ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 30 November 2012

ကာမသုတ်


ထိုကာမတို့ကို မြတ်စွာဘုရားသည် သုတ္တနိပါတ် ပါဠိတော်၌လည်း-

“၀တ္ထုကာမကို အလိုရှိသော သတ္တ၀ါအား မိမိအလိုရှိတိုင်းသော အာရုံငါးပါး ကာမဂုဏ်တရားကို အပြည့်အစုံ အလိုရှိတိုင်း ရခဲ့ပါမူ ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ကိလေသာ ကာမအားဖြင့် ဧကန်တပ်မက်နှစ်သက်မူသည် ဖြစ်၏”


“ထိုကာမတို့ကို အလိုရှိသည်ဖြစ်၍ လိုလားတောင့်တမူ ဖြစ်နေသော သတ္တ၀ါအား ထိုကာမတို့အကြောင်း တစ်စုံတစ်ရာကြောင့် ပျက်ပြား ဆုတ်ယုတ်မူ မြားမှန်ခံရသူ ကဲ့သို့ ဖောက်ပြန်တော့၏”

“မြွေကိုတွေ့သောသူသည် ထိုမြွေကို မိမိခြေဖြင့် ကွင်းရှောင်သွားသကဲ့သို့ အကြင်သူသည် ကာမတို့ကို ကွင်းရှောင်၏ (သတိ) ဂရုစိုက်မူရှိသောသူသည် လောက၌ ဤတပ်မက်မူကို လွန်မြောက်နိုင်၏”

“အကြင်သူသည် လယ်ယာ၊ မြေ၊ အိမ်၊ ရွှေ၊ ငွေ၊ နွား၊ မြင်း၊ ပစ္စည်းဥစ္စာ၊ သားမယားနှင့် အခြားကာမဂုဏ်တို့ကို ကိလေသာစိတ်သည် ထိုသူ့ကို နှိပ်စက်၏၊ ထိုသို့ ဘေးရန်တို့ အနှိပ်အစက်ကို ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်သကဲ့သို့ ဆင်းရဲသည် ထိုသူတို့ မပြတ်ဝင်လေသည်”

“ထို့ကြောင့် သတ္တ၀ါသည် သတိထားလျက် ကာမတို့ကို အခါခပ်သိမ်း ရှောင်ကြဉ် ရ၏။ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို လှော်ခတ်သွားသကဲ့သို့ ကာမတို့ကို ပယ်ထုတ်၍ သြဃလေးဖြာ သံသရာကို ကူးမြောက်ရာ၏”

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

အရှင်မဟာမောဂ္ဂလာန်


မြတ်စွာဘုရား၏ သာသနာတော်တွင် ပစ္စည်းလေးပါးတို့ တစ်နေ့ထက်တစ်နေ့ ပေါများ၍ တိတ္ထိတို့၏ သာသနာတွင် ပစ္စည်းလာဘ်လာဘများ တစ်နေ့ထက်တစ်နေ့ ပါးရှား၍ လာသောအခါ တိတ္ထိပရိဗိုလ်တို့သည် အစည်းအဝေး ပြုလုပ်ကြပြီးလျှင် “ရှင်ဂေါတမ သာသနာမှာ ပစ္စည်း လာဘ်လာဘ ပေါများခြင်းသည် ရှင်မောဂ္ဂလာန် တန်ခိုးပြခြင်းကြောင့် ဖြစ်သည်။ ရှင်မောဂ္ဂလာန်ကို သတ်လိုက်၍ တန်ခိုးမပြနိုင်ပါက ထိုလာဘ်လာဘတို့ ငါတို့ထံ ရောက်လာမည်”


ထိုသို့ တွက်ဆ ကြပြီးလျှင် လူသတ်သမားတို့ကို ခေါ်၍ စရန်ငွေတစ်ထောင်ပေးကြပြီး လျှင် ကျောက်မဲလိုဏ်ဂူ၌ နေသော ရှင်မဟာမောဂ္ဂလာန်ကို သတ်ရန်စေခိုင်းကြလေသည်။ ခိုးသားတို့လည်း တန်ခိုးရှင်ဖြစ်သော အရှင်မောဂ္ဂလာန်သည် မိမိ၏ ရှေးရှေးဘ၀အကြောင်း ဆင်ခြင်ကြည့်သောအခါ မိမိပြုခဲ့သော ကံကိုသိ၍ ပြေးမလွတ်နိုင်သော ၀ိပါတ်ကြောင့် အမိခံလိုက်လေသည်။

လူသတ်သမားတို့သည် အရှင်မောဂ္ဂလ္လာန်အား အရိုး အသားတို့ကို ဆန်ကျိုးဆန်ကွဲတမျှ မူန့်မူန့်ညက်ညက်ကြေအောင် ရိုက်နှက်ကြပြီးမှ “သေပြီ”ဟုဆို၍ ချုံတစ်ခုထဲသို့ ပစ်ချကာ ပြန်ကြလေသည်။ “အရှင်မဟာမောဂ္ဂလာန်ကို ခိုးသားတို့ ရိုက်သတ်ကြသတဲ့” ဟူသော စကားသည် တစ်လောကလုံး ပျံ့နှံ့၍ သွားသောအခါ အဇာတသတ်မင်းသိလေသော် စုံထောက်တို့ကို လွှတ်၍ စုံစမ်းထောက်လှမ်းစေရာ အရက်ဆိုင်တစ်ဆိုင်တွင် ပျော်ပွဲ စား၍ အောင်ပွဲခံနေသော လူသတ်သမားတို့ကို တွေ့၍ ဖမ်းဆီးပြီးလျှင် ဘုရင်အဇာတသတ်ထံသို့ ပို့အပ်ကြလေသည်။ ဘုရင်က...

“သင်တို့ ရှင်မဟာမောဂ္ဂလာန်ကို သတ်ကြသလား”

“မှန်ပါသည် အရှင်မင်းကြီး”

“သင်တို့ကို မည်သူစေခိုင်းသနည်း”

“အ၀တ်မ၀တ်သော တိတ္ထိပရိဗိုဇ်ငါးရာတို့က စေခိုင်းပါသည်”

ဟု လျှောက်တင်ကြသောအခါ အဇာတသတ်မင်းသည် ထိုတိတ္ထိပရိဗိုဇ်ငါးရာတို့ကို ဖမ်းစေ၍ ခိုးသားလူသတ်သမား ၅၀၀နှင့်အတူ နန်းတော်ရင်ပြင်တွင် ချက်မြုပ်လောက်အောင် တွင်းများကို တူးစေလျက်၊ ထိုသူ ၁၀၀၀ တို့ကို ဆင်းစေလျက် အထက်မှ ကောက်ရိုးတို့ကို အုပ်ဖုံးပြီးလျှင် မီးတိုက်လေသည်။ ထိုမီးပြာကျသွားသောအခါ သံထွန်သွားတို့ဖြင့် တိုက်လေရာ အားလုံး အပိုင်းပိုင်းပြတ်၍ သေဆုံးလေကုန်သည်။

(ဓမ္မပဒဋ္ဌကထာ ဒုအုပ် - ၄၁)

၎င်းပြင် ဓမ္မပဒဋ္ဌကထာ - ၄၁၃။ ကုဏ္ဍလကေသီဝတ္ထုလာ ခိုးသား ဒုအုပ် -၃၅၅၊ ၀ိဗ္ဘန္တဘိက္ခုဝတ္ထုလာ ခိုးသားစသည်ဖြင့် အများအပြားရှိချေလေသည်။ ထားတော့ -

ဤ၌-ခေတ္တုပမပေတ ၀တ္ထုလာ ခိုးသားမှာ မိမိ၏ စားဝတ်နေရေး အာရုံကာမဂုဏ်ကြောင့် သူခိုးဂိုဏ်းသို့ ၀င်ပြီး ခိုးလေသည်။ ထိုခိုးမူကြောင့် ဘုရင်က ဖမ်းပြီး ညှင်းဆဲ၍ သတ်သည်။ ဘုရင် သတ်ခြင်းသည် ခိုးမူကျူးလွန်၍၊ ခိုးခြင်းသည် အာရုံငါးပါး ကာမဂုဏ်တရားကြောင့် ဖြစ်ရာ ဤကာမ-ကာမဂုဏ်သည် အလွန်ကြောက်ဖွယ်ကောင်းအောင် ဆိုးရွာလှ၏။ ထို့ကြောင့် ကာမဂုဏ်တို့၏ သာယာဖွယ်သည် အနည်းငယ်မျှသာဖြစ်လျက် ယင်းစနက်ကြောင့် ဖြစ်ရသည့် အပြစ်ဒုက္ခကား ကြီးမားလှ၏ဟု အလုံးစုံကို သိမြင်တော်မူပြီးသော မြတ်စွာဘုရားသည် ထိုကာမတို့မှ ထွက်မြောက် ကျွတ်လွတ်စေရန် အနည်းနည်းဖြင့် ဟောတော်မူထားသည်။

၎င်းနောက် တမ္ဘဒါဋ္ဌိကသည် ခိုးသားဂိုဏ်းတစ်ခုသို့ ၀င်ခွင့်တောင်းရာ လူဆိုးဗိုလ်က ခွင့်မပြုချေ။ သူသည် ၀င်ခွင့်ရရန်အတွက် ၀တ္တရား ကျေပွန်အောင် ဆောင်ရွက်၍ အနည်းနည်းကြိုးစားကြသဖြင့် ၀င်ခွင့်ရသည်။ တစ်ချိန်တွင် ဘုရင့်တပ်က တစ်ဖွဲ့လုံး ဖမ်းမိသဖြင့် ဦးခေါင်းဖြတ်၍ သတ်ရန် အမိန့်ပေးလိုက်သည်။ အာဏာသားတို့က ဤမျှ များပြားသောသူများကို မသတ်နိုင်၊ သင်တို့အထဲမှ သတ်နိုင်မည့်သူ ရှိပါက ထွက်ပါ၊ အသက်လည်း၊ မသေရ၊ လခရိက္ခာပါပေး၍ ခန့်ထားဦးမည်ဆို၍ လူဆိုးဗိုလ်ကို စတင်၍ မေးရာ သူ့ငယ်သားတို့ကို သူမသတ်လိုကြဘဲ တမ္ဗဒါ ဋ္ဌိကမှာမူကား သူသတ်မည်ဆို၍ အားလုံးကို သတ်လိုက်သည်။ ဤခိုးသူတို့သည်လည်း သူတစ်ပါး၏ ပစ္စည်းကို ခိုးယူတိုက်ခိုက် ယူလိုကြခြင်းမှာ မိမိတို့၏ အာရုံငါးပါး ကာမဂုဏ် အတွက်သာလျှင် ဖြစ်၏ ဤအာရုံငါးပါးလိုက်စားရာတွင် တရားသဖြင့် ရှာဖွေခြင်း မပြုမူ၍ မတရားရှာဖွေခြင်းမျိုး ဖြစ်ရကား အလွန်ကြောက်ဖွယ်ပင် ဖြစ်သည်။

အရှင်မဟာမောဂ္ဂလာန်ကို သတ်ရာ၌ လူသတ်သမားတို့သည် မိမိတို့၏ အာရုံငါးပါး ပျော်ပါးခံစားနိုင်မူ အတွက် ပုဂ္ဂိုလ်ယုတ်မြတ်ပင် မခွဲမသိနိုင်တော့ဘဲ ငွေအသပြာ တစ်ထောင်ရရုံဖြင့် ရက်ရက်စက်စက် သတ်ဝံ့ကြပေသည်။ သူတို့က မထေရ်ကို ရက်စက်စွာ သတ်သည်နည်းတူ စေခိုင်းသူ (နဂ္ဂသမဏ) ပရိဗိုဇ် တို့နှင့်တကွ အဇာတသတ် မင်းကလည်း ရက်ရက်စက်စက်ပင် သတ်လိုက်လေသည်။

အာရုံငါးပါး ဤကာမတရားသည် ၎င်းကို တွယ်တာတပ်မက်သည်နှင့် တွယ်တာသူ တပ်မက်သူကို အကြီးအကျယ် လောကဒုက္ခ သံသရာဒုက္ခကို ပေးလေတော့သည်။ လောကတွင် မင်းပြစ် မင်းဒဏ်ကိုလည်း မကြောက်၊ သံသရာဘေးကိုလည်း မကြောက် “ရောက်ချင်ရာ ရောက်စေတော့”ဟု မိုက်ဝံ့လာလေသည်။ နူးညံ့လှသော တပ်မက်မူ ဆန္ဒရာဂသည် သံသရာထဲတွင် အ၀ီစိငရဲ အထိပင် ကျမည်ကို မကြောက်ဘဲ ကြမ်းတမ်းသော အမူကို ပြုဝံ့လေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပကဒ-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

တမ္ဗဒါဋ္ဌိက


၄၄၉-ယောက်သော သူခိုးဂိုဏ်းကြီးသည် ရွာကို တိုက်ခိုက်ဖျက်ဆီးလျက် လုယက်ကြလေသည်။ တမ္ဗဒါဋ္ဌိကဟူသော လူကြမ်းတစ်ယောက်သည် ထိုခိုးသူတို့ကို ကပ်၍ ထိုအဖွဲ့ထဲသို့ ပါလိုကြောင်းပြောရာ ခိုးသူ ခေါင်းဆောင်က ဤသူသည် အလွန်ကြမ်းတမ်းသည်။ ကြောက်မက်ဖွယ်ကောင်းသဖြင့် ၀င်ရန် ငြင်းဆိုသည်။ ၎င်းလည်း ခိုးသူငယ်သားတစ်ယောက်ကို ကပ်၍ ၀တ်ကြီးဝတ်ငယ်ပြုလျက်နေ၏။

အတန်ကြာသော် ခိုးသူငယ်က ခေါင်းဆောင်ပုဂ္ဂိုလ်အား “အရှင်-ဤသူသည် အလွန်ပင် ၀တ္တရား ကျေပွန်သည်၊ လက်ခံပါ” ဆိုသဖြင့် လက်ခံ၍ လှည့်လည်တိုက်ခိုက် ကြလေရာ ဘုရင်၏ တပ်သားတွေဝိုင်းဖမ်းကြသဖြင့် မိသွားလေသည်။ ထိုအခါ တရားရုံးမှ “ဤခိုးသူ ၅၀၀ တို့အား ဦးခေါင်းဖြတ် သတ်စေ”ဟု အမိန့်ချလိုက်သည်။ လူသတ်သမား အာဏာသားတို့လည်း အားလုံးကုန်အောင် မသတ်နိုင်ကြသဖြင့် “သင်တို့အထဲမှ သတ်နိုင်မည့်သူကို အပြစ်မှလည်း လွှတ်မည်၊ လူသတ်ရာထူးကိုလည်း ဆက်၍ခန့်ထားမည်”ဟု ဆို၍ ခိုးသူခေါင်းဆောင်ကိုမေးရာ “ငါ့ဂိုဏ်းသားတွေကို ငါမသတ်လို” ငြင်းသောအခါ အဆင့်ဆင့်အားဖြင့် မိမိတို့ မသတ်လိုကြောင်း ပြောကြပြီးလျှင် တမ္ဗဒါဋ္ဌိက အလှည့်သို့ ရောက်သောအခါ “ကောင်းပါပြီ”ဟု ၀န်ခံလျက် အားလုံး လူတို့ကို သူတစ်ယောက်တည်း သတ်လိုက်လေတော့သည်။

(ဓမ္မပဋ္ဌကထာ - ၄၀၅)

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

Thursday 29 November 2012

ခေတ္တူ ပမ ပေတ


ရာဇဂြိုဟ်ပြည်တွင် ချမ်းသာသော များစွာသော ဥစ္စာရှိသော သူဌေးကြီးတစ်ယောက် ရှိလေသည်။ ထိုသူဌေးကြီးတွင် သားတစ်ယောက်ရှိလေသည်။ အလွန်ချစ်အပ်သော တစ်ယောက်တည်းသော သားဖြစ်ခြင်းကြောင့် မည်သည့် အတတ်ပညာမှ မသင်စေဘဲ “ငါတို့သားသည် တစ်နေ့လျှင် ငွေတစ်ထောင်မျှ နေ့စဉ်သုံးဖြုန်းစေကာမူ နှစ်ပေါင်းတစ်ရာ ပြည့်သော်လည်း ငါတို့ဥစ္စာပစ္စည်းမကုန်နိုင်။ အတတ်ပညာ သင်ခြင်းဖြင့် ကိုယ်ပင်ပန်း စိတ်ညှိုးနွမ်းခြင်းဖြစ်မည်”ဟု ယူဆကြလျက် ပျော်သလိုသာ နေစေလေသည်။ အရွယ်ရောက်လတ်သော ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်သော အရွယ်ကောင်း အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ချပေးလေသည်။ ထိုသူဌေးသား ဇနီးမောင်နှံတို့သည်-


(ဓမ္မေစိတ္တ မတ္တမ္ပိ အနုပ္ပါဒေတွာ)
“တရားဆို၍ စိတ်နှင့်မျှ အာရုံမပြု မဖြစ်စေမူ၍”

(သမဏ ဗြဟ္မဏ ဂုရုဇနေသု အနာဒရော)
“ရဟန်း လေးစားအပ်သော လူကြီး သူကြီးတို့ကိုလည်း မရိုသေ”

(ဓုတ္တဇန ပရိဝုတော)
“အရက်သမား၊ ကစားသမားတို့ ခြံရံလျက်”

(ရဇ္ဇမာနော ပဉ္စကာမ ဂုဏေရတော)
“အာရုံငါးပါး ကာမဂုဏ်တရား၌သာ ငြိကပ်ပျော်မွေ့နေ၏”

ကာလကြာသော် မိဘတို့ သေလေ၍ အရက်သောက်ခြင်း၊ အပျော်အပါး ပွဲလမ်းသဘင် ခင်းကျင်းခြင်း၊ ကစားမျိုးစုံသော မိမိထင်သလို ဖြုန်းတီးမူကြောင့် ဥစ္စာပစ္စည်းတို့ ကုန်ခန်းလာလေသည်။ နောက်အခါတွင် ကြွေးရှင်တို့၏ ပူမူကြောင့် လယ်ယာ၊ ခြံ စသည်တို့အပြင် နေအိမ်ပါရောင်း၍ ပေးဆပ်လိုက်ရပြီး ခွက်လက်စွဲကာ အားထားရာမဲ့၍ တောင်းစားရလေသည်။

တစ်နေ့သောအခါ ခိုးသူအဖွဲ့တစ်ခုသည် ၎င်းနေသော ဇရပ်သို့ ရောက်ကြလျက် ခိုးရန်၊ တိုက်ရန် တိုင်ပင်ကြပြီးလျှင် ထိုသူအား “သင်သည် လက်ခြေတို့ ကောင်းလျက် လက်ခြေချွတ်ယွင်းသောသူကဲ့သို့ တောင်းစား၍ နေခြင်းသည်မသင့်လျော်၊ ငါတို့နှင့်လိုက်၍ ခိုးသော အမူပြုလျှင် သင်ချမ်းသာစွာ အသက်မွေးနိုင်မည်။ ခိုးသော အတတ်ပညာကို ငါတို့ သင်ပေးမည်။ ငါတို့၏ စကားကိုသာ နာေးထာင်၍ လုပ်ရမည်”ဟု ဆိုသော် “ကောင်းပါပြီ” ၀န်ခံ၍ ခိုးသူတို့နှင့် လိုက်သွားပြီး “သင်က ဤအိမ်ခြံစည်းရိုးမှ လက်ရိုက်တင်းပုတ်ကိုင်၍ စောင့်နေပါ။ တွေ့သမျှလူကို ရိုတ်သတ်လေ”ဟု မှာထား၍ ခိုသူတို့သည် အိမ်ပေါ်သို့ တက်၍ ခိုးကြလေသည်။

အိမ်ရှင်တို့ နိုး၍ အော်သောအခါ သူခိုးတို့သည် ထိုမှ ဤမှ ပြေးသွားကြလျက် လွတ်မြောက်ကြသော်လည်း သူဌေးသားမှာ မပြေးတတ်သဖြင့် တင်းပုတ်နှင့်တကွ ဖမ်းမိ၍ ဘုရင်ထံ ပို့အပ်ကြလေသည်။ ဘုရင်လည်း ခိုးသူတို့၏ သွားရာလမ်းအတိုင်း လက်ပြန်ကြိုးတုပ် သုသာန်ထုတ် လမ်းဆုံ လမ်းခွသို့ ရောက်တိုင်း အဆူးပါသော ကြိမ်တံပြားနှင့်ရိုက်၊ သုသာန်ရောက်က လက်ဝါး ကမ်းစင်တင် မလူပ်နိုင်အောင် သံမယ်နဖြင့်ရိုက်၊ လက် ကိုဖြတ်၊ နှာခေါင်းကို ဖြတ်၊ နားရွက်ကိုဖြတ် နောက်ဆုံးတွင်မှ ဦးခေါင်းကို ဖြတ်၍ သတ်ရန် အမိန့်ချမှတ်သည့် အတိုင်း နောက်ဆုံးတွင် သတ်လိုက်လေတော့သည်။

(ပေတ၀တ္ထု အဋ္ဌကထာ -၃)

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။












လောကငရဲ-ကာမပဲ

(၁၁)
ပါဠိတော်
“ပူနစပရံ ဘိက္ခဝေ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာနမေ၀ ဟေတု သဒ္ဓိံပိဆိန္ဒ န္တိ။ လ။ အယမ္ပိဘိက္ခဝေ ကာမာနံ အာဒီနဝေါ သန္ဒိဋ္ဌိကော ဒုက္ခက္ခန္ဓော ကာမဟေတု ကာမနိဒါနံ ကာမာဓိကရံဏ ကာမာန မေ၀ဟေတု”

မြန်မာပြန်
“ရဟန်းတို့ - တစ်ဖန် ထို့ပြင်လည်း ကာမဂုဏ် အထောက်အပံ့၊ ကာမဂုဏ် အရင်းခံ၊ ကာမဂုဏ်တို့၏ တည်ရာ၊ ကာမဂုဏ်တို့ကြောင့်သာလျှင် အိမ်ကိုလည်း ဖောက်ထွင်း၍ ခိုးကြ၏။ ရွာကိုလည်း လုယက်တိုက်ခိုက်ကြ ကုန်၏။ ခရီးလမ်း၌လည်း စောင့်၍ လုယက် တိုက်ခိုက် ကြကုန်၏။ သူတစ်ပါး၏ သားမယားတို့ကိုလည်း သွားလာကြကုန်၏။ ထိုသူတို့ကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမူအမျိုးမျိုးတို့ကို ပြုကြကုန်၏။ နှင်တံတို့ဖြင့်လည်း ရိုက်ကြကုန်၏။ ကြိမ်လုံးတို့ဖြင့်လည်းကောင်း၊ တုတ်တို့ဖြင့်လည်းကောင်း၊ ရိုက်ကြကုန်၏။ လက်ခြေတို့ကိုလည်း ဖြတ်ကြကုန်၏။ နား၊ နှာခေါင်းတို့ကိုလည်း ဖြတ်ကြကုန်၏။ ဤသို့ အစရှိသော ၂၅ပါးသော နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ပြုစုကြကုန်၏။ ထိုသူတို့သည် ထိုနေရာ၌ သေခြင်းသို့ ရောက်ကြကုန်၏ ရဟန်းတို့... ဤကာမဂုဏ် အထောက်အပံ့၊ ကာမဂုဏ်အရင်းခံ၊ ကာမဂုဏ်တို့၏ တည်ရာ၊ ကာမဂုဏ်တို့ကြောင့် ဖြစ်သော မျက်မှောက်ဘ၀ ခံစားရသည့် ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်
“အာရုံငါးပါးတို့တွင် တစ်ပါးပါး၌ ကိလေသာကာမအဖြစ်သို့ ရောက်လာလျှင် ပြစ်မူမျိုးစုံကို မင်းပြစ်မင်းဒဏ် စီရင်မည်ကို သိလျက် ကျူးလွန်ကြကုန်သည်။ သူ့အသက်သတ်ခြင်းစသော အကုသိုလ် ကမ္မပထတရားတို့ကို ခိုးကြတိုက်ကြကုန်သည်။ ကျေးရွာဇနပုဒ် တို့ကိုလည်း လုယက်ဖျက်ဆီးကြကုန်သည်။ တိုင်း ပြည်မြို့ရွာ ဇနပုဒ်တို့ အေးချမ်းသာယာရှိအောင် မင်းများ၊ အစိုးရများက ပြုစုစောင့်ရှောက်ထားသည်ကို ဆန့်ကျင်ဘက်ပြု၍ ဆူပူ နှောင့်ယှက်ကြလေသည်။ ခရီးလမ်းမှ စောင့်၍လည်း လုယက် တိုက်ခိုက်ကြသည်။ ပစ်ခတ် သတ်ဖြတ်ကြသည်။

ယင်းကဲ့သို့ ဆိုးခိုးတိုက်ခိုက်သော လူဆိုးသူခိုးများကို မင်းတို့က ဖမ်းယူပြီးသော် ၂၅ပါးသော ညှင်းဆဲနည်းအမျိုးမျိုးတို့ဖြင့် ညှင်းပန်းနှိပ်စက်၍ နောက်ဆုံးတွင် ဦးခေါင်းကို ဖြတ်၍ သတ်လေသည်။ ဤသို့ဖြစ်ရသည်မှာ မိမိတို့ လက်ခံထားသော ကာမဂုဏ်ကြောင့်သာလျှင် ဖြစ်၏။ ထိုကာမတရား တိုက်တွန်းလူံ့ဆော်မူကြောင့် ဤမျှ ကြီးမားသော ပြစ်မူကို ကျူးလွန်မိရကား ထိုလွန်ကျူးမူနှင့် လျော်သော ညှင်းပန်းနှိပ်စက် အသေသတ်ခြင်းကို ခံရသည်မှာ ထိုကာမဂုဏ်တို့ အကြောင်းခံကြောင့် ယခုဘ၀ လက်ငင်းခံစားရသော ဆင်းရဲအစုဟု ဘုရားဟောတော်မူသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

တဏှာဓလေ့-လိုမပြည့်


အာရုံငါးပါး ၀တ္ထုကာမတရားတို့၌ သာယာခင်မင်နှစ်သက်တွယ်တာသော ကိလေသာ ကာမဖြစ်သော ဤတဏှာသည် အာရုံဝတ္ထုတိုက်ဆုံမူတွင် ပညတ်အာရုံယူသောအားဖြင့် နှလုံးသွင်းမှားကာ စွဲယူမိသော သတ္တ၀ါအား သံသရာမှ ထွက်၍ မရအောင် ၀ဋ်မြစ်တစ်ခုအနေနှင့် အခိုင်အခံ့ ဖွဲ့ချည်ထားလေသည်။ အာရုံတိုက်ဆုံမှ ဖြစ်ခွင့်ရသော ထိုလောဘတဏှာသည် မိန်မ, ယောက်ျားဟူသော ပညတ်ကိုချည်း အာရုံပြုနေသဖြင့် ကြီးထွားရင့်သန်လာကာ “ရလေလိုလေ၀အိုတစ္ဆေ”ဟူသော အတိုင်း “စွဲမိမလွှတ်-ညွှတ်မိမခွာ”ဟူဘိလို အလိုဆန္ဒ ကျယ်ပြန့်လာကာ နိဗ္ဗာန်နှင့် ကြာလေ ဝေးလေ ဖြစ်သွားလေသည်။

လောကတွင် အာရုံငါးပါးနှင့် ပတ်သက်၍ ရှာဖွေစုဆောင်းကာ လိုအပ်သည်ထင်တိုင်း စုဆောင်းထားသော်လည်း ထိုတဏှာသည် အလိုမပြည့်ပေ။ အမြဲပင် လိုလျက်ရှိသည်။

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်သည်။ အမျိုးကောင်းသား တစ်ယောက်သည် သာသနာတော်၌ သဒ္ဓါတရားဖြင့် ရဟန်းပြု၍ သူ၏ ဥပဇ္ဈာယ် ဆရာက အခြားသော တစ်မြို့တစ်ရွာတွင်ရှိသော ထိုဥပဇ္ဈာယ် ဆရာ၏ မိတ်ဆွေ ဆရာထံတွင် စာပေပရိယတ် သင်ရန် စေလွှတ်လိုက်၏။ ထိုရဟန်းငယ်သည် ထိုဆရာအထံ၌ ကြာမြင့်စွာ ပညာသင်လျက် နေလေရာ ၎င်း၏ အရပ်တွင် ကျန်ရှိနေသော ဖခင်သည် ရောဂါတစ်ခုရ၍ အတော်ပင် မကျန်းမမာ ဖြစ်နေရာ သားရဟန်းကိုသာ တောင့်တလျက် သေကာလတွင် သားအငယ်ကို ခေါ်၍ “ငါ့သား... ဤငွေတစ်ရာကို မင်းရဲ့ နောင်တော်ရဟန်း ကြွလာရင် သပိတ်-သင်္ကန်း ပရိက္ခရာ အတွက် ငါလှူသွားကြောင်း ပြော၍ လှူလိုက်ပါ” ဟုဆို၍ သေလေသည်။ နောက် ကာလ အတန်ကြာသောအခါ ရဟန်းလည်း ကြွလာလေလျှင် ညီဖြစ်သူက ဖခင်ဒကာကြီး သေခါနီးမှာ လှူသွားသော ပရိက္ခရာ ငွေတစ်ရာကို ပေးအပ်လေလျှင်...

ရဟန်းတော်က...

(နမေ ကဟာပဏေဟိအတ္ထော)
“ငါ့တွက် ငွေကို အလိုမရှိ”

ဟု ပယ်ပြီး၍ “ငါသပိတ် သင်္ကန်း အလိုရှိမှ သင့်ကို ပြောအံ့၊ သင့်ထံ၌သာထားလော့”ဟု ဆို၍ အပ်နှံပြီး နောက်ကာလတွင် မိမိ၌ ငွေတစ်ရာရှိသည်ဟူသော (သံယောဇဉ်) အနှောင်အဖွဲ့သည် ၀တ္ထုအာရုံမှ ကိလေသာ ကာမအာရုံသို့ ကူးပြောင်းကာ စတင်၍ ပူလောင်လာတော့သည်။ 

“မေ၊ ငါ့အား။ ပရကုလေသု၊ သူတစ်ပါး၏ အိမ်တို့၌။ ပိဏ္ဍယ၊ ဆွမ်းရခြင်းငှာ။ စရိတွာ၊ လှည့်လည်၍။ ဇိဝိတေန၊ အသက်မွေးဝမ်းကျောင်း နေရခြင်းဖြင့်။ ကိံ၊ ဘာအကျိုးရှိအံ့နည်း။ တံကဟာပဏသတံ၊ ငါ အပ်ထား သော ထိုအသပြာ တစ်ရာကို။ နိဿာယ၊ ရင်းနှီးအမူ အကြောင်းပြု၍။ ဇီဝိတုံ၊ အသက်မွေးဖို့ ရင်းနှီးခြင်းငှာ။ သက္ကာ၊ တတ်ကောင်း၏။ စွမ်းဆောင်နိုင်ရာ၏။ အဟံ၊ ငါသည်။ ၀ိဗ္ဘမိဿာမိ၊ လူထွက်အံ့။”

ဟု ကိလေသာ၏ သတ္တိအတိုင်း အပူမီးစတော့သည်။ သို့ဖြင့် ကိုယ်တော်လေးမှာ မပျော်မွေ့ခြင်းသည် ကိလေသာ အပူချိန်တက်သည်နှင့်အမျှ ခန္ဓာပညတ်ကိုပါ ကူးစက်လောင်မြိုက်လာရကား အစားပျက်ခြင်း၊ အအိပ်ပျက်ခြင်းက စ၍ သွေးအားနည်းခြင်း စသော စိတ်ရောဂါ ဖြစ်လာပေသည်။

ထိုအပူအလောင် (ကိလေသာ)ကို လက်ခံသည်က စ၍ ပရိယတ္တိကို သရဇ္ဈာယ်မူ၊ ကမ္မဋ္ဌာန်းတရား နှလုံးသွင်းမူများလည်း မပြုနိုင်တော့ပေ။ အသားအရေတို့ ဖြူရော်ရော် ဖြစ်သော ကိုယ်တော်အား အခြားကိုယ်တော်များက မြင်ကြသဖြင့် မေးကြ မြန်းကြတော့ရာ (ဥက္ကဏ္ဌိတောမှိ) မပျော်တော့ပါဟု ပြန်ကြားလျှောက်ထားသော အခါ ကိုယ်တော်များက ၎င်း၏ ဥပဇ္ဈာယ် ဆရာမှ တစ်ဆင့် မြတ်စွာဘုရား ထံမှောက်သို့ ခေါ်ဆောင်ကာ အကျိုးအကြောင်းလျှောက်ထားကြ သဖြင့် မြတ်စွာဘုရားက...

(သစ္စံ ကိရ ဥက္ကဏ္ဌိတော)
“ချစ်သားရဟန်း-သာသနာမှာ မပျော်ဟု ဆိုသည် မှန်သလား”

(အာမဘန္တေ)
“မှန်ပါသည် ဘုရား”

“ကသ္မာ၊ ဘယ်အတွက်ကြောင့်။ တွံ၊ သင်သည်။ ဧ၀ံ၊ ဤသို့။ အကာသိ၊ ပြုသနည်း။ တေ၊ သင့်အား။ ကောစိ၊ တစ်စုံတစ်ခုသော။ ဇီဝိတပစ္စယော၊ အသက်မွေးဝမ်းကျောင်း ပြုစရာ အထောက်အပံ့သည်။ အတ္ထိပန၊ ရှိ၏လော”

ဟု မေးတော်မူရာ ရဟန်းက ၎င်း၏ အသပြာ တစ်ရာကို သတိရကား...

(အာမဘန္တေ)
“ရှိပါသည် ဘုရား”

(ကိံ တေ အတ္ထိ)
“ဘာတွေ ရှိသလဲ”

(ကဟာ ပဏသတံ ဘန္တေ)
“အသပြာ တစ်ရာ ရှိပါသည် ဘုရား”

(တေနဟိ-ကတ္ထစိတာဝ သက္ခရာ အာဟရ)
“ဒီလိုဆိုရင်-ကျောက်ခဲ အလုံးတစ်ရာ ယူခဲ့”

(သက္ကာ ၀ါတာ ၀တ္တ ကေန ဇီဝိတုံနောဝါ)
“ထိုမျှလောက် ငွေတစ်ရာဖြင့် အသက်မွေးရန် လောက်မလောက် သိစေအံ့”

ဟု မြတ်စွာဘုရားက ရှေ့တော်တွင် ကျောက်စရစ်ခဲ တစ်ရာကို ချစေပြီး...

(ပရိ ဘောဂတ္ထာယ တာဝ ပဏ္ဏာာသံ ဌပေတိ)
“အထွေထွေ အသုံးအဆောင်အတွက် ငွေ ၅၀ိ ထားလိုက်”

(ဒွိန္နံ ဂေါဏာနံ အတ္ထာယ စတုဝီသတိ)
“လယ်ထွန်ရန် နွားနှစ်ကောင် ၀ယ်ဖို့က ၂၄ိ”

၎င်းပြင် မျိုးစပါး ၀ယ်ရန်အတွက်၊ ထွန်တုံး ထွန်သန်း ၀ယ်ရန်အတွက်၊ ပုဆိန်၊ ပေါက်ပြား၊ မြတ်ခုတ်ဓား၊ ပဲခွပ်စသည်တို့ဝယ်ဖို့ အတွက် ဖယ်လိုက်ရလျှင် သင့်အသပြာ ငွေတစ်ရာသည် မည်သည့် နည်းနှင့်မျှမလောက် ဟူ၍ တွက်ချက်ပြတော်မူပြီးမှ...

“ချစ်သားရဟန်း-သင်၏ ရှိနေသော အသပြာတစ်ရာဟူသည် အလွန်ပင် နည်းလှပေသည်၊ လိုအပ်နေသော လိုချင်နေသော၊ အမြဲလိုနေသော တဏှာပြည့်ရန်မှာ အလွန်ခဲယဉ်းလှ၏။ မည်သူမျှ ပြည့်အောင် မတတ်နိုင်၊ ဟိုးရှေးအခါက ငါဘုရား အလောင်းတော်သည် မန္ဓာတု အမည်ရှိသော စကြာမင်းကြီး ဖြစ်ဖူးပြီး၊ တိုင်းပြည် နိုင်ငံတို့သို့ လှည့်လည်လာသောအခါ၊ ဆင်းရဲသောတိုင်းပြည်၊ မြို့ရွာတို့ကို ရောက်သောအခါ လက်ပန်းပေါက် ခတ်လိုက်ကာမျှနှင့် ၁၂-ယူဇနာ အတွင်း ခါးမျှပမဏထိအောင် ရတနာမိုး ရွာစေနိုင်၏။ ငါသည်လူမင်းစည်းစိမ်ကို ငြီးငွေ့သဖြင့် တာဝတိံသာ နတ်ပြည်သို့တက်၍ နတ်၏စည်းစိမ်ကို သိကြားမင်းတမျှ ခံစား၍ သိကြားမင်းတစ်ယောက် ၏ သိကြားသက် ကုန်သောအခါ ငါကား ဆက်လက်၍ ခံစားဆဲပင် ဤကဲ့သို့ သကြားပေါင်း ၃၆-ယောက် ပြောင်းလဲကုန်ဆုံးသည်အထိ လူအဖြစ်နှင့် နတ်စည်းစိမ်ကို ဤမျှ ခံစားရလျှက် ငါသေသောအခါ ဆာလောင်သော အလိုဆန္ဒတဏှာ အလိုပြည့်၍ သေရသည်ကား မဟုတ် တဏှာအလိုမပြည်ဘဲသာ သေခဲ့ရ၏”

ဟု အတိတ်မှ စန္ဓာတုဇာတ်ကို ဆောင်၍ ဟောတော်မူသည်။ သို့ဖြင့် ချစ်သားရဟန်း၊ သင်၏ အသပြာတစ်ရာဖြင့် သင်လိုနေသည် ပြည့်အောင် စွမ်းနိုင်မည် မဟုတ်ပေ၊ လောက၌ တဏှာသည် သံသရာကို သွားလိုသော သူအတွက် အဖော်သဟဲ ဖြစ်၏၊ ထိုတဏှာကို အဖော်မပြုသူသည် သံသရာကို မသွားတတ်ပေ။

ပညတ်အမြင်ဖြင့် သတ္တ၀ါထင်လျှင် တဏှာ အဖော်ကို ယူလာမြဲ ဖြစ်သည်၊ သံသရာခရီးသည်သည် တဏှာအဖော်ပါလာ၏။ ထိုအဖော်ကြောင့်လည်း ခရီးသွား၍ မဆုံးဖြစ်၏။ ဤဘ၀-ထိုဘ၀၊ ထိုဘ၀-ဤဘ၀ မနားမရပ် တသွားတည်းသွားသည်၊ ထိုအဖော်ကို ခွာရ-ပယ်ရမှန်း မသိသော ပုထုဇဉ်သည် မိမိကို နှိပ်စက်နေလျက် နှိပ်စက်မှန်းပင်မသိ၊ ခွာဖို့စိတ်မကူး၊ ဘုရား စသော အရိယာ သူတော်ကောင်းတို့နှင့် တွေ့၍ “တဏှာ မကောင်းကြောင်း၊ သံသရာမှာ ဒုက္ခပေးကြောင့်၊ တဏှာကို အပေါင်းမမှားသင့်ကြောင်း ခွာဖို့-ခွဲဖို့ ချုပ်အောင် အားထုတ်၍ သွားရန် တရားမျိုးကို မနာလို-မကြားလိုဘဲ နှိပ်စက်စေမည့် တဏှာကိုပင် အားကိုး၍ သံသရာမှ မထွက်ချင်ဘဲ (သြလိယ) ပုန်းအောင်း၍သာ နေကြောင်း ဣတိဝုတ် ပါဠိတော်တွင် ဟောဖော်လျက် ရှိလေသည်။

မြတ်စွာဘုရားသည် တဏှာကို အဖော်လုပ်၍ သံသရာ သွားသမားနှင့် တဏှာ အဖော်ကို ဖြတ်၍ သွားသူသည် ဒုက္ခခပ်သိမ်း အေးငြိမ်းကြောင်း ဒေသနာတော်တွင် အများအပြား ဟောထားတော်မူသည့်အနက် ထင်ရှားသော ပါဠိတော်များမှာ...

“တဏှာ ဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါနံ သံသရံ ဣတ္ထဘာ ၀ညထာဘာဝံ၊ သံသာရံ နာတိ ၀တ္တတိ ဧတ မာဒီ န၀ံဉ တွာ၊ တဏှာ ဒုက္ခဿသမ္ဘ၀ံ၊ ၀ီတ တဏှော အနာဒါနော သတောဘိက္ခု ပရိဗ္ဗဇေ”

(အင်္ဂုတ္တရပါဠိတော် တဏှုပ္ပါဒသုတ် ၃၁၆။ ဣတိဝုတ်ပါဠိတော် တဏှုပ္ပါဒသုတ် ၂၆၈။ ဣတိဝုတ် ပါဠိတော် တဏှာသံယောဇနသုတ် ၂၀၁။ သုတ္တ နိပါတ ပါဠိတော် ဒွယတာနုပဿနသုတ် ၃၉၄)။

“တဏှာ ဒုတိယော၊ ငါးစုအာရုံ ကာမဂုဏ်၌ ခုံတမင်မင် ခင်တမြားမြား စွဲငြားလွန်းကဲ လိုချင်မူတဏှာလျှင် အဖော်သဟဲ ရှိသော။ ပုရိသော၊ ဗြဟ္မာ့, လူ, နတ် အရပ်ရပ်နှင့် ပညတ်ငါသူ မဟူစသား သတ္တ၀ါအများသည်။ ဒိဃံ၊ အစမထင် သံသာခွင်၌။ အစဉ်များရာ ရှည်လျားစွာသော။ သံသရံ၊ ထိုဤမနား၊ ပြေးသွားကျင်လည်းရသည် ဖြစ်၍။ ဣတ္ထဘာဝ ညထာဘာဝံ၊ ဤဘ၀မှသည် အတည်မကျ တစ်ပါးဘ၀ဖြစ်သော။ သံသာရံ၊ ခန္ဓာဝန်ထုပ် ရပ်မဆုတ်သည့် ဖြစ်ချုပ်ဖန်ခါ သံသရာကို။ နာတိဝတ္တတိ၊ တဏှာတွဲဖက် အခွဲခက်၍ လွဲထွက်လွန်မြောက် ခြင်းငှာ မတတ်သာပေ။

တဏှာ၊ တွယ်တာမက်မော လောဘဇောသည်။ ဒုက္ခဿ၊ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးခု ဆင်းရဲအစု၏။ သမ္ဘ၀ံ၊ အသစ်လောင်း၍ ဖြစ်ကြောင်းမှန်စွာ စင်စစ်သာတည်း။ ဣတိ၊ ဤသို့ ဟောရာ ဒေသနာပါဠိ လာရှိသည်ဖြစ်၍။ ဧတံအာဒိန၀ံ၊ သံသရာဝယ် ဖန်ခါမပြတ် ခန္ဓာဇာတ်၏ တပ်ထပ်မလစ် ဖြစ်ရခြင်း၏ ထိုအပြစ်ကို။ ဉတွာ၊ ကိုယ်တွေ့ ဉာဏ်တွေ့ ပညာတွေ့ဖြင့် စေ့စေ့စုံစုံ အကုန်သိမြင်သည်ဖြစ်၍။ ၀ီတတဏှော၊ လိုချင်ပယ်ရှင်း တဏှာကင်းကြကုန်သည်ဖြစ်၍။ အနာဒါနော၊ ငါငါသူသူ လူလူနတ်နတ် အစွဲမကပ်ကြကုန်သည် ဖြစ်၍။ သတော၊ ခန္ဓာကိုယ်တွင် ဉာဏ်နှင့်ယှဉ်၍ ဆင်ခြင်သတိ ဂရုစိုက်မူရှိသော။ ဘိက္ခု၊ သံသရာဘေး အဖြစ်အေးဖို့ ကြံတွေးပေတတ် ယောဂီမြတ်သည်။ ပရိဗ္ဗဇေ၊ သမ္မပ္ပဓာန် လေးတန်ဝီရိယ မဂ္ဂင်ကျအောင် စွမ်းအောင် မယုတ် အားထုတ်နိုင်ကြကုန်ရာသတည်း”

ငါးပါးအာရုံ ကာမဂုဏ်နှင့် ပတ်သက်၍ ဒေသနာတော်တွင် အများအပြားပင်ရှိ၍ ရှိတိုင်းဖော်ပြနေက (ဂန္ထဂရု) ကျမ်းလေးမူသာ ဖြစ်ချေတော့မည်။ သို့ရာတွင် ဆိုရေးရှိလာလျှင်လည်း အကြောင်းသင့်သလို ဖော်ပြမှသာ လိုအပ်သော ရည်ရွယ်ချက်သို့ ရောက်မည်ဖြစ်၍ ဤအပိုင်းတွင် မြတ်စွာဘုရားသည် အာရုံငါးပါး ကာမဂုဏ်တရား၏ ကြောက်ဖွယ်ကောင်းပုံ၊ မင်းနှင့် မင်းအချင်းချင်း၊ အစိုးရနှင့် အစိုးရအချင်းချင်း၊ ပုဏ္ဏားလည်း ပုဏ္ဏားချင်းချင်း၊ သားအမိ၊ သားအဖ၊ ညီအစ်ကို၊ မောင်နှမ စသောသူတို့ အချင်းချင်း ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ ရိုက်ကြနှက်ကြ၊ ပစ်ကြခတ်ကြ၊ သတ်ဖြတ်ကြသည်တို့မှာ မျက်စိအာရုံ၊ နားအာရုံ၊ နှာခေါင်းအာရုံ၊ လျှာအာရုံ၊ ကိုယ်အာရုံ ဟူသော ကာမဂုဏ်တို့ကြောင့် ဖြစ်ပေရာ ၎င်းအဖြစ်ဆိုးတို့သည် စွဲလမ်းကပ်ငြိသော မိမိအား မျက်မှောက် ဒိဋ္ဌယခုဘ၀ပင် တွေ့ထိခံစားရသော ကာမဂုဏ်တို့၏ အပြစ်ဟု ဟောတော်မူလေသည်။


ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

မြင်ရုံခဏ-ဤကာမ


ကာမဂုဏ်ဟူသည် “အပ္ပဿာဒါကာမာ”ဟု ဟောတော်မူသောအတိုင်း သာယာဖွယ်ကား အလွန်နည်း၏။ တစ်နည်း အာရုံတွေ့ခိုက် စိတ္တက္ခဏတစ်ချက်သာ ရှိ၏။ တစ်နည်း အာရုံတွေ့ခိုက် စိတ္တက္ခတစ်ချက်သာ ရှိ၏။ ထိုတစ်ချက်သော စိတ္ထက္ခဏတွင် နှလုံးသွင်းမှား၍ တပ်မက်ဖွယ်ဟု စွဲယူလိုက်က ကိလေသာကာမဖြစ်၍ ကာမဂုဏ်နယ်အတွင်းသို့ စာရင်းဝင် သွားလေသည်။ ထိုစိတ္တက္ခဏပေါင်းများစွာဖြစ်အောင် ထပ်ကာထပ်ကာ စွဲယူမိက ဥပါဒါန်ဟူသော မဖြစ်မနေ-မရမနေ စွဲလမ်းချက်ကြီးစွာနှင့် အကောင်အထည်ပေါ်တော့သည်။ ၎င်းကိုမှ လောကလူ အများက “ကာမဂုဏ်”ဟု အမည်တပ်ကြတော့သည်။ စင်စစ်အားဖြင့် ကာမဂုဏ်အစစ်မှာ ကိသောကာမ ဖြစ်ခိုက်ကို ဆိုသည်။


မြတ်စွာဘုရားလက်ထက်တော်က ရဟန်းငယ်တစ်ပါးသည် ယာဂုစာရေးတံ လှူရာ၌ ယာဂုကိုရ၍ ဇရပ်တစ်ခုအတွင်းဝင်ပြီးလျှင် ယာဂုကို သောက်၍ ပြီးသောအခါတွင် ရေမရှိသောကြောင့် အနီးအနားရှိ အိမ်တစ်အိမ်သို့ သွား၍ ရေအလှူခံလေသည်။ ထိုအိမ်မှ အမျိုးသမီးပျိုတစ်ယောက်က် ရေယူလာ၍ကပ်ရင်း ကိလေသာ ကာမစိတ်ဖြစ်၍ ချစ်ခင်သော အခြင်းအရာ ပြလေ သည်။ ရေကပ်ပြီးသောအခါ “အရှင်ဘုရား-နောက်ကိုလည်း ဘယ်အခါမဆို ရေလိုပါကကြွပါဘုရား”ဟု ပင့်လျှောက်လေသည်။

ကိုယ်တော်ကလေးသည် ထိုနေ့မှစ၍ ၎င်းအိမ်သို့ ရင်းနှီးစွာ ၀င်ထွက်သွားလာလေသည်။ နောက်တွင် ယာဂုကပ်သည်။ နောက်ဆွမ်းကိစ္စပါ စီမံပေးသည်။ နောင်တွင် တဖြည်းဖြည်းနှင့် အလွန်ရင်းနှီး အကျွမ်းဝင်လာသောအခါ အနီး၌ ကပ်၍...

“အရှင်ဘုရား-ဤအိမ်တွင် မရှိသောပစ္စည်းဆို၍ ဘာမှမရှိပါ၊ အားလုံးပြည့်စုံပါသည်၊ မရှိတာကတော့ စီမံခန့်ခွဲ အုပ်ချုပ်မည့် ယောက်ျားသား လိုပါသည်”

ဟု စကားခေါ်လေသည်။ ကိုယ်တော်လေးလည်း အမှတ်မဲ့ပင် နေလိုက်သည်။ နောက် ၂-ရက်တစ်ခါ၊ ၃-ရက်တစ်ခါ ပြောလေသော် စိတ်ဝင်စားလာသည်နှင့် ပူပန်လာတော့သည်။ ကိလေသာ ဟူသည် နှလုံးသွင်းမှား၍ ထိုစကားကို လက်ခံစဉ်းစားသည်ကစ၍ ဒုက္ခပေးရန် ကိလေသာ၏ အပူသတ္တိ ပြလာသဖြင့် ကိုယ်တော်မှာ မအိပ်နိုင်-မစားနိုင်အောင် “တဏှာရင့်သန်- ဥပါဒါန်ကြောင့်- ဖောက်ပြန်ယွင်းကွက် - စားအိပ်ပျက်၏”ဟူသောအတိုင်း ဒုက္ခဖြစ်လာလေသည်။

အခြားသော ကိုယ်တော်များက “ငါ့ရှင်၏ အသားအရေတို့သည် အလွန်ပိန်ကြုံနေသည်၊ ဖက်ရွက်ရော်ကဲ့သို့ သွေးအားနည်းသော လက္ခဏာများ ဖြစ်နေသည်၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း”ဟု မေးမြန်းကြလေသော် “တပည်တော်သည် သာသနာတော်မှာ မပျော်တော့ပါ၊ လူထွက်ချင်ပါသည်”ဟု ပြောသောအခါ ထိုရဟန်းတို့က ဥပဇ္ဈာယ်မှတစ်ဆင့် မြတ်စွာဘုရား၏ အထံတော်သို့ ခေါ်ဆောင်၍ အကျိုးအကြောင်း လျှောက်ပြကြလေရာ မြတ်စွာဘုရားက ထိုကိုယ်တော်အား...

(သစ္စံ ကိရ တွံ ဘိက္ခူဥက္ကဏ္ဌိတောသိ)
“ချစ်သား ရဟန်း-သင်သည် သာသနာမှာ မပျော်ဆိုသည် မှန်သလား”

(သစ္စံ တန္တေ)
“မှန်ပါသည် ဘုရား”

“ဘိက္ခု၊ ချစ်သား ရဟန်း။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်ကြောင့်။ မာဒိသဿ၊ ငါကဲ့သို့သော။ အာရဒ္ဓ၀ီရိယဿ၊ အားထုတ်လုံ့လရှိသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ အဆုံးအမ၌။ ပဗ္ဗဇိတွာ၊ လိုက်နာလိုကြောင်း ရဟန်းကောင်းပြု၍။ သောတာ ပန္နောတိဝါ၊ သောတာပန်ဟူ၍ လည်းကောင်း။ သကဒါဂါမီတိဝါ၊ သကဒါဂါမ်ဟူ၍ လည်းကောင်း။ အတ္တာနံ၊ မိမိကိုယ်ကို။ အ၀ဒါပေတွာ၊ မပြောမဆိုနိုင်မူ၍။ ဥက္ကဏ္ဌိဘောတိ၊ သာသနာ၌ မပျော်ဟူ၍။ ၀ဒါပေသိ၊ ပြောဆို၏။ တေ၊ သင်၏။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ အမူသည်။ ဘာရိယံ၊ ၀န်လေးလှစွာ၏”

ဟုမေးတော်မူပြီးသော် “အဘယ်ကြောင့် လူထွက်ချင်ရသနည်း”ဟု မေးတော်မူပြန်သော် “အမျိုးသမီး ဒကာမတစ်ယောက်၏ ပြောကြားသော စကားကြောင့် ဖြစ်ပါကြောင်း” လျှောက်ထားလေသောအခါ မြတ်စွာဘုရားက...

“ချစ်သား ရဟန်း-ထိုအမျိုးသမီး ဒကာမ၏ အပြုအမူသည် ယခုအခါတွင် အံ့သြဖွယ်ရာ မဟုတ်စွသေး၊ ထိုအမျိုးသမီးသည်ပင်လျှင် ရှေးအခါက ဇမ္ဗူဒီပကျွန်းတွင် လေးအတတ်၌ အထွတ်အထိပ်ရောက်အောင် တတ်မြောက်သော စုဠဓနုဂ္ဂဟပဏ္ဍိတကို ပယ်၍ ထိုခဏ၌ မြင်တွေ့ခါစဖြစ်သော ယောက်ျား တစ်ယောက်၌ ချစ်ခင်တပ်မက်သောကြောင့် အဖိုးတန်သော ပညာရှိ လင်ယောက်ျားကို အသက်သေအာင် သတ်ဖူးပြီ”

ဟု ဟောတော်မူလေရာ ထိုရဟန်းများစွာတို့၏ တောင်းပန် လျှောက်ထားချက်ကြောင့် အတိတ်ဇာတ်ကို ဟောကြားတော်မူလေသည်။
ရှေးအခါက တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင်ကြားကြသော တပည့်တို့တွင် လေးအတတ်၌ အလွန် ကျွမ်းကျင်စွာ ပစ်နိုင်သဖြင့် အထွတ်အထိပ်ရောက်အောင် တတ်မြောက်သော စူဠဓနုဂ္ဂဟပဏ္ဍိတခေါ်သော လုလင်အား ဆရာကြီးသည် ပညာဂုဏ်ကို အားရနှစ်သက်လှသဖြင့် မိမိ၏ သမီးနှင့် ထိမ်းမြှားလက်ထပ်၍ ပေးအပ်လေသည်။

၎င်းတို့ ဇနီးမောင်နှံလည်း တောလမ်းခရီးဖြင့် မိမိနေရာ တိုင်းပြည်သို့ ပြန်အလာတွင် တောထဲ၌ ရန်မူသော သတ္တ၀ါတစ်ကောင်အား မြှားတစ်ချောင်းဖြင့် ပစ်ခတ်နှိမ်နှင်းခဲ့ပြီး ခရီးဆက်၍ ထွက်ခဲ့သောအခါ တောအုပ်တစ်ခုတွင် ပုန်းအောင်းနေသော ခိုးသားငါးရာနှင့် တွေ့၍ တစ်ယောက်လျှင် မြှားတစ်စင်းစီဖြင့် ၄၉၉-ယောက် သေဆုံးပြီးနောက် မြားကုန်လေသောအခါ သူခိုး ဗိုလ်ကြီး တစ်ယောက်ကျန်နေသေးသည်နှင့် မြားမကျန်တော့သော စူဠဓနုဂ္ဂဟပဏ္ဍိတမှာ နပန်းလုံး သတ်ပုတ်ခြင်းဖြင့် ခိုးသူကြီးအား မြေပေါ်သို့ လဲကျစေပြီးလျှင် ၎င်း၏ ဇနီးအား “သန်လျက်(ဓား)ကို ယူခဲ့ပါ”ဟု ဆိုသောအခါ ထိုဇနီးသည် ယခုခဏမြင်ရသော သူခိုးကြီး အပေါ်၌ ကာမကိလေသာစိတ်ဖြင့် ချစ်ခင်နှစ်သက်လေသောကြောင့် ခိုသူ၏ လက်၌ သန်လျက်အရိုးကိုထား၍ ပေးလိုက်ရာ ခိုးသူက သန်လျက်ဖြင့် ခုတ်သတ်လိုက်သောကြောင့် မိဘက ပေးစားထိမ်းမြားလိုက်သော လင်ဖြစ်သူ စူဠဒနုဂ္ဂဟပဏ္ဍိတ သေလေသည်။

ထို့နောက် ခိုးသူကြီးလည်း ထိုမိန်းမကို ခေါ်၍ သွားလေရာ ခိုးသူကြီးသည် “ဤမိန်းမသည် အခြားသော ယောက်ျားတစ်ယောက်ကို တပ်မက်က ငါ့ကိုလည်းလင်ရင်ကို သတ်သကဲ့သို့ သတ်လတ္တံ့”ဟု ဆင်ခြင်မိသဖြင့် မြစ်တစ်ခုကို ကူးရန် အရောက်တွင် “ရှင်မ၊ မြစ်ကိုကူးရမည်ဖြစ်၍ ရှေးဦးစွာ ပစ္စည်းဘဏ္ဍာ အထုပ်ကို ယူ၍ တစ်ဖက်ကမ်းမှာ သွားထားပြီးမှ သင့်ကို တစ်ဖန် လာပြန်ခေါ်အံ့”ဟု ပြောဆိုထားပြီးလျှင် ပစ္စည်းဥစ္စာထုပ်နှင့် မြစ်ကို ကူးလျက် သွားလေပြီးလျှင် ဟိုဘက်ကမ်းသို့ရောက်သောအခါ နောက်သို့ပင် ပြန်မကြည့်တော့ဘဲ ထွက်ခွာသွားလေတော့သည်။

ထိုမိန်းမမှာ ကာမအာရုံ ကာမဂုဏ်ကို လိုက်စား မှိက်မှားသဖြင့် မိဘပေးစားသော ပညာရှိလင်ယောက်ျား ဆုံးသည့်အပြင် ခေတ္တခဏမြင်ရုံနှင့် ကာမဂုဏ်အာရုံအဖြစ် သိမ်းပိုက်မှားပြန်ရကား ပစ္စည်းဥစ္စာနှင့်တကွ လင်ပါဆုံးရူံးသဖြင့် မိုင်တွေချကာ နေဆဲတွင် မြစ်ကမ်းနား၌ သိကြားမင်းက ခွေးအယောင်ဆောင်၍ သားတစ် တစ်ခုကို ကိုက်ချီလာပြီး စားမည်ဟုပြင်နေဆဲ မာတလိက ငါးအယောင်ဆောင်၍ ရေစပ်မှပေါ်ပြရာ ခွေးက ငါးကိုကိုက်လိုက်သောအခါ ၀ိသကြုံငှက်က သားတစ်ကို ချီယူသွားသဖြင့် မြေခွေးမှာ နှစ်ဖက်ဆုံးရူံးရသည်ကို ထိုမိန်းမအား သံဝေဂ ရစေလေသည်။

မြတ်စွာဘုရားသည် ဇာတ်ပါဠိတော် ပဉ္စကနိပါတ် စူဠဓနုဂ္ဂဟဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူပြီးလျှင် ထိုအခါ၌ စူဠဓနုဂ္ဂဟပဏ္ဍိတသည် ယခုအခါ ဤရဟန်းငယ်ဖြစ်လာသည်။ လင်သတ်သော မိန်းမသည် ယခုအခါ ဤအမျိုးသမီး ဖြစ်လာသည်။ ခွေးအသွင်ဖြင့် ထိုမိန်းမကို သတိသံဝေဂရစေသော သိကြားမင်းသည် ယခုအခါ ငါဘုရားဖြစ်လာသည်ဟု ဇာတ်ကို ပေါင်းတော်မူသည်။

“ချစ်သားရဟန်း၊ ခေတ္တခဏ တွေ့ကာမျှနှင့် နှလုံးသွင်းမှားသောကြောင့် လင်ရင်းကို သတ်လောက်သော နှလုံးသွင်း မှားချက်သည် မည်မျှဆိုးဝါးသနည်း၊ ထိုမိန်းမသည်ပင် ယခုလဲ သင့်အား ဖြားယောင်းလေပြီ၊ သင်သည် သတိလွတ်ကင်း၍ အမှတ်မဲ့နေခြင်ငှာ မထိုက်တော့ပေ၊ ထိုမိန်းမ၏ ရူပါရုံ ကာမဂုဏ်ကို ဖြတ်တောက်၍ ထိုကာမဂုဏ်တို့ မကပ်ရာ ပရမတ် အာရုံကိုသာ ယထာဘူတာကျအောင် ဂရုစိုက် အးထုတ်လေ”ဟု ဟောတော်မူသော အဆုံး၌ ထိုရဟန်းသည် သောတာပန် ဖြစ်လေသည်။ အခြားသော ပုဂ္ဂိုလ်များလည်း သောတာပန်စသည် ဖြစ်ကြလေသည်။

မန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာသစ်၌လည်း...

“ထင်ရှားရေးဟို၊ တက္ကသိုလ်က၊ ဆရာ့သမီး၊ ခိုးသူကြီးကို၊ အနီးခဏ၊ မြင်ကာမျှဖြင့်၊ လောဘတပ်လျက်၊ ခိုးမူလက်၌၊ သန်လျက်ရိုးထား၊ ကမ်းလိုက်ငြား၍၊ ယောက်ျားဇာနည်၊ လက်ရုံးရည်နှင့်၊ ဆွေသည်သက်စု၊ စံမတုအောင်၊ ဓနုသိပ္ပ၊ တတ်ခေါင်လှသား၊ မွေးဖဆောင်နှင်း၊ လင်ရင်းကိုသတ်၊ မမြတ်အလို၊ အမြင်တိုခဲ့”... စပ်ဆိုတော်မူသည်။

ယင်းသည် ကာမဂုဏ်သည်“၀တ္ထုကာမ”အားဖြင့် ငါးပါးပြားသော်လည်း ၎င်းအာရုံတို့အပေါ်၌ စွဲငြိ တပ်မက်သော ဆန္ဒရာဂ၊ လောဘတဏှာတို့ နေရာဌာနအားလျော်စွာ “ကိလေသာ ကာမ” အားဖြင့်ကား စွဲယူမူဆန္ဒရာဂ တစ်ခုသာဖြစ်၏။ ထိုဝတ္ထု ကာမဟု ဆိုအပ်သော အာရုံငါးပါးသည် ကိလေသာမဖြစ်သေးသောကြောင့် ...

“၀တ္ထုကာမော ပရိညေယျော ကိလေသာကာမော ပဟာတဗ္ဗော”

ဟု မဟာနိဒ္ဒေသဌကထာ ၁၀တွင် ဆိုထားရကား အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဆိုတိုင်း ကာမဂုဏ် မဖြစ်သေး သဖြင့် ၎င်းတို့ပင်ရင်း သဘောပရမတ်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်လျှင် ၎င်းကို ပိုင်နိုင်သည်၊ အမှန်ကိုသိသည် ဆိုရ၏။ ကိလေသာ ကာမကိုကား ပိုင်နိုင်စွာသိရမည့် တရားမဟုတ်၊ ပယ်ရမည့် တရားဟူ၍ အဋ္ဌကထာဆိုသည်။

ထိုစကား မှန်ပေသည်။ ထိုအဆင်းစသော အာရုံ၌ အဆင်း၏ မူလပရမတ် သဘောကို မမြင်မသိဘဲ အဆင်းကိုပင် ယောက်ျား, မိန်းမ၊ အဆင်းကိုပင် ခေါင်း, ကိုယ်, ခြေ, လက်၊ အဆင်းကိုပင် ပုဂ္ဂိုလ် သတ္တ၀ါဟု ပညတ်အာရုံအားဖြင့် သတိလွတ်ကာ နှလုံးသွင်း မှားသောကြောင့် ထိုပညတ်အာရုံနှင့် ဆန္ဒ၊ ရာဂ၊ လောဘ စသော ကိလေသာသည် အခိုင်အမာ စွဲယူပြီးဖြစ်သဖြင့် မျက်စိအာရုံ ကာမဂုဏ်ဖြစ်လေသည်။ စင်စစ်မှာ ၀တ္ထုကာမဟူသော အဆင်း၊ အသံစသည်၌ ပရမတ်သဘောကို ပရမတ် အမှန်အတိုင်း ဉာဏ်ဖြင့် သိမြင်က ၀တ္ထုကာမသည် ကိလေသာ မဟုတ်သော ပရမတ်အာရုံ ဖြစ်သွားလေသည်။

ထို့ကြောင့် သဠာယတနသံယုတ် တစ်ကျမ်းလုံးတွင် ထို အဆင်း၊ အသံ စသော အာရုံတို့အပေါ် ပင်ရင်းသဘော ပရမတ်ကိုသာ ရူရပုံကို ဟောတော်မူထားသောကြောင့် အဆင်း၊ အသံ ဟူသော ၀တ္ထုသည် “ကိလေသာ မဟုတ်ဘဲ ပိုင်ပိုင်သိရမည့် ပရိညေယျ” တရားသာဖြစ်၏။ ထိုအာရုံတို့ အပေါ်တွင် မိမိ၏ နှလုံးသွင်း မမှန်ခြင်းကြောင့် ဖြစ်တတ်သော ဆန္ဒရာဂ လောဘ ကိလေသာကိုသာ ပယ်ရမည့် “မဟာတဗ္ဗ”တရားဟူ၍ ပြတော်မူသည်။

ထိုကိလေသာ ကာမကိုသာ ၎င်းကို အကြောင်းပြု၍ သတ္တ၀ါတို့ ဒုက္ခအမျိုးမျိုး တွေ့ကြုံရပုံကို ညွှန်ပြ၍ မြတ်စွာဘုရားသည် ဤကာမတို့ကြောင့် ဖြစ်ရသော ဒိဋ္ဌဓမ္မ လက်ငင်းဆင်းရဲကို ပေါ်လွင်အောင် ဟောတော်မူသည်။ စင်စစ်မှာ ပရမတ် အမှန်သဘောသို့ မသက်ဝင်သော ပညတ်နယ်ကို မလွန်နိုင်သေးသော ပုဂ္ဂိုလ်များအတွက် အပြစ်မြင်အောင် ပြထားသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ကာမအာရုံ-ဆွေ့ဆွေ့ခုန်


အာရုံငါးပါးသည် ခန္ဓာရှိ မြင်တတ်သော သဘော၊ ကြားတတ်သော သဘော စသည့် ကိလေသာဖြစ်စရာကို တိုက်တွေ့တိုင်း သတိလွတ်ကင်းသော သတ္တ၀ါအား အမြင်မှောက်မှား ကိလေသာ ပွားတော့သည်။ ထိုအခါ အမြင်အသိမှားရာမှစ၍ ကိလေသာအဆင့်ဆင့်ဖြစ်ကာ မနာလိုမူ၊ ၀န်တိုမူတို့သည်လည်း ကပ်၍ ပါလာတော့ပေရာ ပဋိစ္စသမုပ္ပာဒ်သံသရာ တစ်ပတ်လည်လေတော့သည်။ ထိုထိုအာရုံတို့သည် စင်စစ် ကိလေသာမဖြစ်ပေ။ မြင်ရုံနှင့် ကိလေသာ မဖြစ်သေး၊ မြင်သိဖြစ်ပြီး နောက်မှ ကပ်၍ ပါလာသော တွယ်တာနှစ်သက်တပ်မက်သည့် “ဆန္ဒရာဂ”သည် ကိလေသာ ဖြစ်လေသည်။
 
ထိုကိလေသာကို ကြာကြာလက်ခံထားက လိုချင်မူတဏှာဖြစ်၍ မရမနေ စွဲလမ်းသောဥပါဒါန်တို့ ဖြစ်ပြီးလျှင် ရအောင် ပြုလုပ်ကာ ၀ဋ်စက်လည်လေသဖြင့် ဆင်းရဲကောင်းကောင်း ရောက်တော့သည်။

ရာဇဂြိုဟ်ပြည်တွင် သုမနဟူသော လယ်ပိုင်ရှင်သူဌေးကြီး တစ်ဦး၏အိမ်တွင် ပုဏ္ဏအမည်ရှိသော အခစားလယ်လုပ်သား တစ်ဦးသည် ဥတ္တရာဟူသော ဇနီးနှင့် သမီးရှိလေသည်။ သူတို့သည် သုမနသူဌေးကြီး၏ အိမ်နောက်ဖေးတန်းလျား၌ နေလေသည်။

တစ်နေ့သောအခါ ရာဇဂြိုဟ်ပြည်၌ ၇-ရက်တိုင်တိုင် နက္ခတ်ပွဲသဘင် ကြီးကျယ်စွာ ပွဲလမ်းသဘင်အစုံအလင်ဖြင့် ကျင်းပမည့်အကြောင်းကို မောင်းခတ်၍ ကြေညာလေသည်။ ထိုအခါ သုမနသူဌေးက မောင်ပုဏ္ဏကို ခေါ်၍...

“နက်ဖြန် နက္ခတ်ပွဲသို့ ငါတို့သွားမည်၊ သင်သည်လည်း သွားလိုက သွားနိုင်သည်၊ အကယ်၍ မသွားလိုဘဲ လုပ်ခကိုလိုက လယ်ထွန်ပါ”ဟုဆိုရာ...

မောင်ပုဏ္ဏက “အရှင်သူဌေးမင်း-ပျော်ပွဲရွှင်ပွဲဆိုသည်မှာ ပစ္စည်းဥစ္စာရှိသူများအတွက်ပါ၊ ကျွန်တော့်အိမ်မှာ နက်ဖြန် ဆန်ပြုတ်ဖို့ပင် ဆန်မရှိသောကြောင့် နက္ခတ်ပွဲသည် ကျွန်တော်တို့အတွက် မဟုတ်ပါ၊ နွားရရင် နက်ဖြန် ကျွန်တော် လယ်ထွန်ပါမည”ဟု ပြောသောအခါ...

သူဌေးက “သို့ဖြစ်လျှင် သင်အလိုရှိသော နွားတို့ကိုယူ၍ လယ်ထွန်လော့”ဟုဆိုသောအခါ မောင်ပုဏ္ဏက အင်အားကောင်းသော နွား နှစ်ကောင်ကို ရွေးချယ်၍ နံနက် မိုးမသောက်မီ ထွန်တုံးကို ပြင်ပြီးလျှင် ၎င်း၏ ဇနီးအား...

“ရှင်မ၊ မြို့နေလူတို့သည် ယနေ့ နက္ခတ်ပွဲသို့ သွားကြကုန်ပြီ၊ ငါတို့မှာ အလွန် ဆင်းရဲလှသဖြင့် နက္ခတ်ပွဲသို့ မသွားနိုင်၊ လုပ်ခရအောင် လယ်သွားထွန်အံ့၊ ငါ့အဖို့ ယနေ့ အခြားနေ့များထက် ထမင်းနှစ်ဆ ချက်ယူခဲ့ပါ”

ဟု မှာခဲ့၍ လယ်ထွန်ရန် ထွက်သွားလေသည်။

ထိုနေ့တွင် အရှင်သာရိပုတ္တရာသည် ၇-ရက်ပတ်လုံး နိရောဓသမာပတ် ၀င်စားနေရာမှ ထသောအခါ “ငါသည် ယနေ့ အဘယ်သူကို ချီးမြှောက်ရပါမည်နည်း”ဟု ဆင်ခြင်လတ်သော် သူဆင်းရဲမောင်ပုဏ္ဏ တို့ကို မြင်၍ မိမိချီးမြှောက်၍ ဖြစ်နိုင်၊ မဖြစ်နိုင် တစ်ဖန်ဆင်ခြင်ပြန်သောအခါ ချီးမြှောက်နိုင်ကြောင်း တွေ့သိရသဖြင့် သင်္ကန်းကို ၀တ်ရုံလျက် သပိတ်ကို လွယ်ပြီးလျှင် မောင်ပုဏ္ဏ လယ်ထွန်ရာသို့ ကြွရောက်တော်မူလာလေသည်။

မောင်ပုဏ္ဏသည်လည်း မထေရ်ကို မြင်သောအခါ လယ်ထွန်သည်ကို ရပ်နားလျက် မထေရ်ရပ်နေရာသို့ လာရောက်၍ ရှိခိုးပြီးလျှင် မျက်နှာမသစ်ရသေးကြောင်း သိသောအခါ မထေရ်၏ သပိတ် ရေစစ်တို့ကို ယူလျက် အနီးရှိ ရေကန်တွင် ရေခပ်ပြီး အနီးရှိ ချုံငယ်မှ နွယ်ကို တံပူပြုလုပ်ကာ ဆက်ကပ်လေသည်။

အရှင်သာရိပုတ္တရာ ကြံသည်ကား... ငါသည် သူတို့ကို ချီးမြှောက်လိုသော်လည်း သူတို့မှာ သူများ၏ အိမ်နောက်ဘက်တွင် နေရသောကြောင့် အိမ်တံခါးဝတွင် ဆွမ်းရပ်က သူတို့မြင်မည် မဟုတ်ပေ။ သို့အတွက် သူ့ဇနီး ဥတ္တရာ ယာဂုလာပို့သောအခါမှ လမ်းတွင်တွေ့ရန် အချိန်အနည်းငယ် စောင့်ပြီးမှ မြို့ဘက်သို့ ကြွတော်မူလေသည်။
မောင်ပုဏ္ဏ၏ ဇနီး ဥတ္တရာသည်လည်း နံနက်စောစောကပင် ယာဂုကျို၍ လယ်ထွန်နေသော မောင်ပုဏ္ဏအတွက် ယူလာရာ အရှင်သာရိပုတ္တရာနှင့် လမ်းတွင်တွေ့၍ စဉ်းစားသည်ကား...

“ငါတို့မှာ ဆင်းရဲလွန်းလှသဖြင့် တစ်ခါတစ်ရံ မထေရ်နှင့် တွေ့၍ လှူလိုပါသော်လည်း လှူစရာမရှိခဲ့၊ လှူစရာ အလှူရှိပါသော်လည်း မထေရ်ကိုမတွေ့၊ ယခုသော် မထေရ်ကိုလည်း ဖူးတွေ့ရသည်၊ အလှူဝတ္ထုယာဂုဆွမ်းလည်း အသင့်ရှိနေသည် မထေရ်ကိုတော့ လှူဖြစ်အောင် လှူတော့မည်”

ဟု ဆုံးဖြတ်လျက် ယာဂုအိုးကို ခေါင်းပေါ်မှ ချလျက် မထေရ်ကို ရှိခိုးပြီးလျှင်...

“အရှင်ဘုရား...တပည့်တော်၏ အလှူကို ယုတ်ညံ့သည် မြတ်သည်ဟူ၍ သဘောတော်မထားဘဲ ကျွန်ဖြစ်နေတဲ့ တပည့်တော်တို့အား ချီးမြှောက်သောအားဖြင့် အလှူခံတော်မူပါဘုရား”

ဟု လျှောက်ထားပြီးလျှင် မထေရ်၏ သပိတ်ထဲသို့ ယာဂုအိုးကို သွန်၍ထည့်လှူရာ တစ်ဝက်ရောက်လျှင် မထေရ်က “တော်လောက်ပြီ”ဟူသော သဘောနှင့် သပိတ်ကို လက်ဖြင့် ပိတ်လိုက်သောအခါ ဥတ္တရာက...

“အရှင်ဘုရား... ဤယာဂုသည် တစ်ယောက်စာဖြစ်သည်၊ အရှင်ဘုရားသည် တပည့်တော်တို့ကို ယခုဘ၀အတွက်သာ မကြည့်ဘဲ နောင်သံသရာအတွက် ငဲ့လျက်ချီးမြှောက်တော်မူပါ”

ဟုဆိုလျက် ယာဂုအိုးတွင် အကြွင်းအကျန်မရှိအောင် လှူလိုက်လေသည်။ ထိုသို့ လှူပြီးသောအခါ ဆုတောင်းလိုက်ပုံကား...

(တုမှေဟိ ဒိဌ ဓမ္မေဿဝ ဘာဂီအဿံ)
“အရှင်ဘုရားတို့... သိသောတရား တစ်စိတ်တစ်ဖို့ သိရပါလို၏”

(အလွန်ဆင်းရဲ၍ လှူရသော အလှူဖြစ်သော်လည်း လူချမ်းသာ နတ်ချမ်းသာဆု မတောင်းဘဲ မဂ်ဖိုလ်ကို ဆုတောင်းသည်မှာ သတိထားစရာ)။

ယင်းသို့ ဆုတောင်းသောအခါ အရှင်သာရိပုတ္တရာ။ မထေရ်မြတ်က...

(ဧ၀ံ ဟောတု)
“ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေ”

ဟု အနုမောဒနာပြုပြီးလျှင် ကြွသွား၍ ရေနှင့် သင့်တော်သော နေရာတွင် ယာဂုဆွမ်းကို ဘုန်းပေးတော်မူသည်၊ ဥတ္တရာလည်း အိမ်သို့ အမြန်ပြန်၍ ဆန်ကိုရှာ၍ ထမင်းကို ချက်ပြီးလျှင်ပြီးချင်း မောင်ပုဏ္ဏထံသို့ အပြေးကလေးပင် လာခဲ့လေသည်။

မောင်ပုဏ္ဏလည်း ပြီးတန်သမျှ လယ်ကိုထွန်၍ နေမြင့်လာသောအခါ အလွန်ဆာလောင်လှသဖြင့် ထွန်ဖြုတ်ပြီးလျှင် သစ်ပင်ရိပ်တွင် ထိုင်နေလေသည်။ မယားဥတ္တရာသည်လည်း ထမင်းအိုးကို ရွက်လာရင်း သူ့ကိုမျှော်၍ကြည့်နေသော မောင်ပုဏ္ဏကိုမြင်လျှင် “သူ အလွန်ဆာလောင်သဖြင့် ငါ့ရဲ့အလာကို ကြည့်မျှော်နေသည်၊ ငါရောက်သွားလျှင်...

“မင်း အလွန်နေမြင့်မှ လာရသလားဟု အမျက်ထွက်လျက် ငါ့ကို ဆဲရေးရိုက်နှက်က ယနေ့ငါပြုလိုက်ရသော ကုသိုလ်သည် ဒေါသ ဒေါမနဿအကုသိုလ်ဝင်၍ အချည်းနှီး ဖြစ်တော့မည်၊ ကြိုတင်၍ ငါပြောအံ့”ဟု ကြံလျက်...

“အို... ကိုပုဏ္ဏ၊ ရှင် သာဓုခေါ်ပေတော့၊ နံနက်စောစောက ရှင့်ဖို့ ယာဂုကျိုပြီးယူအလာ လမ်းတွင် အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့တွေ့လို့ လှူလိုက်တယ်၊ အဲ့ဒါ လှူပြီးမှ အိမ်ပြန် ထမင်းချက်နေရလို့ နည်းနည်း နောက်ကျသွားတယ်၊ ရှင် သာဓုသာခေါ်လိုက်ပါ”

ဟု လိမ္မာသော မိန်းမတို့၏ သဘောအတိုင်း ပြောဆိုလိုက်သောအခါ မောင်ပုဏ္ဏလည်း ဒေါသမဖြစ်နိုင်ရှာတော့ဘဲ...

“အေး... သာဓု... သာဓု...၊ ငါလဲ နံနက်စောစောက ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးကြွလာလို့ ငါ့မှာမင်းလို လှူစရာက မရှိတာနဲ့ မျက်နှာသစ်တော်ရေနဲ့ တံပူကပ်လှူလိုက်တယ်၊ မင်းလဲ သာဓုခေါ်ပါဦး၊ ငါ့ဆီက ကြွသွားပြီး မင်းနဲ့တွေ့တာပဲ၊ ၀မ်းသာလိုက်တာ ရှင်မရယ်”

ဟု လင်မယားနှစ်ယောက် ၀မ်းသာအားရ စားသောက်ကြပြီး မောင်ပုဏ္ဏမှာ နေမြင့်မှ ထမင်းစားရသဖြင့် ပင်ပန်းလျက် ဥတ္တရာ၏ ရင်ခွင်၌ အိပ်ပျော်သွားလေသည်။ ထိုအခါတွင် နံနက်က ထွန်းထားသော ထွန်စာဖတ် မြေကြီးတို့သည် ရွေကဲ့သို့ ၀င်းဝင်းဝါ၀ါ ဖြစ်နေသေည်၊ ခေတ္တမျှ အိပ်ပျော်သွားသော မောင်ပုဏ္ဏသည် အိပ်ရာမှ နိုး၍ ထွန်စာခဲတို့ကို ကြည့်လိုက်သောအခါ ၀င်းဝင်း ၀ါဝါမြင်သဖြင့်...

“ရှင်မ၊ ငါ့ထွန်စာခဲတို့သည် ရွှေလိုလို မျက်စိထဲမှာ မြင်နေသည် ထမင်းစား နောက်ကျလို့ မျက်စိပြာနေသလားမသိ”ဟု ပြောသောအခါ အမှန်ပင် ရွှေတုံးရွှေခဲတွေ ဖြစ်နေသည်ကို တွေ့ရသဖြင့်...

“ယနေ့ အရှင်သာရိပုတ္တရာကို လှူရသော အလှူသည် ယနေ့ပင် အကျိုးပေးလေပြီ၊ ဤမျှ များပြားသော ရွှေတို့ကိုလျှို့ဝှက်ထား၍ ရမည်မဟုတ်”

ဟုဆို၍ ဥတ္တရာ ယူခဲ့သော ထမင်းအိုးဖြင့် ရွှေတို့ကို အပြည့်ထည့်၍ ဘုရင့်ထံပို့ကာ အကျိုးအကြောင်း တင်လျှောက်လေသည်။ ဘုရင်လည်း လှည်းအစီးတစ်ထောင်ကို လွှတ်၍ ရွှေတို့ကို တင်ဆောင်သယ်စေပြီး နန်းတော်ရင်ပြင်၌ ပုံပြီးသော် ဤမျှများပြားသော ရွှေသည် ဤရာဇဂြိုဟ်မြို့တွင် ဤမျှ မရှိကြောင်း လျှောက်တင်ကြသဖြင့် “ဗဟုဓန သေဋ္ဌိနာမ ဟောတု” မျာစွာ ဥစ္စာရှိသော သူဌေးမင်းဟူ၍ သူဌေးကြီး ရာထူးကို ထီးနှင့်တကွ အပ်လေသည်။

ထို့နောက် သူဌေးကြီးဖြစ်သော ပုဏ္ဏက ဘုရင်အား…

“အရှင်မင်းမြတ်၊ ကျွန်ုပ်သည် ယခုအထိ နေစရာ အိမ်မရှိသေးပါ၊ သူတစ်ပါးအိမ်တွင် ကပ်ရပ်နေရပါသည်။ ကျွန်ုပ်အား အိမ်ဆောက်လုပ် နေထိုင်ရန် မြေနေရာ ပေးသနားပါ”

ဟု လျှောက်တောင်းလေရာ ဘုရင်ကလည်း…

“ထိုသို့ဖြစ်လျှင် ဤချုံနွယ်တို့ ပိတ်ဖုံးလျက်ရှိသော နေရာကို ရှင်းလင်း၍ အိမ်ဆောက်လော့၊ ဤနေရာသည် ရှေးသူဌေးတို့ နေသွားသော နေရာတည်း”

ဟု ညွှန်ပြ၍ နေရာပေးလေသည်။ နေရာရသဖြင့် “ချုံနွယ်တို့ ရှင်းလင်းလျက် အိမ်ဆောက်ရန် မြေတူးသောအခါ နူတ်ခမ်းချင်း ထိစပ်နေသော ရွှေအိုး အမြောက်အမြား နောက်ထပ်ရပြန်လေသည်။ ပုဏ္ဏလည်း အိမ်သစ်တက်မင်္ဂလာ၊ ထီးဖွင့်မင်္ဂလာတို့ ပြုလုပ်တိုင်း ဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းလေ့ရှိ၏။ တစ်ခါသော် ဆွမ်းကပ်ပြီး၌ မြတ်စွာဘုရား တရားဟောသည်တွင် ဦးပုဏ္ဏတို့ မိသားစု ၃-ယောက်စလုံး သောတာပန် ဖြစ်ကြလေသည်။

နောက်တစ်ချိန်တွင် ရာဇဂြိုဟ် မိစ္ဆာဒိဋ္ဌိသူဌေးက ဦးပုဏ္ဏသူဌေးကြီး၏သမီး ဥတ္တရာနှင့် သူ၏ သားကို လက်ထပ် ပေးစား စေ့စပ်၏။ ၎င်း၏ သားသည် မိစ္ဆာဒိဋ္ဌိ ဖြစ်နေသဖြင့် ဦးပုဏ္ဏငြင်းပယ်၏။ သို့ရာတွင် ဦးပုဏ္ဏတို့ သူဌေးကြီးဖြစ်သည်မှာ ဤသူဌေးအိမ်မှာနေ၍ ဖြစ်သွာသည်ဟု အခြားသူများကပါ ၀ိုင်းဝန်းတိုက်တွန်းကြသဖြင့် သဘောတူ လက်ထပ်ပေးရလေတော့သည်။
ဝါဆိုလပြည့်နေ့တွင် ထိမ်းမြားလက်ထပ် ပေးလိုက်သည်မှစ၍ လင့်အိမ်သို့ လိုက်သွားရသော ဥတ္တရာမှာ “သာသနာတော်ထမ်း ရဟန်းကိုလည်းကောင်း၊ ဘိက္ခူနီမကိုလည်းကောင်း ဆည်းကပ်ခြင်း၊ လှူဒါန်းခြင်းတို့ကိုလည်း မပြုရပေ။ တရားတော်ကို နာကြားရန်လည်း အခွင့်မရပေ။ သို့ဖြင့် တော်သလင်းလကွယ်နေ့သို့တိုင် ရောက်သောအခါ အနီးတွင်ရှိသော အလုပ်အကျွေးအား ဥတ္တရာက…

(ဣဒါနိ ကိတ္တကံ အန္တောဝဿဿ အ၀သိဋ္ဌံ)
“အစ်မတို့၊ သီတင်းကျွတ်ဖို့ ဘယ်နှစ်ရက် လိုပါသေးသလဲ”

(အဍ္ဎ မာသောအယျ)
“အရှင်မ (လခွဲ) ၁၅ ရက်မျှ လိုပါသေးတယ်”

ဟု သိရသောအခါ သူ့ဖခင် ဦးပုဏ္ဏထံသို့ စာရေး၍ စေလွှတ်ပုံကား…

“ဖခင်၊ သမီးအား ဒီလို မိစ္ဆာဒိဋ္ဌိမျိုးဖြစ်တဲ့ အိမ်တွင်းမှ အဘယ်ကြောင့် ဆောင်နှင်းထားရပါသလဲ၊ လက္ခဏာဖတ်တတ်တဲ့ ပုဏ္ဏားတွေက သူများအိမ်မှာ ကျွန်ဖြစ်မယ်လို့များ ဟောသလား၊ ကျွန်အဖြစ်ကမှ သက်သာပါသေးတယ်၊ ဒီအိမ်ကို ရောက်တဲ့နေ့က စပြီးတော့ ရဟန်းသံဃာဆိုလို့လဲ တစ်ခါမျှ မဖူးရ၊ အလှူဒါနလဲ တစ်ခါမျှ မပြုရသည့်အတွက် သေရတာက ကောင်းပါသေးတယ်”

ဟု စာရေးလိုက်သည်တွင် သမီးစာကို ဖတ်၍ စိတ်မကောင်းဖြစ်နေသော ဦးပုဏ္ဏသူဌေးကြီးက…

(ဒုက္ခိတာ ၀တမေဓိတာ)
“ငါ့သမီးလေး စိတ်ဆင်းရဲနေပါပကော”

ဟု ညည်းတွားပြီးလျှင် စာပြန်ရေးလိုက်သည်ကား…

“တာတ၊ ချစ်သမဓီး။ ဣမသိံမနဂရေ၊ ဤရာဇဂြိုဟ်မြို့၌။ သီရိမာနာမ၊ သီရိမာ အမည်ရှိသော။ ဂဏိကာ ပြည့်တန်ဆာမသည်။ အတ္ထိ၊ ရှိ၏။ ဒေ၀သိကံ တစ်နေ့အတွက်လျှင်။ အဟဿံ၊ အသပြာတစ်ထောင်ကို။ ဂဏှာတိ၊ ယူ၏။ ဣမေဟိကဟာ-ပဏေဟိ၊ ဤ ၁၅-ရက်အတွင်း အသပြာတစ်သောင်း ငါးထောင်တို့ဖြင့်။ တံ၊ ထိုသီရိမာကို။ အာနေတွာ၊ ခေါ်ဆောင်၍။ သာမိကဿ၊ မင်းသခင် လင်ယောက်ျား၏။ ပါဒပရိစာရိကံ၊ ခြေရင်းအလုပ်အကျွေးကို။ ကတွာ သမီးကိုယ်စား ထားသည်ကိုပြု၍။ သယံ၊ သမီးကိုယ်တိုင်။ ပုညာနိ၊ ကုသိုလ်ကောင်းမူတို့ကို။ ကရောတု၊ ပြုလေတော့”

ဟု စာနှင့် ငွေတစ်သောင်းငါးထောင် ပို့လွှတ်လေသည်။ ဖခင်ထံမှ စာနှင့်ငွေ ရလျှင်ရချင်း ဥတ္တရာသည် သီရိမာကို ချက်ချင်း ခေါ်စေပြီး…

“အဆွေတော်၊ ဤငွေ တစ်သောင်းငါးထောင်ဖြင့် သီတင်းကျွတ်လပြည့်နေ့အထိ ၁၅ရက်တိုင်တိုင် ကျွန်မ၏ အရှင်ကို ပြုစုပေးပါ။ ကျွန်မရဲ့ကိုယ်စားဖြစ်တဲ့ အတွက် လုံးဝ တာဝန်ယူစေလိုပါတယ်”

ဟု ပြောသောအခါ “ကောင်းပါပြီ… သူဌေးကတော်” ဟု ၀န်ခံကာ လင်မောင် သူဌေးသားထံ အပ်နှံရန်အတွက် နှစ်ယောက်သား သူဌေး၏ အခန်းတွင်းသို့ ၀င်လာကြလေရာ လင်တော်မောင် သူဌေးသားမဓှာ အံ့သြစွာနှင့် ကြည့်နေပြီးမှ…

(ကိံ ဣဒံ)
“ဥတ္တရာ - သူက ဘာလဲ၊ ဘာကိစ္စလဲ”

ဟု မေးလေရာ၊ ဥတ္တရာက…

“အရှင်သား-သူကတော့ ကျွန်မသူငယ်ချင်းမ သီရိမာပါ၊ ယနေ့ကစပြီး ၁၅ရက် တိုင်တိုင် အရှင်သူဌေးသား၏ ခြေရင်း အလုပ်အကျွေး ကိစ္စအားလုံးကို ကျွန်မကိုယ်စား ဆောင်ရွက်ပါလိမ့်မယ်၊ ကျွန်မကတော့ ၁၅-ရက်လုံးလုံး ဒါနံ၊ အလှူကိုလဲ။ ဒါ-တုကာမာ၊ ပေးလှူလိုပါတယ်။ ဓမ္မဉ္စ၊ တရားတော်ကိုလဲ၊ သောတုကာမာ၊ နာကြားလိုပါတယ်”

ဟုပြောလိုက်သောအခါ သီရိမာ၏ ရူပါရုံအလှကိုမြင်ရသောအခါ သူဌေးသားမှာ နှစ်သက်သဘောကျ လှသည်ဖြစ်၍…

(သာဓူတိသမ္ပဋိစ္ဆိ)
“ကောင်းပါပြီဟူ၍ ၀န်ခံလိုက်တော့၏”

ဥတ္တရာသည်လည်း ဘုရားအမှူးရှိသော သံဃာတော်တို့အား “အရှင်ဘုရားများ ယနေ့မှစ၍ အခြားမှာ ဆွမ်းမခံတော့ဘဲ တပည့်တော်၏ ဆွမ်းကိုသာ အလှူခံတော်မူကြပါကုန်ဘုရား”ဟု ပင့်လျှောက်ပြီးလျှင် မြတ်စွာဘုရားအား “ယနေ့မှစ၍ ၁၅ရက် မဟာပ၀ါရဏာ တိုင်အောင် မြတ်စွာဘုရားအား တပည့်တော် ဆွမ်းကိစ္စ ပြုလုပ်ဆောင်ရွက်လိုပါသည်၊ တရားတော်ကိုလဲ နာကြားလိုပါသည်ဘုရား”ဟု လျှောက်ထားလေရာ မြတ်စွာဘုရား လက်ခံလိုက်သည်ဖြစ်၍ အိမ်သို့ အမြန်ပြန်လာပြီးလျှင် မီးဖိုဆောင်သို့ ၀င်၍…

“ဧ၀ံ၊ ဤသို့ဤပုံ။ ယာဂုံ၊ ယာဂုကို။ ပစထ၊ ကျိုကြချက်ကြပါကုန်”
“ဧ၀ံ၊ ဤနည်းဤပုံ။ ဝေပူ၊ မုန့်တို့ကို။ ပစထ၊ ကြော်ကြ ဖုတ်ကြ ပါကုန်”

ဟု ပျော်ပျော်ရွှင်ရွှင် ပြေးလွှားစီမံ နေလေသည်။

သို့ဖြင့် ဥတ္တရာလှူဒါန်းခဲ့သည်မှာ ၁၄-ရက်ရှိပေပြီ။ နက်ဖြန် တစ်ရက်သာ ကျန်သည်တွင် သူဌေးသားသည် တိုက်အပေါ်ထပ် ပြတင်းပေါက်မှ အောက်ဘက်မီးဖိုဆီသို့ ငုံ့ကြည့်လိုက်သောအခါ ချွေးတွေရွှဲရွှဲစိုလျက် ပြာမူန့် အိုးမဲတို့ဖြင့် ပေကျံလူးလဲနေလျက် ချက်ပြုတ် ကြော်လှော်နေကြသူများနှင့် ရောနှောပျော်ရွှင်နေသော ဥတ္တရာကို မြင်သောအခါ...

“အန္ဓဗာလာ၊ အမိုက်မဥတ္တရာသည်။ ဧ၀ရုပေ-ငှာနေ၊ ဤသို့ သဘောရှိသောနေရာ၌။ ဣမံသီရိ-သမ္ပတ္တိံ၊ ဤတိုက်တာရွှေငွေ အခြွေအရံ အစေခံတို့နှင့် အေးချမ်းစီမံ၍ နေရသော စည်းစိမ်ချမ်းသာကို။ နာနုဘ၀တိ၊ တိုက်ပေါ်မှသာ ဖြီးလိမ်းကာဖြင့် ခံစား၍သာ မနေနိုင်ရှာ။ မုဏ္ဍကသမဏေ၊ ဦးပြည်းရဟန်းတို့ကို။ ဥပဌဟိဿာမိ၊ ကျွေးမွေးပြုစုအံ့။ ဣတိ၊ ဤသို့။ တုဋ္ဌစိတ္တော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ၀ိစရတိ၊ ပြေးလွှားလှည့်လည်နေ၏။ အဟော၊ သြော်… အံ့သြဖွယ်ကောင်းလေစွတကား။ ဣတိ၊ ဤသို့။ ဟသိတွာ၊ နှလုံးနာသည့် အနေ မဲ့ပြုံးပြုံး၍။ အပဂဉ္စိ၊ ရှောင်လွှဲထွက်ခွာခဲ့လေတော့၏။”

သူဌေးသားလည်း မဲ့ပြုံးပြုံး၍ ခွာသွားလတ်သော် သူဌေးသား၏ အမူအရာကို အနီးအနားမှနေပြီး အမြဲအကဲခတ်နေသော သီရိမာက…

(ကိံ နုခေါ သြ လောကေတွာ ဧသဟသိ)
“သူဘာကိုကြည့်ပြီး ပြုံးပါလိမ့်”

ဟု သူဌေးသားကြည့်သော ပြတင်းပေါက်သို့ လာ၍ ငုံ့ကြည့်သောအခါ ဥတ္တရာ၏ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စီမံနေသည်ကို မြင်သဖြင့်…

(ဣမံ သြလောကေတွာ ဣမိနာ ဟသီတံ)
“ဒီဥတ္တရာကို ကြည့်ပြီး ဒီလူပြုံးတာကိုး”

(အဒ္ဓါဣမဿ ဏတာယသဒ္ဓိံ သန္တ ဝေါအတ္ထိ)
“ဒီလူနဲ့ ဒီမိန်းမ တကယ်ယဉ်ပါးနေပြီ”

ဟု စိတ်ထဲက ထင်မှတ်ကြံစည်လေသည်။ စင်စစ် သီရိမာသည် ၁၅-ရက်အတွက် ငွေအသပြာ တစ်သောင်းငါးထောင်ပေးပြီး ဥတ္တရာက ၎င်း၏ ကိုယ်စား အငှားမယား ထားပေးခြင်းသာ ဖြစ်၍ ၁၅-ရက် ကျော်ပါက ဤတိုက်ပေါ်မှ ဆင်းသွားရမည်ကို လုံးဝမသိမရိပ်မိဘဲ ကာမဂုဏ်အာရုံနောက်သို့ စိတ်က လိုက်ပါသွားမူကြောင့် သူတို့ လင်မယား အစစ်ကိုပင် “ယဉ်ပါးနေပြီ၊ ဆက်သွယ်မူရှိနေပြီ”ဟု ထင်ဝံ့လာသည်ကား ဒိဋ္ဌိတဏှာ ထိုနှစ်ဖြာ၏ (ကိလေသာ) သတ္တိ ဖြစ်တော့သည်။

ယင်းသို့ ဥတ္တရာတို့ လင်မယား အစစ်ကိုပင် “မင်္သကာ” ဖြစ်နေသော သီရိမာသည် ၎င်း၏ “အငှားမယား”ဟူသော အသိပျောက်ကာ ဥတ္တရာအပေါ်၌ “လင်လုဘက်အနေ” မကျေမနပ်ရန်ငြိုးဖွဲ့လျက်…

(ဒုက္ခမဿာ ဥပ္ပါဒေဿာမိ)
“ဒီကောင်မ ဒုက္ခတွေ့စေ့ရမယ်”

ဟု ကြိမ်းဝါးလျက် တိုက်ပေါ်မှ အပြေးကလေး ဆင်းလာပြီးလျှင် မီးဖိုသို့ဝင်၍ မုန့်ကြော်ရန် ချက်ထားသော ဆူနေသည့် ထောပတ်အိုးမှ ထောပတ်ပူကို ယောက်ချိုဇွန်းကြီးဖြင့် ခပ်လျက် ဥတ္တရာရှိရာသို့ လာနေသော သီရိမာကို မြင်သောအခါ ဥတ္တရာ၏ စိတ်၌…

“မမ သဟာယိကာယ၊ ငါ့သူငယ်ချင်းမ သီရိမာ၏။ မယှံ၊ ငါ့အား။ (၀ါ) ငါ့အပေါ်မှာ။ ဥပကာ ရောဂတော၊ ကျေးဇူးပြုပုံ ကြဓီးလှပါပေ၏”

မယ်မင်းကြီးမ အကူအညီရသဖြင့် ငါသည် ဘုရားကိုလည်း ဖူးရ၊ တရားတော်ကိုလည်း နာရ၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကိုလည်း အလှူဒါန ပြုရပါပေသည်။ စကြ၀ဠာ တိုက်ကြီးသည် အလွန်ကျဉ်းလှပါသေးသည်။ ဗြဟ္မာ့ပြည်ကြီးသည် အလွန်နိမ့်လှပါသေးသည်။ ငါ့သူငယ်ချင်းမ၏ ဂုဏ်ကျေးဇူကသာလျှင် အလွန်ကြဓီးကျယ် မြင့်မြတ်လှပါပေ၏။ အကယ်၍ ငါသည် သီရိမာအပေါ်၌ ဤကဲ့သို့ မေတ္တာ စေတနာထားရိုး မှန်ပါက ဤထောပတ်ပူသည် ငါ့အား မလောင်စေသတည်း။ ငါသည် အမျက်ထားသည်ဖြစ်အံ့၊ ဤထောပတ်သည် ငါ့အား လောင်စေသတည်း ဟု မေတ္တာနှင့် ယှဉ်သော သမာဓိစိတ်ဖြင့် နေလေရာ သီရိမာလည်း ဥတ္တရာ၏ ဦးခေါင်းသို့ လောင်းချလိုက်သော ထောပတ်ပူသည် သီတာရေစင်တမျှ အေးမြသွားလေသည်။

ဝတ္ထုအာရုံပေါ်သို့ တဏှာကပ်ရောက်၍ ကိလေသာကာမ အဖြစ်သို့ရောက်လာလျှင် မည်သည့်အကျိုးအကြောင်း အဆိုးအကောင်းကိုမျှ အမှန်အတိုင်း မသိမြင်တော့ပေ။ မြတ်စွာဘုရားသည် ကာမဂုဏ် အာရုံတို့ကို အပြစ်တင်ရာ၌ ၀တ္ထုကာမကို အပြစ်တင်သည် မဟုတ်။ ထိုဝတ္ထု ကာမကို စွဲမှီ၍ နှလုံးသွင်း မှားစွာ စွဲယူသော ကိလေသာ ကာမကိုသာ အပြစ်ပြ၍ ဟောတော်မူလေသည်။

ဤ၌-သီရိမာ၏ အာရုံမြင်ကွင်းတွင် ဥတ္တရာဟူသော ၀တ္ထုကာမသာမြင်၍ ဘာမျှမဖြစ်သော်လည်း သူဌေးသား၌ ကိလေသာကာမအားဖြင့် တပ်မက် စွဲလမ်းထားသောကြောင့် အမှားအမှန်ဘာကိုမျှ မဝေဖန်နိုင်တော့ဘဲ ကိလေသာတို့ ထုံးစံအတိုင်း အမှောင်ထု ဖုံးလွှမ်းသွားလေသည်။ ဥတ္တရာ၏ ဦးခေါင်း၌ ထောပတ်ပူမလောင်းသည်ကို မြင်လျှင် သီရိမာသည်…ဒဒဒ

(ဣဒံ သီတလံ ဘ၀ိဿတိ)
“ဒီထောပတ် အေးနေလို့ ဖြစ်မှာပဲ”

ဟုကြံပြီး အခြား ဆူနေသော ထောပတ်အိုး တစ်ခုမှ ဇွန်းကြီးနှင့် ခပ်၍ ယူလာပြန်သော သီရိမာကို ဥတ္တရာ၏ အိမ်မှ အစေခံ လုပ်ဖော်တို့က တွေ့မြင်သဖြင့်…

“အပေဟိ ဒုဗ္ဗိနီတေ၊ နတွံ အမှာကံ အယျာယ ပက္ကုထိတံသပ္ပိံ အာသိဉ္စိတုံ အနုစ္ဆ၀ိကာ”
“ဟေ့- အယုတ်မ ဖယ်ပါ၊ သင်သည် ငါတို့ အရှင်မသူတော်ကောင်းကို ထောပတ်ပူနဲ့ လောင်းတာကောင်းသလား”

ဟု ဆိုကြပြီး ဟိုမှသည်မှ ပြေးလာကြလျက် လက်နှင့် ရိုက်သူ ကရိုက်၊ ခြေနှင့် ကန်သူကကန် ၀ိုင်းရိုက်ကြသဖြင့် ဥတ္တရာက အကြိမ်ကြိမ်တားသော်လည်း မရဘဲ လဲသွားသောအခါမှ ဥတ္တရာက သီရိမာကို နောက်ထပ်မရိုက်နိုင်အောင် သီရိမာအပေါ်မှနေ၍ ကာကွယ်ထားရလေသည်။ ထို့နောက် ဥတ္တရာသည် သီရိမာအား ရေမိုးချိုးစေပြီး ဆီတို့ဖြင့် နှိပ်နယ်ပေးလျက်…

(ကိဿ တေ ဧ၀ ရူပံ ဘာရိယံကတံ)
“ဘယ်လိုကြောင့် ဒီလိုအဖြစ်မျိုး လုပ်ရတာလဲ သီရိမာ”

ယင်းသို့ ဥတ္တရာက မေးလေမှ သူ့အဖြစ်ကို စဉ်းစားမိလေသည်။ ငါသည် အငှား မယားပါတကားဟု သတိရလျက် သူ့အပြစ်ကို ပြန်ပြော၍မှ မကောင်းတော့ချ။ ငါသည် အမှန်ပင် ၀န်လေးသောအမူပြုမိပြီ၊ သူဌေးသားပြုံးခြင်းကို အကြောင်းပြု၍ အပြစ်ကင်းသော ဥတ္တရာအား ထောပတ်ပူဖြင့် လောင်းမိခဲ့ပြီ။ ငါ ဤကဲ့သို့ ပြုခြင်းကိုပင်လျှင် ငါ့အပေါ်၌ ကျွန်အစေခံမတို့ ရိုက်နှက်သည်ကိုပင် အားမပေးဘဲ တားမြစ်သည်။ ငါ့ကိုလဲ မေတ္တာ စေတနာထား၍ ပြုစုသည်။ ငါသည် ဥတ္တရာအား မတောင်းပန်ခဲ့သော် ငါ၏ ဦးခေါင်းသည် ခုနှစ်စိတ်ကွဲရာ၏ဟု သတိရလျက် တောင်းပန်ရာ မြတ်စွာဘုရား၏ သမီးတောင် သာဝက ဖြစ်သည့်အတိုင်း မြတ်စွာဘုရားကိုသာ တောင်းပန်ရန် ဥတ္တရာ၏ တိုက်တွန်းချက်အရ မြတ်စွာဘုရား ဆွမ်းစားအကြွတွင် ဥတ္တရာက အကြောင်းစုံ လျှောက်ထားသဖြင့်…

“အက္ကောဓေန ဇိနေ ကောဓံ”
စသော ရန်ငြိုးမဖွဲ့အပ်ကြောင်းနှင့် သစ္စာသိရန် တရားကို ဟောတော်မူသည့် အဆုံးတွင် သီရိမာနှင့် အဖော် မိန်းမ ငါးရာတို့သည် သောတာပန် ဖြစ်ကြလေသည်။

(ဤကား ဓမ္မပဒဋ္ဌကထာ ၁၉၆ကို လိုအပ်သလို မြန်မာပြန်သည်)။

အာရုံငါးပါးတွင် တစ်ပါးပါး၌ ပရမတ်အမြင်မမြင်က ကိလေသာဖြစ်မည်သာတည်း။ ကိလေသာဟူသည် ၎င်းကို လက်ခံသိမ်းပိုက်ထားသော သတ္တ၀ါအား ပူလောင်စေတတ်-နှိပ်စက်တတ်ကြောင်းကို မြတ်စွာဘုရား အတန်တန်ဟောထားသည်။ သီရိမာ၏ ၁၅-ရက်မျှသော အငှားမယားသည် အပြီးအပိုင် မယား အဖြစ် မှတ်ထင်၍ မိမိ၏ လင်ယောက်ျားဟူသော နှလုံးသွင်းမှားမူ အကြောင်းပြု၍ အကျိုးအကြောင်း - အဆိုးအကောင်း ဘာမျှ ဝေဖန်တတ်သောအသိ၊ သတိလွတ်ကင်းလျက် ဖြစ်ချင်တိုင်း ဖြစ်ကုန်ကြသည်ကား ကိလေသာဟူသည် အငှားခေတ္တ ရွေးနေ-ရှောင်နေသည် မဟုတ်၊ အာရုံဝတ္ထု တိုက်ဆုံမူ ဖြစ်လာ၍ နှလုံးသွင်းမှားသည်နှင့် တစ်ပြိုင်နက် မိမိအား ပူလောင်စေတော့သည်။

ဤ၀တ္ထု၌ ထောပတ်ပူ အလောင်းခံရသော ဥတ္တရာသည် ထိုအချိန်တွင် ကိလေသာ အပူအလောင်ကင်း၍ အေးချမ်းသော မေတ္တာစေတနာနှင့် နေလေသောကြောင့် ထိုထောပတ်အပူသည် ဥတ္တရာအား မလောင်၊ သီရိမာကား သူဌေးသားနှင့် ဥတ္တရာ အပေါ်တွင် နှလုံးသွင်း မှားချိန်မှစ၍ ထိုကိလေသာ အပူသည်၎င်းအား လောင်သဖြင့် မနေနိုင်-မထိုင်နိုင် ဖြစ်လျက် တိုက်ပေါ်မှ ပြေးဆင်းလာသည်။ “ရာဂမီးပူ-ကျိုက်ကျိုက်ဆူသား” ဟူသကဲ့သို့ အပူတောက်လျှောက် ဖြစ်လာသည်။ နောက် မီးဖိုသို့ ၀င်-စိတ်နှလုံးတွင် အမှားဝင်နေရကား ယောက်ချို ဇွန်းကြီးနှင့် ထောပတ်ပူကို ခပ်ယူသည်။ ဥတ္တရာ၏ ဦးခေါင်း၌ လောင်းသည်။

သီရိမာ၏ နှလုံးသွင်း မှားသည်က စ၍ ထိုအမှားကို လက်ခံထားမိသော သီရိမာအား အတွင်းအပြင် နှစ်ဖက်စလုံး ပူလောင်စွာနှင့် မေတ္တာဟူသော ဒေါသ၏ ဆန့်ကျင်ဘက် အဒေါသနှင့် အေး၍နေသော ဥတ္တရာမှာ ပို၍ပင် အေးလေသည်။

သီရိမာ ကိုယ်ပူ စိတ်ပူရသည့်အထဲ အစေခံတို့ ၀ိုင်းရိုက်ကြသဖြင့် ထပ်မံ၍ ပူရပြန်သောကြောင့် ရုပ်နာမ်ခန္ဓာပရမတ် သဘောတရားအပေါ်တွင် ပညတ်အမြင်နှင့် မြင်က ကိလေသာဖြစ်၍ ပူလောင်ရတော့သည်။ အဘယ်ကြောင့်နည်း “ကိလေသာ ဟူသည် ပညတ်ကို ကပ်သောကြောင့်တည်း” ကျွန်ုပ်တို့၏ စိတ်သည် ပညတ် အာရုံထဲက မထွက်သောကြောင့် ဖြစ်၏။ “၀ိပဿနာသည် ပရမတ်အာရုံပြု၏”ဟု သိ၏။ သို့ရာတွင် ကျွန်ုပ်တို့ကား ပညတ်ကိုပင် အာရုံပြုလျက် တရားအလုပ် အားထုတ်၏။ ပညတ်အာရုံ လွတ်အောင်မသွားနိုင်သည် သာမက ပညတ်အာရုံကိုပင် ပရမတ်ထင်မူက ခုခံနေသောကြောင့် ပို၍ပင် ဆိုး၏။

မြတ်စွာဘုရားသည် ဤမဟာဒုက္ခက္ခန္ဓသုတ်အား ၀ိပဿနာ၏ အခြေခံ သံဝေဂဉာဏ် အရင်းခံ၍ ဟောသောကြောင့် ထိုသံဝေဂဉာဏ် အခြေခံရစေရန် ကျွန်ုပ်တို့ တိုက်တွန်းနိုးဆော်မူ ပြုပေသည်။ အာရုံငါးပါး ကာမဂုဏ် တရားတို့၏ နှိပ်စက်ပုံမှာ လောကသံသရာ နှစ်ဖြာလုံးတွင် နှိပ်စက်ကြောင်း ဆက်၍ လေ့လာကြပါရန်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

Wednesday 28 November 2012

မင်းနှင့်မင်းချင်း-ရန်မကင်း


မိမိတို့လိုလား တောင့်တအပ်သော ကာမအာရုံတစ်ခုခုသို့ တက်မက်သော ကိလေသာစိတ် ၀င်လာက “ကိလေသာ ကာမ” ဖြစ်၍ ထိုစိတ်မျိုးမကင်းသည့်သူ လူအများသို့ ကူးစက် ပြန့်ပွားခိုက်ရန် များလေတော့သည်။ မြတ်စွာဘုရား လက်ထက်တော်တွင် ကပိလ၀တ်ပြည်နှင့် ကောလိယ နှစ်ပြည်ထောင်တို့၏ အကြား ဖြတ်သန်းစီးဆင်းသည့် (ရောဟိဏီ) ငါးကြင်းမြီးကဲ့သို့ ၂ခွမြစ်သည် ရှိ၏။ ထိုမြစ်ကို အမှီပြု၍ နှစ်ပြည်ထောင်မှ လယ်ယာ လုပ်သားတို့သည် လယ်ယာ အလုပ်လုပ်ကြလေသည်။


ဤနှစ်တွင် မိုးကလည်း နည်းသဖြင့် နယုန်လအခါတွင် စိုက်ပျိုးစဖြစ်သော ကောက်ပင်ငယ်တို့မှာ ရေမရမူကြောင့် ညှိုးနွမ်းလာသည်ကို မြင်ကြရသောအခါ နှစ်ပြည်ထောင်သော လယ်ယာလုပ်သားတို့သည် အစည်းအဝေး ခေါ်၍ တိုင်ပင်ဆွေးနွေးကြရာတွင်... ကပိလ၀တ်ပြည်သား လယ်သမားတို့က...

“ဤမြစ်ရေကို ၂မြို့သော လယ်သမားတို့ ခွဲဝေယူကြလျှင် ငါတို့အားလည်း ပြည့်စုံလုံလောက်မည်မဟုတ်၊ သင်တို့အားလည်း ပြည့်စုံလုံလောက်မည်မဟုတ်၊ သို့အတွက် ထိုမြစ်ရေကို ငါတို့အား ပေးကြပါ၊ ဤရေကို တစ်ကြိမ် သွင်းရလျှင် ငါတို့ကောက်ပင်တို့မှာ ကောင်းစွာ ကြီးပွားလာနိုင်ပါသည်၊ သို့အတွက် ရေကို ငါတို့အားပေးကြပါကုန်”

ဟု ဆိုသော်-ကောလိယပြည်သား လယ်သမားတို့ကလည်း -

“ကောင်းပါပြီ ငါတို့က ဤမြစ်ရေကို သင်တို့လယ်ယာ ကောက်စပါးအတွက် ပေးလိုက်သဖြင့် သင်တို့စပါးတွေရလို့ ကျီးကြတို့တွင် ပြည့်နေသောအခါ ငါတို့က ရွှေနီ-ပတ္တမြားညို-ငွေအသပြာ-ဒင်္ဂါနတ် တို့ကို အိတ်များ တောင်းများတွင်ထည့်၍ သင်တို့၏ အိမ်ဝတို့သို့ လှည့်လည်ဝယ်ယူခြင်း မလုပ်နိုင်ပါ၊ သို့အတွက် ရေကို သင်တို့အား မပေးနိုင်”

ဟု ဆို၍ ငြင်းခုံ ကြလေသည်။

သို့ဖြင့် ရေအတွက် အငြင်းပွားကာ စကားများနေကြရာမှ တစ်ဖက်မှ လယ်လုပ်သားတစ်ယောက်က အခြားဖက်မှ လယ်လုပ်သားတစ်ယောက်အား လက်ရောက်ပုတ်ခတ်လိုက်လေသည်။ အရိုက်ခံရသော သူကလည်း အခြားတစ်ယောက်ကို ရိုက်နှက် ပုတ်ခတ်ကြခြင်းဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကြစဉ်တွင် တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ဆဲဆိုကြလျက် အုပ်ချုပ်သောမင်းတို့ ထိအောင် တိုက်ခိုက်ဆဲရေးကြလေသည်။ ထိုအခါ ကောလိယပြည်သားတို့က...

“တောခွေး-အိမ်ခွေး အစရှိသည်တို့သည် မိမိတို့၏ အစ်မ-နှမတို့နှင့် အတူတကွ ပေါင်းသင်း နေထိုင်ကြသကဲ့သို့ သင်တို့၏ မင်းတို့သည်လည်း မိမိတို့၏ နှမတို့နှင့် ပေါင်းသင်းနေထိုင် ကြကုန်သော ကပိလ၀တ် မင်းတို့၏ ဆင်၊ မြင်း၊ ဒိုင်းကာလက်နက်တို့သည်လည်းကောင်း၊ ခဲယမ်းမီးကျောက်တို့သည် လည်းကောင်း၊ ငါတို့အား ဘာတတ်နိုင်မည်နည်း၊ ငါတို့ ဂရုမစိုက်”

ဟု ထိခိုက်ဆဲရေးကြလေကုန်သည်။ ထိုစကားကို ကြားလျှင် ကပိလ၀တ်ပြည်သားတို့ကလည်း ဒေါသအမျက်ထွက်ကြကုန်လျက်...

“အချို့တို့သည် နူနာရှိကုန်သဖြင့် အားထားရာကိုးကွယ်ရာ မရှိသောကြောင့် ကလောပင်၏ သစ်ခေါင်းထဲသို့ ၀င်နေသော တိရစ္ဆာန်တို့သည် ထိုကလောပင် အခေါက်ကိုသာ စားနေကြသကဲ့သို့ နူနာရှိသော သူတို့ ကလောပင် အခေါင်း၌ နေကြစဉ် သင်တို့က ခေါ်ဆောင်၍ မင်းပြုထားသော အနူမင်းတို့၏ ဆင်၊ မြင်း၊ ဒိုင်းကာ လက်နက်တို့သည်လည်းကောင်း၊ ခဲယမ်းမီးကျောက် တို့သည်လည်းကောင်း ငါတို့အား ဘာတတ်နိုင်မည်နည်း၊ ငါတို့က ဂရုမစိုက်”

ဟု အပြန်အလှန် ပြောဆိုကြပြီးလျှင် အသီးသီး ပြန်ကြကုန်လျက်လယ်ယာလုပ်ငန်းဆိုင်ရာ အမတ်ဝန်ကြီးတို့ကို တိုင်ကြားလေသဖြင့် ထိုလမိုင်းဝန်တို့ကလည်း သက်ဆိုင်ရာမင်းတို့ကို သံတော်ဦး တင်ကြလေကုန်သည်။

ယင်းသို့လျှင် မင်းတို့အား သံတော်ဦးတင်လိုက်ကြသောကြောင့် ကပိလ၀တ် မင်းတို့က “မိမိနှမတို့နှင့်အတူ ပေါင်းဖော် နေထိုင်သော ငါတို့၏ အား-အစွမ်းသတ္တိကို ပြကြရသေးတာပေါ့၊ အားလုံးစစ်တိုက်ရန်အတွက် ပြင်ဆင်၍ ထွက်ကြ”ဟု အမိန့်ပေး၍ ထွက်ခဲ့ကြလေရာ ကောလိယမင်းတို့ကလည်း...

“ကလောပင်၌နေပြီး ကလောအခါက်စားနေရသော အနူတို့၏ အား-အစွမ်းသတ္တိကို သိကြရအောင် ယခုပင် စစ်ဆင်၍ ထွက်ကြ”ဟု အမိန့်ပေး၍ ထွက်လာခဲ့ကြလေရာ ရောဟိဏီမြစ် တစ်ဖက်တစ်ချက်၌ မျက်နှာချင်းဆိုင် မိကြလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ်မှ ထတော်မူ၍ လောကကို ကြည်တော်မူသည်ရှိသော် နှစ်ဖက်သော ဆွေတော်မျိုးတော်တို့သည် “ငါမသွားက ပျက်စီးသေကျေ သွေးချောင်းစီးမည်ကို မြင်တော်မူသည့်ဘ၀၊ ငါဘုရား ကြွသွားက နှစ်ဖက်သော ဆွေတော်မျိုးတော် တို့အား ငြင်းခုံခိုက်ရန် ငြိမ်းစေဖို့အတွက် (ဖန္ဒနဇာတ်-ပထ၀ီဥနြ္ဒိယဇာတ်-လဋုကိလဇာတ်) ၃ဇာတ်တို့ကို ဟောအံ့။ ထိုအခါ ခိုက်ရန်ငြိမ်း၍ အေးချမ်းကာ စိတ်သဘော ညီညွတ်ကြသောအခါ ညီညွတ်ခြင်း၏ အကျိုးပြ (ရုက္ခဓမ္မဇာတ်-၀ဋ္ဋကဇာတ်) ၂ဇာတ်တို့ကို ဟောပြီးလျှင် “အတ္ထဒဏ္ဍသုတ်”ကို ဆက်လက်ဟောသောအခါ နှစ်ဖက်သော မင်းတို့သည် မင်းသားငယ် ၂၅၀စီ ရဟန်းပြုရန် ပေးကုန်လတ္တံ့၊ ထိုသူတို့ ရဟန်းပြုပြီးသည့်နောက် ရဟန္တာဖြစ်ပြီးသောအခါ မဟာဝုန်တောတွင် ကြီးစွာသော နတ်ဗြဟ္မာ စည်းဝေး တရားပွဲကြီး(မဟာသမယ)သည် ဖြစ်လတ္တံ့”ဟုလည်း မြင်တော်မူသောကြောင့် မည်သည့်ရဟန်းတစ်ပါးကိုမျှ အသိမပေးဘဲ တစ်ကိုယ်တော်တည်း သပိတ်သင်္ကန်းတို့ကို ယူတော်မူလျက် ကောင်ကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် နှစ်ဖက်သော မင်းတို့စစ်ပြင်ရာ ရောဟိဏီမြစ်လယ် အထက်ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးနေတော်မူသည်ရှိသော် နှစ်ဖက်သောမင်းတို့သည် မြတ်စွာဘုရားကို တွေ့မြင်ကြရလေသဖြင့်...

“ငါတို့၏ နောင်တော်ကြီး ကြွလာတော်မူသည်၊ ငါတို့သည် နောင်တော်ကြီးရှေ့မှောက်၌ ဤသို့ လက်နက်ကိုင်ဆောင်ခြင်ငှာမသင့်၊ ရန်သူတို့သည် ငါတို့အား ပစ်သော်လည်း ပစ်စေကုန်၊ ထိုးခုတ်သော်လည်း ထိုးခုတ်စေကုန်၊ ငါတို့ ပြန်၍ ရန်မပြုအံ့”

ဟု အသိတရားဖြင့် လက်နက်တို့ကို စွန့်ပစ်ကြလေကုန်ပြီ၊ တစ်ဖက်သော မင်းတို့ကလည်း ထိုနည်းအတူ စွန့်ပစ်ကြလေကုန်သည်။ ထိုအခါမှ နှစ်ဖက်မင်းတို့၏ အလယ် ကောင်းကင်ထက်မှ မြတ်စွာဘုရားက...

“မင်းမြတ်တို့ - ဤနေရာသို့ အဘယ်ကိစ္စနှင့် လာကြကုန်သနည်း”

“မြတ်စွာဘုရား-တပည့်တော်တို့သည် ရေကစားရန်၊ တောကစားရန်၊ မြစ်ကိုကြည့်ရန်၊ တောလည်ရန်၊ ပျော်မြူးရန် လာကြခြင်း မဟုတ်ပါ၊ အဟုတ်အမှန်သော်ကား စစ်တိုက်ဖို့ ရောက်လာကြပါသည် ဘုရား”

“ဘာကိုအကြောင်းပြု၍ စစ်တိုက်ကြမည်နည်း”
“ရေကိစ္စကို အကြောင်းပြုပါသည် ဘုရား”

“ရေသည် အဘယ်မျှ အဖိုးတန်သနည်း”
“ရေဟူသည် အနည်းငယ်သာ တန်ဖိုးရှိပါသည် ဘုရာ”

“မင်းမြတ်တို့-မြေသည် အဘယ်မျှ တန်ဖိုးရှိသနည်း”
“မြေသည် တန်ဖိုးမဖြတ်နိုင်ပါ ဘုရား”

“မင်းမြတ်တို့-တန်ဖိုးမဖြတ်နိုင်သောမြေကို အစိုးရသော မင်းတို့သည် အဘယ်မျှ တန်ဖိုးရှိသနည်း”
“မြတ်စွာဘုရား-မင်းတို့သည် တန်ဖိုးမဖြတ်နိုင်ပါဘုရား”

“မင်းမြတ်တို့-သို့ဖြင့် တန်ဖိုးနည်းသော ရေကိုအကြောင်းပြု၍ တန်ဖိုးမဖြတ်နိုင်သော မင်းတို့ကို အဘယ်ကြောင့် ဖျက်ဆီးလိုကြသနည်း၊ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဟူသည် သာယာဖွယ် မဟုတ်၊ အကြောင်းမဟုတ်သည်ကို အကြောင်းလုပ်၍ ရန်ပြုမူကြောင့် ၀က်ဝံနှင့်ကြို့ပင်စောင့်နတ်တို့သည် ဤကမ္ဘာသို့တိုင်အောင် လိုက်၍ ပျက်စီးကြကုန်ဖူးပြီ”ဟု ဖန္ဒနဇာတ်ကို ဟောတော်မူသည်။

ထို့နောက် မြတ်စွာဘုရားသည်...

“မင်းမြတ်တို့-တိုင်းပြည်အုပ်ချုပ်သော မင်းတို့မည်သည် တစ်ပါးသောပုဂ္ဂိုလ်၏ စကားမျှဖြင့် အတိအကျမသိဘဲ ယုံကြည်မူ မပြုကောင်းပေရာ၊ တစ်ပါးသူ၏ စကားကို မဆင်ခြင် ယုံကြည်မူကြောင့် ယုန်ငယ်၏ စကားဖြင့် တောသုံးထောင်ရှိ သတ္တ၀ါတို့ မဟာသမုဒ္ဒရာသို့ ပြေးဝင်ဖူးကြကြောင်း”

ဖြင့် ပထ၀ီဥန္ဒြိယဇာတ်ကို ဟောတော်မူပြီးနောက်...

“မင်းမြတ်တို့-တစ်ခါတစ်ရံ အားနည်းသော သူကိုသော်လည်း မထီမဲ့မြင် မပြုရာ၊ အထင်မသေးရာ အားနည်းသောသူသည်လည်း တစ်ခါတစ်ရံ အားကြီးသောသူ၏ အင်အားကို ဖျက်ဆီးနိုင်ကြောင်းဖြင့် ဗီလုံးငှက်မငယ်သည် အားကြီးသော ဆင်ပြောင်ကြီးကို သတ်ဖူးပြီ”

ဟု လဋုက်က ဇာတ်ကို ဟောတော်မူ၍ ညီညွတ်ခြင်း၌ အကျိုးရှိ၍ မညီညွတ်ခြင်း၌ အကျိုးပျက်စီးကာ ဆင်းရဲပုံတို့ကို ပြခြင်းငှာ “ရုက္ခဓမ္မဇာတ်နှင့် ၀ဋ္ဋကဇာတ်” တို့ကို ဟောတော်မူပြီးနောက် ခိုက်ရန်ငြင်းခုံခြင်း၌ သာယာဖွယ် တစ်စုံတစ်ရာ မရှိပုံတို့ကို ဟောတော်မူရာ နှစ်ပြည်ထောင်မင်းတို့သည်...

“ငါတို့၏ အသက်သည် နောင်တော်ကြီး၏ အသက်သာရှိတော့သည်၊ နောင်တော်ကြီးကြွမလာက ငါတို့၏ အသက်သည် မရှိတော်သည့်အဖြစ်သို့ ရောက်မည်”

ဟု ၀မ်းမြောက်ကျေးဇူးတင်စွာနှင့် တစ်ဖက်လျှင် မင်းသားငယ် ၂၅၀စီပေး၍ ရှင်ရဟန်းပြုကာ မဟာဝုန်တောတွင် ရဟန္တာဖြစ်ကြ၍ ဘုရားတစ်ဆူ တစ်သက်တွင် တစ်ခါသာ ကြီးကျယ်သော နတ်ဗြဟ္မာတို့၏ မဟာသမယနေ့ကြီး ဖြစ်သတည်း။

(ဓမ္မပဒ ဋ္ဌကထာ ဉာတိကလဟ၀ူသမ ၀တ္ထုနှင့် သုတ်မဟာဝါ အဋ္ဌကထာ မဟာသမယ အဖွင့်တို့ကို တိုက်ရိုက် မြန်မာပြန်ထည့်လိုက်သည်)။

ဤမျှ အထိုးမတန်သော ရေအပေါ်တွင် စွဲလမ်းတပ်မက်လိုချင်သည့် အတွက်ကြောင့် အဆင့်ဆင့် ခိုက်ရန်ဖြစ်ကြလျက် အုပ်ချုပ်သော မင်းတို့တိုင်အောင် သတ်ဖြတ် တိုက်ခိုက်ကြသည်အထိ ကျယ်ပြန့်သွားရကား မြတ်စွာဘုရားကြွရောက်ဆုံးမလာသည့် အတွက်ကြောင့်သာ တော်တော့သည်။ သို့မဟုတ်က အာရုံဝတ္ထု တပ်မက်မူကာမဂုဏ်သည် လောကအားလုံကိုပင် ပြောင်စင်အောင် မီးလောင်ပြာချနိုင်ကြောင်း သတိထားဖွယ်ရာပင်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။