ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 17 November 2012

နတ်ဘုံခန်း

ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌ ငရဲသူငရဲသားတို့ ဆင်းရဲရပုံကိုပြခဲ့ပြီ။ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲပုံကိုလည်း မျက်မြင်အားဖြင့်လည်းကောင်း၊ ကြားဖူးနားဝဖြင့်လည်းကောင်း အတော်အတန် သိလောက်ပြီ။ လူများ၏ ဆင်းရဲချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူးရေးဖွယ်မလို။ နတ်စည်းစိမ်ကိုကား အများပင် သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို အကျဉ်းချုပ်စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံ အကြောင်းများကို ပြပေအံ့။


နတ်ဘုံနတ်ခန်း
နတ်စည်းစိမ်ကား လူ့စည်းစိမ်ထက် နေရာတိုင်းပင်သာလွန်၏။ မြက်ဖျားပေါ်က ဆီးနှင်းပေါက်နှင့် သမုဒ္ဒရာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့် နတ်စည်းစိမ်များ ကွာခြား၏။ တာဝတိံသာနတ်တို့၏ “သုဒဿန” မည်သော နေပြည်တော်သည် မြင်းမိုရ်တောင်ထိပ်ဝယ် ယူဇနာတစ်သောင်းကျယ်သော အရပ်၌ တည်ရှိ၏။ ထိုနေပြည်တော်၏ အရှေ့ဘက်၌ နန္ဒ၀န် ဥယျာဉ်ခေါ် နန္ဒနဥယျာဉ်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော နတ်များကိုပင် စုတေရမည့် အရေးကို မတွေးမိလောက်အောင် ပျော်မွေ့ဖွယ်ကို ဆောင်လေသတဲ့။

မခြောက်မသွေ့ပကတိစိုစိမ်း၍ မြရည်လိမ်းထာသလို ပန်းပင်ပျိုတို့၏ အကြားအကြားဝယ် မောင်မယ်နတ်များတို့ လှည့်လည်သွားလာနေကြသည့်အတွက် ဥယျာဉ်တော်မှာ တစ်မျိုး ကျက်သရေတက်လေတော့၏။ ထိုဥယျာဉ်တော်နှင့် မြို့တော်၏ အလယ်မှာ မဟာနန္ဒာ၊ စူဠနန္ဒာ အမည်ရှိသော ကန်တော်ကြီး ၂-သွယ်ကလည်း နဂိုက တင့်တယ်သည့်အပြင် ကြည်လင်သော ရေများကို ရူစားဖို့ရာ ကမ်းအစ၌ ဆန်းကြယ်လှသော ရတနာထိုင်ခုံများကြောင့် တစ်မျိုး သားနားလျက်ရှိပြန်၏။ မြို့တော်၏ တောင်မျက်နှာ အနောက်မျက်နှာနှင့် မြောက်မျက်နှာတို့၌လည်း ထိုကဲ့သို့ တည်ရှိလေသည်။

နတ်သားနတ်သမီး
မိမိတို့ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင်ရရှိပြီးသော ဗိမာန်များလည်း ဆန်းပြားလှပေ၏။ အားလုံးသော နတ်လုလင်တို့က အသက် ၂၀-အရွယ်၊ နတ်မိမယ်တို့က ၁၆-နှစ်အရွယ်၊ သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်းမရှိ၊ ပကတိ အလှမပျက်အောင် တစ်သက်လုံးတည်နေ၏။ နတ်သြဇာ အဆီအနှစ်ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်တွင်း၌ အလေးအပေါ့မှစ၍ မကောင်းသော အနိဋ္ဌာရုံဟူသမျှတို့ လုံးဝမရှိတော့ရကား နတ်သမီးတို့မှာ ဓမ္မတာသွေး အညစ်အကြေးတို့မှ ကင်းစင်လေ၏။ (၁) ကာမချမ်းသာ ခံစာားမူတို့၌ကား နတ်ပြည် ၆-ထပ်လုံးမှာပင် လူများနှင့် မထူးခြားသော်လည်း အညစ်အကြေးမဖြစ်ဘဲ သွေးသားလူပ်ရှားရုံမျှဖြင့် ကိစ္စပြီးလေသည်။ (၂) နတ်ဒေ၀ီတို့၌ ကိုယ်ဝန်ဆောင်မူနှင့် သက်ဆိုင်သော ကိစ္စစုများ (၃) သားသမီိးဖြစ်ထိုက်သော နတ်သားနတ်သမီးတို့မှာ ရင်ခွင်၌သော်လည်းကောင်း၊ အိပ်ရာပေါ်၌သော်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ သားသမီးအရာ၌ တည်သော နတ်များအပြင် အခြားအစေခံနတ်သား နတ်သမီးများ ရှိသေးရကား တချို့နတ်များ၌ ဗိမာန်ကိုယ်ပိုင် မရှိကြဟု သိသာ၏။ လူ့ပြည်၌ကဲ့သို့ နတ်သား နတ်သမီးပျိုတို့၏ သွားလာလည်ပတ်ကြမည့်အရေးမှာ တွေးတောစဉ်းစားဖွယ်ရာ ပင်တည်း။ နတ်ဇာတ်သမားဖြစ်သော ပဉ္စသီခနတ်သားသည် တိမ္ဗရု နတ်မင်းကြီး၏ သမီးပျိုဖြစ်သော သူရိယ၀စ္ဆသာ နတ်သမီးအပေါ်မှာ အတော်စွဲလမ်းနေ၏။ နတ်ပျိုလှည့်ရာတွင် စောင်းကိုတီးကာ သာသာယာယာသီဆိုသော စောင်းသီချင်းသံများတွင် အောက်ပါ ဂါထာလည်း အပါအ၀င်ဖြစ်သည်။

ယံ မေ အတ္ထိ ကတံ ပုညံ၊ အရဟန္တေသု တာဒိသု။
တံ မေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ၀ိပစ္စတိ။

တာဒိသု၊ ကောင်းဆိုးနှစ်တန် လောကဓံကြောင့် ဖောက်ပြန်မတုန် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပေသော။ အရဟန္တေသု၊ ပူဇော်သမျှ အကျိုးရဖို့ နိစ္စဖြူစင် ရဟန္တာအရှင်မြတ်တို့၌။ မေကတံ၊ မောင်တော်ချည်းသာ မယ်မပါဘဲ ကောင်းစွာအသီးသီး ပြုအပ်ပြီးသော။ ယံပုညံ၊ ဒါန သီလ စသည်ပေါင်းစု အကြင်သို့သော မြတ်ကောင်းမူသည်။ အတ္ထိ၊ အကျိုးပေးမူ အလေးပြုလျက် ယခုအနေ ရှိပါပေ၏။ သဗ္ဗင်္ဂကလျာဏိ၊ ကောင်းခြင်းအင်္ဂါမင်္ဂလာနှင့် ထင်စွာ ပြည့်ကြွယ် အို နတ်မိမယ်။ မေ၊ ပဉ္စသီခ မည်ရဘွဲ့နှောင် မယ်မယ့်မောင်၏။ တံ ပုညံ၊ ရှေးက ဆည်းပူး ထိုကုသိုလ်ထူးသည်။ တယာ၊ မောင်တော့် သက်လယ် သင်နတ်မိမယ်နှင့်။ သဒ္ဓိံ ၀ိပစ္စတံ၊ အတူတွဲနှောင် မကွဲအောင်လျှင် မြဲခေါင်ဖြိုးဝေ အကျိုးပေး ပါစေသတည်း။

ဤမျှလောက်ပင် ပဉ္စသီခနတ်သားက စွဲလမ်းနေသော်လည်း သူရိယ၀စ္ဆသာ နတ်သမီးမှာမူ မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တီနတ်သားကိုမှ မှန်းထားလျက်ရှိသည်။ သို့ရာတွင် သိကြားမင်းက ပဉ္စသီခနတ်သားကို (သူ့အား ကျေးဇူးများသည့်အတွက်) သူရိယ၀စ္ဆသာနတ်သမီးနှင့် လက်ထပ်ပေးလေသည်။ တချို့နတ်သမီးတွေမှာ ဗိမာန်အဆင်သင့်ရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်သည့် နတ်သားမရှိကြသဖြင့် ပျင်းရိငြီးငွေ့ အလိုမပြည့်ကြသည်လည်းရှိသေး၏။ ကုသိုလ်ကံချင်း ကွာခြားသလောက် ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေသောကြောင့် ကိုယ့်ထက်သာ၍ မနာလိုသူတွေလည်း ရှိပေမည်သာ။ ဥယျာဉ်ရေကန်၌ တပျော်တပါး လလှည့်လည်ကြသည်မှာလည်း ကြည်နူးစရာပေ။

အပေါင်းရွေညီ၊ ဘုံကိုယ်စီဝယ်၊ ကျူးသီမပြီး၊ ပျော်မငြီးဖို့၊ နတ်တီးနတ်ငြိမ့်၊ တခြိမ့်ခြိမ့်နှင့်၊ သိမ့်သိမ့်သဲသဲ၊ ရူမရဲအောင်၊ နတ်ပွဲသဘင်၊ အမြဲရွင်၏၊ မပင်မပူ၊ နတ်နန်းသူတို့၊ ပျူပျူငှာငှာ၊ ရွေမျက်နှာဖြင့်၊ ကြည်သာစိမ်းစိမ်း၊ မြမြရှိန်းတည်း၊ ငြိမ်းငြိမ်းအေးလျက်၊ ကုသိုလ်စက်ကြောင့်၊ မပျက်တစ်ရံ၊ စည်စိမ်စံ၍၊ မောင်နှံချစ်ပုံ၊ အသစ်ကြုံသို့၊ ဖော်စုံရွှင်မြူး၊ ချစ်ကြည်နူးလျက်၊ အထူးမေတ္တာ၊ သက်ပမာဖြင့်၊ ချမ်းသာမကင်း၊ ချစ်ငွေ့သွင်းသည်၊ ချစ်ခြင်းအတုံ့ အလှယ်တည်း။ (မဃဒေ၀လင်္ကာ)

ဤကာမဂုဏ်စခန်း၌အစွမ်းကုန် ပျော်ဖွယ်ကောင်းသည့်အပြင် ပျော်မွေ့ဖွယ်ကောင်းသလောက်လည်း ပျော်
စံလေ့ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာကြာရှည်စွာ မနေနိုင်ကြတော့ဘဲ အနာဂါမ်ဖြစ်သူတို့ ဗြဟ္မာ့ပြည်သို့ စုတေရွေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန် စံကြလေတော့သည်။ သို့ဖြစ်၍ နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားဘက်၌သာ အားထုတ်၍ ယောဂီလုပ်မည်ဟု မမျှော်လင့်လေနှင့်။ လူ့ပြည်က အသေအလဲ အားခဲသွားသူနှင့် ဘုရားလက်ထက်တော်က ဘုရားတရားကို နာရသူလောက်သာ နတ်ပြည်၌ တရားသားတက်ဖွယ်ရှိသည်။ မလိုလဲလိုလဲ တရားမြဲသူကား နန္ဒဥယျာဉ် အပေါက်ဝတွင် တရားကလေးများ ပျောက်ကျရစ်လတ္တံ့။

နတ်ပြည်၌ ကမ္မဋ္ဌာန်းကို မဆိုထားနှင့်၊ ဥပုသ်မကျိုးအောင်ပင် စောင့်စည်းဖို့ရာ အပုံကြီးခဲယဉ်း၏။ နတ်သမီးတွေ ပွတ်သီးပွတ်သပ်ပြုချက်ကြောင့် သီလပျက်သည်ကသာ များလေ၏။ စမ္ပေယျနဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ ဥပုသ်ကျိုးရပုံနှင့် ၀ိဓူရဇာတ်တော်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ပါလေ။ ဘုရားအလောင်းတော်တို့သည် ပါရမီ ဖြည့်ခွင့်မရကြသော နတ်ပြည်၌ သက်တမ်းစေ့အောင်မနေရဘဲ စုတေခြင်း တစ်မျိုးဖြင့် စုတေအောင် ဓိဋ္ဌာန်ကာ လူ့ပြည်၌သာ ပါရမီ ဖြည့်တော်မူကြသည်။

နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် မြဲကြသူတို့ မျှော်လင့်ချက် အနည်းငယ်မျှရှိသေး၏။ ထိုအချက်ကား စူဋ္ဌာမဏိစေတီတော်နှင့် သုဓမ္မာ ဓမ္မာရုံကြီးတို့တည်း။ စူဋ္ဌာမဏိစေတီတော်မှာ တစ်ယူဇနာမြင့်သော မြသားစေတီတော်ကြီး ဖြစ်သည့်အပြင် ထိုမြသား စေတီတော်ကြီးအတွင်း၌ ဘုရားအလောင်းတော်ဘ၀က ဆံတော်ဓာတ်နှင့် လက်ယာစွယ်တော်ဓာတ်များ ကိန်းဝပ်တော်မူလျက် ရှိ၏။ သဒ္ဓါတရား ထက်သန်သော နတ်သမီးနတ်သား မောင်မယ်စုံနတ်များမှာ အသက်တမ်းကလည်းရှည်၊ စိတ်ဓာတ်ကလည်း ကြည်သောကြောင့် (အခြားမောင်မယ်စုံတို့လို ဥယျာဉ်ထဲ၌ ပျော်ပွဲမခံဘဲ) စေတီတော်ထံပါး၌ ပန်းစသော လှူဖွယ်ဝတ္ထုများဖြင့် ၀ပ်တွားဆည်းကပ်၍ ဆုထူးဆုမြတ်ကို ပန်ဆင်ကာ ရသင့်သမျှ ပါရမီတိုးပွားအောင် ကြိုးစားကြမည်မှာလည်း ယုံမှားစရာ မရှိပါပေ။

သုဓမ္မာ ဓမ္မာရုံကြီး၏ကျက်သရေမှာ ရေးသား၍ ကုန်ဆုံးနိုင်ဖွယ်ရာမရှိ။ ဓမ္မာရုံအဆောက်အအုံ အားလုံးတို့၌ ရတနာမျိုးစုံကို သူ့ နေရာနှင့်သူ သုံးစွဲထား၏။ ထိုဓမ္မာရုံအနီး၌ တည်ရှိသော ပင်လယ် ကသစ်ပင်မှ ပန်းများလည်း ဓမ္မာရုံအတွင်းသို့ လေညင်းပိုသဖြင့် နှစ်မြို့စဖွယ် တင့်တယ်စွာ ပျံ့နှံ့လျက်ရှိ၏။ အလယ်ဗဟိုတရား ပလ္လင်ဝယ် ထီးဖြူကြီးကို စိုက်ထူထားပြီးလျှင် တရားပလ္လင်၏ ဘေးမှစ၍ သိကြားမင်း၊ ပဇာပတိနတ်မင်း၊ ၀ရုဏနတ်မင်း၊ ဤသာနနတ်မင်းစသော (မဃလုလင်ဘ၀တုန်းက ကောင်းမူပြုဖက်) ၃-ကျိပ် ၃-ပါး နတ်မင်းကြီးများ၏ နေရာကို စီစဉ်ထား၏။ ထို့နောက် ထင်ရှားသော နတ်များနှင့် မထင်ရှားသော နတ်များဖို့လည်း နေရာများ စီစဉ်ထားသည်။ (ဤသုဓမ္မာနတ်သဘင်မှာ တာဝတိံသာမှ အထက်နတ်ပြည် ၄-ထပ်၌လည်းရှိ၏။)

စည်းဝေးချိန်ရောက်လျှင် သိကြားမင်းကိုယ်တိုင် အချက်ပေးလိုက်သော “၀ိဇယုတ္တရ” ခေါ် ခရုသင်းကြီး၏ အသံမှာ ယူဇနာတစ်သောင်းကျယ်သော သုဒဿန နတ်မြို့တော်ကြီးကို ရိုက်ဟီးလျက် လူ့အရေအတွက်ဖြင့် ၄-လကြာအောင် အဆက်ဆက် မြည်ဟီးနေသောဟူ၏။ ဆိုင်ရာနတ်များ ဓမ္မာရုံအတွင်းသို့ ၀င်မိကြလျှင် ရတနာရောင် ပန်းရောင်တွေ လွှမ်းမိုးနေသဖြင့် ဓမ္မာရုံတစ်ဆောင်လုံး နီမြန်းနေတော့၏။ တစ်ရံတစ်ခါ ဗြဟ္မာ့ပြည်မှ ဆင်းလျက် သနင်္ကုမာရဗြဟ္မာမင်းက တရားဟော၏။ ထို့ကြောင့် စူဠာမဏိစေတီတော်ကို ဖူးမြော်ရခြင်း၊ သုဓမ္မာနတ်သဘင်ဝယ် တရားနာခြင်းတို့အတွက် မျှော်လင့်ချက်ကလေး ရှိပေသေး၏။ “မျှော်လင့်ချက်” ဆိုသော်လည်း မဂ်ဖိုလ်ရလောက်အောင် မျှော်လင့်ချက်ကို ဆိုလိုသည်မဟုတ်။ သူတော်ကောင်းစိတ်ဓာတ် မပျောက်ပျက်ဘဲ ခိုင်မြဲ၍ ကာမဂုဏ်ထဲမှ အထိုက်အလိုက် ရှောင်လွှဲနိုင်စရာရှိသည်ဟု ဆိုလိုသည်။

နောက်လာမည့် လူ့ပြည်ဆုပ်ကပ်အခါကြီး၌ကား “ရဟန်းရှင်လူတို့ တရားပြည့်ဝကြလိမ့်မည်”ဟု မျှော်လင့်ဖွယ်ရာ မရှိတော့။ ယခုပင် အမြင်မတော်လှပြီ။ သံသရာဒုက္ခတွေကို တကယ်ရွံလျှင် ယခုဘ၀၌ပင် စွန့်စွန့်စားစား မဂ်ပေါက် ဖိုလ်ပေါက် တရားကို ကြိုးစားသင့်ကြ၏။ နတ်ပြည်ကပင် အရိမေတ္တယျ ဘုရားရှင်ကို စောင့်စားဖူးမြော်လျက် တရားတော်ကိုနာပြီးမှ မဂ်ဖိုလ်ရဖို့ မှန်းသူများလည်း နန္ဒ၀န်ဥယျာဉ်တော်ပေါက်၌ ရှိသမျှ ဓာတ်ခံကလေးများ ပျောက်မသွားအောင် အတော်ထူထောင်ရလိမ့်မည်။ ပေါ့ပေါ့ဆဆနှင့် “နတ်ပြည်ကျမှ အားပါးတရခံစားမည်”ဟု အားခဲနေသူတို့ကား အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူလာသော်လည်း ကာမဂုဏ် အတွေ့ထူးဖြင့် မေ့မူးလျက် ရှိဦးမည်သာ။ ထို့ကြောင့် ကိုယ့်အစွမ်း ကိုယ့်တရားဖြင့် အများကို ကယ်တင်မည့်ပုဂ္ဂိုလ်နှင့် အဂ္ဂသာဝက မဟာသာဝက အလောင်းတော်တို့မှတစ်ပါး အခြားသူတို့ကား ယခုပင် ကြိုးစားသင့်ကြပါသည်။

“ဘေးပွဲကြုံ၊ အေးသဲတုန် ကိုယ်စီကုတ်ပါလို့၊ အားထုတ်သင့်သား။ သို့ပါကို၊ ဘယ်တော့ ဘာလိုလိုနှင့်၊ နောင်ရေးကို မျှော်ခေါ်လင့်လို့၊ ဘာဝနာ သီခေါင် လွင့်တယ်၊ ဖျင်းဖင့်အများ”

 
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment