ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 31 August 2010

ပူဇော်ကန်တော့ခြင်း အကျိုးများ



ဝတ္တုပစ္စည်းတို့ဖြင့် ပူဇော်ခြင်းသည် အာမိသပူဇာဖြစ်သည်။ မြတ်စွာဘုရား လမ်းညွှန်ချက် တရားတော် အတိုင်း လိုက်နာ ကျင့်ကြံသောအားဖြင့် ပူဇော်ခြင်းသည် ဓမ္မပူဇာ ဖြစ်သည်။ မြတ်စွာဘုရား ချီးမွမ်းတော်မှုသော ပူဇော်ခြင်းမှာ ဓမ္မပူဇာ ဖြစ်သည်။ ဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်ကြံခြင်း၊ မိဘ၊ ဆရာသမားတို့၏ သြ၀ါဒကိုလိုက်နာ ကျင့်ကြံခြင်းစသည်တို့ကို အကောင်းဆုံး ပူဇော်ခြင်းမည်ပေ၏။



အကျိုးရှိသော ပူဇော်ကန်တော့နည်းမှာ မိဘဘိုးဘွားဆရာသမားများကို ပူဇော်ကန်တော့ကြသည့်အခါ အကျိုးတရား အပြည့် အ၀ရရှိစေရန် အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပေမည်-

(၁) သဟတ္တာ ဒေတိ= အပူဇော်ခံ ပုဂ္ဂိုလ်လက်သို့အရောက် ကိုယ်တိုင်လက် နှစ်ဘက်ဖြင့် ကိုင်၍ ပေးလှူပါ၊

(၂) သက္ကစ္စ့ ဒါနံ ဒေတိ - ရိုသေလေးစားစွာလှူပါ၊

(၃) မလှူဒါန်းမီ ငါးပါးသီလ စသည်ကို ကြိုတင်ဆောက်တည်ပြီးမှ လှူဒါန်းပါ၊

(၄) ဓမ္မပူဇာအနေဖြင့် ရှေးဦးစွာ ဘုရားရှင်အား ဂုဏ်တော်ကို ရည်မှန်းရှိခိုးဦးချပြီးမှ လှူပါ၊

(၅) မိမိကနိမ့်ရာတွင်နေပြီး အပူဇော်ခံပုဂ္ဂိုလ်များ၏ သီလ၊ သမာဓိ၊ ပညာဂုဏ် တို့ကို အာရုံပြု၍ ရှိခိုးဦးချပါ၊ သြကာသဖြင့် ကန်တော့၍ ရှိခိုးပူဇော်ပါ။



ပူဇော်ကန်တော့ရသောအကျိုးမှာ များပြားလှပါသည်။ လောကရေးမှကြည့်လျှင် တန်ဖိုးရှိသော သြ၀ါဒများကို နာကြားရခြင်း၊ ပညာရှိတို့ ချီးမွမ်းခံရခြင်း၊ လူချစ် လူခင်ပေါများခြင်း စသည့်အကျိုးတို့ကို ရရှိပါသည်။ ဓမ္မရေးရာမှ ကြည့်လျှင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်းအားကြီးခြင်း၊ ကိုယ်စိတ်နှစ် ဖြာချမ်းသာခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ ဘုန်းတန်းခိုးအာနုဘော် ကြီးမားခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။ ဒါန မင်္ဂလာ၊ ဂါရ၀နိဝါတ မင်္ဂလာ၊ ကတညုတ မင်္ဂလာ၊ သောဝစဿတာ မင်္ဂလာ စသော မင်္ဂလာတရားတော်တို့နှင့် ပြည့်စုံသဖြင့် ဧတာဒိသာနိ ကတွာန သဗ္ဗတ္ထ မပရာဇိတာ စသော မင်္ဂလာအကျိုးပြ ဒေသနာတော်အရ ပြောဆို ကြံစည် ဆောင်ရွက်သမျှ အောင်မြင်ရ ခြင်း၊ ဘေးရန် ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်ပေသည်။



သက်ကြီးရွယ်အိုများအား ရှိခိုး ပူဇော်ခြင်း၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေးခြင်းတို့ကို အမြဲတစေ ပြုလုပ်သောသူသည် အသက်ရှည်ခြင်း စသော အကျိုးတရားလေးပါးကို ရရှိနိုင်သည်ဟု ဟောတော်မှုခဲ့ သည်။ ကန်တော့ ပူဇော်ရသော ကောင်းမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေစေနိုင်သည့် အကုသိုလ်ကံကိုပင် ပယ်ဖျောက်၍ အသက် ၁၂၀-ထိပင် ရှည်စေခဲ့သည်။ သက်ကြီးဝါကြီးများအား ရိုသေလေးစားသူများ၊ ပူဇော်ကန်တော့ သူများသည် ဥပစ္ဆေဒကကံဖြင့် မသေနိုင်၊ ထို့ကြောင့် အသက်ရှည်လိုသူတိုင်း အစဉ် အလာကောင်း တစ်ရပ်ဖြစ်သည့် သက်ကြီးဝါကြီး ပူဇော်ကန်တော့မှုတို့ကို ထာဝစဉ် ပြုလုပ်သင့်သည်။



သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကို ပပျောက်စေနိုင်သည်။ သတ္တ၀ါမှန်သမျှ သံသရာခရီးသည် များချည်းသာ ဖြစ်ကြသဖြင့် အတိတ်ဘ၀များ၌ဖြစ်စေ၊ ယခုဘ၀၌ဖြစ်စေ၊ ကိုယ်နှုတ် နှစ်လုံး သုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားခဲ့မှုများ ရှိနိုင်ကြသည်။



အကယ်၍ ကန်တော့တောင်းပန်မှု မပြုခဲ့သော် သံသရာ ရန်ညိုးကြီးအဖြစ် ပါသွားတတ်သည်။ သံသရာတလျှောက် လက်စားချေ၍မဆုံး၊ အမုန်းသံသရာလည်နေတတ်သည်။ ကြီးလေးသော အဆိုးဆုံးသော အပြစ်များကို ကန်တော့ခြင်းဖြင့် ပပျောက်နိုင်သည်။ သောရေယျ သူဌေးသားဝတ္ထု၌ အရှင်မဟာကစ္စည်ကို ပြစ်မှားမိ၍ ယောက်ျားဘ၀မှ မိန်းမဖြစ်ခဲ့ရသည်။ သို့သော် အရှင်မြတ်ကို ၀န်ချ တောင်းပန်ကန်တော့လိုက်သဖြင့် ယောက်ျားဘ၀ ပြန်ရောက်ကာ ရဟန္တာ ဖြစ်ခဲ့သည်။



ထို့ကြောင့် လောကအကျိုး တမလွန်အကျိုးများ ရရှိနိုင်သည့်အပြင် အပြစ်ကြီးငယ်တို့ကို မပျောက်သွား စေနိုင်သည့် ဓလေ့ကောင်း၊ အကျိုးရှိသော အစဉ်အလာကောင်း တစ်ခုဖြစ်သည့် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာ့ယဉ်ကျေးမှုအနေဖြင့် အစဉ်ထာဝရ ထိန်းသိမ်းထားရပေမည်။

သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲ



ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက်မျှ အသက်ကြီးသူများ၊ အကျင့်သိက္ခာမြင့်မြတ်သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ သီလ သမာဓိ ပညာဂုဏ်ကြီးမားသူများကို ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့ လေ့ရှိကြသည်။ အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာဂုဏ်ဝါကြီးသူများ၊ မိဘဘိုးဘွားဆွေမျိုးများ၊ ဆရာသမားများကို အ၀တ်အစား စားဖွယ်သောက်ဖွယ်များဖြင့် သွားရောက် ပူဇော်ကန်တော့လေ့ရှိကြသည်။



ဤသို့ ပူဇော်ကန်တော့ကြခြင်းမှာ ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားတော်မှုခဲ့သည်။ မင်္ဂလာတရားတော်နှင့် အညီ ပြုလုပ်ကြသော ဗုဒ္ဓယဉ် ကျေးမှုပွဲတစ်ပွဲ ဖြစ်ပေသည်။



သီတင်းကျွတ်သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော်တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲ ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပေမည်။

ရည်မှန်းလှူလျှင် သေသူရနိုင်



မြတ်စွာဘုရားသည် ပါဝါပြည်ရွှေပန်ထိမ်သည်သားစုန္ဒ၏ ဥယျာဉ်၌ သီတင်းသုံးတော်မှုနေစဉ် ဇာဏှာသောဏီ ပုဏ္ဏားကြီးရောက်လာပြီး ဘုရားရှင်အား အောက်ပါအတိုင်း လျှောက်ထား၏။



“အရှင်ဂေါတမ…တပည့်တော်တို့ ပုဏ္ဏားများသည် သေဆုံးသူတို့ကို ရည်မှန်းပြီး အလှူဒါန ပြုကြပါသည်။ ထိုအလှူဒါနသည် တပည့်တော်တို့ ရည်မှန်းသည့်အတိုင်း သေသူဆွေမျိုးများထံ ရောက်ပါသလား၊ သေသူဆွေမျိုးတို့သည် ထိုအလှူဒါနကို သုံးဆောင်ကြရပါသလား”



ပုဏ္ဏားကြီး…သေဆုံးသွားသူ၊ ဆွေမျိုးများသည် ငရဲသား၊ တိရစ္ဆာန်၊ လူ၊ နတ် ဖြစ်သွားသော် သေဆုံးသူကို ရည်မှန်း၍ လှူဒါန်းသည့် အလှူ၏အကျိုးကို မခံစားရပေ၊ ထိုအလှူသည် သေဆုံးသူဆွေမျိုးများထံသို့ မရောက်ရှိပေ၊ သေဆုံးသူ ဆွေမျိုးများသည် ပြိတ္တာဖြစ်မှသာ ထိုပြိတ္တာထံသို့ ထိုအလှူဒါန ရောက်နိုင်သည်။ ထိုအလှူဒါန၏အကျိုးကို ရရှိခံစားနိုင်သည်။ သေဆုံးသူ ပြိတ္တာမဖြစ်လျှင် သံသရာဘ၀များမှာ ရှည်လျားလှသည်ဖြစ်သောကြောင့် ထိုအလှူ၏ အကျိုးကို ဘ၀ဟောင်း ဘ၀ပေါင်း များစွာက ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့ ခံစားရပေသည်။



အကယ်၍ ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့ အကျိုးမခံစားရစေကာမှု ထိုကုသိုလ်ဒါနသည် အလှူရှင်အား ရောက်ရာဘ၀တွင် မွန်မြတ်သည့် အစားအသောက် အသုံးအဆောင် စသည်တို့ကို ရရှိ ခံစားနိုင်ပေသည်ဟု မြတ်စွာဘုရားက ဖြေကြားတော်မှုလေသည်။ ပြိတ္တာ လေးမျိုးတို့အနက် ပရဒတ္တူပဇိဝိတ ပြိတ္တာမျိုး (ပြိတ္တာ တစ္ဆေ သရဲ) တွင် ဖြစ်မှသာ အကျိုးခံစားခွင့်ရှိသည်။ အလှူခံ ပုဂ္ဂိုလ် သီလစင်ကြယ်မှသာ ရည်ညွှန်းလှူဒါန်း အမျှပေးဝေမှုသည် အကျိုးတရား ကြီးမားသည်။

Monday 30 August 2010

အလှူခံသီလရှိမှ အကျိုးခံစားရ


ရာဇဂြိုလ်ပြည့်ရှင် ဘုရင်အဇာတသတ်သည် ခမည်းတော်ကို လုပ်ကြံပြီးနောက် စိတ်မရွှင်ပြ အိပ်မရဖြစ်နေစဉ် ကောင်းကင်၌ ပြိတ္တာတစ်ဦးသွားသည်ကို တွေ့ရ၍ ဘုရင်ကလှမ်း၍မေးရာ ဗာရာဏသီရှိ သမီထံသွား၍ ရည်ညွှန်းလှူဒါန်းသော ကုသိုလ်အဖို့ကို သွားယူမည့်အကြောင်း ပြန်ပြောသည်။ အပြန်တွင် သူ့ထံဝင်ရန် ဘုရင်က မှာလိုက်သည်။ အပြန်တွင် ဘုရင်ထံဝင်၍ ပြိတ္တာကြီးက ပြောသည်မှာ “သီလမရှိသော ဒုဿီလ ပုဏ္ဏားတို့ကို လှူဒါန်းပြီးအမျှဝေသောကြောင့် ထိုအလှူ၏အကျိုးကို မခံစားခဲ့ရပါ။ ဘုရားအမှူးရှိသော သံဃာတော်တို့အား သူ့ကို ရည်မှန်း၍ လှူဒါန်းပေးပြီး အမျှဝေပါ” ဟု တောင်းပန်သည်။ အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းအမျှဝေရာ ထိုပြိတ္တာကြီး ကျွတ်လွတ်၍ နတ်ဘ၀သို့ ရောက်သွားခဲ့လေသည်။


ထို့အတူပင် မုဆိုးတစ်ဦးသည် ကွယ်လွန်သူ ဆွေမျိုးပြိတ္တာတို့အားရည်စူး၍ အလှူဒါနပြုရာ သုံးကြိမ်တိုင်တိုင် သီလမရှိသည့် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းမိလေသည်။ ထိုအခါ “ဒုဿီလ ပုဂ္ဂိုလ်ကြီးက ငါ့ဟာတွေ လုယူထားတယ်” ဟု ပြိတ္တာကြီးက ဟစ်အော်လေသည်။ ထို အော်သံကြားမှ မုဆိုးကြီးသည် သတိရပြီး အကျင့်သီလနှင့် ပြည့်စုံသော သီလ၀န္တရဟန်းတော်အား ပင့်၍ လှူဒါန်းအမျှဝေသည်နှင့် တပြိုင်နက် ပြိတ္တာသည် အကျိုးခံစားခွင့် ရရှိသွားလေသည်။ ဖုဿဘုရားရှင် လက်ထက် ညီတော်မင်းသားသုံးဦးတို့သည် ဘုရားရှင်အား ၀ါတွင်းသုံးလပတ်လုံး ဆွမ်းကပ်လှူဒါန်းကြသည်။ မိမိတို့ကိုယ်တိုင် ဖန်ရည်ဆိုးသော အ၀တ်ကိုဝတ်လျက် ဘဏ္ဍာစိုးတစ်ယောက်ကို တာဝန်ယူ ချက်ပြုတ်စေ၏။ အချို့တို့သည် ဘုရား သံဃာအားကပ်မည့် ဆွမ်းဟင်းများကို တိတ်တဆိတ် ယူထားကြကုန်၏။ ထိုဘ၀မှ စုတေသည်ရှိသော် ငရဲ၌ဖြစ်ကုန်၏။ လွန်စွာ ဆင်းရဲ ငတ်မွတ်ကုန်၏။ ကဿပဘုရားရှင်အား လျှောက်ထားရာ ဂေါတမ ဗုဒ္ဓလက်ထက် ဗိမ္ဗိသာရမင်းကြီး အလှူပြုအမျှဝေမှ ၀လင်စွာ စားသောက်ရမည်ဟု မိန့်တော်မှု၏။


မြတ်စွာဘုရား ပွင့်တော်မှုသောအခါ ဗိမ္ဗိသာရမင်းကြီးသည်၊ ဝေဠုဝန်ကျောင်းတော်ကြီးကို လှူဒါန်းကာ ရေစက်ချ၏။ ပြိတ္တာတို့လည်း မိမိတို့ကို အမျှဝေလိမ့်မည်ဟု တွေးကြံကြပြီး မြို့တံတိုင်းအနားသို့ စုဝေး ရောက်လာကုန်၏။ မင်းကြီးမှာ အမျှမပေးဝေသဖြင့် ပြိတ္တာတို့သည် စိတ်ပျက်အားလျော့ကာ ညအချိန်တွင် နန်းတော်သို့ဝင်ပြီး ခြောက်လှန့်ကုန်၏။ မြတ်စွာဘုရားကို လျှောက်ထားရာ အဖြစ်မှန်ကို သိရ၍ ထပ်မံဆွမ်းကျွေးပြီး အမျှဝေလေသည်။ ထိုအခါမှ ပြိတ္တာတို့ သာဓုခေါ်၍ နတ်အစားအစာများကို စားသုံးရသည်။ သို့ရာတွင် မင်းကြီးလှူဒါန်းရာ၌ အ၀တ်အစားမပါသဖြင့် ဆွေမျိုးပြိတ္တာတို့ အ၀တ်အစား အ၀တ်ရသေးကြောင်း မင်းကြီးအား ပြန်ပြောကြသောအခါ မင်းကြီးသည် နောက်တစ်နေ့၌ သံဃာတော် တို့အား ပင့်ဖိတ်ဆွမ်းကျွေးပြီး သင်္ကန်းများပေးလှူကာ အမျှဝေ၍ သာဓုခေါ်သော အခါမှ နတ်ဝတ်တန်ဆာတို့ကို ရရှိသွားလေသည်။ သို့ဖြစ်၍ သီလရှိသူ ရဟန်းတော်တို့အား သေသူကိုရည်မှန်း၍ လှူဒါန်းအမျှဝေ ဆွမ်းသွတ်တရားနာယူမှုကို ပြုလုပ်သင့်ကြပေသည်။ သေသူရည်မှန်း၍ လှူဒါန်းသော ဆွမ်းသွတ်အလှူ၌ သံဃာတော်များအား ပုဂ္ဂိုလ်ကို မရည်မှန်းဘဲ သံဃာအများကို ရည်မှန်၍ လှူဒါန်းဆက်ကပ်ရမည်။ ထိုသူကြားသိအောင် အမည်ကိုခေါ်၍ “သင့်အတွက် စားဖွယ်သောက်ဖွယ်၊ အ၀တ်အထည်များကို သံဃာတော်များအား လှူဒါန်းပြီးဖြစ်သည်။ ထိုကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ” ဟု ၃ကြိမ်အမျှ ဝေရမည်ဖြစ်သည်။


ဤသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ ဆွမ်းသွတ်တရား နာယူမှုပင် ဖြစ်လေသည်။

အိမ်တက်မင်္ဂလာပွဲ



မြန်မာလူမျိုးတို့သည် များသောအားဖြင့် အိမ်စသော အဆောက်အအုံသစ်များကို ဆောက်လုပ်ပြီးသည့်အခါ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းစသော ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ်ကျွေးမွေးခြင်း လှူဖွယ်ဝတ္တုများကို လှူဒါန်းဆက်ကပ်ခြင်း၊ ဘုန်းတော်ကြီးများထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော် များကို နာယူခြင်း သတ္တ၀ါများအား အမျှပေးဝေခြင်း၊ သာဓုအနုမောဓနာပြုခြင်း စသည်ဖြင့် ဒါန သီလ ဘာဝနာ ကောင်းမှု မင်္ဂလာ အဖြာဖြာတို့ကို ယုံယုံကြည်ကြည်ဖြင့် အမြတ်တနိုး ပြုလုပ်လေ့ရှိကြသည်။



ဤကဲ့သို့ မင်္ဂလာယူသည့်အခါမျိုး၌ သံဃာတော်အရှင်မြတ်များက အိမ်သူအိမ်သားများ ချမ်းချမ်းသာသာ မင်္ဂလာရှိရှိ နေထိုင်နိုင်ကြရန် မင်္ဂလသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှာသုတ် စသည့်အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြင့် ပေးလေ့ရှိကြပါသည်။ အချိုက မိသားစုတို့မှာမှု ညနေချမ်းကာလတွင် သံဃာတော်များကို ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်နာခြင်းစသည်ဖြင့် အိမ်တက် မင်္ဂလာပွဲကို ဆင်နွှဲလေ့ရှိကုန်၏၊ ဤအစဉ်အလာကား ဗုဒ္ဓဘာသာ မြန်မာတို့၏ ကောင်းမြတ်သော အစဉ်အလာတစ်ခုပင် ဖြစ်ပေသည်။

အိမ်တက်မင်္ဂလာပွဲ ဖြစ်ပေါ်လာပုံ



ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မှုစဉ် သာကီဝင်မင်းတို့သည် လွှတ်တော် အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်ပြီးစီးချိန်ဖြစ်၏။ ရှင်တော်ဗုဒ္ဓသည် ငါတို့ဆွေတော်မျိုးတော်များထဲတွင် အမြင့်မြတ်ဆုံးဖြစ်သည်။ မြတ်သော အလှူကို ခံတော်မှုထိုက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးလည်းဖြစ်၏။ ဗုဒ္ဓမြတ်စွာအား သီတင်းသုံးစေတော်မှုရလျှင် ငါတို့အတွက် စီးပွားချမ်းသာ ကျက်သရေအဖြာဖြာ မင်္ဂလာအမျိုးမျိုးတို့ တိုးတက်ပွား များပေလိမ့်မည်ဟု ကြံစည်ကြ၏။ သာကီဝင်မင်းတို့သည် တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ပင့်လျှောက်၏။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့သည် အဆောက်အဦး၌ သီတင်းသုံးကြပြီး ဘုရားရှင်က တရားဟောတော်မှု၏။ ရတနာသုံးပါးလုံး သီတင်းသုံးခြင်းဖြစ်၍ အကျိုးတရားများပြားလှကြောင်း အနုမောဒနာပြုတော်မှု၏။



ထို့ပြင် မြတ်စွာဘုရားသည် နာလန္ဒမြို့မှ ပါဋလိရွာသို့ကြွတော်မှု၍ သီတင်းသုံးတော်မှုစဉ် မဂဓတိုင်းကို အစိုးရသော အဇာတသတ်မင်း၏ အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် ပါဋလိရွာငယ်လေးကို မြို့ကွက်ရိုက်၍ မြို့သစ်တည်ဆောက်နေကြ၏။ မြတ်စွာဘုရားကြွရောက်ရာအရပ်ဌာနတို့၌ ကြမ်းတမ်းသော သတ္တ၀ါတို့ ဖယ်ရှားသွားတတ်ကြသည်။ ဤမြို့သစ်၌ မင်္ဂလာဖြစ်စေရန်အတွက် ဘုရားရှင်ကို ပင့်ဖိတ်ကြမည်ဟု တိုင်ပင်၍ ပင့်ဆောင်ကြသည်။ ဘုရားအမှူးရှိသော သံဃာတော်တို့သည် ပုဏ္ဏာကြီး နေထိုင်ရာ အိမ်သစ်သို့ ကြွရောက်တော်မှုပြီး ဆွမ်းဘုဉ်းပေးသော တရားဟောတော်မှုကြသည်။



ဒါယကာတို့… ပညာရှိသည် အိမ်သစ်ဆောက်လုပ်ပြီးသောအခါ သီလရှိသော ပုဂ္ဂိုလ်တို့ကို ဆွမ်းဆက် ကပ်လှူဒါန်း၍ နတ်အပေါင်းတို့အား ကုသိုလ်အဖို့ကို အမျှပေးဝေရမည်။ ရံဖန်ရံခါ ဗလိနတ်စာကျွေးမွေး ရမည်၊ ထိုအခါ နတ်တို့သည် လူတို့အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ရန်အသွယ်သွယ်တို့ကို ဖယ်ရှားပေးသောအားဖြင့် စောင့်ရှောက်တတ်ပေ၏၊ နတ်တို့ စောင့်ရှောက်မှုကို ခံရသောသူသည် ကောင်းကျိုးချမ်းသာ ဋ္ဌမင်္ဂလာအဖြာဖြာကို အမြဲတစေ တွေ့ကြုံခံစားရပေမည်ဟု ဟောတော်မှု၏။



သို့ဖြစ်၍ အိမ်တက်မင်္ဂလာပွဲ ကျင်းပလှူဒါန်းခြင်းသည် သက်တော်ထင်ရှား မြတ်စွာဘုရားလက်ထက်တော်ကပင် စတင်ကျင်းပ၍ ယနေ့ထက်တိုင် လက်ခံကျင့်သုံးနေသော ဗုဒ္ဒဘာသာ ယဉ်ကျေးမှုပွဲတစ်ပွဲ ဖြစ်ပေသည်။

မိမိပတ်ဝန်းကျင်ကို အမြင်မှန်ရအောင် ကြိုးပမ်းကြပါ



ဝိသာခါကဲ့သို့ပင် အနာထပိဏ် သူဌေးကြီး၏ သမီး စူဠသုဘဒ္ဒါသည်လည်း မိစ္ဆာဒိဌိကိုးကွယ်သူ ဥဂ္ဂသူဌေးသားနှင့် လက်ထပ်ခဲ့ရသည်။ ၀ိသာခါလိုပင် မိဘများက ဆုံးမသြ၀ါဒပေးကာ ပညာရှိရှစ်ဦးထံ အပ်နှံလိုက်သည်။ စူဠသုဘဒ္ဒါသည် မိဘတို့၏ လုပ်ငန်းမှာမှု ကိုယ်ပိုင်အခွင့်အရေးဖြစ်၍ ၀တ္တရားမပျက် ရတနာသုံးပါးကိုးကွယ်မှုကို အပျက်မခံခဲ့ပေ။ မိစ္ဆာဒိဌိ အစေလကတက္ကတွန်းကြီး များကို ရှိခိုးခိုင်းရာ ရှိမခိုးနိုင်ကြောင်း ငြင်းဆန်ရာမှ အိမ်ကနှင်ချခံရသည်။ ပညာရှိ ရှစ်ဦးတို့က ထိုအရေးကို ညှိနှိုင်းကြပြီး ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟု ဆုံးဖြတ်ချက်ပေးကြသည်။



ဘုရားချင်းပြိုင်သည့်အနေဖြင့် မနက်ဖြန်အရောက်ကြွရန် ဘုရားပင့်ခိုင်းသည်။ မိမိနေထိုင်သည့် သာကေတမြို့မှ ဘုရားရှင်ရှိရာ သာဝတ္ထိမြို့သို့ မြတ်လေးပန်းများကို အဓိဌာန်၍ ဘုရားပင့်လွှတ်လိုက် သည်။ ထိုပန်းများသည် မြတ်စွာဘုရား ထံမှောက် ထိုအချင်းအရာကို ပန်းဆိုင်းဆွဲသကဲ့သို့ တည်နေကြသည်။ မြတ်စွာဘုရားသည် ထိုအချင်းအရာကို စိတ်တော်ဖြင့်သိ၍ နောက်တစ်နေ့ နံနက်တွင် သံဃာတော်ငါးရာနှင့်အတူ ဆွမ်းအလှူခံ ကြွတော်မှုလာပြီး ဆွမ်းအနုမောဒနာ တရားဟောပြရာ အရိယာ ဖြစ်သွားကြသည်။ မိသားတစ်စုလုံး တစ်မြို့လုံးလိုလို ဗုဒ္ဓဘာသာဝင် ဖြစ်လာကြလေတော့သည်။

အိမ်ထောင်ရေးတာဝန်များနှင့် ဘာသာရေးလွတ်လပ်ခွင့်



ဝိသာခါသည် ဓနဉ္စယသူဌေး၏သမီး၊ မေဏ္ဍက သူဌေးကြီး၏ မြေးတည်း၊ ၇-နှစ်အရွယ်ကပင် သောတာပန် အရိယာ ဖြစ်ခဲ့သည်။ မိဂါရ သူဌေး၏သား သတို့သားက လက်ထပ်ရန် တောင်းဆို စေ့စပ်လာသည်။ မိဂါရသူဌေးမှာ ဗုဒ္ဓကို မကိုးကွယ်ဘဲ ဘာသာတပါးကို ကိုးကွယ်သူ ဖြစ်သည်။ ဗုဒ္ဓဘာသာ ဥပါသကကြီးဖြစ်သူ ဓနဉ္စယသူဌေးကြီးကား ချစ်သမီး၏ စွမ်းအားကို သိသူဖြစ်သည်။ ထိမ်မြားမင်္ဂလာပွဲကို ခမ်းနားစွာ အသပြာ ကိုးကုဋေတန် မဟာလတာရတနာတန်ဆာကို လက်ဖွဲ့၍ အောက်ပါအတိုင်း မှာကြားဆုံးမ လိုက်သည်။



ချစ်သမီး -



(၁) ယောက္ခမ ခင်ပွန်းတို့၏ မကောင်းစကားမျိုးကို ပြင်ပမှာ မပြောနှင့်၊



(၂) အိမ်နီးချင်းတို့ ပြောသည့် ကဲ့ရဲ့စကားမျိုးကိုလည်း ယောက္ခမ ခင်ပွန်းတို့ကို ပြန်မပြောနှင့်၊



(၃) ကြွေးမြီး မဆပ်သူကို ထပ်မပေးနှင့်၊



(၄) ကြွေးမြီး ပေးဆပ်သူကို ထပ်မံပေးပါ၊



(၅) ဆင်းရဲနွမ်းပါးနေသော ဆွေမျိုးမိတ်သင်္ဂဟများကိုမှု ပေးဆပ်နိုင်သည်ဖြစ်စေ၊ မပေးဆပ်နိုင်သည် ဖြစ်စေ၊ ပေးကမ်း စောင်မပါ၊



(၆) ယောက္ခမ လင်သားတို့ ထက်မြင့်သော နေရာမျိုးမှာ မနေပါနှင့်၊



(၇) ယောက္ခမ လင်သားတို့ကို ဦးစွာ ကျွေးမွေးပြီး မိမိက နောက်မှ စားသောက်ပါ။



(၈) ယောက္ခမ လင်ယောက်ျားတို့ အိပ်ယာဝင်သောအခါ ၀တ်ကြီးဝတ်ငယ် ပြုပြီး နောက်ဆုံးမှ အိပ်ယာဝင်ပါ၊



(၉) မိမိခင်ပွန်းနှင့် ယောက္ခမများကို မီးပုံကြီးအလား ရိုရိုသေသေ ပြုစု လုပ်ကျွေးပါ၊



(၁၀) အိမ်ဦးနတ်ဖြစ်သော မိမိလင်ယောက်ျားကို ရိုသေစွာချစ်ခင် မြတ်နှိုးရှိခိုးပါ။



ဤကဲ့သို့ အိမ်ထောင်ရေးတာဝန် ကျေပွန်စွာဆောင်ရွက်ပြီး မိမိ ကိုးကွယ်သော ဘာသာသာသနာ၏ တာဝန်ကိုလည်း မိမိတတ်နိုင်သလောက် ကြိုးစားရန် စီစဉ်ပေးလိုက်သည်။ အကယ်၍ အိမ်ထောင်ရေး တာဝန် ကျေပွန်ပါလျက် မတရားသက်သက် ပြုမှုဆောင်ရွက်ခံရလျှင် မနစ်နာစေရန်အတွက် ပညာရှိရှစ်ဦးကိုပါ အပ်နှံလိုက်သည်။ ၀ိသာခါနှင့် ပတ်သက်သော ပြဿနာတစ်စုံတရာ ပေါ်ပေါက်လာပါလျှင် နှစ်ဘက်စကား လေ့လာနားထောင်ပြီး မှန်ကန်စွာ ဆုံးဖြတ်ကြရန် အပ်နှံလိုက်ခြင်းဖြစ်သည်။



ဝိသာခါသည် ယောက္ခမအိမ်သို့ ရောက်သောအခါ မိဘများမှာကြား ဆုံးမလိုက်သည့်အတိုင်း အိမ်ထောင်ရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်။ ဘာသာရေးလုပ်ငန်းမှာမှု အိမ်ထောင်ရေးနှင့် မသက်ဆိုင်၊ မိမိကိုယ်ပိုင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ခွင့်ရှိသဖြင့် မိမိပြုနေကျဝတ်အတိုင်း ရတနာသုံးပါး ကိုးကွယ်မှုကို မပြတ်လုပ်သည်။ တစ်နေ့တွင် ယောက္ခမကြီး ထမင်းစားနေချိန် ရဟန်းတော် တစ်ပါးဆွမ်းရပ်လာသည်။ သူဌေးကြီးမှာ ဘာသာခြားဖြစ်သဖြင့် ဆွမ်းမလှူဘဲ စားမြဲ စားနေသည်။ ရဟန်းတော်လည်း ရပ်မြဲ ရပ်နေသည်။ ၀ိသာခါ မြင်သောအခါ-



အရှင်ဘုရား ဤအိမ်ရှင်တို့သည် အဟောင်းစားများဖြစ်ပါသည် ဘုရား၊ ကန်တော့ဆွမ်းပါဘုရား ဟု ခပ်ကျယ်ကျယ် ပြောလိုက်သည်။ ယောက္ခမကြီး အလွန်စိတ်ဆိုးသွားသည်။ ၀ိသာခါကိုလည်း အိမ်ပေါ်မှ နှင်ချသည်။ သို့သော် အသိအလိမ္မာ ပညာရှင် ၀ိသာခါက အိမ်ပေါ်မှ မဆင်းဘဲ ဤ ကိစ္စအတွက် ပညာရှိ ရှစ်ဦး၏ အဆုံးအဖြတ် ခံရန် စီစဉ်သည်။ ပညာရှိ ရှစ်ဦးနှင့် ဆုံးဖြတ်ပွဲ ကျင်းပသောအခါ နှစ်ဘက်ပြောကြား ချက်များကို လေ့လာသည်။



သူဌေးကြီးက ၀ိသာခါသည် မိမိကို မစင်စားသူဟု မိုက်ရိုင်းစွာ ပြောဆိုပါသည်ဟု စွပ်စွဲချက်တင်ပြ လာသည်။ ထိုအခါ ၀ိသာခါက ပညာရှိကြီးတို့ သမီးပြောလိုက်သည့် စကားမှာ အဟောင်းစားများ ဖြစ်ပါသည်ဟုသာ ဆိုပါသည်။ အဓိပ္ပာယ်မှာ အတိတ်ဘ၀သံသရာက ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကောင်းမှု ဟောင်း ဒါနမျိုးစေ့ဟောင်း ကုသိုလ်ကောင်းမှုအဟောင်း၏ အကျိုးကို ခံစားနေသူများ ဖြစ်၍ အဟောင်းစားများဖြစ်ပါသည်ဟု ပြောဆိုခဲ့ပါသည်။ မစင်စားသူဟူ၍ မပြောခဲ့ပါ။ ဒါန အသစ်ထပ်မံ မပြုလုပ်သူများဖြစ်၍ ဆွမ်းလောင်းလှူမည့်သူ မဟုတ်ပါဘုရားဟု လျှောက်ထားလိုက်ခြင်း ဖြစ်ပါသည်ဟု ရှင်းပြလေသည်။



ထိုအခါ ပညာရှိရှစ်ဦးတို့က ၀ိသာခါ ပြောစကားမှန်ပေသည်ဟု ဆုံးဖြတ်လိုက်သည်။ သူဌေးကြီးလည်း ရတနာသုံးပါးနှင့် ပတ်သက်၍ စိတ်ထားပြောင်းလာသည်။ ဗုဒ္ဓဘာသာကို လေ့လာသည်။ နောင်အခါတွင် ၀ိသာခါအား ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းစားပင့်ဖိတ်ခိုင်းပြီး ဆွမ်းကျွေးစေသည်။ ဘုရားရှင်၏ တရားတော်ကို နာယူရလေသောအခါ သောတာပန်တည်၍ မိသားစု တစ်စုလုံး ဗုဒ္ဓဘာသာ ဖြစ်လာကြလေသည်။







Sunday 29 August 2010

ဘာသာခြားနှင့် လက်ထပ်ရာဝယ်

ထိမ်းမြားမှုနှင့် ပတ်သက်၍ တစ်ခါတစ်ရံ ဘာသာတပါး ယုံကြည်သူများနှင့် လက်ဆက်ရသည်လည်း ရှိတတ်သည်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကပင် ဤပြဿနာမျိုး မကြာခဏ တွေ့ကြုံခဲ့ရသည်။ ၀ိသာခါ၊ စူဠသုဘဒ္ဒါ စသော အရိယာ အမျိုးသမီးများသည်ပင် ဘာသာခြားများနှင့် လက်ထပ်ခဲ့ာကဖူးကြောင်း တွေ့ရသည်။



ထိုသို့ ဘာသာခြားများနှင့် လက်ထပ်ရာဝယ် မိဘများက သားသမီးများအား မိမိအယူဘာသာဝါဒ မပျောက်ကွယ်ရအောင် ကြိုတင်စီစဉ်မှာကြားလိုက်ပုံများနှင့် သားသမီးများကလည်း မိမိဘာသာကို ကာကွယ်ပြီး မိမိဘာသာဘက်သို့ ရောက်လာအောင် ဆောင်ရွက်ပုံတို့မှာ အတုယူစရာ ကောင်းလှပေသည်။

အသွင်တူမှ အိမ်သူဖြစ်



အသွင်တူမှ အိမ်သူဖြစ်နိုင်သည် ဟူသော စကားအတိုင်းပင် အိမ်ထောင်ဖက်ချင်း အသွင်တူစေရန် အရေးကြီးလှသဖြင့် အသွင်တူသည့် အိမ်ထောင်ဖက်လေးမျိုးကိုလည်း ညွှန်ပြတော်မှုသည်။



၁။ အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဋ္ဌိအယူရှိသည့် အမျိုးသားနှင့် အမျိုးသမီးတို့ ထိမ်းမြားမှု။



၂။ အကျင့်သီလနှင့် ပြည့်စုံ၍ မှန်ကန်သော ဘာသာအယူဝါဒတူ သမ္မာဒိဋ္ဌိအယူမှန်ရှိသော အမျိုးသားနှင့် အမျိုးသမီးတို့ ထိမ်းမြားမှု။



၃။ အကျင့်သီလ ကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဋ္ဌိရှိသည့် အမျိုးသားနှင့် အကျင့်သီလနှင့် ပြည့်စုံ၍ မှန်ကန်သော သမ္မာဒိဌိအယူရှိသူ အမျိုးသမီးတို့ ထိမ်းမြားမှု။



၎။ အကျင့်သီလနှင့် ပြည့်စုံ၍ မှန်ကန်သော သမ္မာဒိဋ္ဌိအယူရှိသူ အမျိုးသားနှင့် အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဋ္ဌိအယူရှိသည့် အမျိုးသမီးတို့၏ ထိမ်းမြားမှုဟု ထိမ်းမြားမှု လေးမျိုး ရှိလေသည်။



ထိုလေးမျိုးသော အိမ်ထောင်ဘက်တို့တွင် အသွင်တူချင်း ပေါင်းသင်းရခြင်းသည် ကောင်းခြင်းမင်္ဂလာ ပြည့်စုံလှပါသဖြင့် အသွင်မတူပါက အိမ်သူအဖြစ် မရွေးချယ်သင့်ပေ။

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး



အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး”ဤသုံးချက် မပိုင်လျှင် နောင်ပြင်နိုင်ခက်သည့် အမျိုးဟူသော ဆိုရိုးစကားအရ နောင်သောအခါဝယ် ပြုပြင်ပြောင်းလဲရန် ခဲယဉ်းလှပြီး သံသရာတလျှောက်လုံ နစ်မွန်းနိုင်သော လုပ်ငန်းမျိုးဖြစ်သဖြင့် ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတို့နှင့် ထိမ်းမြားလက်ထပ်မှု မပြုကြရန် ထပ်မံခွဲခြား၍ ဟောကြားတော်မှု ခဲ့ပါသည်။



လင်ရော၊ မယာပါ နှစ်ဦးစလုံး သဒ္ဓါတူ၊ ပညာတူ၊ သီလတူ အသက်မွေး စင်ကြယ်မှုတူညီကြပါမှု ဤဘ၀တွင်လည်း သာယာမှု ပြည့်ဝ၊ ပျော်ရွှင်မှု ထာဝရ ရနိုင်သော အိမ်ထောင်ရှင်များ ဖြစ်ကြပေမည်။ နောက်ဘ၀သံသရာ၌လည်း နတ်ပြည်လောကသို့ ဧကန်ပင် ရောက်ကြပေလိမ့်မည်ဟု အကြောင်း အကျိုးပြ၍ ဆုံးမတော် မှုခဲ့ပါသည်။

ချဖူးသော ရေစက် ပန္နက်ဖူးသော သစ္စာ



တစ်ဦးနှင့်တစ်ဦး တွေ့ကြ ဆုံကြ ကြိုက်ကြ ချစ်ခင်ပေါင်းသင်းကြရေးနှင့် ပတ်သက်၍ ဘ၀ပေါင်းများစွာ အတိတ်အချိန်အခါက အလှူဒါနအတူတကွ ပြုလုပ်ခဲ့ကြပြီး ရေစက်ချခဲ့ဖူးကြလျှင် တစ်ဦးနှင့်တစ်ဦး သစ္စာဆို ဆုပန်ခဲ့ကြဖူးလျှင် ယခုဘ၀၌ အတူတကွ လက်တွဲကြရသည်။ ပေါင်းသင်း ဆက်ဆံတတ်ကြရ သည်။



ရှေးဘ၀များစွာက ချဖူးသော ရေစက် မန္နက်ဖူးသော သစ္စာ အတူတကွ နေထိုင် ပေါင်းသင်းခဲ့ရခြင်း ယခုဘ၀၌လည်း သူ့အကျိုးစီးပွားကို ဆောင်ရွက်လုပ်ကိုင် ပေးခြင်းကြောင့် ချစ်သူတို့ ဘ၀ရောက်ကြရသည်ဟု ဟောတော်မှုထားပါသည်။



ဤဒေသနာတော်အရ ယခု ဘ၀လက်တွဲကြရသည်မှာ သံသရာ ဆုတောင်းကြောင့် လိုက်ဖက်ညီသော စိတ်တူ သဘောတူ ယုံကြည်မှုတူ အမျိုးဘာသာ သာသနာတူသူတို့ချင်း ထိမ်းမြားခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမတော်နှင့် ညီညွတ်၍ မင်္ဂလာ ဖြစ်ပေမည်။

မိဘ၀တ္တရား



မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို ဟောကြားတော်မှုရာ၌ “မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြှားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ” ဟူ၍ ထိမ်းမြားမင်္ဂလာ ပြုလုပ်ပေးရမည်ဟု ညွှန်ပြတော်မှုခဲ့သည်။



ထိမ်းမြှားပေးလျှင် မိဘတာဝန် ကျေပွန်ပြီဆိုပြီး တော်စွလျော်စွ မယူဆစေလိုသောကြောင့် ဗုဒ္ဓဘာသာက အိမ်ထောင်ရေးတာဝန်ကို အလေးအနက် ထားကာ ပတရူပေန သံယောဇေန္တိ-မိမိတို့၏ မျိုးရိုးစဉ်လာ ကိုးကွယ်သည့်ဘာသာ၊ ရုပ်ဆင်းအင်္ဂါ၊ ကိုယ်ကျင့်သီလ စသည်တို့ဖြင့် သင့်လျော် လျောက်ပတ်သည့် အမျိုးသား အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့် ညွှန်ပြတော်မှုသည်။

အိမ်ထောင်ရေးသည် လောကီလူမှုရေးရာ



လောကသဘာဝအရ ထိမ်းမြားမင်္ဂလာပြုလုပ်ခြင်းသည် ဘာသာရေးလုပ်ငန်းမဟုတ်ပေ၊ လောကီရေး လူမှုလုပ်ငန်းသာ ဖြစ်သည်။ ဗုဒ္ဓဘာသာ လူမှုရေးအလုပ်ငန်းအဖြစ် သဘာဝကျကျ မှန်ကန်စွာ သဘောထားသော်လည်း အခြား ဘာသာတို့အဖို့မှု လွန်စွာအရေးကြီးသည့် ဘာသာရေးစည်းရုံးမှု ဖြစ်နေသည်။



ဗုဒ္ဒဘာသာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အိမ်ထောင်ရေးသည် နှစ်ဦးသဘောတူ ကတိပဋိညာဉ်ထား၍ ဆက်ဆံကြသော လောကီလူမှုရေ တစ်ရပ်သာ ဖြစ်သည်ဟု လက်ခံထားသဖြင့် ထိမ်းမြားမင်္ဂလာ ပွဲများကို ဘာသာရေး အစီအစဉ်များ အခမ်းအနားများဖြင့် တရားဝင် အကြင်လင်မယား ဖြစ်လာစေရန်အတွက် ဆောင်ရွက်ဖို့ မလိုပေ။ ကျွေးမွေးဧည့်ခံခြင်းသည် လူမှုရေးအရ လောက၀တ် ပြုခြင်းမျှသာ ဖြစ်လေသည်။ မင်္ဂလာဆွမ်းကျွေးခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်း ဆက်ကပ်ခြင်းများသည် လည်း အိမ်ထောင်ဦးမင်္ဂလာဒါနပြုခြင်းမျှသာ ဖြစ်လေသည်။ တရားဝင်စေရန် ဆောင်ရွက်ပေးရခြင်း မဟုတ်ပေ။



မြတ်စွာဘုရား လက်ထက်တော်အခါက လက်ထပ်ထိမ်းမြားရေး၊ သားရေး၊ သမီးရေး၊ လူမှုရေးများနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ လမ်းညွှန်သြ၀ါဒတော်များ၊ ဗုဒ္ဓဘာသာ ဥပါသကာ မိဘများ၏ လမ်းညွှန် သွန်သင်ချက်များသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ထိမ်းမြားမင်္ဂလာပွဲ ဆင်နွဲကြ သူတို့အတွက် အတုယူစရာ စံနမှုနာများပင် ဖြစ်ပေသည်။

ထိမ်းမြားမင်္ဂလာ



ဗုဒ္ဒမြတ်စွာ ပွင့်ပေါ်လာ သတ္တ၀ါအပေါင်း ချမ်းသာကြောင်း” ဆိုသည့် ဗုဒ္ဓဒေသနာတော်နှင့်အညီ မြတ်စွာဘုရား ပွင့်တော်မှုလာခြင်းသည် သတ္တ၀ါတို့ လောကသံသရာမှ လွတ်မြောက်ရေးအတွက် အဓိကဖြစ်ပေသည်။



သို့သော် မြတ်စွာဘုရားသည် လူ့ဘောင်လောကတွင် နေထိုင်ကြပြီး ရတနာသုံးပါးကို အားထားယုံကြည် ကြကုန်သော အိမ်ယာတည်ထောင် လူ့ဘောင်လောက လူသားများ၏ လောကီစီးပွားတိုးတက်ချမ်းသာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည်တို့အတွက်လည်း တရားနည်းလမ်းကျကျ ညွှန်ပြတော်မှုပါသည်။ သိင်္ဂါလောဝါဒသုတ်၊ မင်္ဂလသုတ်၊ ၀သလသုတ် စသော သုတ်ဒေသနာတော် တို့သည်ကား မြတ်စွာဘုရား၏ လူမှုရေး လမ်းညွှန်တရားများပင် ဖြစ်လေသည်။

Saturday 28 August 2010

ဘုရားတွေ လျှောက်ဖူးကြရအောင်

ကျိုက်ထီးရိုးစေတီတော်













ဖောင်တော်ဦးစေတီတော်



http://api.ning.com/files/f82-777DkUkyIhdbIs8ab5-59MXS64DMmHOiRBFUFaCug*5gt4eJnhYcoP2vTOUiHSFyaKOY6xjGZFOhWR2bcvtHoieRUay8/DSC006171.JPG?width=737&height=552



ရွှေတိဂုံစေတီတော်









http://api.ning.com/files/FdNNESJ3OxE9v7SK37pjHn9SoevAIIgbsNjiNI8-pCTAlHG2uv*MNKiwqhOZsL*PSSxJnH*WsmyRFb*k1XjHM7uJfy-XpzA5/shwedagon1.JPG?width=737&height=490



http://api.ning.com/files/XMo9M0DfW-Awa6Hv0UamIIhYn*nO-qR1BIds5FwkksF1n-aa8XWffVa*0mDnloteIr9oZCvBDr4yfWHFGkhSzCjCGXHQUPfd/73719_shwedagon.jpg?width=737&height=491



http://api.ning.com/files/c09h27XPjDIWs898aBR0STvE5W2xwPovd6AjuxzI2M43huj6X47ElZLWnRrSqDZyRku-WLuFJ8hOw53VuiPvtaJPBCexCA7d/showedagon.gif?width=540&height=400



http://api.ning.com/files/4IBBDHsKl7OuLMvyQchO-UBGlOpuKmSix*WM5qGESVKgfM2gfwgzSlfc1wIH1L5Q5AiefRiBYZ-prXBNkbhgqghJvYzTLkKV/image001.png?width=737&height=554











Thatbyinyu(ပုဂံ)





ဓမ္မရံစေတီ









ပုဂံဘုရား



http://api.ning.com/files/cfm83uL0S31nt457QhlYDodWqMZdX3jinIq3RSbdLuq0jji8kp7*KUaAiW2w-o*yHvmBZnTdFQmz9rOgApY8DfKtFWz61uHb/Visitpagoda1821.jpg?width=737&height=552



http://api.ning.com/files/FdNNESJ3OxGDa68fCyUw0DorKXbdIr9e7aS8ShoX3CxGh-vuFtvjj2GT519Maflk-9rj3OvuX1*cmmjhgwZVf7RAa4LK8Zl0/myanmar25.jpg?width=700&height=456







http://api.ning.com/files/XMo9M0DfW-DZuErq585k6GxwkTD22Fv1KUoP72edplHFnENdcrik1ruVLZ460X0gUmp0KyelLSbYeJAhlalVkS7xhrmLs9MO/CountrysidePagodaBaganMyanmar.jpg?width=737&height=552



http://api.ning.com/files/dki27w-bxKG1hj0o6vtE8qHFPXbTSzkaOfzQlkUCLYxCvY0C5gX4it4zKtMECselSat6zE2Dm*oNvJ1LMVbAeis7p*cArj2g/BaganMyanmar.jpg?width=737&height=552



ပုဂံမီးပုံးပျံလွှတ်ပွဲ







မင်းကွန်းစေတီ







အာနန္ဒာ




ဓမ္မရံကြီး





ထုက္ကံသိမ်(မြောက်ဦး)





မန္တလေးတောင်တော်







မဟာမြတ်မုနိ







ဦးပိန်တံတား







မင်းကွန်းခေါင်းလောင်းကြီး





မဟာမြတ်မုနိ





ရွှေတိဂုံစိန်ဖူးတော်







ဂျပန်မှ