ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 5 December 2012

ကာမထွက်မှ-ချမ်းသာ

(၁၄)
ပါဠိတော်
“ကိဉ္စ ဘိက္ခဝေ ကာမာနံ နိဿရဏံ၊ ယောခေါဘိက္ခဝေ ကာမေသု ဆန္ဒရာဂ ၀ီနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံကာမာနံ နိဿရဏံ”

မြန်မာပြန်
“ရဟန်းတို့... ကာမတရား၊ ကာမဂုဏ်တို့၏ ထွက်မြောက်ရာသည် အဘယ်နည်း၊ ရဟန်းတို့... ကာမဂုဏ် တရားတို့၌ လိုချင်တပ်မက်မူကို မဖြစ်ရန် ဆုံးမခြင်း၊ လိုချင်တပ်မက်မူကို ပယ်ခြင်းသည် ကာမဂုဏ်တို့၏ ထွက်မြောက်ရာပေတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်

“မြတ်စွာဘုရားသည် ကာမတရား ကာမဂုဏ်များ၏ သာယာဖွယ်နည်းပုံ၊ အပြစ်များပုံကို အမျိုးမျိုး အဖုံဖုံ ဟောကြားတော်မူပြီး၍ ထိုငါးစုအာရုံ ကာမဂုဏ်မှ ထွက်မြောက်ရာ လမ်းကို ညွှန်ပြတော်မူပြန်သည်။ ကာမဟူသည် (၀တ္ထု ကာမ - ကိလေသကာမ) ဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတို့တွင် ၀တ္ထုကာမ ဟူသည် ကား “၀တ္ထု - ကာမာစာတိ မနာပိယ ရူပါဒိ ၀တ္ထုကာမာစ”ဟူ၍ မဟာနိဒ္ဒေသဋ္ဌကထာ၊ နေတ္ထိ အဋ္ဌကထာတို့ ဆိုသောအတိုင်း ချစ်အပ်၊ နှစ်သက်အပ်၊ သာယာအပ်၊ တွယ်တာ စွဲလမ်းအပ်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဟူသော အာရုံငါးပါး တို့ကို ခေါ်သည်။

ကိလေသ ကာမဟူသည်ကား “ဥပတာ ပန ဋ္ဌေန ၀ိဗာ-ဓန ဋ္ဌေနစ ကိလေသ ကာမာစ”ဟု အဋ္ဌကထာများ အဆိုအရ ပူပန်စေတတ်၊ ပူဆာစေတတ်သော သဘော၊ ဖျက်ဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အနက်သဘောအားဖြင့် ထိုအာရုံငါးပါး ၀တ္ထုကာမတရားတို့၌ သာယာခင်မက် နှစ်သက်တွယ်တာ စွဲလမ်းခြင်း အဖြာဖြာတို့ဖြင့် စိတ်ကို ပူပန် ညစ်ညူးစေသော သဘောကို ကိလေသာကာမဟု ဆိုသည်။ အဓိပ္ပာယ်မှာ အဆင်းဟူသော ၀တ္ထုကာမ၌ နှစ်သက်သဘောကျမူသည် ကိလေသကာမဖြစ်၏။ အဆင်း၊ အနံ့၊ အရသာ၊ အတွေ့ဟူသော ၀တ္ထုကာမတို့၌ သာယာခင်မက် နှစ်သက် တွယ်တာ စွဲလမ်းခြင်းသည် ကိလေသာကာမဟု ဆိုသည်။

သာယာဖွယ်၊ နှစ်သက်ဖွယ်သော အဆင်းစသော အာရုံအပေါ်တွင် ပညတ်နိမိတ်ကို စွဲယူခြင်းဖြင့် အမှန်ပရမတ်ကို အမှန်တရားဟုပင် မသိအောင် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ စွဲယူလေသောကြောင့်...

“ကာမသု ကာမသုခလ္လိကာ နုယောဂ” ကာမဂုဏ် ချမ်းသာ၌ ငြိကပ်မူအားဖြင့် လုံ့လပြုခြင်းသည် ကိလေသကာမ ဖြစ်လေသည်။ ထိုကာမတို့မှ လွတ်မြောက်လိုသောသူသည် ထိုထို အဆင်းစသော အာရုံတို့အပေါ်၌ စွဲလမ်းမူ၊ ငြိကပ်မူ၊ တွယ်တာမူဖြစ်သော ဆန္ဒရာဂကို ၀ိပဿနာနည်းနှင့် ဆုံးမရမည်။ တပ်မက် တွယ်တာ စွဲလမ်းသော ဆန္ဒရာဂကိလေသာကို ၀ိပဿနာနည်းနှင့် ပယ်နိုင်အေင် ကြိုးစားလျှင် ဒုက္ခဆင်းရဲ ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ ဉာဏ်မြင်နှင့် မျက်မှောက် ပြုနိုင်လေသည်။

အာရုံငါးပါး၊ ခြောက်ပါးသည် ဆုံးမရမည့်၊ ပယ်ရမည့် ကိလေသာမဟုတ်ပေ။ ထိုအာရုံတို့အပေါ်တွင် နှလုံးသွင်းမမှန်သဖြင့် တပ်မက်စွဲလမ်း ပြစ်မှား တတ်သော လောဘဖြစ်မူ၊ ဒေါသဖြစ်မူသည်သာ ကိလေသာဖြစ်၍ ၎င်းကို မဖြစ်ရန်အတွက် ၀ိပဿနာ အလုပ်ကို အားထုတ်ကြရခြင်းဖြစ်ရာ မြတ်စွာဘုရား၏ ၀ါဒတော်အရ ထိုကိလေသာဖြစ်သော တရားကိုသာ မဖြစ်အောင် ပယ်နိုင်အောင် အားထုတ်ခြင်းသည်သာ ကာမမှ ထွက်မြောက်ကြောင်း ကာမမှ လွတ်ကြောင်း ဖြစ်လေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။





No comments:

Post a Comment