သာဝတ္ထိမြို့တွင် ပတ္တမြား၊ ကျောက်၊ ရွဲတို့ကို ဖောက်ထွင်းသော ရွဲထွင်းသမားတစ်ဦး ရှိလေသည်။ ထိုအိမ်တွင် တိဿ အမည်ရှိသော ရဟန္တာတစ်ပါးအား ရွဲထွင်းသမား၏ မယားသည် မိဘအရာမှာ ထား၍ ကိုးကွယ် ဆည်းကပ်လာသည်မှာ ၁၂-နှစ် ရှိလေပြီ။ တစ်နေ့သောအခါတွင် မထေရ်လည်း ဆွမ်းဘုဉ်းပေးရန် ရောက်ရှိလာသည်။ ရွဲထွင်းသမားလည်း ဈေးမှ အမဲသားဝယ်လာ၍ ဟင်းချက်ရန် ကိုင်နေသည်။
ထိုအချိန်တွင် ကောသလမင်းကြီး၏ အမူထမ်းတို့ ရောက်လာကာ မင်းကြီး၏ အမိန့်အရ ပတ္တမြားတစ်လုံးကို ပေး၍ ထိုရော ဤနေရာတို့၌ ကြိုးတပ်ရန် အပေါက်ဖောက်ပေးဖို့ ပြလေသည်။ အပေါက်ဖောက်ပြီးက အမြန်လာပို့ရန်ပါ မှာကြားလေသည်။ ရွဲထွင်းသမားလည်း အမဲသားမှ သွေးပေသောလက်နှင့် ကိုင်ကြည့်ပြီး အမူထမ်းတို့ ပြန်သွားမှ အလုပ်ကိရိယာထည့်ထားသော သေတ္တာပေါ်၌ တင်ထားခဲ့၍ လက်ဆေးရန် မီးဖိုသို့ ပြန်ဝင်သွားလေသည်။
ထိုအိမ်တွင်လည်း ကြိုးကြာငှက်တစ်ကောင် မွေးထားရာ ထိုကြိုးကြာငှက်သည် သွေးတို့ဖြင့် ပေကျံနေသော ပတ္တမြားကို အနံ့ရ၍ အသားတုံးအထင်နှင့် မထေရ်၏ ရှေ့မှောက်မှာပင် ကောက်ယူ၍ မျိုချလိုက်လေသည်။ ရွဲထွင်းသမားလည်း ထွက်လာ၍ ထွင်းရန် ပတ္တမြားကိုကြည့်ရာ မမြင်သဖြင့်...
“ပတ္တမြားကို ဘယ်သူယူသလဲ”
ဟု မယားနှင့် သားသမီးအားလုံးတို့အား မေးရာ...
“မယူကြပါ”
ဟုအားလုံးက တစ်သံတည်း အဖြေပေးကြသဖြင့်...
“ဒါဖြင့် မထေရ်ပဲ ယူမှာပ”
ဟု ပြောသောအခါ မယားဖြစ်သူက...
“ရှင်ဒီလိုမပြောပါနဲ့၊ မထေရ်ကို ကိုးကွယ်လာသည်မှာ ၁၂-နှစ်ရှိပါပြီ၊ တစ်စုံတစ်ခုသော အပြစ်မှ မထေရ်ကို မတွေ့မိပါ၊ မထေရ်ယူမှာမဟုတ်ပါ”
ဟု မယားက ဆိုလေသော် ရွဲထွင်းသမားသည် မကျေနပ်၍ မထေရ်အား...
“အရှင်ဘုရား - ဤနေရာမှာထားသော ပတ္တမြား ယူပါသလား”
ဟုမေးရာ မထေရ်က...
“မယူပါဘူး ဒကာ”
“အရှင်ဘုရား - ဤနေရာတွင် အခြား မည်သူမျှမရှိ၍ အရှင်ဘုရားယူသည်သာ ဖြစ်ရမည်၊ ပတ္တမြားကိုပေးပါ”
ဟု ဇွတ်တောင်းနေရာတွင် မထေရ်က ၀န်မခံသဖြင့် မယားနှင့် တိုင်ပင်ပြန်သည်။
“မထေရ် ပတ္တမြားယူတာတော့ အမှန်ပင်ဖြစ်သည်၊ နှိပ်စက်၍ မေးမည်”
ဟု ပြောပြန်လေသော် မယားက...
“အရှင် - ငါတို့အား မပျက်စီးပါစေနှင့်၊ ငါတို့ ပတ္တမြားဖိုးပေးဆပ်ရသဖြင့် ကျွန်ဖြစ်ချင် ဖြစ်ပါစေ၊ မထေရ်ကိုတော့ ဤသို့ မညှင်းဆဲပါနှင့်”
ဟု မယားက ပြောသော်လည်း...
“ငါတို့အားလုံး ကျွန်ခံသည့်တိုင်အောင် ဤပတ္တမြားဖိုး မကျေနိုင်”
ဟု ဆိုပြီးလျှင် ကြိုးတစ်ချောင်းကိုယူ၍ မထေရ်၏ ဦးခေါင်းကို ရစ်ပတ်ဖွဲ့ချည်လျက် တုတ်ဖြင့်ရိုက်နှက်လေသည်။ မထေရ်၏ ဦးခေါင်း၊ နား၊ နှာခေါင်းတို့မှ သွေးတို့သည် ယိုစီး၍ ကျလေသည်။ မျက်စိတို့သည် ဖူးဖူးရောင်၍ အပြင်သို့ ထွက်လေသည်။ မထေရ်သည် ဒုက္ခဒဏ်ချက် ပြင်းထန်သည့်အတွက် မြေ၌လဲကျလေသည်။
ကြိုးကြာသည်လည်း သွေးအနံ့ရသဖြင့် ဆင်းလာ၍ မထေရ်မှ ထွက်ကျသော သွေးတို့ကို သောက်လေသည်။ ရွဲထွင်းသမားသည် မထေရ်အား ဒေါသထွက်နေ သဖြင့်...
“နင်က ဘာလာလုပ်သလဲ”
ဟု ခြေဖြင့် ကန်ပစ်လိုက်ရာ တစ်စုံတစ်ရာနှင့် ရိုက်မိ၍ ကြိုးကြာသေလေတော့သည်။ မထေရ်လည်း...
ဟု ဆိုရာ ရွဲထွင်းသမားက...
“ဤကြိုးကြာ သေသလို သင်လည်း သေရမည်”
ဟု ဆိုလေသော် မထေရ်က...
“ပတ္တမြားကို ဤကြိုးကြာ မျိုချလိုက်သည် အကယ်၍ ကြိုးကြာမသေအံ့၊ ငါသည် သေသော်လည်း အသေံခံမည် ငါမပြော”
ဟု ဆိုသောအခါ ကြိုးကြာ၏ ၀မ်းကိုခွဲ၍ ကြည့်လေသော် ပတ္တမြားကို တွေ့လေသဖြင့် ရွဲထွင်းသမားသည် တုန်လူပ်လျက် ကြောက်လန့်သော စိတ်ဖြင့်မထေရ်၏ ခြေရင်း၌ ၀ပ်၍...
“အရှင်ဘုရား - တပည့်တော်သည် မသိသဖြင့် ပြုမိသည်ကို သည်းခံပါဘုရား”
ဟု လျှောက်သောအခါ မထေရ်က...
“ဥပါသက နေ၀ တုယှံ ဒေါသောအတ္ထိ၊ နမယှံ ၀ဋ္ဋေဿ ဝေသဒေါသော ခမာမိတေ”
“ဒကာ-သင့်အပြစ်လည်းမဟုတ်၊ ငါ့အပြစ်လည်းမဟုတ်၊ ဤအပြစ်၏ အရင်းခံသည် ၀ိပါက၀ဋ် ရုပ်နာမ်ခန္ဓာရခြင်း၏ အပြစ်ဖြစ်သည်၊ သင့်အား ငါသည်းခံ၏”
ဟု မိန့်တော်မူလျှင် ရွဲထွင်းသမားက...
“အကယ်၍ အပြစ်ကို အရှင်ဘုရား ခွင့်လွှတ်ငြားအံ့။ အခါတိုင်းကဲ့သို့ တပည့်တော်အိမ်မှာ ဆွမ်းအလှူခံပါ”
ဟု လျှောက်သောအခါ မထေရ်က...
“တော်ပြီ ဒကာ၊ ယနေ့မှစ၍ သူတစ်ပါးအိမ် အမိုးအောက် ၀င်မိခြင်း၏ အပြစ်ကို ငါမြင်ပြီ၊ အိမ်အမိုးအောက်သို့ မ၀င်တော့အံ့၊ မြတ်စွာဘုရား ဆုံးမအပ်သော သလုံးမြင်းခေါင်းနှင့် ရင်းရသော “ပိဏ္ဍိယလောပ” ဆွမ်းကိုသာလျှင် အိမ်စဉ်လှည့်လည်၍ ခံယူတော့အံ့”
ဟု မိန့်တော်မူလျက် ပြန်ကြွလေသည်။ မထေရ်သည် ထိုရိုက်နှက်ထားသော ဒဏ်ရာကြောင့် မကြာမီပင် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ရွဲထွင်းသမားသည် သေသောအခါ ငရဲသို့ကျသွားသည်။ ကြိုးကြာသည် ထိုရွဲထွင်းသမား မယား၏၀မ်း၌ ပဋိသန္ဓေလာဖြစ်သည်။ ရွဲထွင်းသမား၏ မယားသည် မထေရ်၌ စိတ်ထားနူးညံ့သောကြောင့် နတ်ပြည်၌ ဖြစ်လေသည်။
(ဓမ္မပဒ အဋ္ဌကထာ - ၂၂)
ဤ၀တ္ထု၌ ရွဲထွင်းသမားသည် ဤပတ္တမြားကို ထွင်းဖောက်သည့်အတွက် ဆုလာဘ်ကိုသော် လည်းကောင်း၊ လက်ခငွေကိုသော်လည်းကောင်းရမည်။ ထိုကမ၀တ္ထု ကာမဂုဏ်မူကြောင့် ရဟန္တာမထေရ်အား မယားတောင်းပန်ဆဲတွင်ပင် ရက်စက်စွာ ရိုက်နှက်သည်။ ကြိုးကြာသေသောအခါမှ မထေရ်က ပြောသဖြင့် ကြိုးကြာဝမ်းထဲမှ ပတ္တမြားကို ပြန်ရသည်။ ထိုအခါမှ မိမိမှားသည်ကို သိ၍ အပြစ်ကို ခွင့်လွှတ်ပါရန် တောင်းပန်သည်။
မထေရ်က “ဧသာဒေါသော၊ ဤအပြစ်သည်။ တုယှံ၊ သင်၏။ နေ၀ဒေါသော၊ အပြစ်မဟုတ်။ မယှံ၊ ငါ၏။ နဒေါသော၊ အပြစ်လည်းမဟုတ်။ ဧသောဒေါသော၊ ဤအပြစ်သည်။ ၀ဋ္ဋဿ၊ သံသရာဝဋ် ခန္ဓာဝဋ်၏။ ဒေါသော၊ အပြစ်သာတည်း”
ဤစကားသည် အရိယာတို့၏စကား၊ အရိယာတို့၏ အသုံးအနူန်းဖြစ်သည်။ မှန်လှ၏။ ပဋိစ္စသမုပ္ပာဒ် သံသရာတွင် သတ္တ၀ါ ဖြစ်လာသည်မှာ (အ၀ိဇ္ဇာ-တဏှာ-ဥပါဒါန်) ကမ္မ၀ဋ်ဟူသော အပူအလောင် တိုက်တွန်းချက်ကြောင့် (ဘ၀-သင်္ခါရ) ကမ္မ၀ဋ်ဟူသော ပြုမူ လုပ်မူ ဖြစ်လာသည်။ ယင်းသို့ ပြုလုပ်ပေးမူ အကြောင်းပြု၍ (သိညာဏ်- နာမ်ရုပ်- သဠာယတန- ဖဿ- ဝေဒနာ- တဏှာ- ဥပါဒါန်- ကမ္မဘ၀) ၀ိပါက၀ဋ်၊ ခန္ဓာဖြစ်လာသည်။ ထိုဝိပါက၀ဋ် အကျိုးခံစားရမည့် ကောင်းမွေ ဆိုးမွေခံရမည့် ရုပ်နာမ်ခန္ဓာ ဖြစ်သောကြောင့် သံသရာခန္ဓာဝဋ်၏ အပြစ်ဟု ဆိုတော်မူသည်။
ဆိုလိုရင်းသဘောမှာ လူ့ဘ၀ လူ့ခန္ဓာရချင်မူ (ကိလေသာဝဋ်)ကြောင့် ရအောင်ဖြစ်အောင် ကုသိုလ်ပုညာဘိသင်္ခါရ (ကမ္မ၀ဋ်)ကို ပြုလုပ်ခဲ့သဖြင့် လူ့ခန္ဓာရမူ(၀ိပါက၀ဋ်) ဖြစ်လာသည်။ ဤခန္ဓာရလာ၍ ဒုက္ခဆင်းရဲအမျိုးမျိုး တွေ့ကြုံရသည်။ ဦးခေါင်း ရထားသည့်အတွက် ဦးခေါင်းတွင် ကြိုးအတုပ်အနှောင်ခံရသည်။ နား၊ နှာခေါင်း ရလာ ဖြစ်လာရသည့်အတွက် နားမှ နှာခေါင်းသွေးယိုကျရသည်။ ခန္ဓာကိုယ် ရမိထားသည့်အတွက် အရိုက်အနှက် ခံရသည်။ ဤခန္ဓာရအောင် (ကိလေသ၀ဋ်က) တိုက်တွန်းမူ၊ လိုချင်မူမရှိပါက ရအောင်ပြုလုပ်မူ(ကမ္မ၀ဋ်) မပြုလုပ်တော့ပေ။ ထိုကံ မပြုလုပ်က ခန္ဓာ(၀ိပါက၀ဋ်) မရပေ။ ဤခန္ဓာမရက ရိုက်နှက်ဖို့ ခန္ဓာမရှိလေသောကြောင့် အရိုက်ခံရမည် မဟုတ်ပေ။ ထို့ကြောင့်...
“ကိလေသ၀ဋ္ဋပ္ပဟာနေန ဟိကမ္မ၀ဋ္ဋံ ပဟီနမေ၀ဟောတိ၊ ၀ိပါက ၀ဋ္ဋဿ အနုပ္ပါဒနတော”
(ထေရဂါထာ အဋ္ဌကထာ - ၂၂၀)
“ဟိသစ္စံ၊ မှန်၏။ ကိလေသ၀ဋ္ဋပ္ပဟာနေန၊ ကိလေသ၀ဋ်ကို ပယ်ခြင်းကြောင့်။ ကမ္မ၀ဋ္ဋံ၊ ရအောင် ဖြစ်အောင် ပြုလုပ်သော ကမ္မ၀ဋ်ကို။ ပဟီနမေ၀၊ ပယ်အပ်ပြီးသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ၀ိပါက-၀ဋ္ဋဿ၊ ပြုလုပ်မူရှိမှရရှိမည့် ၀ိပါက၀ဋ်ခန္ဓာ၏။ အနုပ္ပါဒနတော၊ ဖြစ်ခွင့်မရှိ၍ မဖြစ်ခြင်းကြောင့်”
ဤကျွန်ုပ်တို့၏ ယခုလက်ရှိ ခန္ဓာသည် ဆင်းရဲမျိုးစုံ ဒုက္ခအဖုံဖုံတို့ ခိုအောင်း တည်နေရာဖြစ်၏ ၉၆-ပါး ရောဂါ အနာလက်နက်တို့၏ ပစ်ကွင်းဖြစ်၏။ အို၊ နာ၊ သေတို့ နှိပ်စက်ရာ ဌာနဖြစ်၏။ အတိတ်က မိမိပြုခဲ့သော ကုသိုလ် အကုသိုလ်ကံတို့၏ ကောင်းမွေ ဆိုးမွေကို ခံယူရာဖြစ်၏။ ထို့ကြောင့် ရဟန္တာ အရိယာတို့သည် ပုဂ္ဂိုလ်ဟူသော ပညတ်ကို မစွဲယူတော့ဘဲ ဤခန္ဓာကိုရအောင်ဖန်တီးခဲ့သည့် ၀ဋ်ဆင်းရဲကိုသာလျှင် အပြစ်ဟု ဆိုလေသည်။ ဤဓမ္မပဒ အဋ္ဌကထာ၌ ပင်လျှင် ကေသမ္ဘီ၀ါသီ တိဿမထေရ်၏ ၀တ္ထု၌လည်း ၀ဋ်သံသရာခန္ဓာရသဖြင့် မျက်စိကွဲရကား ၀ဋ်ဆင်းရဲ၏ အပြစ်ဟူ၍ပင် ပြတော်မူသည်ကား ပရမတ်ကိုမြင်သိသော အရိယာတို့အမြင်သည် မှန်လှ၏။ အပြစ်ကင်းလှ၏။ ကျွန်ုပ်တို့ကား ပုဂ္ဂိုလ်သတ္တ၀ါဟု ပညတ်ကိုမဲသည်။ အရိယာပုဂ္ဂိုလ်တို့ကား တစ်ခုခုဖြစ်လာတိုင်း ၀ဋ် သံသရာကို ခန္ဓာကို မဲသည်။ ဤ၀တ္ထု၌ ရွဲထွင်းသမား(ပုထုဇဉ်)သည် ပုဂ္ဂိုလ်ကို မဲ၍ စွပ်စွဲသည်။ ရိုက်နှက်သည်။ အရိုက်ခံရသော ရဟန္တာ(အရိယာ)သည် ပုဂ္ဂိုလ်ကိုမစွဲ၊ ၀ဋ်ခန္ဓာကိုမဲသည်။ ပုထုဇဉ်တို့၏ ပညတ်မြင်မူသည် မိမိကိုယ်ကို မိမိ သံသရာတွင် နစ်ဖို့ဖြစ်၏။ ဤသည်လည်း ၀တ္ထုအာရုံကာမဂုဏ်၌ ကိလေသာ ကာမအားဖြင့် တပ်မက်မူများကြောင့် ဖြစ်ရသော ဒုက္ခမျိုးစုံ ဆင်းရဲပုံကို သိသာ ရအောင် ပြညွှန်သော စကားရပ်ဖြစ်သည်။ ဤသို့ဖြစ်လာလျှင်...
“ဟီနဘာဝ၊ လူ့လောက၌၊ ကာမသတ္တ၀ါ၊ ကာမ-ရမ္မဏ၊ ကာမသဘော၊ ကာမဇောဖြင့်၊ မက်မောကြူးဟုန်၊ ငါးအာရုံ၌၊ ခုံခုံမင်မင်၊ သေရှင်မသိ၊ ဇွတ်ထိဇွတ်ထိုး၊ ထင်တိုင်းတိုးလျက်၊ ပိုးနှင့်မီးလျှံ၊ နိုင်းစံတမျှ တရွရွတည့်၊ မောဟအလို၊ အစတိုအောင်၊ ကိုယ်ကိုအပြင်း၊ ဒုက္ခတွင်းသို့၊ နစ်ဆင်းခံလိမ့်မည်ကိုသောဝ်”
ဟု မဃဒေ၀ လင်္ကာသစ် (၂၃၁)တွင်ဆိုလေသည်။ သို့ကြောင့် လောကသမုတိ ပညတ်နယ်တွင် ပြုကြလုပ်ကြသည့် ကိစ္စ အလုံးစုံသည် ကာမာ-ရမ္မဏ၊ ကာမအာရုံ ကာမဂုဏ်ကြောင့် ဖြစ်ရသော ဒုက္ခအစုစု ဆင်းရဲမူသည် အလွန်များပြားလေ ရကား လောကဆင်းရဲအမျိုးမျိုးဖြစ်ပုံ၊ သံသရာ၌ ၀ဋ်ဆင်းရဲဖြစ်ရပုံ တို့ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ဆက်လက်၍ မြတ်စွာဘုရားသည် ထိုထိုကာမ၀တ္ထုကာမမူတို့၏ အပြစ်ကိုသိပါက ထိုကာမအာရုံ ကာမဂုဏ်မှ ထွက်မြောက်၍ ချမ်းသာသုခ ရရှိစေရန် ဟောတော်မူသော တရားတော်ကို နာကြားကြပါဦးစို့။
ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment