အဲဒီလိုအားထုတ်တဲ့အခါမှာ၊ ဓမ္မတွေရဲ့ဖြစ်ခြင်း၊ ပျက်ခြင်းတွေကိုမြင်အောင် ရှုမှတ်ရမယ်၊ ဖြစ်ပျက်တွေမြင်အောင်၊ ဖြစ်ပျက်တွေ မုန်းအောင်၊ ဖြစ်ပျက်တွေကုန်အောင်၊ ဆုံးအောင်၊ ချုပ်အောင်ရှုမှတ်၊ အဲဒီဖြစ်ပျက်ကုန်တဲ့နေရာ၊ ချုပ်တဲ့နေရာဟာ၊ ဖြစ်ပျက်မရှိရာ၊ နိဗ္ဗာန်ဘဲလို့ နားလည်ယုံကြည်ထားပါတယ်။
တကယ်တော့ အဲဒီလိုဖြစ်ပျက်တွေမရှိရာ၊ ကုန်ရာ၊ ချုပ်ရာနိဗ္ဗာန်သို့ရောက်ရန်အတွက် ကြားမှာအဆင့်ပေါင်းများစွာရှိနေလို့၊ တဆင့်ပြီးမှတဆင့် တက်ရောက်နိုင်ရေးအတွက် ကြိုးပမ်းသင့်ကြောင်း တင်ပြလိုပါတယ်၊ သာမန်ပုထုဇဉ်တွေအနေနဲ့ကတော့ အဆင့်တွေကျော်တက်ဖို့ မဖြစ်နိုင်ပါဘူး။ (ယုံကြည်ကျန်မာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဥာဏ်မြင်၊ ဤငါးအင်အမှန်ပင်မဂ်ရကြောင်း) ဟူသောဆောင်ပုဒ်ကို မိုးကုတ်ဆရာတော်ဘုရားကြီးက ညွှန်ပြထားပါတယ်။ ပဓာနိယင်္ဂတရား(၅)ပါး လို့လည်း ခေါ်ပါတယ်၊ ပဓာနိယင်္ဂတရားငါးပါးဆိုတာ တရားအားထုတ်သူရဲ့ အင်္ဂါရပ်ငါးပါးဖြစ်ပါတယ်၊ အဲဒီငါးပါးပြည့်စုံမှ တရားရနိုင်ပါမယ်၊ မိမိမှာဘယ်လို အချက်လိုနေလည်းဆိုတာ ချင့်ချိန်ဖြည့်ဆည်းနိုင်အောင်လို့ တင်ပြလိုက်ရပါတယ်…..။
(၁) ဘုရား၊တရား၊သံဃာအပေါ်ယုံကြည်သောသဒ္ဒါတရားရှိရမယ်။
(၂) ကျန်းမာသူလည်းဖြစ်ရမယ်။
(၃) စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမယ်။
(၄) ဇွဲသန်ကြိုးစားအားထုတ်သူလည်းဖြစ်ရမယ်။
(၅) ဥာဏ်စွမ်းဥာဏ်စလည်းရှိရမယ်၊ထိုသို့အင်္ဂါငါးပါးနှင့်ပြည့်စုံသူဖြစ်ပါကမကြာမီတွင် တရားထူးရနိုင်၏။
အဲဒီပဓာနိယင်္ဂတရားငါးပါးထဲက နံပါတ်တစ်အင်္ဂါဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာအပေါ် ယုံကြည်စိတ်…{သဒ္ဒါတရား}ဟာအလွန်ဘဲအရေးကြီးပါတယ်…….။(ဆက်လက်တင်ပြပါဦးမည်)
(ဦးတင်ဟန်၊ရှမ်းတဲကြီး)မှတဆင့်ကူးယူဝေငှ ဒါနပြုပါသည်။ [၀ိဇ္ဇာစရဏသမ္ပန္နော]
No comments:
Post a Comment