ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 27 December 2010

အားကြီး၍ ကြာရှည်ခံသော ကမ္မသတ္တိ


ကံ၏ သဘောကား သိမ်မွေ့၏။ အင်အားသတ္တိလည်း ကြီးမားလှသည်။ မည်သည့် သက်ရှိသတ္တ၀ါမဆို ကြံစည် ပြောဆို ပြုလုပ်သမျှ ကြံပြီး ပြောပြီး လုပ်ပြီးလျှင် ပျောက်ကွယ်သွားပြီဟု ထင်ရ၏။ ထိုသို့ကားမဟုတ်၊ ကြံစည်မူ ပြောမူ လုပ်မူများ ပြီးဆုံးသွားသော်လည်း ထိုကြံစဉ် ပြောစဉ် လုပ်စဉ်က စေတနာအင်အားသတ္တိများကား ပျောက်ပျက်မသွား၊ ဆက်လက်၍ အလုပ်လုပ်နေခဲ့သည်။

ရေကန်တွင်းသို့ ခဲတစ်လုံးပစ်ချသောအချိန်သည် တခဏမျှသာ ဖြစ်သော်လည်း ခဲကျသောအရှိန်အင်အားအလိုက် ဆက်လက် ရိုက်ခတ်မူ ဂယက်များအား ခဲကျသော အရှိန်အင်အားအလိုက် ဆက်လက် ရိုက်ခတ်မူ ဂယက်များအား ကြာမြင့်စွာ ရိုက်ခတ်လျက်နေ၏။

မိုးရွာသွန်းမူသည် နာရီပိုင်းအတွင်း ရပ်စဲသွား၏။ သို့သော် တောတောင် ရေမြေ၌ စိမ့်ဝင်ခဲ့သော မိုးရေ၏ အအေးဓာတ်အင်အားသတ္တိများကား ရုတ်တရက် ပျက်ပြယ်မသွား၊ တဖန် မိုးကာလမှာ ပေါက်လာသော မြက်သစ်ပင်များ နွေအခါတွင် ကွယ်ပျောက်သွားကြ၏။ မမြင်ရ၍ မရှိဟု ထင်ရသော်လည်း မိုးတွင်း ရောက်လာပြန်လျှင် မြက်သစ်ပင်များ ပြန်၍ ပေါ်ပေါက်လာကြသည်။ မျိုးစေ့ မျိုးစေ့သတ္တိများ ကျန်ခဲ့သောကြောင့် မြက်ပင်သံသရာလည်တော့၏။

ကံမျိုးစေ့ ကမ္မသတ္တိကား ထို့ထက် အဆပေါင်းများစွာ သိမ်မွေ့၏။ ကမ္ဘာပေါင်း ရာပေါင်းများစွာ ကြာသော်လည်း ဆွေးမြေ့ ပျောက်ပျက်သွားသည်ဟူ၍ မရှိ၊ ကြာရှည်လည်းခံ၏။ ကမ္ဘာများစွာ ခြားကွာသော်လည်း အကြောင်းတိုက်ဆိုင်လာသောအခါ ကံမျိုးစေ့မှ အပင်ပေါက်လာတတ်၏။ အဘိဓမ္မပဋ္ဌာန်း ဒေသနာ၌ “နာနာက္ခဏိက ကံ” ဟု ခေါ်သည်။

သတ္တ၀ါတို့မည်သည် အနမတဂ္ဂ(အစ မထင်သော) သံသရာမှ မိမိတို့ ပြုလုပ်ခဲ့သမျှ ကောင်းဆိုး ကမ္မသတ္တိများကို အရိယမဂ်နှင့် အပြတ်မပယ် သတ်နိုင်သေးသမျှ ဆက်လက်အမွေခံနေကြရ၏။ ကမ္မ၀ဋ်ဟု ခေါ်သည်။ ထို့ကြောင့် ဗုဒ္ဒဘာသာဝင်တို့ဥည် မကောင်းသောအကြံ၊ မမှန်သောအပြော၊ မတရားသော အလုပ်မှန်သမျှ အသေးအဖွဲကလေးကအစ ဆင်ခြင်ကြရလေသည်။

ဥပါသကာ ဂုဏ်ရည် (၁၀)မျိုး



ထို့ပြင် မိလိန္ဒမင်းကြီးမေးလျှောက်၍ အရှင်နာဂသေနရဟန္တာအရှင်မြတ်ကြီး မိန့်ကြားတော်မူခဲ့သော ဥပါသကာကောင်းတို့၌ ရှိရမည့် ဂုဏ်ရည် (၁၀)ပါးကိုလည်း မှတ်သားသင့်၏။ သပါသကာဂုဏ်ရည် (၁၀)ပါးကား -

(၁) သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူ ရှိရခြင်း၊

(၂) မြတ်စွာဘုရား၏ တရားတော်များကိုသာ အကြီးအမှူးထားခြင်း၊ အလေးဂရုပြုခြင်း၊

(၃) မိမိ၏ စီးပွားဥစ္စာအင်အားအလျောက် ခွဲဝေလှူဒါန်းခြင်း၊

(၄) မြတ်စွာဘုရား သာသနာ ဆုတ်ယုတ်ပျက်ပြားသည်ကို မြင်လျှင် ကြားလျှင် တည်တံ့ပြန့်ပွားအောင် ကြိုးစားအားထုတ်ခြင်း၊

(၅) ဖြောင့်မှန်သော အယူရှိခြင်း၊

(၆) ကောတုဟလကို မင်္ဂလာဟု မယုံကြည်ခြင်း၊

(၇) အသက်ဟူသော အကြောင်းကြောင့်ပင်လျှင် သာသနာအပြင် ပုဂ္ဂိုလ်ကို ကိုးကွယ်ရာဆရာအဖြစ် မထားခြင်း၊ မညွှန်ပြခြင်း၊

(၈) ကာယကံ ၀စီကံကို စောင့်ထိန်းခြင်း၊

(၉) အချင်းချင်း ညီညွတ်စွာ နေထိုင်၍ ၀န်တိုမူ၊ ငြူစူစောင်းမြောင်းမူ မရှိခြင်း၊ ကောက်ကျစ်စဉ်းလဲမူ၊ ၀ါကြွားပလွှားမူ ကင်းခြင်း၊

(၁၀) ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ခြင်း - တို့ဖြစ်သည်။

ပြဆိုခဲ့သော ကိုယ်ကျင့်သီလ၊ အသက်မွေးမူ၊ ဂုဏ်အရည်အချင်းကောင်းများနှင့် ပြည့်စုံ၍ အနာဂတ် သာသနာအတွက် မြတ်စွာဘုရားရှင် လိုလားတော်မူသော ဥပါသကာကောင်း ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြရာ၏။

ဥပါသကာ ဆုတ်ယုတ်ကြောင်း (၇)မျိုး


အင်္ဂုတ္တိုရ်ပါဠိတော်လာ ဥပါသကာ အရည်အချင်း ညံ့ဖျင်းယုတ်လျော့စေတတ်သော အကြောင်းအင်္ဂါ (၇)မျိုးတို့ကိုလည်း ဤသို့ မှတ်သားရာ၏။
အကြောင်းအင်္ဂါ (၇)မျိုးကား -

(၁) ရဟန်းသံဃာတော်များအား တွေ့ဆုံဖူးမြော်မူ ယုတ်လျော့ခြင်း၊

(၂) တရားနာယူမူ၌ မေ့လျော့ခြင်း၊

(၃) ကိုယ်ကျင့်သီလ လုံခြုံအောင် မစောင့်ထိန်းခြင်း၊

(၄) ရဟန်းသံဃာတော်များအပေါ်၌ ကြည်ညိုမူအားနည်းခြင်း၊

(၅) ခြုတ်ခြယ်စောင်းမြောင်းကာ အပြစ်ရှာလိုသောစိတ်ဖြင့် တရားနာယူခြင်း၊

(၆) သာသနာအပြင်ဘက်၌ မြတ်သောအလှူခံပုဂ္ဂိုလ် ရှိနိုး မြော်ကိုး ရှာမှီးခြင်း၊

(၇) ကုသိုလ်ကောင်းမူ ပြုလုပ်သောအခါလည်း သာသနာတော် အပြင်ဘက်၌သာ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီး သာသနာတော်၌ နောက်မှ ကုသိုလ်ကောင်းမူ ပြုလုပ်ခြင်း - တို့ဖြစ်သည်။

ဥပါသကာပြည့်စုံကြောင်း ဥပါသကာ အရည်အချင်းကောင်း (၇)မျိုးကိုလည်း အပြန်နည်းအားဖြင့် မှတ်ယူရာ၏။

ဥပါသကာ အယုတ် အမြတ်



ဥပါသကာ၌ အောက်ပါအခြေခံအကြောင်း (၅)မျိုးရှိနေလျှင် ဖောက်ပြန်ပျက်စီးတတ်သည်။ အခြေခံအကြောင်း (၅)မျိုးကား -

(၁) သဒ္ဓါတရားမရှိခြင်း၊

(၂) သီလပျက်ခြင်း၊

(၃) ကောတုဟလ မင်္ဂလာခေါ် အထူးအဆန်းများကို ကြီးပွားကြောင်း မင်္ဂလာဟု ယုံကြည်ခြင်း (ကောင်းသော အရာကို မြင်ရ၊ ကြားရ၊ နံ၊ စား တွေ့ထိလျှင် မင်္ဂလာဟု ယုံကြည်ခြင်း) –

(၄) လောကီမင်္ဂလာခေါ် အထူးအဆန်းကိုသာ ယုံ၍ ကံကို မယုံကြည်ခြင်း၊

(၅) မြတ်စွာဘုရားသာသနာမှ အပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာ၍ ဦးစွာ ထိုပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊ မြတ်နိုးခြင်း( သာသနာအပြင်ဘက်မှ သီလမရှိသူကို တကယ့်အလှူခံပုဂ္ဂိုလ်ဟု ထင်မှတ်၍ ထိုပုဂ္ဂိုလ်ကိုသာ ပေးလှူမူ မြတ်နိုးမူ ဦးစွာပြု၍ သာသနာကိုမူ နောက်မှ ပြုခြင်း) –တို့ဖြစ်သည်။

ထိုအကြောင်းတရား (၅)မျိုးတို့ကို အခြေခံ၍ ငါးပါးသီလ မလုံခြုံသူနှင့် အသက်မွေးဝမ်းကျောင်းမူ မစင်ကြယ်သောသူကို ပျက်စီးသော ဥပါသကာ(ဥပါသကာပျက်) ဟု ခေါ်ဆိုသည်။ ဥပါသကာဒွန်းစဏ္ဍား(ဥပါသကစဏ္ဍာလ)၊ ဥပါသကာအညစ်အကြေး(ဥပါသကမလ)၊ ဥပါသကာ အညံ့စား(ဥပါသကပတိကိဋ္ဌ) ဟု ခေါ်သည်။

ဖော်ပြပါ အကြောင်းတရား (၅)မျိုးတို့ကို အပြန်နည်းအားဖြင့်(ပြောင်းပြန်) ယူ၍ ငါးပါးသီလနှင့် အသက်မွေးဝမ်းကျောင်းမူ စင်ကြယ်လျှင် ပြည့်စုံသော ဥပါသကာ(ဥပါသကာကောင်း) ဟု ခေါ်သည်။ ဥပါသကာရတနာ(ဥပါသကရတန)၊ ဥပါသကာပဒုမာ(ဥပသကပဒုမ)၊ ဥပါသကာပုဏ္ဍရိတ် (ဥပါသကပုဏ္ဍရိက) ဟု ခေါ်သည်။

ဥပါသကာ၏ အသက်မွေးမူ


ဥပါသကာသည် အကျင့်သီလ ပြည့်စုံရုံမျှဖြင့်လည်း မပြီးသေး၊ အပြစ်ကင်းသော အသက်မွေးမူလုပ်ငန်းမျိုးကို လုပ်ကိုင်အသက်မွေးရန် လိုပေသေးသည်။ ဥပါသကာဖြစ်လျှင် ဥပါသကာနှင့် လိုက်ဖက်သော အသက်မွေးမူကို ရွေးချယ်အသက်မွေးကြရမည် ဖြစ်သည်။ဥပါသကာနှင့် အသင့်လျော်သော အသက်မွေးမူကို ရှောင်ကြဉ်ရ၏။ ဥပါသကာတို့ ရှောင်ကြဉ်ရမည့် အသက်မွေးမူ လုပ်ငန်း (၅)မျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားခဲ့၏။ ထို(၅)မျိုးတို့မှာ -

(၁) လက်နက်ကုန် ရောင်းဝယ်ခြင်း၊

(၂) လူကုန် ရောင်းဝယ်ခြင်း၊

(၃) အသားကုန် ရောင်းဝယ်ခြင်း၊

(၄) သေရည်အရက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊

(၅) အဆိပ်ကုန် ရောင်းဝယ်ခြင်း၊ တို့ဖြစ်သည်။

ဆောင်ပုဒ်။ ။ လက်နက်၊ လူ၊ သား၊ သေ၊ ဆိပ်၊ ငါး၊ ရှောင်ရှားရောင်းဝယ်မူ။

ဖော်ပြပါ (၅)မျိုးတို့မှာ မိမိသူတပါး ထိခိုက်ပျက်စီးစေတတ်၍ မတရားသော၊ အပြစ်မကင်းသော ရောင်းဝယ်မူဟု ခေါ်၏။ ဥပါသကာသည် ထိုမတရားသော ရောင်းဝယ်မူတို့ကို ရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း စသော အမူများ ပြုလုပ်၍ အသက်မွေးကြရမည် ဖြစ်ပေသည်။

ဥပါသကာ၏ ကိုယ်ကျင့်သီလ


ရှင်သာမဏေမှာ ရှင်သာမဏေ၏ သီလရှိ၏။ ရဟန်းမှာ ရဟန်း၏ သီလရှိ၏။ ဥပါသကာမှာလည်း ဥပါသကာသီလရှိ၏။

မြတ်စွာဘုရားလက်ထက်က မဟာနာမ်သာကီဝင်မင်းသည် ဥပါသကာတို့ ကျင့်သုံးရမည့်သီလကို မြတ်စွာဘုရားအား မေးလျှောက်ခဲ့ဖူး၏။

မြတ်စွာဘုရားက -

“ဥပါသကာဟူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မူ၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်မူ၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မူ၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်မူ၊ သေရည်သေရက်တို့ကို သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်မူဟူသော ငါးပါးသီလနှင့် ပြည့်စုံရမည်” ဟု မဟာနာမ်သာကီဝင်မင်းအား မိန့်ကြားတော်မူခဲ့သည်။

ဤဒေသနာအရ ငါးပါးသီလသည် ဥပါသကာတို့၏ သီလဖြစ်သည်။ ငါးပါးသီလ မလုံခြုံလျှင် အကျင့်သီလရှိသော ဥပါသကာ မမည်၊ အကျင့်သီလရှိသော ဥပါသကာဖြစ်စေရန် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းကြရမည် ဖြစ်သည်။

ဥပါသကာ ဥပါသိကာအကြောင်း


ဥပါသကာ ဥပါသိကာ ဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ ဒကာမများကိုပင် ခေါ်ဆိုသော ဝေါဟာရဖြစ်၏။ သရဏဂုံ တည်သူမှန်သမျှ ကြီးကြီးငယ်ငယ် အမျိုးသားဖြစ်လျှင် ဥပါသကား၊ အမျိုးသမီးဖြစ်လျှင် ဥပါသိကာဟု ခေါ်သည်။

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်းကဏ္ဍ တာဝန်လည်း အရေးပါလှ၏။ သံဃာတော် အရှင်မြတ်များနှင့် ဓမ္မာနုဂ္ဂအားဖြင့် အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် လက်တွဲ ထမ်းဆောင်ကြရ၏။ သံဃာတော်များနှင့် အေးအတူ ပူအမျှ(သမာနသုခဒုက္ခ) စိတ်ထားရသူများ ဖြစ်သည်။ ပစ္စည်းလေးပါးတာဝန် ထမ်းဆောင်ရသူများဖြစ်၍ မိမိပိုင် ပစ္စည်းဥစ္စာကို ရဟန်းသံဃာများနှင့် မခွဲခြား မကန့်သတ်ဘဲ သာတူညီမျှ အတူတကွ သုံးစွဲနိုင်ရသူများလည်း ဖြစ်၏။ (အပ္ပဋိဝိဘတ္တဘောဂီ)၊ သံဃာတော်များအတွက် အမြဲတမ်း ပေးလှူရဲသူ ဖြစ်ရ၏။ ရေတွင်းသဖွယ် ဖြစ်ရ၏။

ဥပါသကာမည်သည် သာသနာဆုတ်ယုတ်မည့် အရေးကိစ္စ ပေါ်လျှင်လည်း ကြောင့်ကြမဲ့ မနေ၊ သံဃာတော်များနှင့်အတူ လက်တွဲ၍ ဆောင်ရွက်ရ၏။ ယုတ်စွအဆုံး သံဃာတော်များအချင်းချင်း မသင့်မမြတ် ဖြစ်သည်ကို တွေ့လျှင်ပင် ညီညွတ်အောင် ဆောင်ရွက်ပေးရသည်။ ကောသမ္ဓီမြို့တွင် ပစ္စည်းလေးပါးဖြင့် အကြပ်ကိုင်၍ပင် ညီညွတ်စေခဲ့ဖူး၏။

ဘုရားရှင်လက်ထက်တော်က စိတ္တသူကြွယ် ဟတ္ထကအာဠ၀က ဥဂ္ဂတ စသော ဧတဒဂ်ဝင် စံတင်ထားရသော သာသနာပြု ဥပါသကာများ၊ ၀ိသာခါ။ ခုဇ္ဇုတ္တရာ၊ နန္ဒမာတာ စသော ဥပါသိကာမများ ရှိခဲ့ကြ၏။ ဗုဒ္ဓခေတ်က မိဘများသည် သားသမီးများကို ဆုံးမစကား ပြောကြားရာ၌ပင် သားယောက်ျားကလေးများကို -

“လူ့ဘောင်မှာနေလျှင် စိတ္တသူကြွယ် စသူတို့လို ဖြစ်အောင် ကြိုးစားရမယ်၊ သာသနာမှာနေလျှင် အရှင်သာရိပုတ္တရာစသူတို့လို ဖြစ်အောင် ကြိုးစားပါ။ သမီးငယ်များကိုမူ - လူ့ဘောင်မှာနေလျှင် ခုဇ္ဇုတ္တရာ စသူတို့လို ဖြစ်အောင်လုပ်ရမယ်၊ သာသနာမှာနေလျှင် ခေမာထေရီ စသူတို့ကို အားကျရမယ်” ဟု စံပြပြောဆိုရသော ဥပါသကာ ဥပါသိကာမများ ရှိခဲ့သည်။

မြတ်စွာဘုရားရှင်သည် အနာဂတ်သာသနာအတွက် ရဟန်းသံဃာတော်နှင့် ရဟန်းမများနည်းတူ ဥပါသကာနှင့် ဥပါသိကာမတို့အားလည်း အားထားမျှော်လင့်တော်မူ၏။ တာဝန်လည်း ပေးအပ်ထားတော်မူခဲ့၏။ သာသနာ့ကျက်သရေဆောင် သာသနာ့ဝန်ဆောင် လေးဦးဟု ခေါ်သည်။ ရဟန်းတော်များနည်းတူ တာဝန်ရှိသူများဖြစ်သည်ကို မမေ့သင့်ကြ။

သာသနာပြုရာတွင် ၀ိနည်းသိက္ခာပုဒ်များကြောင့် ရဟန်း သံဃာတော်များ မ၀င်ဆံ့၊ မဆောင်ရွက်နိုင်သော ကိစ္စများရှိတတ်၏ ထိုကိစ္စမျိုးကို လူဒကာ ဒကာမတို့က ဆောင်ရွက်မှသာ ရနိုင်သည်။ ဥပါသကာ ဥပါသိကာမတို့သည် ရဟန်းတော်များနည်းတူ သာသနာ့တာဝန်များ ရှိကြသည့် အားလျော်စွာ ဥပါသကာ ဥပါသိကာမတို့၌ ရှိသင့်ရှိထိုက်သော ကိုယ်ကျင့်တရား၊ဂုဏ်အရည်အသွေးများ အပြည့်ရှိအောင်လည်း ကြိုးစားကြရာ၏။

သရဏဂုံအကျိုးပြ၀တ္ထု(မလွဲမှားနိုင်သော ကိုးကွယ်ရာနှင့် ကိန်းသေပေါက်ကျင့်စဉ်)


ဘာသာအယူဝါဒ ကိုးကွယ်မူနှင့်စပ်၍ အောက်ပါအဖြစ်အပျက်သည် အလွန်မှတ်သားဖွယ် ကောင်း၏။ အနာထပိဏ်ကျောင်းဒကာကြီး၏ စည်းရုံး ဆွဲဆောင်မူမှာလည်း လွန်စွာ အတုယူဖွယ် ကောင်းလှသည်။ ဖြစ်ရပ်ဇာတ်ကြောင်း အပြည့်အစုံကား ဤသို့ ဖြစ်သည် -

မြတ်စွာဘုရားရှင် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်က ဖြစ်၏။ အနာထပိဏ်သူဌေးကြီးသည် ဘုရား ကျောင်းတော်သို့ သွားတိုင်း “အညတိတ္ထိယ” ခေါ် မိတ်ဆွေဘာသာခြားများကိုပါ ခေါ်ဆောင်သွားလေ့ရှိ၏။ အခြားဘာသာဝင်များလည်း သူဌေးကြီးနည်းတူ ပန်း ဆီမီး အမွှေးနံ့သာ စသော လှူဖွယ်ပစ္စည်းများကို အသီးအသီး ယူဆောင်၍ ဘုရားအမှူးရှိသော သံဃာတော်များအား ကပ်လှူကြသည်။

မြတ်စွာဘုရားရှင်၏ အသရေတော်နှင့် မြတ်စွာဘုရားရှင်၏ ကြောင်းကျိုးညီညွတ်၍ အစွန်းလွတ် ဟောပြသော တရားတော်များကို နာကြားရသောအခါ ဘာသာခြားများလည်း စဉ်းစားဝေဖန်ဉာဏ် ရှိသူများပီပီ ကျေနပ်လက်ခံလာကြ၏။ ဘာသာခြား ကိုးကွယ်မူ ဓလေ့ထုံးတမ်းများကိုပင် ပစ်ပယ်၍ သရဏဂုံဆောက်တည်ကာ ဗုဒ္ဓဘာသာသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းဝင်လာကြသည်။ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကြရုံမျှမက တရားနာခြင်း၊ ဥပုသ်သီလစောင့်သုံခြင်း စသည်ဖြင့် အနာထပိဏ်သူဌေးကြီးနှင့် အတူ ဘုရားသွား ကျောင်းတက် ၀တ်မပျက် ဆောင်ရွက်နေကြ၏။

မြတ်စွာဘုရားရှင် သာဝတ္ထိမှ ရာဇဂြိုလ်သို့ ကြွချီတော်မူ၍ ခုနှစ်လ ရှစ်လခန့် သီတင်းသုံးတော်မူသောအခါ ထိုဘာသာခြားများသည် ဗုဒ္ဓဘာသာမှ မူလဘာသာခြားအယူသို့ ကူးပြောင်းသွားကြပြန်၏။ မြတ်စွာဘုရားရှင် သ၀တ္ထိသို့ ပြန်ကြွလာပြန်လျှင် ကျောင်းဒကာ သူဌေးကြီး၏ ဖျောင်းဖျ ဆွဲဆောင်မူအရ ရှေးကနည်းတူ ဘုရားရှင်ထံ လိုက်ပါလာကြပြန်သည်။ အကျိုး အကြောင်းကို သူဌေးကြီးက မြတ်စွာဘုရားရှင်အား လျှောက်ထားရာ မြတ်စွာဘုရားရှင်က သတ္တ၀ါတို့သည် ဘေးရန်များကို ကြောက်ရွံ့ထိတ်လန့်၍ တော တောင်စသည်ကို ကိုးကွယ်ခဲ့ကြပုံ၊ ထိုကိုးကွယ်မူများသည် ဘေးကင်း လုံခြုံသော ကိုးကွယ်မူများ မဟုတ်၍ သတ္တ၀ါတို့ မျှော်လင့်သည့်အတိုင်း ဘေးဒုက္ခတို့မှလည်း မလွတ်နိုင်ပုံကို ကိုးကွယ်မူသမိုင်းချီ၍ ဟောတော်မူသည်။

ဥပါသကာတို့ - လောက၌ အမြတ်ဆုံးဖြစ်သော ဘုရား တရား သံဃာ ရတနာတော်မြတ်သုံးပါးကို ကိုးကွယ်သူသည် အပါယ်သို့ မကျ၊ သေရသောအခါ နတ်ရွာသုဂတိသို့ ရောက်ရသည်။ သရဏဂုံတည်သောသူသည် သစ္စာလေးပါးကို သိ၍ အရိယာအဖြစ်သို့ ဆိုက်ရောက်နိုင်၏။ ဥပသကာတို့ -

ဤကိုးကွယ်မူသည်သာလျှင် ဘေးကင်းလုံခြုံ၍ အမြတ်ဆုံးသော ကိုးကွယ်ရာအစစ် ဖြစ်ပေ၏။ သတ္တ၀ါတို့ မျှော်မှန်းသည့်အတိုင်း အလုံးစုံသော ဘေးရန်ဒုက္ခအပေါင်းတို့မှလည်း လွတ်မြောက်ရသည်။

ဥပသကာတို့ - ရှေးအခါက လူများလည်း မှားယွင်းသော ကြံစည်မူ (တွေးခေါ်မူ)၊ အလွဲလွဲ အမှားမှား ယုံကြည်စွဲလမ်းမူတို့ကြောင့် ကိုးကွယ်ရာ မဟုတ်သည်၌ ကိုးကွယ်ရာထင်စား၊ လမ်းမသိသူကို ဆရာ တင်မှားကြသဖြင့် ဘေးရန်များလှသော ကန္တာရခရီးကြမ်းဝယ် ပြန်လမ်းမရှိ အကျိုးမဲ့ သေကျေပျက်စီးခဲ့ကြရဖူးသည်။”

မြတ်စွာဘုရား ထိုသို့ မိန့်ကြားလျှင် အနာထပိဏ်သူဌေးကြီးက အပြည့်အစုံဟောပြတော်မူပါရန် တောင်းပန်၍ “အပဏ္ဏကဇာတ်” တော် (မလွဲမှားနိုင်သော ကိုးကွယ်ရာအကြောင်း) ကို အတိတ်ဆောင် ဟောပြတော်မူ၏။

အပဏ္ဏကဇာတ်ဆိုသည်မှာ ရှေးအခါက ဗာရာဏသီပြည်၌ ပညာရှိ လှည်းကုန်သည်ကို အကြီးအမှူး သီးဆောင်လမ်းပြရာထား၍ ရောင်းဝယ်ဖောက်ကားကြသော လှည်းကုန်သည်ငါးရာတို့ ဘေးရန်ကင်းကွာ ချမ်းသာလာကြပုံ၊ ပညာမဲ့ လှည်းကုန်သည်ကို ဆရာတင်မှားကြသော နောက်လိုက်လှည်းကုန်သည် ငါးရာတို့သည် ကန္တာရခရီးကြမ်းဝယ် ဆိုးသွမ်းလှသော ဘီလူးတို့၏ လှည့်စားမူကို နားယောင်ကာ အားလုံးသေကျေ ပျက်စီးခဲ့ကြရပုံကို ဟောတော်မူသော ဇာတ်တော်ဖြစ်သည်။

ဘာသာအယူဝါဒရေးရာ၌ ကိုးကွယ်မူ မတည်မငြိမ်ဖြစ်နေခဲ့ကြသော ဥပါသကာများသည် အပဏ္ဏကဇာတ်တော်ကို ကြားနာကြရသောအခါ မည်သို့သော ပုဂ္ဂိုလ်ကို ဆရာတင်၍ မည်သည့်ဦးဆောင်လမ်းပြနောက် လိုက်ရမည်ကို သဘောပေါက်သွားကြသည်။ မြတ်စွာဘုရားရှင်ကလည်း ဒါနသီလတရားမျှလောက်ကိုသာမက သီလသမာဓိပညာ သိက္ခာသုံးပါး ၊ မဂ္ဂင်ရှစ်ဖြာ၊ သစ္စာလေးပါး(အပဏ္ဏကပဋိပဒါ) ကိန်းသေပေါက် ချမ်းသာရေး ကျင့်စဉ်များကိုပါ ဟောကြားပြသတော်မူ၏။

ဤကိန်းသေပေါက် ကြီးပွားချမ်းသာရေး၊ လွတ်မြောက်ရေးကျင့်စဉ်ကို (တိကအင်္ဂုတ္တိရ်နှင့် မဇ္ဈိမပဏ္ဏာသ) ပါဠိတော်တို့၌ စိတ်ကူးနှင့်မှန်းဆ၍ ရော်ရမ်း လမ်းညွှန်ပြသူ မုတ်။ ကိုယ်တော်တိုင်လျှောက်ပြီးသော လမ်းဖြစ်၍ (ကိုယ်တိုင် လျှောက်ကြည့်ပြီးမှ) “မည်သည့်နေရာ၌ မည်သို့” ဟု အတိအကျ ညွှန်ပြသူ ဖြစ်သည်။ ထို့ကြောင့် သံသရာခရီးကြမ်းကို ဖြတ်သန်းသွားလာနေကြရသော နတ် လူ ဗြဟ္မာ သတ္တ၀ါအားလုံး တလောကလုံး၏ ဦးဆောင်လမ်းပြသူ လှည်းဦးစီး လှည်းမှူးကြီးအဖြစ် ထိုခေတ်က ဝေါဟာရဖြင့် “သတ္တာ ဒေ၀မနုဿာနံ” ဟု ဂုဏ်ပြုကြရလေသည်။

မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားကြရသော အနာထပိဏ်ကျောင်းဒကာကြီး၏ မိတ်ဆွေ ဘာသာခြားများအားလုံး မလွဲမှားနိုင်သော ကိုးကွယ်ရာ(သရဏဂုံအစစ်) ကို ရရှိကြရုံမျှမက တရားနာရင်း နာရင်းအသိအမြင်ရှင်းကာ သောတာပတ္တိမဂ်ဉာဏ်အလင်းကိုပင် ရရှိကြသဖြင့် ဘ၀ပြောင်းသော်လည်း ဆရာမပြောင်း၊ အယူမပြောင်းနိုင်တော့သော အရိယ သရဏဂုံတည်သူများ ဖြစ်သွားကြလေတော့သည်။

Sunday 26 December 2010

ဗုဒ္ဓဘာသာဝင်ဖြစ်ရသော အကျိုးကျေးဇူး

သရဏဂုံတည်လျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လျှင်ပင် အပါယ်လေးပါးသို့ မကျရောက်နိုင်တော့ကြောင်း နေရာများစွာ၌ ဟောတော်မူထား၏။


အပါယ်မကျရုံသာမက နတ်ဖြစ်သော အခါတွင်လည်း အခြားနတ်များထက် ပို၍ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ အခြံအရံပေါများခြင်း၊ အာဏာတန်ခိုး အစိုးရမူ သာလွန်ခြင်းနှင့် အာရုံငါးပါး သာလွန်ခြင်းဟူသော လွန်ကဲမူ (၁၀)မျိုး ရနိုင်သည်ဟု သိကြားမင်းအား အရှင်မဟာမောဂ္ဂလ္လာန် ဟောပြဖူး၏။

ဝေလာမသုတ်၌ သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အကျိုးကျေးဇူးမှာ အတိုင်းမသိ အတုမရှိ လှူဒါန်းပေးကမ်းခြင်း အမျိုးမျိုးထက် သာလွန်ကြောင်းလည်း ဟောတော်မူထားသည်။

အဇာတသတ်မင်းသားသည် အပြစ်ကြီးလေးလှသော ဖခင်သတ်မူကံကြီးကို လွန်ကျူးမိသူဖြစ်၍ မအိပ်နိုင်၊ မစားနိုင်၊ တမိုင်မိုင်တတွေတွေ၊ ကြောက်ရွံ့တုန်လူပ်၍ နေရ၏။ သေလျှင်လည်း မဟာအ၀ီစိငရဲကြီး၌ မလွဲမသွေ ကျခံရတော့မည် ဖြစ်သည်။ ဘုရားရှင်ကို ဖူးမြော်ခွင့်ရပြီး သရဏဂုံ ဆောက်တည်ရသည့် အချိန်မှစ၍ ကောင်းစွာ အိပ်စက် စားသောက်နိုင်လာ၏။ လူသတ်မူ အပြစ်ကြီးကို ကျူးလွန်သူသည် ပန်းတစ်ဆုပ် လာဘ်ထိုးရုံမျှဖြင့် ကြိုးမိန့်က လွန်ရသကဲ့သို့ အဇာတသတ် မင်းသားလည်း သရဏဂုံကျေးဇူးကြောင့် မဟာအ၀ီစီငရဲကြီး၌ ကျခံရမည့်အစား လောဟကုမ္ဘီ ငရဲငယ်၌သာ ကျခံရ၏။ ရတနာသုံးပါးကို အားထားယုံကြည်ရာ၌ ပုထုဇဉ်တို့တွင် မည်သူမျှပင် လိုက်မမီ၊ ပထမသံဂါယနာ၏ ဒကာလည်း ဖြစ်ခဲ့၏။ နောင်တစ်ချိန်၌ “၀ိဇိတာဝီ” အမည်ရှိ ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူရသည်အထိ သရဏဂုံ၏ ကျေးဇူးတို့ကား ကြီးမားလှပေသည်။

သရဏဂုံတည်သော ပုဂ္ဂိုလ်များသည် ဖြစ်လေရာ ဘ၀တိုင်း၌ အကျိုး (၈) မျိုးကိုလည်း ရရှိနိုင်သည်။ အကျိုး (၈)မျိုးတို့မှာ -

(၁) အများအပူဇော်ခံရခြင်း၊

(၂) ဉာဏ်ပညာထက်မြက်ခြင်း၊

(၃) မိမိပတ်ဝန်းကျင်သည် မိမိစိတ်အလိုသို့ လိုက်ပါခြင်း၊

(၄) သူတကာတို့ မနိုင်းယှဉ်သာအောင် စည်းစိမ်ဥစ္စာခံစားရခြင်း၊

(၅) ရွှေအဆင်းကဲ့သို့ အသားအရေ ၀ါဝင်းလှပခြင်း၊

(၆) အများ၏ ချစ်ခင်မြတ်နိုးခံရခြင်း၊

(၇) ခိုင်မြဲသော မိတ်ကောင်းဆွေကောင်းရရှိခြင်း၊

(၈) ကျော်စော ထင်ရှားခြင်း တို့ဖြစ်၏။

သရဏဂုံ၏ အကျိုးကျေးဇူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးကား အထူးပြောဖွယ်မရှိ၊ သရဏံဆောက်တည်ခြင်းသည် ချမ်းသာရေး လွတ်မြောက်ရေးလမ်းစ၏ အ၀င်ဝ၊ အစ၏ကောင်းခြင်းပင် ဖြစ်၏။ ပြဆိုခဲ့သော အကျိုးများသည် အလယ်၏ ကောင်းခြင်းများဖြစ်၍ အချုပ်အားဖြင့် နိဗ္ဗာန်အထိ အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံရမည်သာ ဖြစ်ပေသည်။

အသုဘ၌ သရဏဂုံတင်ခြင်း


သရဏဂုံနှင့်စပ်၍ သိမှတ်ဖွယ်တစ်ခု ရှိသေးသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ကွယ်လွန်လျှင် ကျန်ရစ်သူ ဆွေမျိုးများက ကွယ်လွန်သူ အလောင်းအနီး၌ သရဏဂုံ သီလဆောက်တည်ပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေလေ့ရှိကြ၏၊ “သရဏဂုံတင်သည်” ဟု ခေါ်တွင်သည်။

ထိုအခမ်းအနား၏ လိုရင်းရည်ရွယ်ချက်မှာ ကွယ်လွန်သူအား အမျှအတန်း ပေးဝေခြင်းသာ ဖြစ်၏။ သေသွားသူအား သရဏဂုံတင်ခြင်းမဟုတ်၊ သရဏဂုံလည်း မယူနိုင်တော့ချေ။ အမျှအတန်းပေးဝေရာ၌ ပို၍ ထိရောက်စေရန် ကျန်ရစ်သူများက ထပ်မံ၍ သရဏဂုံသီလ ဆောက်တည်ခြင်းသာ ဖြစ်သည်။

ကွယ်လွန်သွားသူမှာ အကယ်၍ ပေတဂတိသို့ ရောက်နေခဲ့လျှင် သာဓုခေါ်နိုင်ရုံမျှမက သရဏဂုံ သီလဆောက်တည်ခွင့်ပင် ရရှိသွားနိုင်၏။ သံသရာက တော်စပ်ခဲ့သော ဆွေမျိုးပြိတ္တာများလည်း အလားတူ ရရှိနိုင်ကြသည်ပင်။ ထို့ကြောင့် အသုဘကိစ္စ၌ သရဏဂုံတင်ခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံးခရီးအတွက် အကောင်းဆုံးသော နောက်ဆုံး အကူအညီပေးမူဖြစ်၍ အစဉ်အလာကောင်းတစ်ခုပင် ဖြစ်သည်။

လူတစ်ဦးကွယ်လွန်သွားသောအခါ ခေါင်းထဲ၌ ကူးတို့ခနှင့် အစားအသောက်၊ အဆောင်အယောင်များကို ထည့်ပေးသော မိရိုးဖလာ ရိုးရာအယူအစွဲများ၊ သေသွားသူ ကောင်းရာဘ၀ရောက်စေရန် ၀ိုင်း၍ ဆုတောင်းပေေးသာ သာသနာပ လုပ်ထုံးများ၏ အကျိုးမရှိပုံကို ကောင်းစွာ နားလည်ထားသော ကျန်ရစ်သူ သားသမီးဆွေမျိုးတို့၏ သရဏဂုံတင် အမျှဝေပေးခြင်းသည် သွားလေသူ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နောက်ဆုံး ခရီးအတွက် နောက်ဆုံးကောင်းခြင်းပင် ဖြစ်၏။

- ဗောဓိမင်းသား၏ မယ်တော်ကဲ့သို့ ၀မ်းတွင်းရှိ သားငယ်အတွက် ဘုရားအမှူးရှိသော သံဃာများထံ “သရဏဂုံ”ခံယူပေးခြင်း၊

- ဒီဃာဝုသတို့သား မိဘတို့ကဲ့သို့ သားသမီးငယ်များအတွက် အလှူလုပ်ပေးခြင်း၊ “ဦးတော်” လုပ်ခိုင်းခြင်း၊
- ဒုဋ္ဌဂါမဏိ၊ သဒ္ဓတိဿတို့၏ ဖခင် ကာက၀ဏ္ဏတိဿ မင်းကြီိးကဲ့သို့ ရတနာသုံးပါးဦးတိုက်၍ “ထမင်းခွံ့မင်္ဂလာ” စသည်လုပ်ပေးခြင်း၊

- အနာထပိဏ်သူဋ္ဌေးကြီး သားဖြစ်သူ ကာဠအား ပိုက်ဆံပေး၍ ဥပုသ်စောင့်ခိုင်းသကဲ့သို့ သားသမီးတို့အား “ဘာသာရေးအသိ”သွင်းပေးခြင်း -

တို့သည် မိဘတို့ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကနဦးဘ၀ အစ၏ကောင်းခြင်းကို ရခဲ့ကြသည်။ တာဝန်သိသော သားသမီးတို့၏ ကျေးဇူးကြောင့် ဘ၀နိဂုံးနောက်ဆုံးကောင်းခြင်း ကိုလည်း ရနိုင်ကြ၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်တို့၏ ဘ၀သည် အရတော်ပေစွ။

ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်တို့၏ ဘ၀သည် အရတော်ပေစွ။

သရဏဂုံ ပျက်ခြင်း


တစ်ကြိမ်တစ်ခါ ဆောက်တည်ထားသော သရဏဂုံသည် ဘာသာအယူဝါဒကူးပြောင်းလျှင်သော် လည်းကောင်း၊ သေလျှင်သော် လည်းကောင်း သရဏဂုံ ပျက်ပြယ်သွားပြီဟု ဆိုရ၏။ သေ၍ ပျက်ပြယ်သည်မှာ အပြစ်မရှိ၊ အယူဝါဒကူးပြေင်း၍ ပျက်ပြယ်သည်မှာ အပြစ်များစွာ ဖြစ်ပွားနိုင်၍ အပြစ်ရှိသော ပျက်ပြယ်ခြင်း ဟု ခေါ်သည်။

အရိယာပုဂ္ဂိုလ်များ၏ သရဏဂုံမှာ ဘ၀ပြောင်းသော်လည်း မပျက်ပြယ်၊ ဘ၀ခြားစေကာမူ ဆရာမပြောင်း၊ အယူမပြောင်းတော့ချေ။ အမြဲတည်တံ့သော သရဏဂုံ ဖြစ်၏။

သရဏဂုံ ညစ်နွမ်းခြင်း


ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများကို မသိခြင်း၊ ရတနာသုံးပါးအပေါ်၌ ယုံမှား သံသယဖြစ်ခြင်း၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အလွဲလွဲအမှားမှား သိမြင်ထင်မှတ်ခြင်း၊ အမှားသိခြင်း သုံးမျိုးသည် သရဏဂုံ ညစ်နွမ်းစေတတ်သည့် အကြောင်းများ ဖြစ်သည်။

စေတီ ရုပ်ပွား ဘုရားကျောင်းကန်နှင့် စပ်၍သော်လည်းကောင်း၊ တရားစာအုပ်ကိုင်တွယ် ကြည့်ရူထားသိုမူ၊ တရားနာယူမူနှင့် စပ်၍သော်လည်းကောင်း၊ ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ သော်လည်းကောင်း၊ ရိုသေလေးမြတ်မူမရှိခြင်း၊ စေတီရုပ်ပွားအနီးအပါး၌ မရိုမသေနေထိုင်ခြင်း၊ ရိုင်းပြဆူညံစွာပြောဆိုခြင်း စသော မတန်မရာ ပြောဆိုပြုမူမူ အဂါရ၀မူအားလုံးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိရာရောက်သဖြင့် သရဏဂုံ ညစ်နွမ်းကြောင်းများချည်း ဖြစ်သည်။

သရဏဂုံ တည်, မတည်၊ ပျက်, မပျက်



ပြောဆိုပုံ၊ ပြုမူပုံကိုလိုက်၍ သရဏဂုံဆောက်တည်နည်း လေးမျိုးရှိရာတွင် အရိုအသေပြုခြင်း ရှိခိုးခြင်းဖြင့်လည်း သရဏဂုံတည်သဖြင့် “အရိုအသေပြုတိုင်း ရှိခိုးတိုင်း သရဏဂုံတည်သလော၊ ရတနာသုံးပါးမှ တပါးသော သာသနာပ ပုဂ္ဂိုလ်များကို အရိုအသေပြုလျှင် ရှိခိုးလျှင်လည်း သရဏဂုံပျက်သလော” ဟု စဉ်းစားစရာရှိ၏။

သို့ရာတွင် ဆွေမျိုးတော်စပ်၍ ရှိခိုခြင်း၊ ကြောက်ရ၍ ရှိခိုးခြင်း၊ ပညာသင်ပေးသော ဆရာအဖြစ်ဖြင့် ရှိခိုးခြင်း၊ အရိုအသေပြုခြင်း များသည် သရဏဂုံမမြောက်၊ သရဏဂုံတည်သော ရှိခိုးခြင်းမဟုတ်၊ လောက၀တ်အရ ရိုသေလေးစားသမူ ပြုခြင်းမျှသာ ဖြစ်သည်။

ဤ၌ ကြောက်ရ၍ မင်းစိုရာဇာများကို ရှိခိုးခြင်းနှင့် ဖမ်းစားမည်စိုး၍ နတ်များကို ရိုသေရှိခိုးခြင်း၊ ပသခြင်း၊ မိမိနှင့် ဘာသာအယူဝါဒမတူသော်လည်း ပညာသင်ပေးသော ဆရာဖြစ်၍ အရိုအသေပေးခြင်း ရှိခိုးခြင်းမျိုးသည် သရဏဂုံ သဘောမသက်ရောက်၊ နတ်ကို ရှိခိုး၍ သရဏဂုံလည်း မပျက်ပေ။

ရိုသေသမူ ရှိခိုးမူနှင့် စပ်၍ သရဏဂုံတည်ခြင်း၊ ပျက်ခြင်းနှစ်မျိုးတွင် အချုပ်သတ်မှတ်သားရန်မှာ မြတ်သောအလှူခံပုဂ္ဂိုလ် (ဒက္ခိဏေယျ) အဖြစ် အထွတ်အမြတ်အဖြစ် သဘောထား၍ ရိုသေသမူ ရှိခိုးမူ ပြုမှ သရဏဂုံတည်၍ ထိုအထွတ်အမြတ်အဖြစ် သဘောထားမူမပါလျှင် သရဏဂုံမတည်။ ထို့ကြောင့် နတ်စသည့် ကိုးကွယ်ရာ၌ ရတနာသုံးပါးထက် မြတ်သည်ု သဘောထား၍ ကိုးကွယ်မှသာ သရဏဂုံပျက်သည်ဟု မှတ်သင့်၏။

ထို့ကြောင့် သရဏဂုံတည်ခြင်း၊ ပျက်ခြင်း ပဓာနအကြောင်းရင်းမှာ ပြုလုပ်ကိုးကွယ်သူ၏ စိတ်၌ အထွတ်အမြတ်သဘောထားမူ၊ မထားမူနှင့် တိုင်းတာရသည်။

သရဏဂုံဆောက်တည်ပုံ လေးမျိုး


ယခုအခါတွင် ရှင်သာမဏေများခံယူသော သရဏဂုံကို နည်းယူ၍ “ဗုဒ္ဓ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် သုံးကြိမ်ရွတ်ဆိုခံယူကြသော်လည်း ဘုရားရှင်လက်ထက်တော်က သရဏဂုံခံယူပုံ၊ ဗုဒ္ဓဘာသာအဖြစ် ခံယူပုံ လေးမျိုးရှိသည်။ ထိုလေးမျိုးကား -

(၁) “ယနေ့မှစ၍ ကျွန်ုပ်၏ ခန္ဓကိုယ်ကို ဘုရား တရား သံဃာအား အပ်နှင်းပါ၏” ဟု နူတ်မြွက်၍လည်း ဆောက်တည်နိုင်၏။ “အတ္တသန္နိယျာတနသရဏဂုံ” ဟု ခေါ်သည်။

(၂) “ယနေ့မှ စ၍ ကျွန်ုပ်အား ဘုရား တရား သံဃာကိုသာလျှင် ကိုးကွယ်အားထားရာရှိသူဟု မှတ်ယူတော်မူပါ” ဟု နူတ်မြွက်၍လည်း ဆောက်တည်နိုင်၏။ “တပ္ပရာယဏသရဏဂုံ” ဟု ခေါ်သည်။

“ငါ့ကိုးကွယ်ရာဟာ ဒါမှ ဒါဘဲ” ဟု ရတနာသုံးပါးကိုသာ အမြဲဦးတိုက်၍ သတိရ၍ နေသော အာဠ၀ကဘီလူး၊ ဟေမ၀တ၊ သာတာဂိရနတ်စစ်သူကြီးများ ခံယူထားသကဲ့သို့ ဖြစ်သည်။

(၃) “ယနေ့မှ စ၍ ဘုရား တရး သံဃာ၏ အတွင်းနေတပည့်ု မှတ်ယူတော်မူပါ” ဟု နူတ်မြွက်၍ တပည့်ခံသောအားဖြင့်လည်း ဆောက်တည်နိုင်၏။ “သိဿဘာဝူပဂမန သရဏဂုံ” ဟုခေါ်သည်။

အရှင်မဟာကဿပလောင်းလျာ ပိပ္ပလိလုလင် တပည့် ခံယူသကဲ့သို့ ဖြစ်သည်။

(၄) “ယနေ့မှ စ၍ ဘုရား တရား သံဃာကိုသာ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီမိုးခြင်း၊ အရိုအသေပေးခြင်းပြုသူဟု မှတ်ယူတော်မူပါ” ဟု နူတ်မြွတ်၍လည်း ဆောက်တည်နိုင်၏။ “ပဏိပါတသရဏဂုံ” ဟု ခေါ်သည်။

ဗြဟ္မာယု ပုဏ္ဏားကြီးကဲ့သို့ လွန်လွန်ကဲကဲ လေးလေးမြတ်မြတ် တုပ်ဝပ်ကြည်ညိုသဖြင့် ဆည်းကပ်ခြင်းမျိုးဖြစ်သည်။


ဘာသာကူးပြောင်းရာ၌ သတိပြုဖွယ်


ယခုအခါ ကမ္ဘာနှင့်အ၀န်း ဗုဒ္ဓဘာသာဘက်သို့ မျက်နှာမူလာသူများ၊ အစုလိုက် အပြုံလိုက် ဘာသာကူးပြောင်းသူများ များပြားလာသဖြင့် သရဏဂုံအကြောင်း ခြေခြေမြစ်မြစ် တိတိကျကျ နားလည်ထားသင့်၏။

ဘုရားလက်ထက်တော်က သရဏံဂုံ သုံးပါးဖြင့်ပင် ရဟန်းပြုခွင့်ပေးခဲ့၏။ ယခုအခါတွင်လည်း သရဏဂုံသုံးပါးဖြင့်ပင် သာမဏေပြုပေးလျှက်ရှိ၏။ ရွတ်ဆိုရာ၌ မပီသလျှင်ပင် သာမဏေမဖြစ်။ ဗုဒ္ဓဘာသာခံယူရာတွင်လည်း ပါဠိဘာသာစကားဖြင့် ရွတ်ဆိုဆောက်တည်သင့်ကြောင်း အထူးပြောဖွယ်ရာ မရှိ။ မည်သည့်ဘုရားစာကိုမျှ မရသည့်တိုင်အောင် ဤ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို မပြတ်အောက်မေ့ ရွတ်ဆိုနေခြင်းဖြင့် ဘေးရန်ကင်းကွာ၍ ချမ်းသာစီးပွားများကြရသည်မှာ လက်တွေ့ဖြစ်နေကြလေသည်။ သရဏဂုံ ပါဠိများကို “သဝေမပါ ကိုးဂါထာ” ဟု လည်းကောင်း၊ “အရိယာ သာဝိတ္တိဂါထာတော်ကြီး” ဟု လည်းကောင်း အထွတ်အမြန်ပြုကြရသည်။

မြတ်စွာဘုရားရှင်က ဗုဒ္ဓဘာသာဝင် မဖြစ်သေးသူကို ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ပြုလုပ်ပေးသော ကုသိုလ်ထက် ကြီးသော ကုသိုလ်မရှိကြောင်း ဗုဒ္ဓဘာသာဝင်အဖြစ် သရဏဂုံ ခံယူဆောက်တည်ထားရုံမျှဖြင့် အပါယ်မကျနိုင်တော့ကြောင်း နေရာများစွာ၌ ဟောတော်မူသကဲ့သို့ မိစ္ဆာအယူ အစွဲသန်သူသည် ငရဲနှင့် တိရစ္ဆာန်ဘ၀သို့ မုချကိန်းသေ ရောက်ရတော့မည်ဖြစ်သဖြင့် မိစ္ဆာဒိဋ္ဌိအယူထက် ကြီးလေးသော အပြစ် မရှိကြောင်းကိုလည်း ထပ်တလဲလဲ ဟောကြားတော်မူသည်။

သို့ရာတွင် ငါဘုရားရှင်ကိုသာ ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ရမည်၊ အခြားဘာသာ အယူဝါဒကို မကိုးကွယ်ရဟု မည်သည့်နေရာ၌မျှ မိန့်ကြားထားခြင်း မရှိပေ။ အကြောင်းသင့် အကျိုးသင့်သာ ညွှန်ပြမိန့်ဆိုတော်မူခဲ့သည်။ “ငါ့အယူမှ အယူ၊ ငါ့ဘာသာမှ ဘာသာ” ဟု တရားသေ မမိန့်ဆိုရုံမျှမက ဘာသာအယူဝါဒအမျိုးမျိုးကြားနေရပြီး မည်သည့် အယူကို ယူရမှန်း မသိ၊ “ငါ့ အယူသာလျှင် အကောင်းဆုံး” ဆိုသူများကြားတွင် နားယောင်တွေဝေနေကြရှာသော ကာလာမ အမျိုးသားများနှင့် တွေ့ဆုံရာ၌ပင် “ဤအယူကိုသာ ယူ” ဟု မိန့်တော်မမူ၊ “သင်ကိုယ်တိုင် လေ့လာကျင့်သုံးပြီးမှ မကောင်းတာရှောင်၊ ကောင်းရာဆောင်” ဟု ကိုယ်ပိုင် စဉ်းစား ဆုံးဖြတ်ခွင့်ကို ပေးတော်မူခဲ့ဖူးသည်။

သည်မျှသာမကသေး၊ နိဂဏ္ဌနယဋပုတ္တ၏ အမာခံပစ္စည်းလေးပါး ဒါယကာ (ဂျိန်းဘာသာဝင်တို့ ခေါင်းဆောင်) တစ်ဦးဖြစ်သူ ဥပါလိသူကြွယ် သူ့ဆရာ၏ စေခိုင်းချက်အရ ဘုရားရှင်နှင့် ၀ါဒယှဉ်ပြိုင် စကားစစ်ထိုးလာရာ နောက်ဆုံးတွင် ကြည်ကြည်လင်လင် သဘောပေါက်သွားသဖြင့် ဘုရားရှင်ထံ သရဏဂုံ ဆောက်တည်ပြီး ဥပါသကာအဖြစ် ခံယူဖူး၏။ ထိုသို့ စီးပွားရေး၊ လူမူရေးအားဖြင့် မြို့နယ်မျက်နှာဖုံးဖြစ်သူ ဥပါလိသူကြွယ်ကဲ့သို့သော သူတစ်ဦး ဗုဒ္ဓဘာသာသို့ ကူးဝင်လာရာ၌ ကြိုဆိုကောင်းချီးပေးရမည့်အစား -

“ဥပါလိသူကြွယ် - သင်လို ထင်ရှား ကျော်ကြားသူတစ်ဦးအား အလျင်စလို မလုပ်သင့်၊ စိတ်လိုက်မာန်ပါ မလုပ်သင့်၊ အချိန်ယူပြီး စဉ်းစဉ်းစားစား လုပ်ပါ” ဟုပင် အကြိမ်ကြိမ် ဟန့်တားတော်မူခဲ့သေးသည်။

ဗုဒ္ဓဘာသာသည် ဇွတ်အယုံ စဉ်းစားဉာဏ်ဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ဦးစားပေးကြောင်း နားလည်သင့်၏။ တနည်းအားဖြင့် ဗုဒ္ဓဘာသာအဖြစ် ခံယူရာ၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ရွတ်ဆိုရုံမျှဖြင့် မပြီး၊ (ပြဆိုခဲ့သည့်) အခြေခံစိတ်ထား ကြည်လင်ပြတ်သားမူ၊ ကြည်ကြည်လင်လင် လေးလေးမြတ်မြတ်ရှိမူသည် မည်မျှအရေးကြီးကြောင်း ထပ်ဆင့် သဘောပေါက်သင့်ပေသည်။

သာသနာပုဂ္ဂိုလ်များ ဗုဒ္ဓသာသနာ ဗုဒ္ဓဘာသာသို့ ၀င်၍ ရဟန်းပြုလိုလျှင်သော်မှ ချက်ချင်းရဟန်းပြုခွင့် မပေး၊ အသိအမြင် ကြည်လင်ခိုင်မာအောင်၊ ဓလေ့ထုံးတမ်းကျွမ်းကျင်အောင် လေးလတိုင်တိုင် လေ့လသူအရံအဖြစ် စောင့်ဆိုင်းနေရသေးသည်။ “တတ္ထိယပရိဝါသ်” ဟု ခေါ်၏။
ဘုရားရှင်လက်ထက်တော်က အသိအမြင် ကြည်လင်လေးမြတ်မူ ပြတ်သားမူ မရှိဘဲ ဘုရားရှင်ထံမှ သရဏဂုံဆောက်တည်၍ ဥပါသကာအဖြစ် ခံယူသွားသော သောဏဒဏ္ဍပုဏ္ဏားကြီးသည် ဘာသာကူးပြောင်းရာ၌ လွယ်သလောက်၊ ပြတ်သားမူ မရှိ၍ ဘ၀ရပ်တည်ရာ၌ အခက်တွေ့ခဲ့သည်။ ဗုဒ္ဓဘာသာခံယူပြီးလျှင် ခရီးဦးကြိုဆိုခြင်း၊ အထူးသဖြင့် တုပ်ပျပ်ဝပ်လျိုး ရှိခိုးဦးချခြင်းကို လွယ်လွယ်ကူကူပင် ပြုနိုင်ရ၏။ ထိုသို့ ရှိခိုးဦးချရသည်ကိုပင် မင်္ဂလာတစ်ခု၊ ကုသိုလ်တစ်မျိုးဟု ကြည်ကြည်လင်လင် ရူမြင်နိုင်ရ၏။

သောဏဒဏ္ဍပုဏ္ဏားကြီးမှာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာစဖြစ်၍ ထိုသို့ သဘောမပေါက်နိုင်ရှာ၊ တွေးတောပူပန်မူတွေ တသီကြီးဝင်လာ၏။ မြို့မျက်နှာဖုံးပညာရှိ သူဌေးကြီး၊ ဗြဟ္မဏ၀ါဒခေါင်းဆောင် သက်ကြီးဝါရင့် ဆရာကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ -

“အိုကြီးအိုမ - ကိုယ့်မြေးလောက်ရှိတဲ့ ဂေါတမကို ရှိခိုးရတယ်လို့များ ရှိရပလေ” ဟု ပတ်ဝန်းကျင်က ရူတ်ချကဲ့ရဲ့မူ၊ လူမူအသိုင်းအ၀ိုင်းနှင့် ကင်းကွာပြီး စီးပွားဥစ္စာ အခြံအရံ အကျော်စောမဲ့မူ၊ ဂုဏ်သိက္ခာကျဆင်းမူ ဖြစ်လာမည်ကို စိုးရိမ်စိတ်ဝင်နေခဲ့သည်။ ထို့ကြောင့် ဘုရားရှင်အား -

“ပရိသတ်အလယ်မှာ ရှိနေခိုက် လက်အုပ်ချီလိုက်တာမြင်လျှင် နေရာမှထပြီး ခရီးဦး ကြိုဆိုတယ်လို့ မှတ်ယူတော်မူပါ၊ ဦးရစ်ခေါင်းပေါင်း ချွတ်ပြလျှင်လည်း ဦးခေါင်းညွတ်လျှို ရှိခိုးတယ်လို့ မှတ်ယူတော်မူပါ၊ ယာဉ်ရတားနှင့် သွားရင်း နှင်တံကို မြှောက်ပြလျှင်လည်း ဝေါယာဉ်ပေါ်မျှဆင်းပြီး အရိုအသေပြုတယ်လို့ပဲ မှတ်ယူတော်မူပါ။ ယာဉ်ပေါ်က ဆောင်းထားသော ထီးကို ဖယ်လိုက်လျှင်လည်း ရှိခိုးတယ်လို့ မှတ်ယူတော်မူပါ” ဟုပင် ဘုရားရှင်အား စိုးရိမ်တကြီး ကြိုတင်၍ အချိန်းအချက်ထားကာ ခွင့်ပန်စကား လျှောက်ခဲ့ဖူး၏။

ဘာသာကူးပြောင်းရာ၌ ထိုသို့ အသိအမြင် ကြည်လင်ပြတ်သားမူ မရှိသည့်အတွက် သောဏဒဏ္ဍပုဏ္ဏားကြီးမှာ မည်သည့်တရားထူးမျှ မရခဲ့ရှာပေ။
သရဏဂုံ ခံယူဆောက်တည်စ၊ ဘာသာကူးပြောင်းစတွင် လူတိုင်းအသိဉာဏ် မကြွယ်ဝနိုင်သေး၊ ယုံကြည်မူ - သဒ္ဓါစင်စစ်ဖြစ်လျှင်ပင် တော်လှပြီ။
“မဆုံးနိုင်သော ဘ၀သံသရာခရီးတလျှောက်လုံး တွေ့ကြုံရမည့် ဘေးရန်အန္တရာယ်အမျိုးမျိုး၊ ကိုယ်စိတ်ဆင်းရဲခြင်း အမျိုးမျိုးက လွတ်ကင်းချမ်းသာအောင် ကယ်မနိုင်တဲ့ တကယ့်အစစ်အမှန် ကိုးကွယ်အားထားရာဆိုတာ ရတနာသုံးပါးကလွဲလို့ တခြားမရှိဘူး” ဟု မမှိတ်မသုန် ယုံကြည်ရင်းစွဲ ရှိထားလျှင် အသိဉာဏ် ကြွယ်ဝအောင် ဆက်လက်လေ့လာရန် မခက်တော့ပြီ။

ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း

သရဏဂုံတည်လျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လျှင်ပင် အပါယ်လေးပါးသို့ မကျရောက်နိုင်တော့ကြောင်း နေရာများစွာ၌ ဟောတော်မူထား၏။


အပါယ်မကျရုံသာမက နတ်ဖြစ်သော အခါတွင်လည်း အခြားနတ်များထက် ပို၍ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ အခြံအရံပေါများခြင်း၊ အာဏာတန်ခိုး အစိုးရမူ သာလွန်ခြင်းနှင့် အာရုံငါးပါး သာလွန်ခြင်းဟူသော လွန်ကဲမူ (၁၀)မျိုး ရနိုင်သည်ဟု သိကြားမင်းအား အရှင်မဟာမောဂ္ဂလ္လာန် ဟောပြဖူး၏။

ဝေလာမသုတ်၌ သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အကျိုးကျေးဇူးမှာ အတိုင်းမသိ အတုမရှိ လှူဒါန်းပေးကမ်းခြင်း အမျိုးမျိုးထက် သာလွန်ကြောင်းလည်း ဟောတော်မူထားသည်။

အဇာတသတ်မင်းသားသည် အပြစ်ကြီးလေးလှသော ဖခင်သတ်မူကံကြီးကို လွန်ကျူးမိသူဖြစ်၍ မအိပ်နိုင်၊ မစားနိုင်၊ တမိုင်မိုင်တတွေတွေ၊ ကြောက်ရွံ့တုန်လူပ်၍ နေရ၏။ သေလျှင်လည်း မဟာအ၀ီစိငရဲကြီး၌ မလွဲမသွေ ကျခံရတော့မည် ဖြစ်သည်။ ဘုရားရှင်ကို ဖူးမြော်ခွင့်ရပြီး သရဏဂုံ ဆောက်တည်ရသည့် အချိန်မှစ၍ ကောင်းစွာ အိပ်စက် စားသောက်နိုင်လာ၏။ လူသတ်မူ အပြစ်ကြီးကို ကျူးလွန်သူသည် ပန်းတစ်ဆုပ် လာဘ်ထိုးရုံမျှဖြင့် ကြိုးမိန့်က လွန်ရသကဲ့သို့ အဇာတသတ် မင်းသားလည်း သရဏဂုံကျေးဇူးကြောင့် မဟာအ၀ီစီငရဲကြီး၌ ကျခံရမည့်အစား လောဟကုမ္ဘီ ငရဲငယ်၌သာ ကျခံရ၏။ ရတနာသုံးပါးကို အားထားယုံကြည်ရာ၌ ပုထုဇဉ်တို့တွင် မည်သူမျှပင် လိုက်မမီ၊ ပထမသံဂါယနာ၏ ဒကာလည်း ဖြစ်ခဲ့၏။ နောင်တစ်ချိန်၌ “၀ိဇိတာဝီ” အမည်ရှိ ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူရသည်အထိ သရဏဂုံ၏ ကျေးဇူးတို့ကား ကြီးမားလှပေသည်။

သရဏဂုံတည်သော ပုဂ္ဂိုလ်များသည် ဖြစ်လေရာ ဘ၀တိုင်း၌ အကျိုး (၈) မျိုးကိုလည်း ရရှိနိုင်သည်။ အကျိုး (၈)မျိုးတို့မှာ -

(၁) အများအပူဇော်ခံရခြင်း၊

(၂) ဉာဏ်ပညာထက်မြက်ခြင်း၊

(၃) မိမိပတ်ဝန်းကျင်သည် မိမိစိတ်အလိုသို့ လိုက်ပါခြင်း၊

(၄) သူတကာတို့ မနိုင်းယှဉ်သာအောင် စည်းစိမ်ဥစ္စာခံစားရခြင်း၊

(၅) ရွှေအဆင်းကဲ့သို့ အသားအရေ ၀ါဝင်းလှပခြင်း၊

(၆) အများ၏ ချစ်ခင်မြတ်နိုးခံရခြင်း၊

(၇) ခိုင်မြဲသော မိတ်ကောင်းဆွေကောင်းရရှိခြင်း၊

(၈) ကျော်စော ထင်ရှားခြင်း တို့ဖြစ်၏။

သရဏဂုံ၏ အကျိုးကျေးဇူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးကား အထူးပြောဖွယ်မရှိ၊ သရဏံဆောက်တည်ခြင်းသည် ချမ်းသာရေး လွတ်မြောက်ရေးလမ်းစ၏ အ၀င်ဝ၊ အစ၏ကောင်းခြင်းပင် ဖြစ်၏။ ပြဆိုခဲ့သော အကျိုးများသည် အလယ်၏ ကောင်းခြင်းများဖြစ်၍ အချုပ်အားဖြင့် နိဗ္ဗာန်အထိ အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံရမည်သာ ဖြစ်ပေသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


!★☆တောရွာကလေးမှ...သူငယ်ချင်းများအားလုံးကို ကြိုဆိုပါတယ်ရှင်..☆★!

သရဏဂမန(သရဏဂုံ)အဓိပ္ပာယ်


သရဏ - ကိုးကွယ်ရာ၊ ဂမန(ဂုံ) - ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ခြင်း၊ အတိအကျအားဖြင့် ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်နိုင်ရန် အခြေခံ စိတ်ဓာတ်ဖြစ်သည့် သဒ္ဓါပြဓာန်းသော၊ သဒ္ဓါပညာနှစ်မျိုးစုံဦးစီးသော မဟာကုသိုလ်စိတ်ကို ကောက်ယူရသည်။ ကြည်ကြည်လင်လင် လေးလေးမြတ်မြတ် အသိအမှတ်ထားခြင်းပင် ဖြစ်သည်။

“ကြည်ကြည်လင်လင်(တပ္ပသာဒ) လေးလေးမြတ်မြတ်(တဂ္ဂရုတာ)” ဆိုသည်မှာ ရတနာသုံးပါး အပေါ်၌ အမြင်မကြည်လင်ခြင်း၊ မှားယွင်းစွာမြင်ခြင်း(ဒိဋ္ဌိ)၊ သံသယဖြစ်ခြင်း(၀ိစိကိစ္ဆာ)၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို နားမလည်နိုင်အောင် တွေဝေခြင်း(သမ္မောဟ)၊ အယုံအကြည်မရှိခြင်း(အသဒ္ဓိယ) - ထိုစိတ်ထားမျိုးအလျှင်းမရှိဘဲ “ဒါသာလျှင် ကိုးကွယ်အားထားရာ အစစ်ပါကလား” ဟု မမှိတ်မသုန် ယုံကြည်စိတ်ချမူ၊ အလေးအနက်ထားမူ ရှိသည်ကို “ကြည်ကြည်လင်လင် လေးလေးမြတ်မြတ်” ဟု ဆိုခြင်း ဖြစ်သည်။

တဖန် “ကြည်ကြည်လင်လင်” ဆိုသည်မှာ အချို့ပုထုဇဉ်နှင့် ကေးလသူငယ်များ၏ အသိဉာဏ်မပါတတ်သေးသော ကိုးကွယ်ဆည်းကပ်မူကို ရည်ရွယ်၏။ ဉာဏ၀ိပ္ပယုတ် သရဏဂုံ ကျမ်းဂန်စကားဖြင့် ပြောဆိုရ၏။

“လေးလေးမြတ်မြတ်” ဆိုသည်မှာ အသိဉာဏ်ဦးစီးသော အရိယာတို့၏ သရဏဂုံနှင့် သုတမယဉာဏ်အားကောင်းသော ပုထုဇဉ်ပညာရှိတို့၏ သရဏဂုံဖြစ်သည်။

သရဏအဓိပ္ပာယ်


ဤ၌ ကိုးကွယ်မူနှင့်စပ်၍ “သရဏ” ကို ဦးစွာ နားလည်ထားရန် လိုသည်။ သရဏဟူသည် “ကိုးကွယ်ရာ” ပင်ဖြစ်၏။ သို့သော် “သရဏ ကို ကိုးကွယ်ရာ” ဟု ဘာသာပြန်ခြင်းမှာ နားလည်လွယ်အောင် ဘာသာပြန်ခြင်း ဖြစ်၏။ သရဏ၏ မူလဆိုလိုရင်းမှာ “သတ်ဖြတ်ခြင်း - ပယ်ဖျောက်ခြင်း - ဖယ်ရှားခြင်း” ပင် ဖြစ်သည်။ ဘေးရန်အန္တရာယ်အမျိုးမျိုး၊ ကြောက်ရွံ့ ထိတ်လန့်ဖွယ်အမျိုးမျိုး၊ ကိုယ် စိတ် ဆင်းရဲမူအမျိုးမျိုး၊ အချုပ်အားဖြင့် သံသရာတခွင်လုံး မဆုံးနိုင်အောင် ကျင်လည်ခံစားကြရမည့် ဘေးဒုက္ခ အမျိုးမျိုးတို့ကို သတ်ဖြတ် ပယ်ဖျောက် - ဖယ်ရှား - ပေးတတ်သည်ကို “သရဏ” ဟု ခေါ်သည်။

ဘေးရန်အန္တရာယ်များကို ဖယ်ရှားပေးခြင်းဖြင့် ကောင်းကျိုးချမ်းသာကို ပေးသည်ဟု အဓိပ္ပာယ် သက်ရောက်လာ၏။ ဤအဓိပ္ပာယ်ကို ခြုံငုံ၍ “စောင့်ရှောက်တတ်သောအရာ” ဟု လည်းကောင်း၊ “ကိုးကွယ်ရာ” ဟု လည်းကောင်း ဘာသာပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် -

“သရဏ - ဘေးရန်ဖယ်ရှား ကောင်းကျိုးများအောင်၊ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာ” ဟူ၍ -

သရဏဂုံအနက်များကို ကဗျာလင်္ကာဖြင့် ပြည့်ပြည့်စုံစုံ ဂုဏ်ရသမြောက်အောင် ရေးသားကြခြင်း ဖြစ်လေသည်။

ဆက်လက်၍ ဗုဒ္ဓ ဓမ္မ သံဃ ဟူသော ရတနာမြတ်သုံးပါးတို့ အသီးသီး သရဏဖြစ်ပုံ (ဘေးရန် ပယ်ဖျောက်နိုင်ပုံ) ကိုလည်း မှတ်ထားသင့်၏။

- မြတ်စွာဘုရားသည် သတ္တ၀ါတို့အား မကောင်းမူ ဒုစရိုက်များကို ရှောင်ရှား၍ ကောင်းမူသုစရိုက်တို့ကို ဆောင်ထားရန် ကြောင်းကျိုးပြ၍ ဆုံးမသွန်သင်ပေးခြင်း၊ သံသရာ လည်ကြောင်း ပြတ်ကြောင်းကို လမ်းညွှန်ပြခြင်းဖြင့် ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန်အန္တရာယ်များကို ဖယ်ရှားတတ်၏။ ကောင်းကျိုးချမ်းသာများကို ဖြစ်ပွားစေတတ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

- တရားတော်သည် ငါးပါးသီလမှစ၍ တရားတော်အတိုင်း လိုက်နာကျင့်သုံးလျှင် ယုတ်စွအဆုံး သံသရာကျင်လည်ရစေကာမူ ဘေးအန္တရာယ်ကင်းကွာ၍ သက်သောင့်သက်သာ ချမ်းသာမူ ရှိအောင် ဆောင်ရွက်ပေးတတ်၏။ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုလျှင်လည်း အဆုံးစွန် လွတ်မြောက်သည်အထိ ပို့ဆောင်ပေးနိုင်၏။ ထိုသို့ သက်သာမူပေးတတ်၊ လွတ်မြောက်စေတတ်၍ တရားတော်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

- သံဃာတော်သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ဆောင်၍ သတ္တ၀ါတို့အား (မြတ်စွာဘုရားရှင် ကိုယ်စား) ဟောကြား ညွှန်ပြ၏။၊ ကိုယ်တိုင်လည်း မြတ်သော အလှူခံပုဂ္ဂိုလ် ဖြစ်သည်အထိ ကျင့်ကြံ၍ ပူဇော်လှူဒါန်းသူများ အကျိုးစီးပွား များအောင်၊ ဘေးရန် ကင်းအောင် ဆောင်ရွက်တော်မူတတ်၏။ ထို့ကြောင့် သံဃာတော်သည် စစ်မှန် မြင့်မြတ်သော ကိုးကွယ်ရာ (သရဏ) ဖြစ်သည်။

ဤ ဘုရား တရား သံဃာ ရတနာတော်မြတ်သုံးပါးကဲ့သို့ သတ္တ၀ါတို့အား ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်ကယ်မနိုင်သော ပုဂ္ဂိုလ်၊ ဓမ္မမျိုးသည် ဘယ်မှာမှ မရှိနိုင်ပေ။ ထို့ကြောင့် ရတနာမြတ်သုံးပါးသည်သာ သတ္တ၀ါတို့၏ အကောင်းဆုံး အမြတ်ဆုံး အစစ်မှန်ဆုံးသော ကိုးကွယ် အားထားရာ ဖြစ်တော်မူသည်။

သရဏဂုံနှင့် ဥပါသကာအကြောင်း



သရဏ - ကိုးကွယ်မူအမျိုးမျိုး

ကမ္ဘာဦးအခါကပင် လူသားများသည် မီးလောင် ရေကြီး တော်လည်းခြင်း ငလျင်လူပ်ခြင်း မိုးကြိုးပစ်ခြင်း ဖျားနာသေကျေရခြင်းစသော ဘေးအန္တရာယ် အမျိုးမျိုးကို စိုးရွံ့ကြောက်လန့်ကြသဖြင့် အမျိုးမျိုးသော ကိုးကွယ်အားထားရာများကို ရှာဖွေခဲ့ကြသည်။ တော တောင် သစ်ပင်ကြီးများကို တွေ့မြင်ကြသောအခါ တောကြီးများ တောင်ကြီးများ သစ်ကြီးဝါးကြီးများကို အားကိုးရာအဖြစ် ကိုးကွယ်ကြသည်။ သဘောဝအင်အားကြီးမားသည့် ပင်လယ် သမုဒ္ဒရာကြီးများ မြစ်ကြီးများကို တွေ့မြင်ကြပြန်လျှင် အားငယ်စိတ် မှီခိုစိတ် ကြောက်ရွံ့စိတ်များဖြင့် ကိုးကွယ်ကြပြန်သည်။

တဖန် ခြင်္သေ့ သစ်ကျား ဆင်မြင်း နဂါး စသော အင်အားကြီးမားသည့် တောရိုင်းသားကောင်ကြီးများကို တိုးတက် ကိုးကွယ်လာကြပြန်သည်။

ယင်းသို့ မျက်မြင်ကိုယ်တွေ့များကို ကိုးကွယ်ရာမှ ပို၍ မြင့်မြတ်စွမ်းအားရှိသည်ဟု ထင်ကြသော နေ လ ဂြိုလ် နက္ခတ် တာရာနှင့် နတ်ဒေ၀တာ ကိုးကွယ်မူသို့ တဆင့်တက် ကိုးကွယ်လာကြသည်။ တောစောင့်နတ် တောင်စောင့်နတ် ချောင်းစောင့်နတ် မြစ်စောင့်နတ် သမုဒ္ဒရာစောင့်နတ် မီးနတ် ရေနတ် လေနတ်မှစ၍ ကျက်သရေစောင့်နတ် အချစ်နတ် အကျိုးဆောင်နတ် အဖျက်နတ် စသည်ဖြင့် နတ်မျိုးစုံကို မိမိတို့ စိတ်ကပင် ဖန်တီးကိုးကွယ်လာကြသည်။ နတ်ကိုးကွယ်မူ ပူဇော်ပသမူများကို ရာသီအလိုက် ပွဲတော်ကြီးများ ကျင်းပကြပြီး ရွတ်ဖတ်ပူဇော်ရန် ခ ယ တောင်းပန်ခြင်း၊ ဆုမွန်တောင်းခံခြင်း စသော တေးကဗျာ ဂါထာများကို သီကုံးလာကြသည်။ ကမ္ဘာနေရာ အနှံ့အပြား နတ်ကိုးကွယ်မူ လွှမ်းမိုးလာခဲ့သည်။

လူသားတို့ အသိဉာဏ် အတွေးအခေါ် ယဉ်ကျေးမူ တိုးတက်လာသော အခါ နတ်ကိုးကွယ်မူထက် အဆင့်မြင့်သော နတ်ဘုရားများ ဗြဟ္မာများ အနန္တတန်ခိုးရှင်များ သန့်ရှင်းသော ၀ိညာဉ်တော်များ စသည်ဖြင့် (ဣဿရနိမ္မာန၀ါဒ - ဖန်ဆင်းရှင်အယူ) အဆင့်မြင့် ကိုးကွယ်မူများကို တီထွင် ဖန်တီး၍ ကိုးကွယ်လာခဲ့ကြသည်။

နတ်ဒေ၀တာ ဗြဟ္မာဘုရားများသည် မိမိတို့ လူသားများထက် မြင့်မြတ်သော ပုဂ္ဂိုလ်များဖြစ်သည် ဟု ယူဆကာ ထိုသူတို့ နေထိုင်ရာ နေ လ ဂြိုလ် နက္ခတ် တာရာ ဥယျာဉ်ဗိမာန်တို့ဖြင့် တင့်တယ် သာယာသည့် ကောင်းကင်ဘုံကို မျှော်မှန်းတမ်းတလိုစိတ်ကိုပါ တဆက်တည်း တီထွင် ကိုးကွယ်လာကြပြန်သည်။

သက်မဲ့မှ သက်ရှိသို့လည်းကောင်း၊ သက်ရှိမှ တဖန် ထာဝရတည်သော သဘောတရားကြီးအဖြစ်သို့ လည်းကောင်း၊ မြေကြီးမှ ကောင်းကင်သို့ လည်းကောင်း အဆင့်ဆင့် မြှင့်တင်ကာ အခိုင်အမာ တည်ဆောက် လာကြပြန်၏။ ဤကား ကမ္ဘာဦး လူသားတို့သည် ကြောက်ရွံ့စိတ်ကို အခြေခံ၍ ကိုးကွယ်ရာ ရှာခဲ့ကြပုံ ဖြစ်၏။

ယင်းသို့ လူတို့ စိတ်ကူးရရာ ကိုးကွယ်ကြခြင်းသည် ဘေးကင်းလုံခြုံသော ကိုးကွယ်မူမဟုတ်၊ ထိုသို့ ကိုးကွယ်ခြင်းကြောင့် တွေ့ကြုံဆဲ တွေ့ကြုံရမည့် ဘေးဒုက္ခအားလုံတို့မှလည်း မလွတ်မြောက်နိုင်ကြောင်း ကိုးကွယ်မူသမိုင်း အချုပ်ကို မြတ်စွာဘုရားဟောတော်မူခဲ့သည်။

သတ္တ၀ါတို့၏ ကိုးကွယ်ရာအစစ်သည်ကား ဘုရား တရား သံဃာဟူသော ရတနာတော်မြတ် သုံးပါးသာလျှင် ဖြစ်သည်။ မြတ်စွာဘုရားရှင်ကလည်း ဤကိုးကွယ်မူသည်သာလျှင် ဘေးကင်းလုံခြုံ၍ ဒုက္ခအားလုံးမှ လွတ်မြောက်စေနိုင်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်မူုလည်း ဟောတော်မူသည်။

Saturday 25 December 2010

ဗုဒ္ဓါနုဿတိဘာဝနာ၏ ဂုဏ်ကျေးဇူးများ



ဂုဏ်တော်ကို ပွားများသဖြင့် ရရှိလာသော သမာဓိသည် ဥပစာရ သမာဓိမျှလောက်သာ ဖြစ်သည်ဆို၍ အထင်မသေးသင့် -

- ဂုဏ်တော်ပွား၍ ဖြစ်ပေါ်လာသော ပီတိသည်ပင် စကြ၀တေးမင်းစည်းစိမ်နှင့် မလဲနိုင်အောင် အကျိုး ကြီးမားလှ၏။

- သမထကမ္မဋ္ဌာန်းလေးဆယ်တွင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် စီးဖြန်းပွားများသူ၏ လိုရာဆန္ဒ တောင့်တသမျှ ပြည့်ဝစေနိုင်၏။

- စိတ်ကို ရွှင်လန်းတက်ကြွအောင်၊ (စာကျက်လို့ ရလွယ်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်းစသော) သတိ၊ ပညာနှင့် သဒ္ဓါတရား တိုးပွားအောင် ပို့ဆောင်ရာ၌ ဗုဒ္ဓါနုဿတိဘာဝနာသည် အင်အားအကြီးမားဆုံး၊ အာနိသင် အကြီးမားဆုံး ဖြစ်သည်။

- ဗုဒ္ဓါနုဿတိပွားများသူသည် ကိလေသာအပူအညစ်အကြေးများ ကင်းဝေးနေသူ၊ ဘုရားဂုဏ်ရည်အသွေးများ စုဝေး ကိန်းအောင်းနေသူဖြစ်၍ ဂန္ဓကုဋီကျောင်း စေတီသဖွယ် အပူဇော်ခံထိုက်သူ၊ အများ၏ ရိုသေလေးစားခြင်းခံရသူ ဖြစ်၏။

- ဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် အမြဲထိတွေ့ကာ အတူတကွ နေရသူကဲ့သို့ ဖြစ်၍ မကောင်းမူကိစ္စမှန်သမျှ ပြောဆိုပြုမူရန် မဆိုထားဘိ၊ စိတ်ကူး၌မျှပင် မထည့်ရဲအောင် ရှက်ကြောက် တွန့်ဆုတ်လာ၏။

အချုပ်အားဖြင့် တလောကလုံးက ဦးညွတ်ရသကဲ့သို့ ဘုရားဂုဏ်တော်တို့ကို ပွားများထုံမွမ်နေသူအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများကာ ဤရွေ့ ဤမျှသာဟု ကန့်သတ်ပြောဆို၍ မရ၊ ကောင်းကျိုးအနန္တပင်တည်း။

ထို့ကြောင့် ကမ္မဋ္ဌာန်းဘာဝနာ ၀ိပဿနာတရား အားထုတ်သူတိုင်း ဤဗုဒ္ဓါနုဿတိဘာဝနာကို မပွားများဘဲ မနေရ၊ အခြေခံ မတည်ကမ္မဋ္ဌာန်းအဖြစ် အခြားဘာဝနာတရား အားမထုတ်မီ ပထမဆုံးပင် အားထုတ်ကြရ၏။ ဤဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းအပြင် -

(၂) မေတ္တာကမ္မဋ္ဌာန်း၊

(၃) အသုဘကမ္မဋ္ဌာန်းနှင့်

(၄) မရဏဿတိကမ္မဋ္ဌာန်း တို့ကိုလည်း -

ဗုဒ္ဓဘာသာဝင်တိုင်း၊ ကမ္မဋ္ဌာန်း အားထုတ်သူတိုင်း (အခြားကမ္မဋ္ဌာန်များ အားမထုတ်မီ) ဦးစွာလည်း ပွားများကြရ၏။ လက်မလွတ်တမ်း အမြဲတမ်းလည်း ပွားများနေကြရသည်။ “စတုရာရက္ခတရား လေးပါး” ဟု ခေါ်၏။ လေးဘက် လေးတန် တံတိုင်းကြီးသဖွယ် အစောင့်အရှောက် အာကာအကွယ်ကြီး လေးမျိုးဟု ဆိုလိုသည်။

ဤမျှ အကျိုးကြီးမား မြင့်မြတ်လှသော ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကြီးကို ချမ်းသာကြီးပွားလိုသူတိုင်း လူကြီး လူငယ်မရွေး ကြိုးစား အားထုတ် သင့်လှပေတော့၏။

ဂုဏ်တော်ပွားများနည်း





ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် မလွဲမသွေ အမြဲတမ်း လုပ်ဆောင်ရမည့် အလုပ်သုံးမျိုးရှိ၏။ ယင်းအလုပ်များမှာ -



(၁) ဒါန



(၂) သီလ



(၃) ဘာဝနာ အလုပ်များဖြစ်ကြသည်။



ဗုဒ္ဓဘာသာဝင် အများစုသည် ဒါနမူ၊ သီလမူကိုသာ အလုပ်များကြ၏။ ဘာဝနာမူကိုကား လူတိုင်းမလုပ် ဖြစ်ကြပေ။ ဗုဒ္ဓဘာသာဝင်များသည် ယင်းအလုပ်သုံးမျိုးစလုံးကိုပင် နေ့စဉ်မှန်မှန် ပြုလုပ်သင့်၏။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ကား နိဗ္ဗာန်ဖြစ်၏။ ယင်းနိဗ္ဗာန်ပန်းတိုင်သို့ ရောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ဘာဝနာမူပင် ဖြစ်၏။ ထို့ကြောင့် ဒါနမူ၊ သီလမူ အလုပ်ဖြင့်သာ တင်းတိမ်ရောင့်ရဲ မနေဘဲ ဘာဝနာမူကိုလည်း နေ့စဉ်အချိန်မှန်မှန် အားထုတ်သင့်၏။



ဘာဝနာမူသည်လည်း သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ နှစ်မျိုးရှိရာ ဗုဒ္ဓါနုဿတိ(ဂုဏ်တော်များကို ပွားများအားထုတ်ခြင်း) စသည်မှာ သမထ ဘာဝနာဖြစ်၏။ မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ တရားတော်၏ ဂုဏ်တော်များ၊ သံဃာတော်၏ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် အာရုံပြုနေခြင်း၊ အောက်မေ့ဆင်ခြင်နေခြင်းသည် ဂုဏ်တော်ပွားများခြင်း ဖြစ်၏။ ဂုဏ်တော်ကို သတိရနေသော စိတ်တွေ များပြားအောင် တိုးပွားအောင် ပြုလုပ်ခြင်းပင်တည်း။



ဂုဏ်တော်မပွားများမီ ရှေးဦးစွာ အရဟံ အစရှိသော ဂုဏ်တော်တစ်ပါးစီ၏ ပါဠိအနက်တို့ကို နူတ်တက်ရအောင်ကျက်၍ ကြေနေအောင် လေ့ကျင့်ထားရမည်။ ထိုနောက် ဂုဏ်တော်တစ်ခုစီ၏ အဓိပ္ပာယ်ကို သဘောပေါက်အောင် လေ့လာထားရမည်။ ဂုဏ်တော်များကို နူတ်ရအာဂုံဆောင်၍ အနက်အဓိပ္ပာယ်ကို သဘောပေါက်နားလည်ပြီးပါက အောက်ပါအစီအစဉ်အတိုင်း ပွားများခြင်းကို ပြုရမည် -



(၁) နေရာရွေးချယ်ခြင်း - ဂုဏ်တော်ပွားများခြင်း - ဘာဝနာအလုပ်သည် စိတ်အလုပ်ဖြစ်၍ စိတ်ကို အနှောက်အယှက်ဖြစ်စေမည့် ကာလ ဒေသ မဖြစ်ရန် လို၏။ ဂုဏ်တော် ပွားများခြင်းသည် သမာဓိ ဦးစီးရသော အလုပ်ဖြစ်၍ ဆိတ်ငြိမ်မူကို ရနိုင်သည့် ကာလ ဒေသ ဖြစ်ရမည်။



(၂) သီလဆောက်တည်ခြင်း - သီလဆောက်တည်ပြီးမှ သမာဓိ အလုပ်ကို လုပ်ရသည်။ ထို့ကြောင့် ငါးပါးသီလကို ဖြစ်စေ၊ ရှစ်ပါးသီလကို ဖြစ်စေ၊ ဆယ်ပါးသီလကို ဖြစ်စေ ဆောက်တည်ပြီးလျှင် အထူးကြောင့်ကြစိုက်၍ မကျိုးမပေါက်ရအောင် စောင့်ထိန်းရမည်။



(၃) ခန္ဓာကိုယ်ကို လှူဒါန်းခြင်း - သီလဆောက်တည်ပြီးလျှင် အောက်ပါအတိုင်း မြန်မာလို ဖြစ်စေ၊ ပါဠိလို ဖြစ်စေ သုံးကြိမ်ရွတ်ဆို၍ ခန္ဓာကိုယ်ကို ဘုရားရှင်အား လှူဒါန်းရမည် -



“ဣမာ၊ ဟံ ဘဂ၀ါ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ”



“အရှင်ဘုရား - ဘုရားတပည့်တော်သည် ဘုရားတပည့်တော်၏ ခန္ဓာကိုယ်အတ္တဘောကို မြတ်စွာဘုရားရှင်အား တရားအားထုတ်စဉ်အတွင်း အပ်နှင်းလှူဒါန်းပါ၏။”



(၄) တရားထိုင်ခြင်း - တရားအားထုတ်သည့်အခါ ယောက်ျားများသည် တင်ပျဉ်ခွေထိုင်၍ အမျိုးသမီးများသည် ကြုံ့ကြုံ့ထိုင်၍ အားထုတ်ရမည်၊ ထိုင်သည့်အခါ ကြာကြာထိုင်နိုင်ရန် ကိုယ်အထက်ပိုင်းကို ဖြောင့်ဖြောင့် မတ်မတ်ထား၍ (ခါးဆန့်၍) ထိုင်ရမည်။



(၅) ဂုဏ်တော်ပွားများခြင်း - ဂုဏ်တော်များကို ကြိုတင် ကျက်မှတ်ထားသည့်အတိုင်း ဂုဏ်တော်တစ်ပါးတည်းကို ဖြစ်စေ၊ အရဟံ - အစ - ဘဂ၀ါ - အဆုံး ဂုဏ်တော်ကိုးပါးလုံးကို ဖြစ်စေ မိမိနှစ်သက်သလို စိတ်ဖြင့် ဆင်ခြင်ပွားများရမည်၊ (နူတ်က မရွတ်ဆိုရ)။ ဤကဲ့သို့ ထပ်ကာထပ်ကာ ဆင်ခြင် ပွားများနေခြင်းကို ဂုဏ်တော်ပွားများသည်ဟု ခေါ်၏။ မိမိစိတ်ကို ဘုရားဂုဏ်တော်အာရုံမှ တပါး အခြားအာရုံဆီသို့ မရောက်စေရ။



နိဗ္ဗာနမဂ္ဂဒီပနီကျမ်း၌မူ - မိမိရှေ့တည့်တည့် ငါးထောင်ကွာခန့်အရပ်၌ ဗောဓိပင်ရွှေပလ္လင်နှင့် သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ဖြင့်ထား၍ အရံ အရဟံ ဟု စိတ်ဖြင့် စီးဖြန်းပွားများရမည်ဟု မိန့်ဆို၏။ အရဟံကို အာရုံပြုပွားများရာ၌လည်း “အရဟံ၊ အ - ရဟံ၊ အရ - ဟံ ဟူ၍ သုံးမျိုးရှိရာ အာရုံမထွေပြားရအောင် တစ်ချိန်တစ်ချိန်ဘာဝနာမူ အားထုတ်ရာတွင် တစ်မျိုးတည်းကိုသာ ပွားများသင့်၏။ ထို့အတူပင် ကျန်ဂုဏ်တော်များတွင်လည်း မိမိနှစ်သက်သည့် ဂုဏ်တော်များတွင်လည်း မိမိနှစ်သက်သည့် ဂုဏ်တော်အဓိပ္ပာယ်တစ်ခုခုကို မိမိစွမ်းနိုင်သမျှ ပွားများရမည်။



ထိုကဲ့သို့ အရဟံ - အစ ဘဂ၀ါ - အဆုံးရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် ပွားများနေသူ၏ သန္တာန်၌ ရာဂါ ဒေါသ မော စိတ်များ ၀င်ခွင့်မရ၊ ထကြွမူမရှိ၊ စိတ်သည် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းအာရုံ၌သာ စူးစိုက်ဖြောင့်မတ်နေ၏။ အိပ်ချင်ထိုင်းမိုင်းမူ၊ သို့လော သို့လော သံသယစိတ်ဝင်မူစသော ဟန့်တားပိတ်ဆို့မူ(နီဝရဏ) များလည်း ကင်းကွာနေသဖြင့် စိတ်သည် ဂုဏ်တော်၌သာ နစ်မြုပ်လျက်ရှိ၏။ ဂုဏ်တော်၏ သဘောအဓိပ္ပာယ်ကိုသာ ဆုပ်ကိုင်၍ အထပ်ထပ် စဉ်းစားကြံစည်မူ၊ သုံးသပ်ဆင်ခြင်မူ (၀ိတက်၊ ၀ိစာရ) များ ဖြစ်ပေါ်လာတော့၏။

မြတ်စွာဘုရားဂုဏ်ကိုသာ ကြံစည်သုံးသပ်နေသူအား တလိုက်လိုက်ကျေနပ်ခြင်း နှစ်သက်ခြင်း ပီတိတရားများ၊ ငြိမ်းအေးခြင်း ပဿဒ္ဓိတရားများ ဖြစ်လာပြီး ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးလာ၏ (သုခ)။ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာလာသဖြင့် ဘုရားဂုဏ်အာရုံတစ်ခုတည်း၌ စူးစိုက် တည်တံ့နေသော သမာဓိတရား (ဥပစာရသမာဓိ) ခိုင်မြဲလာ၏။ ဤကား သမထတရားများကို ရူပွားသူတိုင်း ဖြစ်ပေါ်မြဲဖြစ်သော ပထမဈာန်အင်္ဂါတရား ငါးမျိုးဖြစ်၏။



သမာဓိ မရသေးမီကာလတွင် ဂုဏ်တော်တစ်ပါးတည်းကိုသာ စွဲမြဲစွာ အထပ်ထပ် ပွားများသင့်၏။ သို့မှသာ စိတ်တည်ငြိမ်၍ လွယ်ကူစွာ သမာဓိရနိုင်သည်။



ဗုဒ္ဓနုဿတိ ဘာဝနာပွားများခြင်းကြောင့် ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါငါးပါးတို့ တပြိုင်နက် ဖြစ်ပွားလာကြသည် ဆိုသော်လည်း ဂုဏ်တော်တို့သည် လေးနက်သော ပရမတ္ထသဘာဝများ ဖြစ်သည့်အပြင် အာရုံပြု၍ မကုန်ုနိုင်အောင်လည်း ကြီးကျယ်များပြား လှသောကြောင့် ပထမဈာန် စသော အပ္ပနာဈာန်များကိုမူ ရရှိစေနိုင် ဂုဏ်တော်တို့ကို ပွားများ၍ ဖြစ်ပွားလာသော သမာဓိသည် ဈာန်ကို ရစေနိုင်လောက်အောင် ခိုင်မာတည်တဲ့ခြင်းမရှိ။ ထို့ကြောင့် ဈာန်၏ အနီးအပါး (ဥပစာရ) ရောက်ရှိရုံမျှသာ အားရှိ၍ ဥပစာရသမာဓိဟု ခေါ်၏။



ထိုဥပစာရသမာဓိမျှဖြင့်လည်း ၀ိပဿနာကို ဆက်လက်ရူပွားပါက အရဟတ္တဖိုလ်အထိ ရောက်ရှိနိုင်သည်သာဖြစ်၏။ ဗုဒ္ဓါနုဿတိမှ ၀ိပဿနာသို့ ကူးပြောင်းပွားများပုံမှာ ဂုဏ်တော်ပွားများ၍ ဖြစ်ပေါ်လာသော ပီတိ (တလိုက်လိုက် နှစ်သိမ့်မူ၊ ကြက်သီးတဖြန်းဖြန်းထမူ) ၏ အမြဲမရှိ ပျောက်ကွယ်သွားပုံ (ခယ၊ ၀ယ) တို့ကို ရူပွား၍ သော်လည်းကောင်း၊ ထိုမှတပါး မိမိအသိဉာဏ် ရှင်းလင်းလွယ်ကူရာ ခန္ဓာကိုယ်ရှိ ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတစ်ခုခုကို သော်လည်းကောင်း ရူပွားလျှင်လည်း ၀ိပဿနာ ကူးပြေင်းရူပွားခြင်း ဖြစ်တော့၏။





Friday 24 December 2010

သံဃာ့ဂုဏ်တော်အကျိုးပြ၀တ္ထု


အလှူဒါနပေးလှူရာတွင် အလှူရှင်များသည် တစုံတခုသော ကောင်းကျိုးချမ်းသာရရေးကို မျှော်ကိုး၍ ပေးလှူကြခြင်းဖြစ်၏။ ထိုကဲ့သို့ မိမိတို့ မျှော်ကိုးသည့်အတိုင်း ကောင်းကျိုးချမ်းသားရရှိရန်မှာ အင်္ဂါသုံးရပ်နှင့် ညီညွတ်မှ ဖြစ်၏။ အင်္ဂါ သုံးရပ်မှာ -

(၁) အလှူရှင်၏ သုံးတန်သော စေတနာနှင့် ပြည့်စုံညီညွတ်မူ၊

(၂) အလှူပစ္စည်းသည် တရားနှင့်အညီ ရှာဖွေ၍ ရရှိထားသည့် ပစ္စည်းဖြစ်မူနှင့်

(၃) အလှူခံပုဂ္ဂိုလ်၏ အကျင့်သီလပြည့်စုံမူတို့ ဖြစ်သည်။

ယင်းအင်္ဂါသုံးပါးနှင့် ပြည့်စုံမှသာ မိမိတို့မျှော်မှန်းသည့် ကောင်းကျိုးချမ်းသာကို ပြည့်ပြည့်၀၀ ရရှိနိုင်၏။

အလှူရှင်ဘက်က စေတနာသုံးတန်ညီညွတ်၍ လှူဖွယ်ပစ္စည်းကလည်း တရားနှင့်အညီ ရှာဖွေရရှိထားသည့် ပစ္စည်းဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်က အကျင့်သီလစင်ကြယ်မူ မရှိ၊ ဒုဿီလပုဂ္ဂိုလ်ဖြစ်နေပါလျှင်လည်း မိမိတို့ မျှော်မှန်းသည့် ကောင်းကျိုးချမ်းသာကို ရရှိခံစားရလိမ့်မည် မဟုတ်ပေ။

ဤအချက်နှင့် စပ်၍ အဇာတသတ်မင်းလက်ထက်က သူဋ္ဌေးတစ်ဦး၏ ဖြစ်ရပ် (စူဠသေဋ္ဌိပေတ၀တ္ထု) ကို ကြည့်ရူပါက သိသာထင်ရှားမည် ဖြစ်သည်။

ရာဇဂြိုလ်ပြည်ရှင် ဘုရင်အဇာတသတ်မင်းသည် ဖခင်အား သတ်မူ (ပိတုဃာတကာ) အကုသိုလ်ကံကြောင့် ကောင်းစွာအိပ်စက်၍ မပျော်နိုင်သေးသော အချိန်က ဖြစ်၏။ တစ်ညတွင် အဇာတသတ်မင်းသည် အိပ်စက်မပျော်၍ လသာဆောင်သို့ ထွက်ကာ စင်္ကြံလျှောက်ခိုက် ကောင်းကင်ခရီးမှ ဖြတ်သန်းသွားနေသည့် ပြိတ္တာတစ်ဦးကို တွေ့ရှိ၏။ ထိုပြိတ္တာမှာ ဦးပြည်းကတုံးနှင့် တကိုယ်လုံးအရိုးအကြောအရေမျှသာရှိ၏။ အ၀တ်လည်းမပါ။ အဇာတသတ်မင်းက ဆင်းရဲချို့ငဲ့သော ရန်းတော်တစ်ပါးဟု ထင်မှတ်၍ -

“အို ရဟန်း - အလကား ညအချိန်ကြီးမှာ ဘယ်ကလာပြီး ဘာကိစ္စအတွက် ဘယ်ကိုသွားမှာလဲ၊ သင့်လိုအင်ဆန္ဒကို ကျွန်ုပ် ဘာကူညီ ဖြည့်စွမ်းပေးရမလဲ” ဟု မေးရာ ပြိတ္တာကြီးက -

“မင်းကြီး - ကျွန်ုပ်ဟာ ယခင်ဘ၀တုန်းက ဗာရာဏသီပြည်က သူဋ္ဌေးတစ်ဦးပါ၊ ဘုရား တရား သံဃာကို ယုံကြည်သူမဟုတ်၊ ဘာကုသိုလ်ကောင်းမူကိုမျှ မလုပ်ခဲ့ပါ။ အချိန်ရှိသမျှ ကာမဂုဏ်ပျော်ပါးပြီး သေလွန်ခဲ့ရာ ယခု ပြိတ္တာ ဖြစ်နေရပါတယ်။ မစားမသောက်ရလို့ ပိန်ချုံးနေပါတယ်။ သင်မင်းကြီးထင်သလို ရသေ့ရဟန်းမဟုတ်ပါ။ ယခု လူ့ဘ၀က သမီးတော်စပ်သူ အနုလာ နေထိုင်ရာ အန္ဓက၀ိန္ဒမြို့ကို သွားမယ်၊ သမီးက မိဘဘိုးဘွားတွေ ရည်စူးပြီး အလှူကြီးပေးရာမှာ စားသောက်ရအောင် ဖိတ်ထားလို့ သွားပါရစေ မင်းကြီး” ဟု အကြောင်းစုံ ပြောဆိုသည်။

အဇာတသတ်မင်းကြီးသည် ပြိတ္တာကြီး စကားကို ကြားရသောအခါ လွန်စွာ စိတ်မကောင်းဖြစ်သွား၏။ ပြိတ္တာကြီးလည်း ၀န်ခံစကားပြောကြားကာ အန္ဓ၀ိန္ဒမြို့ဘက်သို့ ကောင်းကင်ခရီးဖြင့် ဆက်လက် ထွက်ခွာသွားသည်။

သမီး အနုလာနေအိမ်သို့ ရောက်လျှင် သမီးဖြစ်သူမှာ သက်ဆိုင်ရာ ဘာသာအယူဝါဒအရ မိမိတို့ ကိုးကွယ်သော ဗြဟ္မဏဆရာ ပုဏ္ဏားကြီးများအား ခမ်းနားကြီးကျယ်စွာ ကျွေးမွေးလှူဒါန်းနေသည်ကို တွေ့ရလေ၏။ ပြိတ္တာတို့မည်သည် လူလူချင်းပေးကျွေးသကဲ့သို့ ပေးကျွေး၍လည်းမရ၊ အမျှအတန်း ပေးဝေမှသာ စားရ ၀တ်ရသော ဘ၀ဖြစ်၏။ အမျှအတန်းပေးဝေရာတွင်လည်း အကျင့်သီလရှိသော ပုဂ္ဂိုလ်တို့အား လှူဒါန်းသောအလှူမှသာ အမျှပေးဝေ၍ ရနိုင်၏။

ပြိတ္တာကြီးမှာ သမီးအလှူပွဲ အားခဲ၍ သွားရသော်လည်း အချည်းနှီးဖြစ်ကာ မစားရ မသောက်ရဘဲ ပြန်သွားရရှာ၏။ အဇာတသတ်မင်းကြီးနှင့် ပြည်လည်တွေ့ဆုံသောအခါ -

“မင်းကြီး - သမီးအလှူပွဲမှာ အကျင့်သီလရှိသူ တစ်ဦးမျှ မပါ။ ဒုဿီလကြီးတွေ စားသောက်သွားကြလို့ ကျွန်ုပ်မှာ ဘာကုသိုလ်အဖို့မျှ မရပါ” ဟု ညိုးငယ်စွာ ပြောပြလေရာ မင်းကြီးက -

“အို မိတ်ဆွေ - မကြောင့်ကြပါနှင့်၊ ကျွန်ုပ် ဘာကူညီ ဆောင်ရွက်ပေအးစေလိုပါသလဲ” ဟု မေး၏။

“မင်းကြီး - အခြားအကူအညီမလိုပါ၊ ဂေါတမမြတ်စွာဘုရားကို ဖြစ်စေ၊ ဘုရားရှင်၏ တပည့် သံဃာကိုဖြစ်စေ ကျွန်ုပ်အတွက် ဆွမ်း သင်္ကန်း အဖျော် လှူဒါန်းပူဇော်ပြီး အကျွန်ုပ်အား အမျှဝေပေးပါ” ဟု အကူအညီ တောင်းခံလိုက်ရာ မင်းကြီးလည်း တတ်နိုင်သမျှ အမြန်ဆုံး သံဃာတော်များအား ကျွေးမွေးလှူဒါန်းပြီး ပြိတ္တာကြီးအား အမျှအတန်း ပေးဝေလိုက်သည်။

ပြိတ္တာကြီးသည် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီးနောက် မင်းကြီးရှေ့၌ အလွန်လှပသော နတ်သားတစ်ယောက် အသွင်ဖြင့် ရုတ်တရက် ပေါ်ပေါက်လာ၏။ ရဟန်းသံဃာတော်များ၏ “အနုတ္တရံ ပုညက္ခေတ္တေ” ဂုဏ်နှင့် မင်းကြီး၏ ကျေးဇူးကို ချီးကျူးလျက် -

“မင်းကြီး - သံဃာတော် အရှင်မြတ်များ ပေးလှူသော သင်မင်းကြီး၏ ဒါနကို သာဓုခေါ်ရတဲ့အတွက် အတိုင်းအဆမရှိအောင် အကျိုးအာနိသင် ကြီးမားလာတာကို ကြည့်တော်မူပါ။ ကျွန်ုပ်နှင့်တူတဲ့ လူသားတစ်ယောက်မျှ မရှိနိုင်ပါ။ အမြဲတမ်း လိုလေသေးမရှိ၊ ပြည့်စုံချမ်းသာရပါပြီ မင်းကြီး၊ ယခုပင် နတ်ပြည်ဋ္ဌာနသို့ သွားပါရစေတော့” ဟု နူတ်ဆက်ကာ အဇာတသတ်မင်းကြီးရှေ့မှောက်မှ ပျောက်ကွယ်သွားလေတော့သည်။

ထိုအဖြစ်အပျက်ကို မင်းကြီးနှင့် ရဟန်းတော်များမှတဆင့် မြတ်စွာဘုရားကြားသိတော်မူ၏။ မြတ်စွာဘုရားရှင်လည်း သိမြင်တော်မူပြီး ဖြစ်သည့်အလျောက် သတ္တ၀ါတိုင်း အားကိုးလောက်သည့် သံဃာ့ဂုဏ်တော်ကို ဖော်ကျူးကာ ဤ “စုဠသေဋ္ဌိပေတ၀တ္ထု” ပါဠိတော်ကို ထပ်မံအတည်ပြု ဟောပြတော်မူခဲ့လေသည်။

ခုဒ္ဒကနိကာယ်၌ ပါဝင်သော ပေတ၀တ္ထုပါဠိတော်ကြီးကို ကြည့်လျှင် မတရားလောဘကြီးသူ၊ မနာလိုဝန်တိုသူ၊ လိမ်လည်ကျိန်ဆိုသူ၊ လာဘ်စားသူ၊ မတရားဆုံးဖြတ်သူ စသော ဒုစရိုက်သမားတို့၏ တွေ့ကြုံရမည့်ဒုက္ခကို တွေ့မြင်နိုင်၏။ ထိုစားရမဲ့ သောက်ရမဲ့ ၀တ်ရမဲ့ ဒုက္ခကြီးမှ ချက်ချင်း လွတ်မြောက်သွားအောင် ဆောင်ရွက်နိုင်သော နည်းလမ်းသည် ဤသာသနာတော်မှ လွဲ၍ ဘယ်ဘာသာ အယူဝါဒ၌မျှ မရှိ၊ “ဒက္ခိဏေယျ၊ အနုတ္တရံ ပုညက္ခေတ္တေ” ဂုဏ်တော်သခင် သံဃာတော် အရှင်မြတ်တို့မှ လွဲ၍ ဘယ်ဘုရားသခင် ဘယ်တန်ခိုးရှင် ဘယ်ပညာရှိတို့ကမှလည်း မကယ်မနိုင်။

တနည်းအားဖြင့် ပေတ၀တ္ထုပါဠိတော်ကြီးသည် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့၏ ကျေးဇူးဂုဏ် ကြီးမား မြင့်မြတ်ပုံကို လက်တွေ့ထုတ်ပြထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း ကွယ်လွန်သွားသော မိဘဆွေမျိုးများကို ရည်စူး၍ ပြုလုပ်သော အလှူဒါနပွဲများအကြောင်း မြတ်စွာဘုရား ဟောကြားတော်မူစအချိန်က ထိုဒါနကို သာဝတ္ထိပြည်၌ လနှင့်ချီ၍ ပြုလုပ်ခဲ့ကြဖူး၏။

ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာကို မယုံကြည်သူများပင်လျှင် ထိုပေတအလှူဒါန၏ အကျိုးကျေးဇူးကို ခံစားခဲ့ကြရဖူးသည်။ ယခုအခါ၌လည်း ကွယ်လွန်သွားသူများက ခြောက်လှန့်ခြင်း၊ အိပ်မက်ပေးခြင်း၊ ပူးဝင်ပြေကြားခြင်း စသည်တို့ကြောင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူတို့ပင်လျှင် သားသမီး မိဘ သံယောဇဉ်ကြောင့် ဗုဒ္ဓဘာသာရဟန်းတော်များကို ပင့်ဖိတ်ကျွေးမွေး၍ အမျှအတန်းပေးဝေသဖြင့် ပြိတ္တာဘ၀မှ လွတ်ကာ ချမ်းသာရာ ရကြသည့် အဖြစ်အပျက်များ များစွာပင်ရှိနေဆဲဖြစ်၏။

သာသနာတော်၏ ကျေးဇူး၊ သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးကား တမလွန်ဘ၀သို့ပင် လိုက်၍ ကယ်မနိုင်သည်မှာ လက်တွေ့ဖြစ်နေ၏။ ရတနာသုံးပါးတို့၏ ကျေးဇူးဂုဏ်ကား ပြော၍ ရေး၍ပင် မကုန်နိုင်တော့ချေ။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဧသ = ဧသော သာဝကသံဃော - အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ လောကဿ - လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်း၏။ အနုတ္တရံ - အတုမရှိ မြတ်ခေါင်ထိသော။ ပုညက္ခေတ္တံ - ကုသိုလ်စေ့မျိုး နည်းငယ်ပျိုးက ကောင်းကျိုးထွေထွေ ဖြစ်ထွန်းစေသဖြင့် လယ်မြေယာကောင်းသဖွယ် ဖြစ်တော်မူကြပါပေ၏။

အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = တလောကလုံး၏ ကုသိုလ်မျိုးစေ့ကို ကြဲချ စိုက်ပျိုးရာ အတုမဲ့ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော အရိယာ သံဃာတော်မြတ်ပါပေတည်း။


အဓိပ္ပာယ်

လောက၌ မည်သည့်လူမျိုးဘာသာဝင်မဆို ပေးကမ်းစွန့်ကြဲခြင်း ဒါနအလုပ်များ ရှိကြသည်ပင် ဖြစ်၏။

အကျင့်သီလနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်အား လှူရသော အလှူမှသာ အကျိုးကျေးဇူးကြီးကျယ်မွန်မြတ်၏။ မြေဆီ မြေသြဇာဓာတ်ကောင်းသော လယ်ယာ၌ မည်သည့်မျိုးစေ့ကိုမဆို စိုက်ပျိုးကြဲချကာ အသီးအနှံကောင်း ရရှိရန် သေချာ၏။ အရိယာသံဃာတော်များသည် တလောကလုံး စိုက်ပျိုးစားသုံး၍ မကုန်နိုင်သည့် မြေဆီသြဇာကောင်းသော လယ်ယာမြေနှင့် တူ၏။ မိမိတို့ စိုက်ပျိုးမည့် မျိုးစေ့ ကောင်း မကောင်း စိစစ်ရွေးချယ်ရန်သာ လိုသည်။

မြေကလည်း မြေဆီမြေသြဇာ ပြည့်ဝသည့် မြေကောင်းမြေသန့်ဖြစ်၏။ ရေ လေနှင့် နေရောင်ခြည်သဖွယ်ဖြစ်သော သဒ္ဓါ စေတနာ ပညာကလည်းကောင်း၊ စိုက်ပျိုးသည့် မျိုးစေ့ကလည်း မျိုးသန့် မျိုးကောင်း ဖြစ်ပါမူ ဆိုဖွယ်ရာမရှိချေ။ ထို့ကြောင့် အရိယာ သံဃာတော်များသည် ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးကြဲချရန် တလောကလုံးအတွက် အတုမဲ့ လယ်ယာမြေကောင်းကြီးများ ဖြစ်သည် (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ) ဟု ဆိုရပေသည်။

ယခုပြဆိုခဲ့ပြီးသော သံဃာ့ဂုဏ်တော်ကိုးပါးကား အရိယာ သံဃာတော်များ၌ ရှိသော ဂုဏ်တော်များဖြစ်သည်။ သို့ရာတွင် ပုထုဇဉ်သမုတိ သံဃာတော်များသည်လည်း အရိယာမဖြစ်သေး စေကာမူ အရိယာဖြစ်ကြောင်း စတုပါရိသုဒ္ဓိစသော သီလ သမာဓိ ပညာ အကျင့်များကိုပင် ကျင့်ကြံတော် မူနေကြသည်ဖြစ်၍ သံဃာဟုပင် ခေါ်ရ၏။ အမူအကျင့်(သီလ) အားဖြင့် လည်းကောင်း၊ အယူဝါဒ အမြင်စင်ကြယ်မူ (ဒိဋ္ဌိ) အားဖြင့်လည်းကောင်း အတူတူပင် ဖြစ်သည်။ အရိယာသံဃာနှင့် အနုအရင့်မျှသာ ခြားနား၍ တစိတ်တ၀မ်းတည်း ပေါင်းစည်းညီညွတ်စွာ အတူတကွ တည်ရှိကြသဖြင့် ဘုရားရှင်၏ သာဝက သံဃာပင် ဖြစ်သည်။ ရဟန်းသံဃာတော်များအား ဖူးမြော် ပူဇော်ကြသောအခါ ပုထုဇဉ် အရိယာ မခွဲခြားဘဲ သံဃာ့ဂုဏ်တော် ၉-ပါးကိုသာ အာရုံပြု၍ ဆည်းကပ်ကြရာ၏၊ ဖူးမြော်ပူဇော် ကြရာ၏။

မသေခင်တော့ မပုပ်ပါစေနဲ့



* လောကမှာ … လူသေပုပ်၊ လူရှင်ပုပ် လို့ အပုပ်၂မျိုးရှိတယ်။

* လူသေပုပ် ဆိုတာကတော့ သေလို့ ပုပ်သွားတာပေါ့။

* မြေကြီးထဲမှာ ပုပ်နေတာဆိုတော့ အပေါ်ကို ဘာနံ့မှ မထွက်တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးပေါ့။

* လူရှင်ပုပ် ဆိုတာကျတော့ အတော်ဆိုးတယ်။

* သူများကို ဒုက္ခသိပ်ပေးတယ်။

* အကျင့်ပျက်စီးနေသူတွေဟာ ရှင်လျက်နဲ့ ပုပ်နေသူတွေပဲပေါ့။

* သူ့ရဲ့အကျင့်စာရိတ္တ ပျက်စီးမူ အပုပ်နံ့တွေက သူရောက်လာတဲ့ နေရာတိုင်းမှာ နံစော်နေတာပဲပေါ့။

* ဒါကြောင့် လူတိုင်းက သူနဲ့မတွေ့အောင် ဝေးဝေးရှောင်ကြတယ်။

* မတတ်သာလို့ ဆက်ဆံကြရပြီဆိုရင်လည်း ဟိုမယုံရ၊ ဒီမယုံရနဲ့ အင်မတန် ဒုက္ခရောက်ကြရတာပေါ့။

* မိမိကိုယ်ကို သေမှပဲ ပုပ်ပါစေ၊ မသေခင်တော့မပုပ်ပါစေနဲ့။

ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်လည်း

လူဘုံလောက၊ မကြည်ဖြူ၍၊

ခွာယူလိုက၊ ခွာ၍ရ၊

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊

လူဘုံလောက၊ နှစ်သာရတည်း၊

သူကငြူစူ၊ မကြည်ဖြူလည်း၊

ခွာယူမရ၊ ကွာမကျ။



မျက်မှန်လွတ်နည်း



* ပထမဆုံး အိပ်ရာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး။

* ခြေထောက် ၂ဖက်လုံး ဒူးအထက်ကနေပြီး ရေ ၃ခွက်စီလောက် လောင်းပေးရတယ်။

* ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။

* အိပ်ယာက ထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံ့နေတာပါ။

* ဒီအချိန်မှာ အရင်က ထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ်။

* ဒါကြောင့် မျက်စိကို တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုး၊ အပူငွေ့တွေက လာရိုက်တော့တာပေါ့။

* သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်နဲ့ထောင်ကြည့်လိုက်ပါ။

* မျက်စိနှစ်လုံးစလုံး ရဲနေတာတွေ့ရလိမ့်မယ်။ အဲဒီလို အပူခိုးတွေရိုက်ပါများလာတဲ့ အခါ ဒီမျက်စိက မူန်ပြီး အားနည်းသွားတာပေါ့။

* ဒါကြောင့် အပူခိုးတွေ မျက်စိ မသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကိုအရင် ရေလောင်းရတာပေါ့။

* ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း ချက်ခြင်း မျက်နှာမသစ်ရသေးဘူး။

* ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ခေါ်ပေါ်မြှောက်တင်လိုက်၊ အောက်ချလိုက်နဲက အနည်းဆုံးအကြိမ် ၂၀လောက် လုပ်ပေးရမယ်။

* အဲဒါပြီးတဲအခါမှာ တက်နေတဲ့ ဇက်ကြောတွေ လျှော့သွားအောင် ခေါင်းကို နောက်ကျော်ဘက် ရောက်နိုင်သလောက် လှန်ချရမယ်။

* ရှေ့ကိုလည်း ရသလောက်ငုံ့ရမယ်။ ဒါကလည်း အကြိမ် ၂၀ လောက်ပေါ့။ ပြီးရင်ခေါင်းကို ဘယ်ညာ အခါ ၂၀ လှည့်ပေးရမယ်။

* ဒီလေ့ကျင့်ခန်း ၃ခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ ခြေထောက်ကတစ်ဆင့် ထွက်နေတာ ကုန်သွားပါပြီ။

* သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့။

* ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ်။

* အဲဒီကျတော့မှ မျက်နှာကိုဆပ်ပြာနဲ့ သေချာသစ်ရမယ်။

* သွားမတိုက်ရသေးဘူး၊ ပါးစပ်ပိတ်ထားရမယ်။

* မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပ၀ါနဲ့ သုတ်ပေတော့။

* ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့။

အဲဒီကျတော့မှ သွားတိုက်ရမယ်။

* သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာက မွှေးညှင်းပေါက်များမှ တစ်ဆင့် ထွက်ကုန်တာပေါ့

* ဒီနည်းက အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကာကွယ်တဲ့နည်းပါ။

(မောင့်မှာရဟန်းဖြစ်သောကြောင့်ဆောင်းပါးမှ ဆရာတော် အရှင်ဦးသုမန ပြောကြားချက်ကို လိုအပ်သူတို့အတွက် ကောက်နုတ်တင်ပြပေးထားခြင်း ဖြစ်ပါသည်။)

၈။ အဉ္စလိကရဏီယဂုဏ်တော်


အနက်

ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဧသ = ဧသော သာဝကသံဃော - အစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်အပေါင်း ဤအရိယာ သူတော်ကောင်းသည်။ အဉ္စလိကရဏီယော - တလောကလုံး ကိုင်းညွတ်ရုံးလျက် ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

အဉ္စလိကရဏီယော = လက်အုပ်ချီမိုး ရှိခိုးထိုက်သော အရိယာ သံဃာတော်မြတ်ပါပေတည်း။


အဓိပ္ပာယ်

အရိယာသံဃာတော်မြတ်များသည် သုပ္ပဋိပန္န၊ ဥဇုပ္ပဋိပန္န စသော ဂုဏ်တော်များနှင့် ပြည့်စုံတော်မူကြသဖြင့် သီလ၊ သမာဓိ၊ ပညာ အကျင့် သိက္ခာသုံးပါးတို့ ပြည့်စုံပြီး ဖြစ်ကြသည်။ ထိုအရိယာ သံဃာတော်များအား တစ်ကြိမ်ရှိက ကောင်းကျိုးအနန္တကို ရနိုင်၏။

လောက၌ လူတို့သည် တစ်ဦးနှင့်တစ်ဦး ဂုဏ်သတ္တိစွမ်းရည်မတူကြ၊ အသက်သိက္ခာဂုဏ်ဝါကြီးသူ၊ စွမ်းရည်သတ္တိကြီးမားသူတို့အား အသက်သိက္ခာ ဂုဏ်ဝါငယ်သူ၊ စွမ်းရည်နိမ့်ကျသူတို့က အရိုအသေပြုရသည်မှာ လောက၀တ်၊ လောကဓမ္မတာဖြစ်၏။ ကမ္ဘာ့လူမျိုးတိုင်းလည်း မိမိတို့ ဓလေ့ထုံးစံအရ တစ်နည်းမဟုတ် တစ်နည်း အရိုအသေ ပေးနေကြရသည်ပင်ဖြစ်၏။ ယုတ်စွအဆုံး အလေးဂရုပြုရမည့် ပုဂ္ဂိုလ်ကြီး အသက်ထင်ရှား မရှိတော့စေကာမူ ဓာတ်ပုံရုပ်တုစသော အထိမ်းအမှတ်များကိုပင်လျှင် ရိုသေသမူ ပြုနေကြရသည်။ စကြ၀ဠာဖွဲ့စည်းပုံကို ကြည့်လျှင်လည်း သက်မဲ့များပင် အားကြီးရာအလိုက် ဦးတိုက်နေကြရသည်မှာ နိယာမပင် ဖြစ်သည်။ ထိုလောက၀တ် နိယာမကို နားမလည်ဘဲ” လူလူချင်း ဦးတိုက် ရိုကျိုးရှိခိုးဖို့ မလို” ဟု ပြောဆိုထင်မြင်သူထက် မိုက်မဲသူကား မရှိပြီ။

လူလူချင်း ဖြစ်စေ၊ ထိုသူတို့အား ကိုယ်စားပြု ရည်ညွန်းထားသော ဓာတ်ပုံ ရုပ်တု အမှတ်လက္ခဏာတစ်ခုကို ဖြစ်စေ အရိုအသေပြုခြင်း၊ ဦးတိုက်ရှိခိုးပြုကြရာ၌ ပြုထိုက်သောကြောင့် ပြုနေကြရသည်ဖြစ်ရာ ပြုထိုက်သော ကျေးဇူးဂုဏ်စွမ်းရည်သတ္တိကို မြင်အောင်ကြည့်ဖို့ လို၏။ ရတနာသုံးပါး မိဘ ဆရာ အသက်သိက္ခာကြီးသူတို့၌ အဘယ်ကျေးဇူး၊ အဘယ်ဂုဏ် စွမ်းရည်သတ္တိ အနန္တရှိရာတွင် စောင့်ထိန်းသော သီလဂုဏ်တစ်ခုတည်းဖြင့်ပင် တလောကလုံး ရှိခိုး ဦးတိုက်ထိုက်၏။ ရဟန်းသံဃာတော်များ စောင့်ထိန်းထားသော အကျင့်သီလကို သိသာရုံပြရသော် -

(၁) ရဟန်းတော်များအတွက် မြတ်စွာဘုရား ပညတ်တော်မူထားသော သိက္ခာပုဒ် အကျဉ်းအားဖြင့် (၂၂၇)သွယ်၊ အကျယ်အားဖြင့် ကဋေကိုးထောင် ကိုးရာ ရှစ်ဆယ့် ငါးသန်း သုံးသောင်း ခြောက်ထောင် ရှိ၍ ထိုသိက္ခာပုဒ်များကို လုံခြုံအောင် စောင့်ထိန်းခြင်း ဟူသော ပါတိမောက္ခသံဝရသီလ၊

(၂) အကုသိုလ်မဖြစ်ရအောင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣနြေ္ဒခြောက်ပါးတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်းဟူသော ဣန္ဒြိခြောက်ပါးတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်းဟူသော ဣနြေ္ဒယသံဝရသီလ၊

(၃) ရဟန်းတော်များ၏ အသက်မွေးဝမ်းကျောင်းမူနှင့် စပ်၍ မြတ်စွာဘုရား ပညတ်တော်မူထားသော သိက္ခာပုဒ်များကို လုံခြုံအောင် စောင့်ထိန်းခြင်းဟူသော အာဇီဝပါရိသုဒ္ဓိသီလ၊

(၄) ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်းဟူသော ပစ္စည်းလေးပါးတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်းဟူသော ပစ္စယသန္နိဿိတ သီလ ဟူ၍ လေးမျိုးရှိသည်။

ဤဖော်ပြပါ သီလလေးပါးတို့ကို လုံခြုံအောင် စောင့်ထိန်းနိုင်မှ စတုပါရိသုဒ္ဓိသီလ၌ သမာဓိ၊ ပညာ တရားများ ဖြစ်ပွားနိုင်သည်။
ရဟန်း သံဃာတော်များ သီလတစ်ခုတည်း ပြည့်စုံအောင် ဖြည့်ကျင့်ဖို့ပင် မည်မျှ ခက်ခဲ ကြပ်တည်းကြောင်း သိသာလှပေ၏။ ထိုသီလ ပြည့်စုံခိုင်မြဲအောင် ပူးတွဲဖြည့်ကျင့်ရသော ကျင့်ဝတ်များ၊ အမွှမ်းတင်သီလ (ခုတင်အကျင့်) များလည်း ရှိပေသေးသည်။ ထို့ကြောင့် ကိုယ်ကျင့်သီလနှင့်စပ်၍ လောက၌ ပြိုင်ဘက်မရှိ စင်ကြယ်မြင့်မြတ်သူများ ဖြစ်တော်မူကြ၏။

ရဟန်းသံဃာတော်များ သီလ သမာဓိ ပညာတရားတို့ကို ထိုသို့ ဖြည့်ကျင့်ခြင်းမှာ တကိုယ်ရေ ချမ်းသာရေးအတွက်သာ မဟုတ်ချေ။ “မြတ်သော အလှူကို ခံထိုက်သည်၊ ရှိခိုးထိုက်သည်” စသော ဂုဏ်များဖြင့် သတ္တလောကကြီးအား ချမ်းသာစီးပွားများအောင် ဆောင်ရွက်ပေးတော်မူနေကြသည် ဟူသော အဓိပ္ပာယ်လည်း ပါဝင်ပြီး ဖြစ်တော့သည်။ ထိုသို့ ကျင့်ကြံတော် မူနေကြခြင်းပင်လျှင် လောကကြီးအား ချမ်းသာစီးပွားများအောင် ဆောင်ရွက်ပေးတော်မူနေကြခြင်းပင် ဖြစ်၏။

ဘုရားရှင်လက်ထက်တော်အခါက ခုနှစ်ရက်မျှသာ အသက်ရှည်တည်နေရန်ရှိသော ဒီဃာဝု သတို့သားငယ်သည် ထိုသို့သော သီလ သမာဓိ ပညာဂုဏ်ရှိသည့် ဘုရားအမူးရှိသော ရဟန်းသံဃာတော်များကို ရှီခိုးဦးချရခြင်း စသော ကုသိုလ်ကြောင့် အသက် ၁၂၀-ထိ ရှည်ခဲ့ဖူး၏။

ဤသို့ သံဃာတော်၏ ကျေးဇူး၊ ရှိခိုးရသော ကျေးဇူးတို့ကို သိရှိအောင် လေ့လာ၍ လက်အုပ်ချီမိုး ရှိခိုးခြင်း (အဉ္စလီ) အမျိုးမျိုးရှိရာတွင် နူတ်ဆက် ရှိခိုးခြင်းမျိုးမျှသာ မဖြစ်စေရ၊ ထိုင်လျက် ရှိခိုးလျှင် ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း၊ မတ်တပ်ရပ်လျက် ရှိခိုးလျှင် ဦးထိပ်ပြင်၌ လက်ဆယ်ချောင်းလုံး ပေါင်းရုံးယှက်တင်၍ ကိုယ်ကို ညွတ်ကိုင်းလျက် ရှိခိုးခြင်းဖြင့် ရှိခိုးရမည်။