ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 15 December 2012

ဟုတ်တိုင်းမှန်စွာ - ဉာဏ်နှင့်ရှာ

(၂၄)
ပါဠိတော်
“ယေဟိကေစိ ဘိက္ခဝေ သမဏာဝါ ဗြာဟ္မဏာဝါ ဧ၀ံ ဝေဒနာနံ အဿာဒဉ္စ အဿာဒတော။ လ။ ယထာပဋိပန္နော ဝေဒနံ ပရိဇာနိဿတီတိဌာန - မေတံ ၀ိဇ္ဇတိ”

မြန်မာပြန်

“ရဟန်းတို့… ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို အကြင်ပုဂ္ဂိုလ်သည် ခံစားမူတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်မှန်သောအတိုင်း ခွဲခြား၍ မသိကုန်၊ ထိုသူတို့အား စင်စစ်ကိုယ်တိုင်သော်လည်း ခံစားမူတို့ကို ပိုင်ခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း ခံစားမူတို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်တရားတို့ကို ဆောက်တည် စေကြလိမ့်မည် ဟူသော အကြောင်းလည်း မရှိနိုင်သည်သာတည်း”


“ရဟန်းတို့… ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို အကြင်ပုဂ္ဂိုလ်သည် ဤသို့ ခံစားမူတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့်၊ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်မှန်သောအတိုင်း ခွဲခြား၍ သိကုန်၏။ ထိုသူတို့အား စင်စစ်ကိုယ်တိုင်သော်လည်း ခံစားမူတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း ခံစားမူတို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်တရားတို့ကို ဆောက်တည်စေကြလိမ့်မည် ဟူသော အကြောင်းသည် ရှိသည်သာတည်း”

အဓိပ္ပာယ်ရှင်လင်းချက်

ကာမဂုဏ်နှင့် အဆင်းရုပ်တို့၏ သာယူဖွယ် အပြစ်ထွက်မြောက်ရာ တရားတို့ကို ကိုယ်တိုင်လည်း ယထာဘူတကျနစွာ အားထုတ်၍ မထားသူတို့၏ ပြောမူ ဟောမူသည် အမှန်သိမဟုတ်၊ ကိုယ်တိုင်မသိ မဟုတ်သကဲ့သို့ ခံစားမူတရားတို့ကိုလည်း သာယာဖွယ်ကိုလည်း သာယာဖွယ်ဟု၊ အပြစ်ကိုလည်း အပြစ်ဟု၊ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟု ကိုယ်တိုင်ကိုယ်ကျ လေ့လာ ဆည်းပူးထားသူ မဟုတ်သဖြင့် ဟုတ်မှန်စွာ မသိကုန်။ ယင်းသို့ မိမိတို့ကိုယ်တိုင် မလေ့လာ အားမထုတ်သဖြင့် ဟုတ်မှန်စွာ မသိသော သူတို့က သူတစ်ပါးတို့ကို သိအောင် ဟောပြော သင်ကြား ဆောက်တည်လိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်, မဖြစ်နိုင်ဟု အတိအလင်းပင် မြတ်စွာဘုရား ဟောကြားထားသည်။ ထိုစကား မှန်၏။

“မယာ ၀ိနာ အနုဿဝါဒီဟိ အတ္တ, ပစ္စက္ခတော ဉတွာဝ အယံမဂ္ဂေါ အက္ခတော”

(ဓမ္မပဒ ဌကထာ - ၂၅၄)။

“မယာ၊ ငါဘုရားသည်။ အနုဿဝါဒီဟိ၊ ကြားဖူးနားဝ ပြောသံကြားနှင့် အဟုတ်အမှန်ဟု လုပ်ကြံခြင်း စသည်တို့ကို။ ၀ိနာ၊ ကြဉ်ဖယ် ရှောင်ရှား ဝေးစွာထား၍။ အတ္တပစ္စက္ခတော၊ ကိုယ်တိုင် ဒိဋ္ဌလက်တွေ့ကျကျ၊ ဉ တွာဝ၊ သိမြင်ပြီးမှသာလျှင်။ အယံမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါး အကျင့်တရားကို။ အက္ခာတော၊ ဟောကြားအပ်၏”

မြတ်စွာဘုရားသည် လက်တွေ့သမား ဖြစ်၏၊ လူပြောသူပြော မိရိုးဖလာ အစဉ်အဆက်စသော လက်တွေ့မကျသော ကိစ္စများကို မနှစ်သက်၊ တွန်းလှန်၏။ ပယ်မြစ်၏။ အင်္ဂုတ္တရပါဠိတော် ကေသမုတ္တိသုတ်လာ ကထာဆယ်ပါးကို လေ့လာကြည့်လျှင် မြတ်စွာဘုရား၏ သာသနာတော် တစ်ရက်လုံးကို ချိန်ထိုးကြည့်နိုင်၏။ အခြားသူတို့၏ ကိုယ်တိုင်ကိုယ်ကျ မဟုတ်သော ရမ်း၍ ယုံကြည်မူကိုလည်း အပြစ်တင်၏။ လေ့လာဝေဖန်နိုင်သူတို့အတွက် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမသည် အကောင်းဆုံးဖြစ်၏။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ်ဖော်ပြပေးထားပါသည်။







No comments:

Post a Comment