ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 12 October 2010

စိန္တာမဏိဂါထာ မန္တန်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

စိန္တာမဏိဂါထာ မန္တန်တော် ဖြစ်စဉ်
အလိုရှိတိုင်း၊ တောင့်တတိုင်း ပြည့်စုံစေတတ်သော ဟိန္တာမဏိဂါထာ မန္တန်တော်ကြီး ဖြစ်ပေါ်လာပုံ မှာ -

မြင်းမိုရ်တောင်၏ မြောက်မျက်နှာကို အစိုးရသော ဝေဿ၀ဏ္ဏ(ကုဝေရ)နတ်မင်းကြီး၏ ထံပါး၌ သုံးနှစ် တိုင်တိုင် အလုပ်ကကျွေး ပြုစုခဲ့သော “စန္ဒာမုခိ” ဘီလူးမသည် နတ်မင်းကြီး၏ ဆုတော် လာဘ်တော် အဖြစ် အနံငါးယူဇနာ အလျား ယူဇနာ ၃၀-ရှိသော တောအုပ်ကို အပိုင်စားရသော တောစိုး နတ်ဘီလူးမ အဖြစ် စံမြန်းနေပေသည်။

ထို တောအုပ်ကို အပိုင်စားရသူ ပီပီ တောအုပ်အတွင်း ဖြတ်သန်းလာသူ လူသား အားလုံးတို့အား ဖမ်းဆီး သတ်ဖြတ် စားသောက်နေလေသည်။

တစ်နေ့တွင် ဗာရာဏသီပြည်မှ ပုဏ္ဏား လုလင်ပျို တစ်ယောက်သည် ကုန်သည်ဘာဝ နွားလှည်းများဖြင့် တပည့်အပေါင်း ခြံရံကာ ထို တောအုပ်ကို ဖြတ်သန်းမိလေရာ ဘီလူးမ၏ ဖမ်းဆီးခြင်ကို ခံရလေတော့သည်။

ယခင် ဖမ်းဆီးမိသူများကို သတ်ဖြတ် စားသောက်လေ့ရှိသော်လည်း ယခု ဖမ်းမိသူ ပုဏ္ဏားငယ်မှာ ချောမော လှပသော လူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့် မသတ်ရက်၊ မစားရက်တော့ဘဲ လင်မယား အဖြစ် ပေါင်းသင်း နေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံး ပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံများ ရှာဖွေကျွေးမွေးထားလေသည်။

ဘီလူးမနှင့် ပုဏ္ဏား နှစ်ဦး ညား၍ သားကလေးတစ်ယောက် ဖွားမြင်ပြီး ၁၆-နှစ်မြောက် အရွယ်ရောက်လာသော အခါ ဖခင်နှင့် မိခင်ရုပ်သွင်ခြားနား မတူငြားသဖြင့် မိခင် အစာရှာသွားခိုက် ဖခင်ကို မေးမြန်းရာ ဖခင်က နှောက်ကြောင်း ဖြစ်ရပ်များ ပြောပြ သိရှိရသဖြင့် မိမိတို့နှင့် အသွင်တူရာ လူ့ရပ် လူ့ရွာသို့ သွားလိုလှသဖြင့် မိခင် မရှိခိုက် တစ်နေ့ မိမိ၏ အားခွင်ဗလနှင့် ကျောက်ဂူ တံခါးကို ဖွင့်၍ ဖခင်ကို ထမ်းပြီး ပြေးလေတော့သည်။

စန္ဒာမုခိ ဘီလူးမ ပြန်လာပြီး ကျောက်ဂူတွင်းမှ သားအဘနှစ်ယောက်ကို မတွေ့သဖြင့် လိုက်ရှာရာ တောတွင်း တစ်နေရာ၌ တွေ့ပြီး ပြန်ခေါ်ထားလေသည်။

တောတွင်းမှာ မပျော်ပိုက်တော့သော သားအဘ နှစ်ယောက်မှာ နောက်မကြာမီ ယခင်ကကဲ့သို့ ထွက်ပြေးပြန်ရာ ဘီလူးမက ပြန်လည် ဖမ်းမိပြန်လေတော့သည်။

နှစ်ကြိမ်တိုင်တိုင် ပြန်လည် အဖမ်းခံရသော သားအဘနှစ်ယောက်မှာ အလွယ်တကူ ထွက်မပြေးဝံ့တောဘဲ ဘီလူးမ ယုံကြည်လောက်သည်ထိ ကိုယ်ရှိန်သတ်၍ နေရလေတော့သည်။

တစ်နေ့တွင် သားဖြစ်သူက မိခင်ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အ၀န်းကိုမေးကာ နယ်စပ် နေရာဒေသများကို လိုက်လံကြည့်ရူ မှတ်သားထားလေသည်။

သို့နှင့် အခွင့်အရေး ရသော တစ်နေ့တွင် ဖခင်ကိုထမ်းကာ မိခင်၏ ပိုင်နက်နယ်စပ် လွတ်လေရာ အနီးဆုံး စခန်းသို့ လှမ်းပြေးကြတော့သည်။

သားအဘနှစ်ယောက် အတွက် သစ်သီးဝလံ ရှာဖွေ၍ ပြန်လာသော စန္ဒာမုခိ ဘီလူးမမှာ ကျောက်ဂူတွင်းမှ သားနှင့် လင်ကို မတွေ့သဖြင့် ပူပင်သောက ကြီးစွာ ပိုင်နက်အတွင်း လိုက်လံရှာဖွေရာ မိမိပိုင်နက်မှ လွတ်ရာ မြစ်လယ်ကောင်သို့ ရောက်နေသော သားအဘနှစ်ယောက်ကို တွေ့သဖြင့် ငိုယိုတမ်းတကာ အမြန် ပြန်လာရန် တောင်းပန်ခေါ်ငင်လေတော့သည်။

မိခင် ပိုက်နက်မှ လွတ်မြောက် နေကြောင်း သိနေသော သားက “ပြန်မလာနိုင်တော့ကြောင်း၊ အမျိုးဇာတိ တူရာ လူသားတို့ နေထိုင်ရာ လူ့ရပ် လူ့ရွာသို့ သွားခွင့်ပြုပါတော့” ဟု ပြန်လည် ပြောကြားလေတော့သည်။

ခေါ်မရသည့်အဆုံး မိခင် ဘီလူးမကြီးက “ လူ့ရပ် လူ့ရွာမှာ ဘာပညာမှ ငါ့သားမတတ်ယင် ငတ်မွတ် ဆင်းရဲခြင်းဒုက္ခ ကြုံလိမ့်မည်၊ ဒီတော့ - ခိုးသူ ခြေရာရှာပြီး ဥစ္စာကို ဖော်ပေးနိုင်တဲ့ စိန္တာမဏိ ဂါထာ တော်ကို ငါ့သား သင်ယူသွားပေတော့” ဟု မျက်ရည်လည်ရွဲနှင့် ပူပွဲကြီးဆင်ကာ စိန္တာမဏိ ဂါထာ တော်မြတ်ကို မြစ်ကမ်းပေါ်မှ သင်ပေးလေတော့သည်။

မြစ်လယ်မှ လက်အုပ်ချီ၍ စိန္တာမဏိ ဂါထာ သင်ယူနေသော သားသည်ဂါထာရသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် လဲကျသွားသော မိခင်ကြီးကို ပြေးထူရာ ရင်ကွဲနာကျ ဘ၀ပြောင်းသွားသည် ကို တွေ့ရလေ တော့သည်။

သားအဘ နှစ်ယောက်မှာ သောကမကင်း တောတွင်းမှာပင် ဘီလူးမအလောင်းကို တောပန်း တောင်ပန်းများ ဖုံးအုပ် သင်္ဂြိုလ်ခဲ့ပြီး ဗာရာဏသီပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ဗာရာဏသီပြည်တွင် သူခိုး ခြေရာခံ၍ စိန္တာမဏိ မန္တန်တော်တို့ ရွတ်ဆို၍ ဥစ္စာပစ္စည်းများကို ရှာဖွေ ပေးနိုင်သဖြင့် “ပဒကုသလ” ဟု အမည်တွင်လျက် ပညာရှင် သူကြွယ် ဖြစ်ခဲ့သည်ကစ၍ စိန္တာမဏိ ဂါထာတော်ဟု ဖြစ်ပေါ် ရွတ်ဆို ပွားများခဲ့ကြပါသတည်း။

စိန္တာမဏိမန္တန်ပါဠိ

စိန္တာမဏ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။

ကရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမဇ္ဈတု။

စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။

ကရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမဇ္ဈတု။

စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။

ကရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမဇ္ဈတု။

စိန္တာမဏိ ဂါထာတော် ရွတ်ဖတ်ခြင်း၏အကျိုးများ
ဤ စိန္တာမဏိ ဂါထာတော် ရွတ်ဆိုခြင်းဖြင့် အကြံအစည် အောင်မြင်စေတတ်သည်။ ရာထူး ဌာနန္တရ ရရှိ စေတတ်သည်။ လူနတ်တို့ ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည်။ မိမိတို့၏ ပစ္စည်း၊ ဘဏ္ဍာ၊ ရတနာ၊ ရွှေ၊ ငွေ စသည်တို့ကို တစ်ပါးသူတို့ ခိုးရက် ယူငင်မရနိုင်ဘဲ အာကြိတ်အခဲ အမြဲတည်ရှိခြင်း၊ လိုချင်တောင့်တသော ပစ္စည်းများ ရရှိတတ်ခြင်း အကျိုးများကို ခံစား ရရှိနိုင်လေသည်။

အထက်ဖော်ပြပါ စိန္တာမဏိဂါထာတော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

2 comments:

  1. ဖတ်မရဘူးဗျ နာမည်လဲမသိဘူးပုဏ္ဏယ

    ReplyDelete
  2. နာမယ်လေးသိခြင်

    ReplyDelete