(က) နှံစုပ်ငှက်ငယ်လေးသည် ခန္ဓာသေးသွယ် အစာအိတ်ငယ်သဖြင့် စာသူငယ်လောက် အားမကောင်းချေ။
စာသူငယ်သည်လည်း ငုံးလောက် ခန္ဓာမကြီးထွားသဖြင့် ငုံးလောက်လျှင် ၀န်မချီနိုင်။
ငုံးသည်လည်း ခါလောက်မကြီး၊ ခါကဲ့သို့လည်း ခွန်အားမကြီးထွားလေ၊ သည့်အတူ ခါသည်လည်း ကြက်ကဲ့သို့ ခန္ဓာမကြီးထွားရကား ကြက်ခွန်အားကို တုပလျက်က အင်အားမထွက်စေနိုင်။
(ခ) ခြေလေးချောင်းရှင်တို့၌လည်း ခွေး၊ ၀က်၊ ဆိတ်၊ သိုးများသည် တစ်မျိုးနှင့်တစ်မျိုး အင်အားဖွံ့ဖြိုးခြင်း၊ ခန္ဓာကိုယ် ကြီးထွားခြင်း အဆင့်ဆင့်ပင် ကွာခြားကြလေကုန်၏။
သတ္တ၀ါ(တိရစ္ဆာန်)တို့တွင် ခန္ဓာကိုယ် အကြီးထွားဆုံး၊ အင်အား အတောင့်တင်းဆုံးများ ဖြစ်ကြလေသော နွား၊ ကျွဲ၊ ဆင်တို့သည်လည်း အဆင့်ဆင့်လျှင် ကွာခြားကြလေကုန်၏။ သို့ကြောင့် ဆင်သည် ကျွဲထက် ဆွဲအားသန်၏။ အဘယ်ကြောင့်ဆိုသော် ကျွဲထက်လျှင် အစားကြီးသောကြောင့်တည်း။
အစာသည် ခွန်အားကိုလည်း ထောက်ပံ့နိုင်၏။ ကာမအားကိုလည်း ထုတ်လုပ်ပေးနိုင်စွမ်း ရှိ၏။
အစာများသော် သွေးအားတိုးစေ၏။ သွေးအားတိုးသော် အသားများလာ၏။ အသားများလာသော် အဆီပိုလာ၏။ အဆီပိုလာသော အဆီခဲအဖြစ်သို့ စုစည်းမိလာ၏။ အဆီခဲများ စုစည်းအားကောင်းလာသော ခြင်ဆီတို့ ရိုးတွင်းပြည် တည်လာတော့၏။
အဆီခဲ မများသေးသော် ရိုးတွင်းခြင်ဆီ မပြည့်သေး။
ရိုးတွင်းခြင်ဆီ မပြည့်သေးက ဦးဏှောက်လည်း မစုမိသေး။
သို့ကြောင့် အစာကြမ်းမ၀င် နို့ရည်စင်သက်သက်မျှသာ ၀င်သေးသော ကလေးများ၏ ငယ်ထိပ်ကိုကြည့်လျှင် ဦးဏှောက်အဆံ မပြည့်သေးသဖြင့် ဟစိဟစိ ဖြစ်နေတတ်သေးသည်။
အထက်၌ ဆိုခဲ့ပြီး အငယ်စား ငှက်အဆင့်ဆင့်၊ အလတ်စား ခွေး၊ ၀က် စသည်၊ အကြီးစား နွား၊ ကျွဲ၊ ဆင်တို့သည်လည်း ထိုနည်းအတိုင်းလျှင် ၎င်းတို့ခန္ဓာကိုယ်လိုက်၍ အစာမှ သွေးအားစသည် အဆင့်ဆင့်များ တိုးပွားစေရာ ခွန်အားသည်လည်းကောင်း (ဗလအားသည်လည်းကောင်း)၊ ကာမအားသည်လည်းကောင်း၊ ထိုအစာကို အရင်းတည်လျက်ကသာ ကြီးထွားစေတော့သည်သာ။
ထိုအခါ တစ်ကောင်တစ်ကောင် ဖိုမစပ်ယှက်မူများသည် အားကြီးလာချေ၏။ အာဟာာရ အထောက်ပံ့ များများရယူနိုင်သူသည် အာဟာရအထောက်အပံ့ နည်းနည်းပါးပါးကိုသာ အစာအိတ်တွင် ထည့်လျက်က လူပ်ရှားရသော အကောင်စားများထက် ဗလအား၊ ကာမအား ပိုမိုချေရကား ဖိုမစပ်ယှက်မူလည်း အားကုန်ပြုကျင့်တတ်လာပြီ။ ထိုဘ၀မျိုးတို့၌ ဥတုနှင့်ကံကို နောက်ခံထား၊ အာဟာရ အရင်းအနှီးများဖြင့် လည်ပတ်ကြရပေဦးတော့မည်။ ထို ၀မ်းမွေးဥခွံဖွား တိရစ္ဆာန်(ဥတုမွေး၊ ကံမွေး၊ အာဟာရမွေး) ငယ်-လတ်-ကြီး များတို့၌ အာရုံများကို တွေ့ထိခံစားရလေတိုင်း -
မြင်-မြင်ရုံမျှ ပြီးစီး၏၊ ရှေ့အာရုံများသို့ မကူးလူးနိုင်။
ကြား - ကြားရုံမျှဖြင့်ပျောက်၏။ ရှေ့အာရုံစဉ် အမျှင်မတန်းနိုင်။
သည့်အတူလျှင် နံ-နံရုံမျှ၊ စား-စားရုံမျှ၊ ထိ-ထိရုံမျှ၊ သိ-သိရုံမျှဖြင့်သာ မျက်မြင်တွေ့မျှ ခံစားခွင့် ရကြရှာသေး၏။
အကယ်တိတိ အမြင်အသိမျှဖြင့် မရပ်သော် ကာမသို့ ခုန်ကျော်ကူးသွားတတ်ကြပြီး ကြိုက် ကြိုက်သလို၊ မုန်း မုန်းသလို မထင် မထင်သလိုဖြင့်သာ အချင်းချင်း ဖက်ပြိုင်ပေတော့မည်၊ မိတ်လိုက်ပေတော့မည်။ ထို့အပြင် ငါကောင်း ပြီးရောသည်လည်းကောင်း၊ ချီတုံချတုံသည်လည်းကောင်း၊ ပျံ့လွင့်ခြင်းသည်လည်းကောင်း၊ အဆင့်ဆင့် ကူးစက်သွားကြလေကုန်ပြီ။
ထိုအခါ ထိုအမူမျိုး ပြုကျင့်ရမှာ မရှက်ကြတော့ပြီ။
ထိုအခါ ထိုအမူမျိုး ပြန်လည်ခံရဦးမည်ကိုလည်း မကြောက်ကြတော့ပြီ။
ထို ဆယ်မျိုးသော (လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓဇ္ဇ၊ အဟီရိက၊ အနောတပ္ပ) စိတ်ညစ်ပေ၊ ကိုယ်ပင်ပန်းစေကြောင်း၊ မကောင်းသောတရားစုတို့သည် တိရစ္ဆာန်ဘ၀မျိုးတို့မှ စုဆောင်းခဲ့ကြသည်ချည်းသာတည်း။
တစ်ဖန် ထိုနှင့် နှီးနွယ်ရာ -
(က) သူ့ကို သတ်ဖြတ်စားခြင်း၊ သူ့ဥစ္စာ အနိုင်ကျင့်ခြင်း၊ သူ့ကာမ အဓမ္မယူခြင်းဟူသော ကိုယ်ထိလက်ရောက် ပြုကျင့်မူ သုံးမျိုးတို့သည်လည်းကောင်း၊
(ခ) လိမ်လည်ပြောဆိုခြင်း၊ ဂုံးတိုက်ခြင်း၊ ဆဲရေးကြိမ်းမောင်းခြင်း၊ စိတ်တွင်းရှိရာ ပြောဆိုခြင်းဟူသော ဘာသာဘာဝ မာဂဓစကားဖြင့် ပြုကျင့်မူလေးမျိုး တို့သည်လည်းကောင်း၊
(ဂ) အလိုကြီးမူ၊ အမျက်ကြီးမူ၊ ဆုံးဖြတ်ချက် မှားယွင်းမူဟူသော စိတ်လိုက်မာန်ပါ ပြုကျင့်မူ သုံးမျိုးတို့သည်လည်းကောင်း၊
အာဟာရအထောက်အပံ့ရ ထိုကာမအားကို မှီလျက်ကသာ ထိုထိုတိရစ္ဆာန် အပေါင်းများစွာကလျှင် စုဆောင်းပြီးစီးခဲ့ကြလေပြီ။
မြွေသည် ဖားကလေးကို မျိုရန် ကာမစိတ်ဖြင့် အပြေးလိုက်၏။ ဖားကလေးသည်လည်း ၎င်းကိုယ်တိုင် မပေးလိုသော (ခင်မင်သော) ကာမစိတ်ဖြင့်ပင် ပြေး၏။
ထိုနှစ်မျိုး ကာမချင်း တူသော်လည်း အာရုံထားချင်းကား မတူပေ။ မြွေကားးဖားကိုကြည့်လျက်က ၎င်းစားရမည့်အရေး တွေးပျော်သော ကာမစိတ်၊ ဖားကား မြွေကိုကြောက်သဖြင့် ၎င်းခံရမည့်အရေး တွေးမောသော ကာမစိတ်။
ထိုမြွေကား ထိုဖားကို ဖမ်းမိ၊ ငုံမိသွားချေပြီ။
ဖားကား ရှေ့မှနေ မျက်ရည်စက်လက်၊ အော်လျက်က တောင်းပန်ရှာ၏။ မြွေကား နောက်မှနေ ၀ါးမျိုလျက်က ပြုံးတုံ့ - ပြုံးတုံ့၊ ဖားအော်ရာ သူ မဖြုံ၊ ထိုမြင်ကွင်းကိုကြည့်က အလိုကြီးမူ၊ ဆုံးဖြတ်ချက် မှားယွင်းမူမှတစ်ဆင့် ကာယကံမြောက် သတ်ဖြတ်ဝါးမျိုနေပါသည်ကိုလည်းကောင်း၊ ငါကောင်းစား ပြီးရော၏ နိုင်ရာစားဓလေ့ သဘာဝကိုလည်းကောင်း၊ လှလှကြီး ခင်းကျင်းပြသနေပြီကို ရိပ်မိကြလောက်ပြီ။
သည့်အတူ ကြောင်နှင့် ကြွက်၊ ကျားနှင့်သမင် စသည်အတွဲများလည်း စိတ်ညစ်ပတ် ဆယ်မျိုး၊ အကျင့်ဆိုးဆယ်ချက်တို့သည် နေ့နှင့်စက်၍ မပျက်မကွက်ချည်းသာတည်း။
ထို အသားစားမျိုး တိရစ္ဆာန်တို့သည် အခြား မြက်စားတိရစ္ဆာန် သီးနှံစား တိရစ္ဆာန်များထက် ကာမအား ပိုမိုကြီးထွား၏။ ရက်စက် ကြမ်းကြုတ်မူ ပို၏။ ကောက်ကျစ်စဉ်းလဲမူ ပို၏။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့်၊ စိတ်ပြည့် အစာဘက် စိတ်လှည့်ထားခြင်း၊ သူတစ်ပါးဘက် မျက်နှာလှည့်ထားခြင်း၊ သူတစ်ပါးအသား အသွေးများမှသည့် ချက်ချင်းလျှင် မိမိသွေးသားအဖြစ် ကူးပြောင်းသွားခြင်းများကြောင့်တည်း။
နွား၊ ကျွဲစသည် တိရစ္ဆာန်တို့ကား၊ ရေဆာသော် ဆာလောင်မှန်း သူသိ၏။ သိသဖြင့် သောက်လိုမူကာမ ဖြစ်ပေါ်လာရ၏။ ထိုစဉ် ကုန်းခေါင်ခေါင် နေပူလောင်ထားသော အနယ်ထရေတွေ့ပြီ ၀မ်းသာအားရ ပြေး၍သောက်လိုက်ပြီ။
ထိုမြင်ကွင်းကို ကြည့်လျှင်ကား ရှေ့နောက်ဖြစ်စဉ် ဘာမျှ မသိမြင်ခြင်းကိုလည်းကောင်း၊ မသိသည့်အလိုက် ကြိုက်ခြင်းကိုလည်းကောင်း၊ ရှင်းရှင်းကြီး ခင်းကျင်းပြသနေချေပြီကို သိနိုင်လောက်ပြီ။
ထိုနွားသည် ယမန်နေ့က ဤသို့ သောက်မိသဖြင့် ဖြစ်ပွားနေသော ရောဂါ၏ အကြောင်းခံ သူ မသိ။
ယနေ့ ထိုသို့လျှင် ပြန်လည်သောက်မိသဖြင့် နောင်ခံရဦးမည်ကိုလည်း သူ မသိ။
သူ သိသည်မှာ အတွေ့၌ သောက်လိုခြင်းနှင့် ဆာလောင်မူ ပြင်းပြခြင်းမျှသာတည်း။
သို့ကြောင့် ထိုထို တိရစ္ဆာန်ဘ၀မျိုးစုံတို့၌
(၁) ဥတုကြောင့်ရသော ခန္ဓာမှ ဖြစ်လာရခြင်းကြောင့် ဘာဆိုဘာမျှ မသိတတ်နိုင်ခြင်း။
(၂) ကံအာဟာရကြောင့် ရလာသော ခန္ဓာမှ ဖြစ်လာရခြင်းကြောင့် အလိုအမျက် ဖြစ်ပေါ်ခြင်း။
ထိုစိတ် သုံးမျိုးတို့ အားကောင်းလှသည်မှာ အဆန်းမဟုတ်တော့ချေ၊ ထိုစိတ်ထား သုံးမျိုးတို့သည် ကောင်းကျိုးခံစားခွင့် ရရာ၏ အကြောင်းကင်းများချည်းသာ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။