ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 9 December 2012

သီရိမာနှင့် ရဟန်းတစ်ပါး


ရာဇဂြိုဟ်ပြည်၌ သာလ၀တီမည်သော ပြည့်တန်ဆာမ၏ သမီး သီရိမာသည် အမိသေသွားသဖြင့် ပြည့်တန်ဆာရာထူးကို ဆက်လက် ရယူထားသူ ဖြစ်လေသည်။ သီရိမာသည် ပုဏ္ဏ သူဌေးကြီး၏ သမီး ဥတ္တရာကို ထောပတ်အပူနှင့် လောင်းသည်ကစ၍ မြတ်စွာဘုရား အထံတော်၌ တရားနာပြီး မာန်မာနတွေ ကျလျက် သောတာပန်အရိယာ ဖြစ်သောအခါမှစ၍ ၎င်းအိမ်တွင် နေ့စဉ် သံဃာတော်ရှစ်ပါး ဆွမ်းဝတ် ပြုလေသည်။ တစ်အိမ်မှ လှူသော ဆွမ်းသည် အလွန်ကောင်းမွန်ကြောင်း၊ သီရိမာသည် အလွန်ချောလှကြောင်း ပြောသံကြားရသဖြင့် ထိုအိမ်သို့ ဆွမ်းခံရန် တောင်းပန်၍ အတင်းလိုက်လေသည်။


ထိုနေ့တွင် သီရိမာသည် အတော်ပင် နေမကောင်းသောကြောင့် အခြားနေ့များကဲ့သို့ ကိုယ်တိုင်ဆွမ်းမလောင်းနိုင်ဘဲ အလုပ်အကျွေး အခိုင်းအစေများကိုသာ ခိုင်းရ၏။ သီရိမာကို ကြည့်ချင် မြင်ချင်နေသော ကိုယ်တော်မှာာအတော် စိတ်ပျက်သွားသည်။ သို့ရာတွင် သံဃာများအား ဆွမ်းကိစ္စ လှူပြီးသောအခါ အိပ်ခန်းတွင်း၌ရှိသော သီရိမာက “ကိုယ်တော်တွေကို ဆွမ်းလောင်းပြီးက ငါ့ကို ချီမ, ၍ အပြင်သို့ တွဲပို့ပေးကြပါ၊ သံဃာတော်များကို ဖူးမြင်လိုပါသည်” ဟု ဆိုသောအခါ အခြွေအရံတို့က တွဲယူ ချီမ, ကြပြီး အပြင်သို့ ပို့လေသည်။

သီရိမာသည် မမာမကျန်း ဖြစ်နေသဖြင့် မဖြီးမလိမ်း၊ မပြင်မဆင်နိုင်သော်လည်း ပင်ကို အလှကြောင့် ကြည့်မ၀အောင် ဖြစ်နေသော ကိုယ်တော်မှာ အချိန်တန်၍ ကျောင်းသို့ ပြန်ရသော်လည်း ဆွမ်းပင် မစားနိုင်ဘဲ သင်္ကန်းခြုံ၍ ကျိန်းတော့သည်။ ထိုနေ့ ညချမ်းအချိန်တွင် သီရိမာလည်း သေ၍ ယာမာဘုံတွင် သုယာမ နတ်မင်းကြီး၏ မိဖုရား ဖြစ်လေသည်။

ဘုရင်လည်း သီရိမာ သေကြောင်း မြတ်စွာဘုရားအား လျှောက်ထားရာတွင် မြတ်စွာဘုရားက သီရိမာ၏ အလောင်းကို မြေမမြှုပ်ရ၊ မီးမရို့ရ၊ အသုဘရူနိုင်ရန် “အာမက” သုသာန်သို့ ပို့ထား၍ တောခွေးစသည်တို့ မစားနိုင် ရန် အစောင့်များ ချထားရန် အမိန့်ပေးသည့်အတိုင်း ဘုရင်လည်း ဆောင်ရွက်လေသည်။ သေပြီးနောက် ၄-ရက် မြောက်သောအခါ သီရိမာအလောင်း၏ ကိုယ်သည် ပုပ်လျက် ဒွါရကိုးပေါက်မှ အပုပ်ရည်တို့သည် ယိုစီး၍ ထွက်ကျလေသည်။ အသားတို့သည်လည်း ပွ၍ ကွဲကျလေသည်။ ထိုအခါ မင်းသည် မြို့အတွင်း၌ ရှိသမျှ လူအပေါင်းသည် အိမ်တွင် အစောင့်ကလေး သူငယ်တစ်ယောက်သာ ထားခဲ့၍ အိမ်ရှိ လူအကုန် သီရိမာ အသုဘရူရန် သုသာန်သို့ လာခဲ့ကြရမည်၊ မလာမရောက်က တစ်ယောက်လျှင် ရှစ်ကျပ်သော အသပြာ ဒဏ်ဆောင်ရမည်ဟု စည်းလည်စေသည်။ မြတ်စွာဘုရား အထံတော်သို့လည်း သုသာန်၌ လူပရိသတ်စုံပြီဖြစ်ကြောင်း လျှောက်ထားရာ မြတ်စွာဘုရားကလည်း ရဟန်းသံဃာအားလုံး သုသာန်သို့ ထွက်ရန် အမိန့်ပေးသဖြင့် မြတ်စွာဘုရားနှင့် သံဃာတော်များ ကြွလေရာ သီရိမာဟူသော အသံကို ကြားသဖြင့် ၄-ရက်လုံးလုံး ဆွမ်းမစား၊ စကားမပြောသော ကိုယ်တော်မှာ ချက်ချင်းထ၍ လိုက်ကြွသွားလေသည်။

သုသာန်သို့ ရောက်လေလျှင် ဘုရားနှင့် ရဟန်းသံဃာများက သီရိမာအလောင်း၏ ညာဘက်နံပါး၌၊ ဘိက္ခုနီ ပရိသတ်၊ မင်းနှင့် လူပရိသတ်တို့က အလောင်း၏ လက်ဝဲနံပါး၌ နေရာယူလျက် အားလုံး ပရိသတ် စုံလင်သောအခါ မြတ်စွာဘုရားက ဘုရင်အား…

“မင်းကြီး၊ ငွေတစ်ထောင်ပေး၍ သီရီမာကို ယူကြလော့”

“ငွေတစ်ထောင် ပေးမည့်သူ မရှိပါဘုရား”

“ငါးရာ”

“မရှိပါ”

“နှစ်ရာ့ငါးဆယ်”

“မရှိပါ”

“တစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ့်ငါးကျပ်၊ တစ်ဆယ်၊ ငါးကျပ်၊ တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်ပဲ အလကား ယူကြလော့”

“မရှိပါ”

“ပဿထဘိက္ခဝေ မဟာဇနဿပိယံမာတုဂါမံ၊ ဣမသ္မိံ ယေ၀ နဂရေ သဟဿံ ဒတွာ ပုဗ္ဗေ ဧက ဒိဝသံ လဘိံ သု၊ ဣဒါနိ မုဓာဂဏှာန္တောပိနတ္ထိ၊ ဧ၀ရူပံ နာမရူပံ ခယ၀ယပ္ပတ္တံ ပဿထ ဘိက္ခဝေ အာတုရံ အတ္တဘာဝံ”

“ချစ်သားတို့… လူအပေါင်း၏ ချစ်အပ်သော မာတုဂါမ သီရိမာကို ကြည့်ကြပါကုန်လော့၊ ဤ ရာဇဂြိုဟ်မြို့၌ မသေမီအခါက ငွေတစ်ထောင်ပေးမှ တစ်နေ့တာရ၏၊ ယခုအခါတွင် အလကားယူမည့်သူပင် မရှိချေ၊ ဤသို့ သဘောရှိသော နာမ်ရုပ်နှစ်ပါး ပရမတ္ထတရားတို့၏ နာကျင်စရာကောင်းသော ဖြစ်တတ်, ပျက်တတ် ကုန်သော အဖြစ်သို့ ရောက်သည်ကိုသာ ကြည့်ကြကုန်လော့”

ဟု ဟောတော်မူပြီးလျှင် (ပဿစိတ္တကတံဗိမ္မံ) ဟူသော ဂါထာကို ဟောတော်မူပြီးလျှင်…

“၀ိဇယသုတ်” သုတ္တနိပါတ် ပါဠိတော်လာ ၀ိဇယသုတ်ကို ဟောတော်မူလေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment