ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 7 December 2012

ဇရာဓမ္မသုတ်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ၀ိသာခါ ဒါယိကာမကြီး ဆောက်လုပ်လှူဒါန်းအပ်သော ပုဗ္ဗာရုံ အမည်ရှိသည့် ပြသာဒ်ကျောင်း၌ နေတော်မူစဉ် တစ်နေ့သောအခါ သက်တော်ကြီးရင့်တော် မူပြီဖြစ်သော မြတ်စွာဘုရားသည် ညနေစောင်းအချိန်တွင် ကျောင်း၏ အနောက်ဘက်တွင် နေရောင်ကို ကျောပေးကာ နေပူစာ လူံ၍ နေတော်မူသည်။


ထိုနေရာသို့ အရှင်အာနန္ဒာရောက်လာလေသော် အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ ခန္ဓာကိုယ်ကို လက်ဖြင့် အသာအယာ ဆုပ်နယ်လိုက်ပြီးလျှင် အံ့သြစွာနှင့် “အို- မြတ်စွာဘုရား၊ အလွန်အံ့သြဖွယ်ဖြစ်ပါသည်၊ ထူးဆန်းလှပါသည် ဘုရား၊ ယခုတပည့်တော် တွေ့သိနေ ရသော မြတ်စွာဘုရား၏ အရေအဆင်းတော်သည် ရှေးအခါကနှင့် လုံးဝမတူတော့ပါ၊ အသားအရေတို့သည် လျော့ပါးကုန်လျက် အရေတို့သည် တွန့်လိမ်၍ နေပါတော့သည်၊ ခန္ဓာကိုယ်သည်လည်း ရှေ့သို့ကိုင်း၍ နေပါပြီ၊ မျက်စိ စသော ဣနြေ္ဒတို့သည်လည်း… ဖောက်ပြန်ခြင်းသို့ ရှေးရူထင်ပါကုန်၏”ဟု လျှောက်လေသည်။

ထိုအခါ မြတ် စွာဘုရားက “အာနန္ဒာ-သင် ပြောသည့်အတိုင်း မှန်ပေ၏၊ ပျိုမျစ်နုနယ်ခြင်းသည် အိုခြင်းသဘောရှိ၏၊ ကျန်းမာခြင်း သဘောသည် နာခြင်း သဘောရှိ၏၊ အသက်ရှည်ခြင်း သဘော ရှိခဲ့သော် သေခြင်း သဘောသည် ရှိ၏။ ငါ၏ အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ်ဖြူဝင်းခြင်း မရှိတော့ပေ၊ ခန္ဓာကိုယ်အားလုံးသည် လျော့ပါးကာ အရေတို့သည် တွန့်လိမ်ကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်း၏၊ မျက်စိစသော ဣနြေ္ဒတို့သည်လည်း ဖောက်ပြန်ခြင်းတို့ ရှေးရူထင်ကုန်၏”ဟု မိန့်တော်မူလျက် ဇရာတရား၏ နှိပ်စက်ပုံကို…

“မီတံ ဇမ္ပိဇရေအတ္ထု၊ ဒုဗ္ဗဏ္ဏ ကရဏီဇရေ၊ တာဝမနောရမံ ဗိမ္ဗံ၊ ဇရာယ အဘိမဒ္ဒိတံ။ ယောပိ ၀ဿသတံ ဇီဝေ၊ သောပိမစ္စုပရာ ယဏော၊ နကိဉ္စိ ပိဝဇ္ဇေတိ၊ သဗ္ဗမေ၀ါဘိ မဒ္ဒတိ”

“ဓမ္မိဇရေ၊ ယုတ်မာလှစွာ ဟဲ့ဇရာ။ တံ၊ သင့်အား။ ဓီ၊ စက်ဆုပ်ဖွယ်သည်။ ၀တ္ထု ဖြစ်ပါစေ။ ဒုဗ္ဗဏ္ဏကရဏီ၊ ရုပ်ဆင်းအင်္ဂါ ပျက်စီးစွာကို ခါခါမယုတ် ပြုလုပ်တတ်သော၊ ဇရေ၊ ရက်စက်ယုတ် မာတဲ့ဇရာ။ မနောရမံ၊ သူတစ်ပါးတို့ စိတ်နှလုံးကို ရွှင်ပြုံးနှစ်ခြိုက်စေတတ်သော။ ဗိမ္ဗံ၊ ရွှေသားရုပ်လို ခန္ဓာကိုယ်ကို။ ဇရာယ၊ ရင့်ရော်အိုမင်း၊ ဖျက်ဆီးခြင်းဖြင့်။ အဘိမဒ္ဒိတံ၊ ရံခါမပြတ် ဖိစီးနှိပ်စက်အပ်လေစွတကား။

ဝဿသတံ၊ အနှစ်တရား။ ယောပိ၊ အကြင်သူသည်။ ဇီဝေ၊ အသက်ရှည်၏။ သောပိ၊ အနှစ်တစ်ရာ အသက်ရှည်ပါသော ထိုသူသည်လည်း။ ပစ္စုပရာယဏော၊ သေမင်းလက်တွင်း သက်ဆင်းလဲလျောင်းရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ကိဉ္စိ၊ ဦးမဲ ဦးဖြူ မည်သူတစ်စုံတစ်ယောက်ကိုမျှ။ နပရိဝဇ္ဇေတိ၊ မေ့လျော့သောအား ကွင်းရှောင်၍မထားချေ။ သဗ္ဗမေ၀၊ ရှိသမျှ သတ္တ၀ါအားလုံးကိုသာလျှင်။ အဘိမဒ္ဒတိ၊ အိုရာမှသေ နှိပ်စက်ချေ၏”

ဟူ၍ မြတ်စွာဘုရား ဟောပြတော်မူလေသည်။

(မဟာ ၀ဂ္ဂသံယုတ်ပါဠိတော် - ၁၉၀)

ငယ်ရွယ်သူအမျိုးသမီးသည် ငယ်ရွယ်စဉ်အခါ၌ လှပတင့်တယ်သည်ဟု နှလုံးသွင်းမှားကာ တပ်မက်သောစိတ်ဖြစ်ခဲ့သော သင်တို့အား ထိုအမှန်ဖြစ်သော ဇရာတရား၏ ရင့်ရော်ပုံကို ဉာဏ်ပညာဖြင့် မမြင်ခဲ့သောကြောင့် နှစ်သက်တပ်မက်မူ အဿာဒသည် ယခုအခါ အဘယ်မှာနည်း။ နှစ်သက်တပ်မက်သော တဏှာသည် သင်တို့၏ စိတ်တွင် မရှိကြတော့ပေ။ စင်စစ် နှစ်သက်သော တဏှာသည် တပ်မက်ဖွယ်ဟူသော နှလုံးသွင်းမူ၌သာဖြစ်သဖြင့် ယခုအမှန်မြင်ရသော သင်တို့အား နှလုံးသွင်းမှား၍ စွဲလမ်းတပ်မက်မူအားလုံးသည် ချုပ်ဆုံး ကုန်ပျောက်ခဲ့လေပြီ။ ယခုအခါ အပြစ်သာထင်တော့သည်။ ဤသည်လျှင် အဆင်းရုပ်တို့၏ အပြစ်တည်းဟု ဟောတော်မူသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။








No comments:

Post a Comment