ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 20 December 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ ( ၆)

သိပြီးတော့နေတဲ့ စိတ်ကလေးဟာ ငြိမ်းချမ်းနေတယ်။ အဲဒီငြိမ်းချမ်းနေတဲ့ စိတ်ကလေးဟာ ညီမျှနေတယ်။ ဟိုဘက် မရောက်ဘူး။ ဒီဘက်လည်း မရောက်ဘူး။ ၀ီရိယ ပိုတယ်လည်း မရှိဘူး။ ၀ီရိယ လိုတယ်လည်း မရှိဘူး။ ၀ီရိယ ညီမျှနေတယ်။ အဲဒီလို ၀ီရိယ ညီမျှနေတာကိုလည်းပဲ ဥပေက္ခာလို့ပဲ ခေါ်တယ်။

အဲဒီလို စိတ်ထဲမှာ အားလုံဥပေက္ခာဖြစ်ပြီး ငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့ ငါငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ ငါ ပါနေတယ်နော်။ ဒီလိုနဲ့ ဆက်ပြီးတော့ အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား၊ ကြာလာတဲ့အခါမှာ ငါမပါတော့ဘဲနဲ့ ငြိမ်းချမ်းတယ် ဆိုတာပဲ ရှိတော့တယ်။


ငြိမ်းချမ်းမူဟာ အနတ္တဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမူ မဟုတ်ဘူး။ ငါပိုင်ဆိုင်တဲ့ ငြိမ်းချမ်းမူ မဟုတ်ဘူး။ ငြိမ်းချမ်းမူဆိုတာ သဘာဝတရားတစ်ခုဆိုတဲ့ သဘောမျိုး ဖြစ်သွားတာပါ။ အဲဒီလို ဥပေက္ခာဖြစ်နေတဲ့အခါမှာ ကိုယ့်ဟာကိုယ် ငါ တရားအားထုတ်နေရတယ်လို့တောင် မထင်တော့ဘူး။ သူ့အလိုလိုပဲ တရားအားထုတ်တာ ဖြစ်သွားနေတာ၊ အဲဒီလိုအခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမူရဲ့ အနတ္တကို သိရတယ်။ အနတ္တလက္ခဏာကို သိရတယ်။
ဒီငြိမ်းချမ်းမူဟာလည်းပဲ အမြဲတမ်းတော့ မရှိဘူး။ သူလည်း ပျက်ချင်တဲ့အခါ ပျက်သွားတာကိုး။ ဖြစ်နေတဲ့အချိန်မှာတောင်မှ တဆက်ထဲလို့ ပြောလို့မရဘူး။ တစ်ခုပြီးမှ တစ်ခုပဲ။ အဲသလို အားထုတ်သွားပြီးတော့ ငြိမ်းချမ်းနေတဲ့ အနတ္တသဘောကို သိပြီးတော့ နေရင်းကလည်းပဲ နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။

စိတ်က တစ်ခြားကို ပျံ့လွင့်သွားရင် အဲဒါကို သိလိုက်ပါ တခြားတစ်ခုခုကို တွေးနေပြီ၊ သိလိုက်ပြီ။ သိပြီးရင် ညင်ညင်သာသာ စိတ်ကလေး နူးနူးညံ့ညံ့ကလေးနဲ့ နဂိုနေရာကို ပြန်ယူလာပါ။ ကိုယ့်စိတ်ကိုပဲ ကိုယ်ပြန်ပြီးတော့ မကျေမနပ် မဖြစ်လိုက်ပါနဲ့၊ ဒီစိတ်ကလည်း ဟိုတွေးဒီတွေး တွေးပြန်ပြီပေါ့လို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးတော့ ဒေါသမဖြစ်ဖို့ပါ။

လောဘအားကြီးနေတဲ့အချိန်မှာ လောဘက သူလိုချင်တာ ရဖို့ ပဲ။ ဘယ်လိုနည်းနဲ့ ရရ၊ ရရင်ပြီးရော။ ဒါကိုပဲ သူ ဆုံးဖြတ်မှာပဲ။

ဒေါသအားကြီးနေတဲ့အခါမှာ မကျေနပ်တဲ့စိတ် အားကြီးနေတယ်။ အဲဒီအချိန်မှာ သူ့အတွက် ဘာအရေးကြီးဆုံးလဲဆိုတော့ သူတစ်ပါးကို ပြောရ ဆိုရဖို့၊ ရိုက်ရ နှက်ရဖို့၊ အပြစ်ဒဏ်ပေးရဖို့၊ နှိပ်စက်ရဖို့က အရေးအကြီးဆုံး ဖြစ်နေတယ်။ အဲဒါဟာ တရားတယ်၊ အဲဒါဟာ မျှတတယ်လို့ သူထင်မှာပဲ။ ဒါမှ လုပ်သင့်တဲ့ကိစ္စလို့ သူထင်မှာပဲ။

မာနဖြစ်တဲ့အခါမှာ ဘယ်လိုနေသလဲဆိုတော့ သူများထက် သာရဖို့ အရေးကြီးဆုံးပဲ။ တခြားကိစ္စတွေက အရေးမကြီးဘူး။

ထို့အတူ ဣဿာမစ္ဆရိယ စိတ်သဘောထားလည်း ဒီလိုပဲ။ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် ရှိတယ်။ သူများ ကြီးပွားတာကို မလိုချင်ဘူး။ သူ မကြီးပွားသင့်ဘူးလို့ ယူဆတယ်။ “ငါပဲ ကြီးပွားသင့်တယ်”လို့ ထင်နေတယ်။ ကိုယ့်မှာရှိတာကို မျှပေးဖို့ စိတ်မကူးနိုင်ဘူး။

လူတွေရဲ့စိတ်မှာ လောဘ ဖြစ်လိုက်၊ ဒေါသ ဖြစ်လိုက်၊ မာန ဖြစ်လိုက်၊ မနာလိုဝန်တိုတဲ့စိတ် ဖြစ်လိုက်၊ တော်ကြာ လောဘ ပြန်ဖြစ်လိုက်။ တော်ကြာ မာနဖြစ်လိုက်၊ သတိ မရှိတဲ့သူ၊ မောဟနဲ့ နေတဲ့သူဆိုရင် တစ်ခုမဟုတ် တစ်ခုတော့ တစ်လှည့်စီ ဖြစ်နေတာနော်။

စိတ် ရဲ့သဘာဝဟာ လောဘဖြစ်နေတဲ့အချိန်မှာ လောဘကို ငါလို့ ထင်တယ်။ လောဘကို ငါ့စိတ်လို့ ထင်တယ်။ လောဘက လိုချင်နေတာကို ငါ လိုချင်တယ်လို့ ထင်တယ်။ လောဘက တရားတယ်လို့ထင်ရင် ငါတရားတယ်လို့ပဲ ယူဆမှာပဲ။ ထို့အတူပဲ ဒေါသ ၀င်လာတဲ့အခါမှာလည်းပဲ ဒေါသကို ငါလို့ ထင်နေတယ်။ ဒေါသက လုပ်ချင်တာကို အရေးကြီးတယ်လို့ ထင်တယ်။ အဲသလို ဖြစ်နေတာနော်။

ဒါပေမဲ့ သတိနဲ့ ဉာဏ်နဲ့ ကြည့်တတ်တဲ့သူအဖို့ ဒီဒေါသ၊ လောဘဟာ ငါမဟုတ်ဘူးလို့ မြင်လာတယ်။ ဒါကြောင့် သူတို့ခိုင်းတိုင်း မလုပ်တော့ဘူး။ သူတို့ရဲ့ လွမ်းမိုးမူကနေ လွတ်သွားတယ်။

တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး။ သူကငါ့ကို ဘယ်လိုပြောလို့ ငါက စိတ်ဆိုးတယ်လို့ ဇာတ်လမ်းကို စဉ်းစားမနေဘဲနဲ့၊ စိတ်ဆိုးနေတဲ့ စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကိုတွေးရင်း စိတ်က ပိုပြီးတော့ ဆိုးလာတတ်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲသွားတတ်တယ်။ ဇာတ်လမ်းကို တွေးနေတာ မဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ခံစားမူကိုပဲ ကြည့်နေပါ။

သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေးဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ် ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ။ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွှတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီ ဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။

ကိလေသာအကြောက်ဆုံးအရာက အနတ္တဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာပဲ။ အေးအေးဆေးဆေး ကြည့်နိုင်ရင် ကိလေသာဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းတာကို တွေ့ရတယ်။ ကိလေသာဟာ မဟုတ်တာကို အဟုတ်လို ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။
ဒါကြောင့် ပယ်ဖို့ထက် သိဖို့ ပိုအရေးကြီးတယ်။

ကိုယ့်မှာ ကိလေသာကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့။ အချိန်တန်တော့ သူ့ဟာသူ ပြပါလိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။

ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်သိလိုက်ရတာ အကျိုး အင်မတန် များပါတယ်နော်။ ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊ နစ်နာတယ်။

လောကဟာ ကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာမစ္ဆရိယ စသည်။ သူတို့ မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မူ အပြည့်ရှိနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင့်ကျက်မူရှိလာအောင် တကယ် အသိဉာဏ်ရှိတဲ့ လူကြီးဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။

လောဘ, ဒေါသ, မာန, မနာလိုဝန်တိုမူ, ယုံမှားသံသယဖြစ်မူ, စိတ်ပျံ့လွင့်မူ, ထိုင်းမိုင်းတွေဝေမူ စတာတွေဟာ ရန်သူစိတ်တွေပဲ။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာ မဟုတ်ဘူး။ ကိလေသာ အကြောက်ဆုံးဟာ သူ့ကို သတိနဲ့ဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာကို အကြောက်ဆုံးပဲ။

ကိလေသာရဲ့သဘောက ငါနဲ့ပေါင်းစပ်မိရင် အင်အားပိုပြီးကြီးတတ်တယ်။ ကိသောဟာ အတ္တရဲ့ အကူအညီကို မရရင် အားနဲသွားတယ်။ ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကိုမရရင် သူ သိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ ပြေသွားတယ်။

ဒါ့ကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမူ တွေကို အနတ္တအဖြစ်နဲ့ မြင်ရင် သူ အင်အားနဲပြီးတော့ နောက်ဆုတ်သွားမှာပါ။ ပြီးတော့ သူ့ဆီက ပညာနဲ့ အသိဉာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာနဲ့ အသိဉာဏ်တွေ ပေးသွားတာပဲ။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေရှိလာတယ်။ အင်မတန် ရင့်ကျက်တည်ငြိမ်သူ ဖြစ်လာတယ်။

ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်လို ပြင်ပ ရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်။ ကိုယ့်စိတ်ထဲကို အမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ၀င်မလာအောင် အကာအကွယ် မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကိုဝင်မလာအောင် သတိ, သမာဓိ, ဉာဏ်ပညာကသာ ကာကွယ်နိုင်တာပါ။ ပြင်ပကရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာကောင်းပါတယ်။ 


ဆရာတော်ဦးဇောတိက

No comments:

Post a Comment