ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 30 January 2013

နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓ၀င်များ


http://api.ning.com/files/1w6gnZGHF*YaXr3AUhe-5sfhXattj1TxpWegQIe9bw4jb10LMCmu5huVKUUhazIftXTW5HzGKu3wcRdEEzRFvnL*RMKKYija/Gawdama11.jpg 

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များနှင့် ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗောဓိပင်များကို လည်းကောင်း၊ ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာဘုရားများ ထံမှ အနိယတဗျာဒိတ်တော် ခံယူခဲ့ပုံများနှင့် ဒီပင်္ကရာမြတ်စွာဘုရားမှ အစပြု၍ ကဿပမြတ်စွာဘုရားတိုင်အောင် နိယတဗျာဒိတ်တော် ခံယူပုံများကို ဖော်ပြပေးထားပါသည်။

၁။ တဏှင်္ကရာမြတ်စွာဘုရား ပွင့်ရာ ဗောဓိ-စရည်းပင်
သာရမဏ္ဍကမ္ဘာဝယ် ပုပ္ပ၀တီပြည်၌ ခမည်းတော် နန္ဒ၊ မယ်တော် သုနန္ဒလတို့မှ ဖွားမြင်တော်မူပြီး၊ ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၇)ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် စရည်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။

၂။ မေဓင်္ကရာ မြတ်စွာဘုရား ပွင့်ရာ ဗောဓိ-သခွတ်ပင်
သာရမဏ္ဍကမ္ဘာဝယ် ၀ိပူလပြည်၌ ခမည်းတော် သုမင်္ဂလ၊ မယ်တော် ယသ၀တီတို့မှ ဖွားမြင်တော်မူပြီး၊ မြင်းယာဉ်နှင့် တောထွက်တော်မူကာ၊ လခွဲကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။

၃။ သရဏင်္ကရာ မြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပေါက်ပင်
သာရမဏ္ဍကမ္ဘာဝယ် မေဃလပြည်၌ ခမည်းတော် သုဒေ၀၊ မယ်တော် ယသောဓရာတို့မှ ဖွားမြင်တော်မူပြီး၊ ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၁၅)ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ပေါက်ဗောဓိပင်ရင်း၌ ဘုရား ဖြစ်တော်မူလေသည်။

၎။ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ရာ ဗောဓိ-ညောင်ကြတ်ပင်
အလောင်းတော် သုမေဓာရှင်ရသေ့သည် မြတ်စွာဘုရား ကြွရာလမ်းပြုပြင်ရာဝယ် ကိုယ်ကို တံတားခင်း၍လှူဒါန်း၏။ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၅။ ကောဏ္ဍညမြတ်စွာဘုရားပွင့်ရာ ဗောဓိ-နပဲပင်
အလောင်းတော် ၀ိဇီတာဝီစကြာမင်းသည် ကောဏ္ဍည မြတ်စွာဘုရား သီတင်းသုံးရန် ကျောင်းတော်ကို စီမံ၍ ဆွမ်းအစရှိသော အလှူကြီးပေး၏။ ကောဏ္ဍညမြတ်စွာဘုရားသည် အလောင်းတော် ၀ိဇိတာဝီစကြာမင်းကို နောင်သောအခါ၌ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၆။ မင်္ဂလမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်
အလောင်းတော် သုရုစိပုဏ္ဏားသည် ရတနာအတိပြီးသော မဏ္ဍပ်ကြီးဆောက်လုပ်၍ မင်္ဂလမြတ်စွာဘုရား အမှူးရှိသော သာဝကများကို (၇)ရက်ပတ်လုံး အလှူကြီးပေး၏။ မင်္ဂလမြတ်စွာဘုရားသည် အလောင်းတော် သုရုစိပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၇။ သုမနမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်
အလောင်းတော် အတုလနဂါးမင်းကြီးသည် သုမန မြတ်စွာဘုရားကို နတ်၌ဖြစ်သော တူရိယာများဖြင့် ပူဇော်၍ ဆွမ်း အဖျော်တို့ကို လှူတော်မူ၏။ သုမန မြတ်စွာဘုရားသည် အလောင်းတော် အတုလနဂါးမင်းကြီးကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၈။ ရေ၀တမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်
အလောင်းတော် အတိဒေ၀ပုဏ္ဏားသည် ရေ၀တ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်များကို ဂါထာတစ်ထောင်ဖြင့် ချီးကျူးပူဇော်ပြီး အဖိုးတစ်ထောင်ထိုက်သော အပေါ်ဝတ်ရုံကို လှူဒါန်း၏။ ရေ၀တ မြတ်စွာဘုရားသည် အတိဒေ၀ပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၉။ သောဘိတမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်
အလောင်းတော် သုဇာတပုဏ္ဏားသည် သောဘိတမြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်များကို ၀ါတွင်းသုံးလပတ်လုံး ကြီးစွာသောအလှူကြီးပေး၏။ သောဘိတမြတ်စွာဘုရားသည် သုဇာတပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၀။ အနောမဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ထောက်ကြံ့ပင်
အလောင်းတော်ဘီလူးစစ်သူကြီးသည် အနောမဒဿီမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးအတိပြီးသော မဏ္ဍပ်အတွင်း၌ (၇)ရက်ပတ်လုံး ဆွမ်းစသော အလှူကြီးပေး၏။ အနောမဒဿီမြတ်စွာဘုရားသည် အလောင်းတော်ဘီလူးစစ်သူကြီးကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၁။ ပဒုမမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြောင်လျှာပင်
အလောင်းတော် ခြင်္သေ့မင်းသည် (၇)ရက်ပတ်လုံး နိရောဓသမာပတ်ဝင်စားတော်မူသော ပဒုမမြတ်စွာဘုရားကို အလွန်ကြည်ညိုပြီး ဆည်းကပ်နေ၏။ ရဟန်းသံဃာများကိုလည်း ကြည်ညိုဆည်းကပ်၏။ ပဒုမမြတ်စွာဘုရားသည် အလောင်းတော်ခြင်္သေ့မင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၂။ နရဒမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြောင်လျှာပင်
အလောင်းတော်ရသေ့သည် နာရဒမြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းအလှူကြီးပေး၏။ ဟိမ၀န္တာမှ စန္ဒကူးနံ့သာနီကိုဆောင်ယူကာ လှူဒါန်း၏။ နာရဒမြတ်စွာဘုရားသည် အလောင်းတော်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၃။ ပဒုမုတ္တရမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ထင်းရှူးပင်
အလောင်းတော် ဇဋိလသူဌေးကြီးသည် ပဒုမုတ္တရမြတ်စွာဘုရား အမှူးပြုသော သံဃာတော်များကို ဆွမ်းခဲဖွယ်ဘောဇဉ်နှင့် သင်္ကန်းလျှာအ၀တ်အထည်ကြီးများ ပေးလှူ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် အလောင်းတော်ဇဋိလသူဌေးကြီးကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၄။ သုမေဓမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကမာကြီးပင်
အလောင်းတော် ဥတ္တရမည်သောလုလင်သည် မိမိစုဆောင်းထားသော ပစ္စည်းတို့ကို သုမေဓမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းပြီး သာသနာတော်၌ ရဟန်းပြု၏။ သုမေဓမြတ်စွာဘုရားသည် အလောင်းတော် ဥတ္တရလုလင်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၅။ သုဇာတမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြခတ်ဝါးပင်
အလောင်းတော် စကြာမင်းသည် သုဇာတမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးနှင့် ထီးနန်းစည်းစိမ်တို့ကို လှူဒါန်း၍ ရဟန်းပြု၏။ သုဇာတမြတ်စွာဘုရားသည် အလောင်းတော်စကြာမင်းရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၆။ ပီယဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ရေခံတက်ပင်
အလောင်းတော် ကဿပပုဏ္ဏားလုလင်သည် အလွန်ကောင်းမြတ်သော သံဃာ့အာရာမ်ကြီး ဆောက်လုပ်လှူဒါန်း၏။ ရတနာသုံးပါးနှင့်တကွ ငါးပါးသီလ ဆောက်တည်ကျင့်သုံး၏။ ပီယဒဿီမြတ်စွာဘုရားသည် အလောင်းတော် ကဿပလုလင်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၇။ အတ္ထဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-စကားပင်
အလောင်းတော်သုသီမပုဏ္ဏားသည် မိမိဥစ္စာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား လှူဒါန်း၍ ရသေ့ပြုလေ၏။ သုသီမရှင်ရသေ့သည် အတ္ထဒဿီမြတ်စွာဘုရားကို နတ်၌ဖြစ်သော ပဒုမာကြာပန်း၊ ပင်လယ်ကသစ်ပန်းတို့ကို လှူဒါန်း၏။ အတ္ထဒဿီမြတ်စွာဘုရားသည် သုသီမရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၈။ ဓမ္မဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သံသတ်ပင်
အလောင်းတော်သိကြားမင်းသည် နတ်အပေါင်းခြံရံလျက် နတ်၌ဖြစ်သော နံ့သာပန်း၊ တူရိယာမျိုးတို့ဖြင့် ဓမ္မဒဿီမြတ်စွာဘုရားကို ပူဇေဓာ်၏။ ဓမ္မဒဿီမြတ်စွာဘုရားသည် အလောင်းတော် သိကြားမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၉။ သိဒ္ဓတ္ထမြတ်စွာဘုရားပွင့်ရာ ဗောဓိ-မဟာလှေကားပင်
အလောင်းတော် မင်္ဂလပုဏ္ဏားသည် မိမိပိုင်ဥစ္စာတို့ကို သူဆင်းရဲတို့အား စွန့်ကြဲပြီး၊ ရသေ့ပြု၍ဈာန်အဘိညာဉ်ရ၏။ သိဒ္ဓတ္ထမြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ဈာန်အဘိညာဉ်တန်ခိုးဖြင့် ဗဇမ္ဗုသပြေသီး ယူဆောင်လှူဒါန်း၏။ သိဒ္ဓတ္ထမြတ်စွာဘုရားသည် မင်္ဂလရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၀။ တိဿမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပိတောက်ပင်
အလောင်းတော်သုဇာတမင်းသည် ထီးနန်းစည်းစိမ်ကိုစွန့်၍ ရသေ့ပြု၏။ နတ်၌ဖြစ်သောပန်းတို့ကို တန်ခိုးဖြင့်ယူဆောင်ပြီး မြတ်စွာဘုရားကိုပူဓေဇာ်၏။ ပဒုမ္မာထီးတစ်လက်ဖြင့် မြတ်စွာဘုရားဦးခေါင်းတော်၌ ဆောင်းမိုးပူဇော်၏။ တိဿမြတ်စွာဘုရားသည် သုဇာတရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၁။ ဖုဿမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သျှိသျှားပင်
အလောင်းတော် ၀ိဇိတာဝီမင်းကြီးသည် ကြီးစွာသောအလှူကြီး လှူဒါန်းကာ ထီးနန်းစည်းစိမ်စွန့်လျက် ရဟန်းပြု၏။ ဖုဿမြတ်စွာဘုရားသည် ၀ိဇိတာဝီရဟန်းတော်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၂။ ၀ိပဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သခွတ်ပင်
အလောင်းတော် အတုလနဂါးမင်းသည် ရတနာမဏ္ဍပ်တော်ကြီးဆောက်လုပ်၍ ၀ိပဿီမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို သီတင်းသုံးစေပြီး (၇)ရက်ပတ်လုံး အလှူကြီးပေး၏။ ရတနာခုနှစ်ပါးဖြင့် စီခြယ်သော ရွှေဓအင်ပျဉ်ကိုလှူ၏။ ၀ိပဿီမြတ်စွာဘုရားသည် အလောင်းတော် အတုလနဂါးမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၃။ သိခီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သရက်ဖြူပင်
အလောင်းတော် အရိန္ဒမမင်းသည် သိခီမြတ်စွာဘုရား အမှူးပြုသော သံဃာတော်မြတ်များကို တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်နှင့် တကွ တန်ဖိုးညီမျှသော အပ္ပိယ၀တ္ထုပစ္စည်းတို့ကို လှူ၏။ သိခီမြတ်စွာဘုရားသည် အလောင်းတော် အရိန္ဒမမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၄။ ဝေဿဘူမြတ်စွာဘုရားပွင့်ရာ ဗောဓိ-အင်ကြင်းပင်
အလောင်းတော် သုဒဿနမင်းသည် ဝေဿဘူမြတ်စွာဘုရား သီတင်းသုံးရန် ဂန္ဓကုဋီကျောင်းတော်ကြီးနှင့် ရဟန်းသံဃာတော်များ သီတင်းသုံးရန် ကျောင်းပေါင်းတစ်ထောင် ၀န်းရံဆောက်လုပ်လှူဒါန်း၍ ရဟန်းပြု၏။ ဝေဿဘူမြတ်စွာဘုရားသည် သုဒဿနရဟန်မြတ်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၅။ ကကုသန္ဓမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကုက္ကိုပင်
အလောင်းတော် ခေမမင်းသည် ကကုသန္ဓ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား သပိတ်သင်္ကန်းများနှင့် ဆေးဝါးတို့ကို လှူဒါန်း၍ ရဟန်းပြု၏။ ကကုသန္ဓမြတ်စွာဘုရားသည် ခေမမင်း ရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၆။ ကောဏာဂမနမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ရေသဖန်းပင်
အလောင်းတော် ပဗ္ဗတမင်းသည် ၀ါတွင်းသုံးလပတ်လုံး ကောဏာဂနမမြတ်စွာဘုရားနှင့် တပည့်သံဃာတော်များကို ပြုစုလုပ်ကျွေးကာ ပိုးဖဲကမ္ဗလာစသော အဖိုးတန် အထည်များကို လှူ၏။ ကောဏာဂမန မြတ်စွာဘုရားသည် အလောင်းတော် ပဗ္ဗတမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၇။ ကဿပမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပညောင်ပင်
အလောင်းတော် ဇောတိပါလလုလင်သည် ကဿပမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုလျက် ပရိယတ္တိသာသနာကို အလုံးစုံသင်ကြား၏။ ကဿပမြတ်စွာဘုရားသည် ဇောတိပါလရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၈။ ဂေါတမမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ညောင်ဗုဒ္ဓဟေပင်
အလောင်းတော် သိဒ္ဓိမင်းသားသည် ကပိလ၀တ်နေပြည်တော်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၊ မယ်တော် သီရိမဟာမာယာဒေ၀ီ မိဖုရားကြီးတို့မှ ဖွားမြင်တော်မူပြီး ကဏ္ဍိကမြင်းယာဉ်တော်စီးကာ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ၆နှစ်ကြာကျင့်တော်မူပြီး မဟာဗောဓိ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားဖြစ်တော်မူသည်။

ကန်တော်မင်ကျောင်း လောကသာရ ဆုံးမစာများ

၁။ အမျိုးလေးပါးကို ဆုံးမသောအခန်း
(၁) ကြားပိမ့်သူမြတ်၊ အမြဲမှတ်စိမ့်၊ ဟိတတ္ထိက၊ သြ၀ါဒဖြင့်၊ ဆုံးမပေးထွေ၊ နာဝင်စေလော့၊ နေသို့ထင်ရှား၊ ဘုရား၊ တရား၊ သံဃာ၊ ရတနာ ထွတ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထိပ်တက်၊ အမြဲရွက်၍။ ။စုံမက်သဒ္ဒါ ကြည်စေမင်း။

(၂) အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာ တုလျက်၊ ကောင်းမူမြတ်နိုး၊ ကောင်းအောင်ကြိုး၍။ ။ကောင်းကျိုးကိုယ်၌ တည်စေမင်း။


(၃) သက်ကြီးမိဘ၊ ဆရာစကား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကြုံ့သို့၊ နူတ်တုံ့မ၀ံ့၊ စောင်မာန် ညံ့၍၊ ကြောက်ရွဲ့ရိုသေ၊ သည်းခံထွေဖြင့်။ ။ကောင်းတေ နှလုံးရှည်စေမင်း။

(၄) ဆန္ဒဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ကတိတည်၍၊ လူ့ပြည်နတ်ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်လျက်၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြေ၊ စိုက်ကြဲထွေဖြင့်။ ။ပျိုးခြေအပင် စည်စေမင်း။

(၅) ကိုယ်နူတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တ၀ါကို၊ မေတ္တာသက်ပေ၊ လှူဖို့ဝေ၍၊ စိတ်စေကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာကြီးပွား၊ နှစ်ပါးမြတ်ထက်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍။ ။မြဲပင်စင်းလျင်း၊ ပေါင်းယှဉ်မင်း။

(၆) ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်လို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍။ ။ရှောင်လွဲဖဲကြဉ် နိုင်စေမင်း။

(၇) ပါဏာတိပါတ်၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသေစာ၊ အိပ်ရာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါန လှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း။ ။မျက်မာန်မပြင်း ကောင်းစေမင်း။

(၈) မိခင်ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍။ ။ခပ်သိမ်းမယွင်း ငြိမ်းစေမင်း။

(၉) စတုဒိသာ၊ လေးမျက်နှာမှ၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ ဆည်းခဲ့ဥစ္စာ၊ အိမ်လှောင်ခါ၌၊ လွယ်ကာထားယူ၊ ထိုသသူကို၊ လိုတူမှတ်သား၊ သနားမြတ်လေး၊ ၀တ်စားပေး၍။ ။ကျွေးမွေးထံရင်း ငြိမ်းစေမင်း။

(၁၀) အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ သုံးပါးလက္ခဏာ၊ မခြားအောက်မေ့၊ တစေ့စေ့လျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ရုပ် ကြိမ်ဖန်၊ စက်အဟန်သို့၊ ဖန်တလဲလဲ၊ ၀ဋ်ဆင်းရဲကို၊ ၀မ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်။ ။ရိုးရေသည်းတွင်း၊ ကျိန်းစေမင်း။

(၁၁) လောဘ ဒေါသ၊ မောဟ သူပျက်၊ နေ့တိုင်းဖျက်၍၊ အမျက်သည်းလွန်၊ တဖျင်သန်လျက်၊ ဖြေလွန်ဖင်ဖင်၊ အာရုံမြင်က၊ စိတ်ဆင်ရိုင်းကို၊ ထုံးပိုင်းမခြာ၊ ယဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍ ငြိမ်းစေမင်း။

(၁၂) လယ်လုပ်ကုန်သွယ်၊ ကြွေးဆယ်မြီးချ၊ တွက်ဆစိတ်ပြား၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထပ်ပိုးနှစ်လီ၊ ချသည်မပြတ်၊ အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲ,နွား, ဆိတ်, ၀က်၊ ၀မ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သိမ်မွေးပြင်းလျက်၊ များခြင်းစုံစီ၊ ဖန်တီးရောင်းဝယ်၊ ထပ်ခါလောင်း၍၊ ပဲပြောင်းစပါး၊ ကျီပြည့်ထားလျက်၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်။ ။မျိုးဆွေမှီတင်း ကြွယ်စေမင်း။

(၁၃) ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီ၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသီးခံ၊ ဆရာထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ၀မ်းထဲခွေ၍၊ အထွေအထူး ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသိမြင်ကြွယ်စေမင်း။

(၁၄) ဘေးဘိုးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလေ့ထ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ မှတ်ကျက်လေ့၍၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း။ ။ရက်ရက် မယုံလွယ်စေမင်း။

(၁၅) သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျလုံခြုံ၊ မတတ်တုံလည်း၊ တစ်စုံတစ်ခု၊ တတ်အောင်ပြု၍ လူမူကန်ုအောင်၊ စီးပွားဆောင်လော့၊ ညဉ့်မှောင်ရောက်ဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ကဲ့ရဲ့မြင်အံ့၊ ထင်ထင်မျက်မြော်၊ မထော်ရော်သည်။ ။အိုသော်သူ မရယ်စေမင်း။

(၁၆) ဃရာဝါသ၊ သမ္ဗာဓဟု၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင်သက်မွေး၊ ခြနှယ်မြှေးသား၊ လူရေးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လည်ပတ်ပြီးမှ၊ ကြံတွက်ဆ၍၊ လုံ့လပင်စည်၊ အရင်းတည်လျက်၊ ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွေ့ရွေ့၊ အဓလေ့ဖြင့်၊ မမေ့မကျန်၊ လူမူပွန်လျက်၊ စောင့်မာန်မဲ့ဆုံး၊ တော်ဖြောင့်ဆုံး၍။ ။နှလုံးသန့်ဏင် ကြည်စေမင်း။

(၁၇) လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ချိန်ဆောင်နိုင်းလည်း၊ အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ အမိကား, တိုက်၊ သိုက်ကားမယား၊ သားနွယ် အဆက်၊ ခက်လက်မျိုးဆွေ၊ ကျွန်းခြွေရွှေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲကို၊ ဆင်းရဲပျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ရှောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွန်းရလျက်၊ ကြောင့်ကြဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊ စိတ်ဝမ်းဖြောင့်တန်း၊ အဆွေခင်ပွန်းကို။ ။ချစ်ပန်းနံ့မပြယ်စေမင်း။

(၁၈) စေ့မြေ့ သိပ်သည်း၊ ရွေ့ရွေ့ ဆည်းသော်၊ စရည်း အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တက်လှစေသော၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မူတတ်ဆုံး၊ သူဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍။ ။သူ့ထက်လွန်ကဲ ကြွယ်စေမင်း။

(၁၉) လုံ့လပညာ၊ လိမ္မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသံလျက်၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်တို့၊ မှတ်သည့်အတိုင်း၊ ပြည့်လျှိုင်းချမ်းသာ၊ စီးပွားလာ၏၊ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ လူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်အား၊ အပြစ်ဖွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီးပွားလာဟု၊ ကြမ္မာကိုချည်း၊ မှတ်ထင်ရည်းရဓှင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို။ ။နှလုံးမငြိတွယ်စေမင်း။

(၂၀) ကြောင်းပေါ်ခရီး၊ လမ်းအနီး၊ ပင်ကြီးပညောင်၊ မြစ်တစ်ထောင်နှင့်၊ များမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စေ့စေ့သိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်၊ လေမနိုင်လျှင်၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျေးငှက်၊ စားလျက်သောင်သဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားတို့၊ နေနားပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ၀င်လာသသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်သူကြွယ်၊ လူကုန်သွယ်လည်း၊ ထိုနှယ်လည်းကောင်း၊ မျိုးပေါင်းဆွေဝါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ မေတ္တာမကင်း၊ မ,စခြင်းဖြင့်။ ။ထံရင်းမှီ ကိုးကွယ်စေမင်း။

(၂၁) ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်းဖြင့်၊ လည်လည်ပတ်ပတ်၊ လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မူများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျက်၊ သူစိမ်းသူကျက်၊ ပေါင်းဖက်သရွေ့၊ မိဘတွေ့သို့၊ မွေ့မွေ့လျော်လျော်၊ ပျော်ပျော်ပါးပါး၊ နူတ်ချိုပျားနှင့်၊ ၀တ်စားပေးပံ့၊ ဖြည်းဖြူးဖြန့်လျက်၊ အနှံ့ကျွန်ကျေး၊ ဆွေသားမြေးကို။ ။ကျွေးမွေးမညိုးငယ်စေမင်း။

(၂၂) လောကသာရ၊ ကျမ်းအစ၌၊ ဆုံးမစကား၊ မျိုးလေးပါးတို့၊ မတ်သားစိမ့်ငှာ၊ ပျို့လင်္ကာဖြင့်၊ နည်းနာထွေပြား၊ လုံးပေါင်းကြားသည်။ ။တခြားပထမပိုင်းတည်း။

၂-မင်းကိုဆုံးမသောအခန်း
(၂၃) ပြည်သူချစ်ဘ၊ လောကပတိ၊ မြေကြီးသနင်း၊ မင်းတို့ကျင့်ရာ၊ ဆုံးမနာလော့၊ မဟာသမ္မတ၊ ခတ္တိယတို့၊ နေကျကျင့်ရိုး၊ ကောင်းကျိုးအလှူ၊ စွန့်ကြဲမူလျက်၊ စိတ်ဖြူဖြောင့်စင်း၊ နူးညံ့ခြင်းဖြင့်၊ သီတင်းစောင့်စည်း၊ မျက်နည်းသည်းခံ၊ ခြိုးခြံသမု၊ မပြုညှဉ်းဆဲ၊ ဆင်းရဲမရှာ၊ မေတ္တာပွားပြန့်၊ လှူအ၀ှန့်အား၊ မဆန့်ကျင်စေ၊ ဤသို့ရေးသား၊ ဆယ်ထွေစောင့်ကြပ်၊ တရားကွပ်၍၊ လက်ယပ်ခေါ်ပြု၊ သင်္ဂြိုဟ်မူလည်း၊ လေးခုအစေ့၊ ပြကတော့ဖြင့်။ ။ကျင့်လေ့မကြွင်း ကျန်စေမင်း။

(၂၄) ပြည်ကြီးသနင်း၊ မင်းဟူသည်ကား၊ ကြံစည်သူ့ထက်၊ ဆယ်ဆတက်၍၊ အိပ်စက်နည်းပါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ အခါခပ်သိမ်း၊ မုတိမ်းခိုးသူ၊ မပူစေရ၊ ဆုံးမကွပ်ညှပ်၊ ပညတ်မလွန်၊ ရှေးမင်းမွန်တို့၊ ညွှန်ခဲ့သောတိုင်း၊ ကျင့်သမိုင်းဖြင့်၊ နူန်းနိုင်းမယွင်း၊ တမျဉ်းခင်းသို့၊ ကျင့်ခြင်းမချွတ်၊ တည့်တည့် မတ်၍၊ လူနတ် ချစ်ဖွယ်၊ ကျေးဇူးကြွယ်လျက်။ ။ကျင့်နွယ်လမ်းရိုး မှန်စေမင်း။

(၂၅) မမေ့မလျော့၊ မပေါ့လုပ်ကြံ၊ ကျွန်ကိုယ်ရံလည်း၊ မြဲမြံစောင့်ရှောက်၊ ထက်အောက်တွင်းပြင် မွမ်းဖြင်အပြည့်၊ အိမ်ဖန်ထည့်လျက်၊ အကြည့်အရူ၊ အမူမသင့်၊ အကျင့်မကောင်း၊ အဟောင်းအသစ်၊ ထွက်ဝင်စစ်လျက်၊ ကျွန်ချစ်ကျွန်ယုံ၊ ထမ်းတုံမူများ၊ ရေခြား မြော်မြင်၊ တိုင်ပင်ကြံသီး၊ အမတ်ကြီးကို၊ အနီးထံပါး၊ သက်စောင့်ထား၍၊ ယုံမှားမဲ့လျှင်၊ နှလုံးသွင်းလျက်။ ။ချစ်ခြင်းသူပထက် လွန်စေမင်း။

(၂၆) ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးတို့၊ ကြံတွေးလှည့်ကား၊ မသိသာလည်း၊ ရေးရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကျမ်းတတ်ဟူးရား၊ တတ်မြောက်များသား, ပုဏ္ဏားရဟန်း, ရှေ့တွင်ဝန်းလျက်, ကိန်းခန်းဒသာ, အခါမေးမြူ, ကောင်း၏ဟူလည်း, ကျင့်မူမမေ့, အဓလေ့ဖြင့်, အရှေ့အနောက်, တောင်မြောက် ရေကြည်, စီစဉ် တည်းလျက်, စောင့်စည်းရံတား, ကင်းသေထား၍။ ။မြေခြားသူမလွန်စေမင်း။

(၂၇) သူ့ပြည် သူ့ရွာ, သူ့အရပ်မှာ၌ ခြင်းရာသိကြောင်း, ဉာဏ်ကောင်းရည်ဝင်, တိုင်ပင်ကြံထွေ, သူလျှိုစေ၍, မနေစုံစမ်း, ကြိုးပမ်းလုပ်ဆောင်, အားအန် ထောင်လျက်, နောက်နောက်မြေသား, စီးပွားစဉ်ရှည်, တည်စိမ့်သောကြောင်း, နူတ်ကောက်ခွန်းသာ, လက်ဆောင်စာနှင့်, စေပါစင်းလျင်း, ထိုထိုမင်းကို, ချစ်တင့်မေးမြန်း, ဆွေခင်ပွန်းဟု၊ မိတ်မှန်းကြည်ညို၊ တံတစ်ဆို၍။ ။ချစ်လိုစကား မှန်စေမင်း။

(၂၈) ထိုပြည်ထိုရွာ၊ ထိုရပ်ရွာ၌၊ ဇာတာအလို၊ ဂြိုဟ်လည်းမကောင်း၊ ထပ်လောင်း တိတ်ထုံ၊ ပျံတုံကျေးငှက်၊ နူတ်ထွက်စနည်း၊ နှောင့်ယှက်သည်းမူ၊ စောင့်စည်းရံတား၊ မန္တရားနှင့်၊ သမားကွယ်ကာ၊ လွယ်စိမ့်ငှာဖြင့်၊ ဂြိုဟ်စာလည်းပေး၊ သန္တေပူဇော်၊ သင်္ကြန်ခေါ်လျက်၊ သုံးဘော်မြတ်စွာ၊ ရတနာကို၊ မကွာကပ်ဆည်း၊ ကောင်းမူချည်းလျှင်၊ ဖြစ်ပည်းပြောထူ၊ စွန့်ကြဲလှူ၍။ ။ကြည်ဖြူစိတ်ထက် သန်စေမင်း။

(၂၉) ခပ်သိမ်းပြည်သူ၊ လူရဟန်းကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလူပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ယောင်းမလွန်၊ တတ်ခွန်မပြင်း၊ သနားခြင်းနှင့်၊ နှိမ်နှင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလော့၊ ထွန်းပပြောင်ပြောင်၊ ထက်မိုးခေါင်၌။ အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ ငြိမ်းစေဘိသို့၊ ကြယ်တိရံကာ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့် တိုင်းကား၊ စည်ပင်ပွားလျက်။ ။လူများကောင်းချီး တွန်စေမင်း။

(၃၀) လူတို့အထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ မင်းတို့သည်ကား၊ ဖွေနည်စိစစ်၊ ရှိန်အမြစ်ကို၊ တူးပစ်နိုင်စေ၊ ရန်မြစ်ဘေးမှ၊ ရွာနေပြည်သူ၊ ရဟန်းလူတို့၊ မပူမဆ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးထစ်သို့၊ ရန်စစ်တို့ကို, ဖျောက်လွှင့်ဖြိုလျက်, ရန်ကိုမရှည်, ရဲစွမ်းဖြည့်သား, မလှည့်ငဲ့စောင်း, ရဲသူကောင်းကို, များကြောင်းဆည်းပူး, ပေးကမ်းဖြူးလျက်, ကျေးဇူးအလိုက်, သိမ်းမြန်းပိုက်၍, ချစ်ကြိုက်သနား, သားအလားသို့, ဖြည့်ဖြားမင်းရေး ပွန်စေမင်း။

(၃၁) ကာမဒေ၀, စသည်အပြား, နတ်လေးပါးတွင်, တစ်ပါးမည်မှတ်, လူထွက်ဦးစွန်း, ဘုန်းတော်ထွန်းသာ, လျှံဝန်စိုးပိုက်, မင်းသို့လိုက်၍, ပြည်၌ပြည်သူ, မင်းအတူလျှင်, ကျင့်မူမလွှဲ, သုံးစွဲလေ့လာ, ကျင့်ကုန်ရာရှင့်, ရာဇာပြဋ္ဌာန်း, ကြငှန်းမှန်ကင်း, အကြောင်းရင်းကား, မင်းလျှင်တစ်ယောက် လှံမစောက်ဖြင့် မကောက်မယွန်း တော်ဖြောင့်တန်းတ, ထက်ဝန်းဗိုလ်ပါ, လူတကာလည်း, ညီညာကောင်းမွန်, မင်းအဟန်သို့, တော်မှန်ကျင့်မူ, နှလုံးပြုလျက်, ပြည်သူမျက်ပွင့်, ကောင်းအောင်ကျင့်မူ, နှလုံးပြုလျက်, ပြည်သူမျက်ပွင့်, ကော်ငးအောင်ကျင့်လော့, ပုံသင့်ကျမ်းလာ, ဥပမာကား, အရာအထောင်, နွားကုန်အောင်တွင်, ရှေ့ဆောင်နွားလား, ဖြောင့်ဖြောင့်သွားမူ, နွားများစဉ်ဆိုက်, ဖြောင့်ဖြောင့်လိုက်သို့, စရိုက်ကျင့်မူ, ခပ်သိမ်းလူတို့, ထိုတူလည်းကောင်း, ဖြစ်ရာရှောင်းသည်။ ။မကောင်းတော်ဖြောင့် မှန်စေမင်း။

(၃၂) မာသုကုဇ္ဈိမဟာရာဇ, မာသုကုဇ္ဈိရထေသဘ, သမ္ဗုဒ္ဓလျင်, ဆုံးမဟောကြား, ဤတရားကို, မှန်သားလည်းပြု, သည်းခံမူဖြင့်, ပြည်သူ့ခမည်း, မျက်တော်နည်းလော၊ ချုပ်တည်းအမျက်၊ ထွက်လည်းမပြင်း၊ လူခပင်းကား၊ မင်းကိုဟူသ၊ လောင်ပူရဲရဲ၊ မီးကျီးခဲသို့၊ ၀မ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လဲ့သီးချာ၊ ကြောက်လန့်ရှာ၏၊ ပြင်းစွာအမျက်၊ ထဓွတ်တပြီးကား၊ ကြက်သီးတ၀ှန်၊ ဦးဖျားမွှန်မျှ၊ အလွန်အကျူး၊ ကြောက်မိန်းမူးလိမ့်၊ ဆူးဆူးရားရား၊ အမျက်အားကို၊ တရားချုပ်ကိုင်၊ မဆယ်နိုင်လည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ငံ့၍၊ မ၀ံ့နှစ်ဆစ်, ကြိမ်ဖန်စစ်လျက်, အပြစ်အလျောက်, သုံးကြိမ်မြောက်မှ, သေလောက်လျှော်ဘေး, မင်းဒဏ်ပေးလည်း။ ။ကွပ်ရေးမများစေနှင့်မင်း။

(၃၃) ခပ်သိမ်းပြည်သူ, လူတို့ထိပ်မိုး, ရေမြေစိုးသည်, ပြည့်ဖြိုးချုမ်းသာ, မင်းကြီးစွာတို့, ကျင့်ရာအပြား, ခုနှစ်ပါးလျှင်, စီးပွားစင်စစ်, များစွာဖြစ်၏, ရှင်ချစ်ဘုရား, မင်းတို့အားကို, ဟောထားခဲ့သည်, ခုနှစ်မည်ကား, ပြည်၌စောင့်မှတ်, နတ်ကိုမြတ်နိုး, အမျိုးဆွေနီး, သက်ကြီးရိုသေ, ပြည်နေရွာသူ, နိုင်ထက်မူဖြင့်, မယူသားမြေး, မူရေးတိုင်ပင, ညီညွတ်အင်နှင့်, လာချင်ထက်ဝန်း, ရဟန်းပုဏ္ဏား, သိမ်းပကား၍, ဖြည့်မြားကျွေးမွေး, မလာသေးသည့်, နီးဝေးရပ်သား, သူတို့အားကို, မသွားစေအောင်, ကျေးဇူးဆောင်လျက်, ပြည်ထောင်စိုးကွပ်, ပညတ်မလွန်, လမ်းမှန်စိုက်စိုက်, ရာထပ်လိုက်၍, တိမ်တိုက်လှစ်ထွန်း, လအ၀န်းသို့, လေးကျွန်းရိပ်မှောင်, ဘုန်းအရောင်ဖြင့် ပြောင်ပြောင်ဝင်းဝါ ၊ ချမ်းငြိမ်းသာ၍။ ။ပြည်ရွာတိုင်းကား ပွားစေမင်း။

(၃၄) သမ္ဘာရင့်ဖြိုး၊ ရှေးကောင်းကျိုးကြောင့်၊ တန်ခိုးထွက်လျှံ၊ လူ့ထိပ်စံသား၊ ဘုန်းချွန်ရန်နည်၊ မင်းတို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသည်၊ လိမ္မာတတ်သိ၊ ပညာရှိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုတွင်းထွက်သံ၊ နားပါးခံလျက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဉာဏ်ဝါထွန်းမြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ငြိ၊ ပညာရှိနှင့်၊ ပြည်ကြီးသနင်း၊ ပြည့်ရှင်မင်းတို့၊ မကင်းစေရာ၊ ဥပမာကား၊ ရတနာကျောက်ဂူ၊ နန္ဒမူ၌၊ မဉ္ဇူပန်းလား၊ ကျော်ထင်ရှားလျက်၊ နှစ်ပါးပေါင်းဖျက်၊ အကျိုးနဂ်အံ့၊ ထမ်းရွက်ပြုစု၊ ပြည်ထဲမူကြောင့်၊ စေ့ငုမြင်ပြီး၊ ပညာကြီးကို၊ နည်းတီးထုံးရေး၊ ပုံစံသွေး၍။ ။ကျင့်ရေးလွန်စိတ်ဖြာစေမင်း။

(၃၅) ဆင်မြင်းရထား၊ ခြေသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မဓွှမ်းဖြင့်ဖြီးထွေ၊ များလှစေလော့၊ အနေမကျ၊ ရန်စစ်ထမူ၊ ဖြဖြလိုက်လံ၊ စစ်ဦးနွံမှ၊ ရွံ့လေရွံ့ရွံ့၊ နောက်မ၀ံ့တည့်၊ ဖို့ရွံ့ငြင်တည်း၊ ကြောက်ရွံ့သည်း၍၊ ဆရည်းလေးဖွယ်၊ ရန်စစ်ပြယ်လိမ့်၊ မပြယ်လေးသီး၊ စစ်မက်ကြီးလည်း၊ ပွန်းတီးမူဆောင်၊ သူရဲခေါင်းကို၊ ဆင်ပြောင်မုန်ဖတ်၊ မင်းစီးအပ်၍၊ နောက်ကပ်အများ၊ ဆင်မြင်းပြားလျက်၊ ရှေ့ဖျားထင်ထင်၊ မှတ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာ့သွင်၊ ဆပ်လည်းချွန်းထည်း၊ မြင်းလည်းဆက်ချုပ်၊ ခြေသည်အုပ်လျက်၊ စက်ရုပ်အ၀န်း၊ ကော့ယွန်းထွက်ဟန်၊ လှည်းသဏ္ဌန်သို့၊ တက်ပွန်နားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥပဒေဖြင့်၊ စစ်မြေအရပ်၊ စစ်မှူးကွပ်လျက်၊ ရွက်ရွက်ထိုးခုတ်၊ ကြက်ရဲစုတ်သို့။ ။အားထုတ် လွန်ကြိုးစားစေမင်း။

(၃၆) သာမျာမစွ၊ စသည်အင်္ဂါ၊ ခုနှစ်ဖြာကို၊ ပြည်ရဓွာပြကတော့၊ စုံစေ့လျှင်းအောင်၊ ပြည်ထဲဆောင်သည်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဖွယ်၊ နက်ဝှမ်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရေနေကောင်းလျှက်၊ ရဲလောင်းရင်တား၊ တံခါတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တစ်သိန်းဖြိုလည်း၊ မပြိုနိုင်မူ၊ ကြီးကျယ်တုနှင့်၊ မျက်ရူလှတင့်၊ တန်ဆောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ မြားမြောင်လက်နက်၊ မြို့ထက်ပတ်လျှောက်၊ စစ်တဲဆောက်၍၊ ရင့်လျောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွဲ၊ စူးရဲကစ၊ အနေကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာလက်နက်၊ ကြံစည်နက်၍ ကြံ့ခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍။ ။တန်ခိုးကျော်ထင်ရှားစေမင်း။

(၃၇) အမျိုးလေးပါး၊ ပုဏ္ဏား-ပုဏ္ဏေး၊ သူဌေးသူကြွယ်၊ ကုန်သွယ်စည်ပင်၊ သူထင်သူရှား၊ ပြည်နေများလျက်၊ စပါးရေဆန်၊ အလွန်ဖြင်ပြဲ၊ ပြောင်းပဲလူးဆတ်၊ အထပ်ထပ်လျှင်၊ မလပ်မြေနည်း၊ လုပ်ကြံပြီးမှ၊ ပစ္စည်းဖြင့်ပြည်း၊ ပြည်ကြီးလက္ခဏာ၊ ရေစာလောက်ငံ့၊ စေနှံ့သိုထား၊ ဆေးသမားနှင့်၊ ဟူးရားမကွာ၊ တယ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံတတ်၊ တုံ့ဖက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းလည်း၊ တိမ်းစောင်းယိမ်းမပ်၊ စောင်မကွပ်လျက်၊ ထူထပ်တိုင်းကား၊ များလေအောင်လျင်၊ ပြည်ထောင်နေမျိုး၊ လုပ်ဆောင်ကျိုးလော့၊ မြင်ရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဖဲကို၊ ဆကဲမြတ်လေး၊ ကျေးလက်ပေး၍၊ သိမ်မွေးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်။ ။လွန်မင်းချစ်သနားစေမင်း။

(၃၈) အခေါင်ကြငှန်း၊ လူ့ထိပ်ထွန်းသား၊ ဦးစွန်းထုပ်ချာ၊ မင်းတကာတို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းတပြေ၊ တူလှစေတော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးတောင်ကို၊ စိုးဆောင်နှိမ်နှင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရသတ္တိ၊ ရဲခြင်းရှိ၍၊ မိမိအစာ၊ ရှာလိုခါ၌၊ ရတနာကျောက်ဂု၊ ထွက်လတ်ပြုက၊ ရန်သူရူာကည့်၊ ငဲ့လဓှည့်မျက်စောင်း၊ ခြိမ်းမောင်းသုံးခွန်း၊ မွန်းမွန်းဟောက်သံ၊ မြူးတူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွေးသံသောက်တုပ်၊ အားအန်ထုတ်လျက်၊ ကိုင်ဆုပ်နှိပ်နယ်၊ ကြီးမငယ်ဟူ၊ ဖမ်းသောဟူသို့၊ လူတို့ထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၏၊ ရေးရာမြော်ရူ၊ ခပ်သိမ်းမူ၌၊ ဗဟုကိစ္စ၊ ဟူသမျှကို၊ လုံ့လပျင်းထူ၊ အားထုတ်မူဖြင့်၊ ရန်သူဖဲ၍။ ။ပြည့်ထဲပွင်းလင်းသာစေမင်း။

(၃၉) နရာဓိပတိ၊ သိဒ္ဓိထွတ်တင်၊ မြတ်ဆုံးထင်သည်၊ ပြည့်ရှင်ဘုန်းလိုင်၊ ကျင့်နည်းခိုင်း၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူလော့၊ ဖြူသောအဆင်း၊ မွေးရောင်ဝင်းသည်၊ လည်ပင်းခပ်ရှည်၊ ထိုငှက်သည်ကား၊ ဖွေနည်းအစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာ မြစ်လောင်း၊ ချောင်းမြောင်းယံနား၊ သွားလာမွေးငြက်၊ ငြိမ်သက်ဣနြေ္ဒ၊ ကြည်ထွေရူစိန်း၊ မိန်းမိန်းနေလျက်၊ ရေမှာပွက်ကျင်၊ ၀ါးကိုမြင်သော်၊ ခုံမင်လျပ်လျပ်၊ ရအောင်ဟပ်သို့၊ ပြည်ကွပ်လူမှူး၊ စောရင်ငူးလည်း၊ ဆန်းထူးကျင့်မူ၊ ဗျိုင်းအတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ မမေ့ စောင့်ရှောက်၊ သာလျှောက်ဖြည်းဖြည်း၊ ကျင်သိပ်သည်း၍၊ တိုင်တည်သမူ၊ မျှော်ကြည့်အခိုက်၊ ကွပ်ညှပ်လိုက်၍။ ။နောက်၌ရန်မလာစေမင်း။

(၄၀) ဗဟုဗလ၊ စံသည်တွက်ရေ၊ အားငါးထွေကား၊ ရေမြေသနင်း၊ မင်းတို့၌သာ၊ ပြည့်စုံရာဟု၊ မြတ်စွာဘုရား၊ သုံလူ့ဖျားလျှင်၊ ဟောထားမိန့်မြွက်၊ ရွှေနူတ်ထွက်ဖြင့်၊ မထွက်စေအောင်၊ ကျေးဇူးဆောင်၍၊ လူ့ဘောင်လူထွက်၊ လူမင်းမြတ်တို့၊ ဆင်မှန်တန်ဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အားငါးမည်တွင်၊ အထွတ်တင်ထား၊ မျက်ရှင်အလား၊ ပညာအားလျှင်၊ စီးပွားမြင်နိုင်၊ အခေါင်တိုင်၏၊ ပြည့်လိုင်ကျေးဇူး၊ အထူးထူးဝယ်၊ အမှူးစင်စစ်၊ ရှေ့သွားဖြစ်၍၊ အပြစ်ခွာရှောင်၊ အကျိုးဆောင်သား၊ အခေါင်ပညာ၊ မတ်လိမ္မာကို၊ စေပါသုံးစွဲ ကိုယ်၌မြဲက၊ ငရဲမလား၊ ရှေးရူသွားလျက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်သည်၊ သမန္တစက်၊ အမြင်နက်သား၊ ပွားတတ်ပညာ၊ မတ်လိမမာကို၊ ဆရာတစ်ဆူ၊ ခိုင်းပယ်မူလျက်၊ ဆုံးမခက်သား၊ သူပျက်သုံးယောက်၊ ပါယ်မကြောက်ကို၊ နှင်ခြောက်ခြိမ်းမောင်း၊ စီးတစောင်လျှင်၊ ပျောက်စေညက်ညက်၊ မျက်နှာဖျက်၍။ ။ရန်မက်မညှာတာစေမင်း။

(၄၁) အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမထင်၊ ကမ်းမမြင်သား၊ ရေပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းတို့၊ စင်းလျဉ်းမခြာ၊ စီးဝင်လာသို့၊ ချမ်းသာဆိုက်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လေဓှာက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊ အထွေအပြား၊ အပါးပါးလျှင်၊ ၀တ်စားတန်ဆာ၊ ရတနာတို့၊ မကြာမတင်၊ ရောက်လာကျင်၏၊ လိုချင်သမူ၊ မပြုလေကျင် ပြည့်ကြီးရှင်တို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကား၊ တစ်ရာ့တစ်စင်း၊ ထီးဆောင်းမင်းကို လက်ရင်းကြပ်သို့၊ ကျွန်ပြုလိုရှင့်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင် လိုအင်ပြည့်ခဲ၊ မရောင့်ရဲတည်း၊ ပြည်ထဲသနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၍၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊ မြင်ပည်းခိုင်ဖြီး၊ ကျယ်မြောက်ပြီးမှ၊ သစ်သီးခက်ညွှတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊ ချိုမြိန်စွာသို့၊ ပမာထိုဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်နဓိုင်မြွတ်၊ ပြည်သီးဆွတ်၍၊ ဝေငှပေးသည်။ ။ကျင့်ရေးတတ်လိမ္မာစေမင်း။

(၄၂) ၀သုန္ဓရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးညွှန်၊ ကုသိုလ်၊ မွန်၍၊ ခါတန်ချိန်သင့်၊ ပန်းနှယ်ပွင့်လျက်၊ ရင့်သည်တေဇ၊ တန်ခိုးပသည်၊ လူများမျက်စိ၊ နရာဓိကို၊ ဂတိလေးပါး၊ မမှားစေအောင်၊ ပြည်မူ ဆောင်လျက်၊ တည်ထောင်ကမ္ဘာ၊ အစစွာကား၊ ဆရာ, မနု၊ ရသေ့ပြုသား၊ လူမူဆုံးဖြတ်၊ ဓမ္ဗသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ မပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဖက်သား၏၊ အကြားလည်းမှန်၊ ချိန်ခွင်ဟန်သို့၊ ဧကန်ကျကျ၊ မေးမြန်းမှလျှင်၊ မိဘမရွေး၊ ရူံးနိုင်ပေးလော့၊ အရေးအလျောက်၊ မဖောက်မပြန်၊ ကျမ်း၌ညွှန်သည်၊ ရှေးလွန်နည်းမှီ၊ ထုံးတီးမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်တွင်းတွင်း၊ ကြံထိုးထွင်း၍, စင်းစင်းမတ်မတ်, တရားဖြတ်သည်။ ။လူနတ်ကောင်းချီးငြာစေမင်း။

(၄၃) မဟိပတိ, ယသဿိဟု, ပြည်ကြီးသခင်, စည်းစိမ်ဖြင်လျက်, ကျော်ထင်လူ့ပြည်, မင်းတို့သည်လျှင်, အရှည်မမြော်, မတော်မလျား, မေ့လျှော့ငြားလည်း, တရားမစောင့်, မဖြောင့်မစင်း, အကျင့်ယွင်းမူ, ထိုမင်းလက်တက်, မြေကြီးလျက်လည်း, သက်ခဲ့သြဇာအောက်မှာရွေ့လေ, ထဲတတွေ၌, နေဘိရကား, အများပည်းဖြင့်, ရောက်လှည့်ချင်လည်း, သစ်ပင်သစ်သီး, မကြီးလုံးဖန့်, အမွန်ရသာ, သြဇာမရှိ, ပျက်သိသိတည့်, ထိုပြီးအပ, ဆေးဝါးမှလည်း, တေဇမထက်, ပျက်ခဲ့ရသာ, စားလေပါလည်း, အနာလွတ်ခဲ, ရွေ့ရွေ့ကဲလျက်, ကောင်းမြဲမကောင်း, မိုးလည်းအောင်း၍, သောင်းခဲ့ကောက်ပင်, ပျိုးမရှင်တည့်, ပြည်ရှင်မင်းကြီး, တရားမှီးမူ, မြေကြီးရသာ, သြဇာတိုးတက်, ချိုမြက်သင့်သီး, အကြီးလုံးလှ, ဆေးဝါးစသည်, တေဇထက်မြက်, ရောဂါလွတ်၍, ရွာစွတ်မိုးကောင်း, ကောက်မသောင်းထည့်, မင်းကောင်းတို့ကြောင့်, တရားစောင့်၍, ရှစ်သောင်းမြေပြင်, ရန်ကိုသင်လျက်, ပြည်တွင်းပြည်သူ, ခပ်သိမ်းလူလည်း, ဆုယူများစွာ, ချစ်ကြင်နာ၍။ ။မေတ္တာမိုးကြီး ရွာစေမင်း။

(၄၄) လင်္ကာဒီပ, သီတဠဟု, နာမပြဋ္ဌာန်း, သိန်းဃိုကျွန်းဝယ်, ထွန်းသည့်နေသွင်, တန်ခိုးထင်သည်, သင်္ခဗောဓိ, အမည်ရှိသည်, မင်းကြီးကျင့်တူ, နှလုံးမူလော့, နတ်လူချစ်ပြင်း, ထိုသည့်မင်းကား, စောင့်ခြင်းတရား, မယွင်းမှာတည့်, ခိုးသားပူလောင်, ခေါင်သည်မိုးနှင့်, နတ်ဆိုးဘီလူး, ဖမ်းစားကြူးသား, ဘေးသုံးပါးကို, သိကြားနတ်ပိုင်, ဓိဋ္ဌာန်တိုင်လျက်, အသက်စွန့်စား, ပြည်သူများကြောင့်, ဖီတားပျောက်ပေ, မိုးကောင်းစေ၏, ကျင့်ထွေတို့လား, မတက်ငြားလည်း, ရှိုးရှာ, ဆိုတောင်း၊ ကျိုးအကြောင်းမူ၊ မင်းကောင်းရန့်ကဲ၊ ကြင့်မူရဲလော့၊ ဖောက်လဲတက်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘူး၊ ကျေးဇူးသော်မူ၊ သူတော်လူတို့၊ ပြောမူမြင့်ကြာ၊ ချီးမွမ်းရာဖြင့်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှေးထုံးနည်းခိုင်၊ ကောင်းကျင့်လှိုင်းလျက်၊ လိုတိုင်းကျော်သဲ၊ ခြီးအံ့အဲသည်။ ။မြင့်မြဲကျေးဇူး များစေမင်း။

(၄၅) သဟဿနေတ္တ၊ ၀ါသ၀ဟု၊ သက္ကသုရိန်၊ ဒေ၀ိန်ထွက်ထား၊ မိုးသိကြားလျှင်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ ကွယ်ရာရန်နထောက်၊ နတ်လေးယောက်ကို၊ စောင့်ရှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊ တန်ခိုးထွန်းလင်း လူတို့မင်းလည်း၊ ကျင့်ခြားထို့တူ၊ ဆင်းရဲသူအား၊ ကလူညှင်းဆဲ၊ မစဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်၍၊ ကြံစည်နက်နဲ၊ မူထမ်းရဲလျက်၊ ခဲခက်ရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဖို့ခြား၍၊ လေးပါးဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်ပေးကောင်း၊ မပေးကောင်းဟု၊ အကြာင်းစုံစမ်း၊ ရှေးကျင့်တမ်းဖြင့်၊ မူထမ်းအနေ၊ ကွပ်ညှပ်စေ၍၊ လူ့မြေတွင်ထား၊ လူမင်းများလည်း၊ လေးပါးအင်တူ၊ ပမာမူ၍၊ ပြည်သူစောင့်ရှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက် လူ့ဘောင်, ပြည်ထဲဆောင်၍။ ။ပြည်ထောင်ကြောက်ရွံ့ရှာစေမင်း။

(၄၆) အခါတစ်ပါး, မြင်းမိုရ်ဖျားဝယ်, သိကြားနေရာ, စစ်ထိုးလာသား, ပြင်းစွာအရှိန်, အသူရိန်ကို, ဒေ၀ိန်သက္က, စီးချင်းချ၍, ဒေ၀သဘာ, သုဓမ္မာဟု, သာသည်စရပ်, အမိုးရပ်တွင်, နှောင်ကြပ်အမြဲ, တုတ်၍ဆွဲသော်, ဆဲဆဲရေးရေး, ဟစ်ကြွေးရေရွတ်, တတွတ်တွတ်လျှင်, အပတ်တကုတ်, ကြမ်းကြုတ်စကား, နတ်မင်းဖျားကို, နွားနှင့်အတူ, ငရဲသူဟု, ကလူကစာ, ဆဲရေးရှာလျက်, မျက်မထွက်သည့်, ဆိုဘက်မထိုက်, သင်းလူမိုက်ဟု, မှတ်ပိုက်သောထွေ, သည်းခံပေ၏, ရွှေမြေရပ်စည်, ရွှေနန်းတည်သား, နတ်ပြည်သနင်း, သိကြားမင်းလျှင်, ခံပြင်းသည်းသည်း, အမျက်နည်း၍, ရေကြည်းတောတောင်, အာဏာဆောင်သား, ဘုန်းခေါင်ထွန်းလင်း, လူတို့မင်းကား, ပုံခင်းကျမ်းလာ၊ ထိုကိုစာ၍, ပြင်းစွာအမျက်, မထွက်ဖို့ရာ, ချုပ်မြစ်ထလော့, ပညာတိုင်တည်း, မျက်မာန်နည်းမူ, လူလည်းချစ်မော, နတ်လည်းပြော၍။ ။ကျော်စော ကောင်းချီးငြားစေမင်း။

(၄၇) လောကသာရ၊ ကျမ်းအစ၌, မြန်မာဘာသာ, ပျို့လင်္ကာဖြင့်, တန်ဆာလည်းဆင်, ဖွဲ့စီရင်လျက်, ကျမ်းမြင်ထွေပြား, တစ်ပါးပါးနှင့်, များသည့်ထုံးနည်း, မှတ်ဖွယ်ချည်းတည့်, ပမည်းပမာ, နာနာနယ, သွန်းပုံချသို့, လူ့ ဘရာဇာ, နရာဓိပ, သူပါလဟု, လောကထွတ်ဖျား, မင်းတို့အားကို, စီးပွားချမ်းသာ, ဖြစ်စိမ့်ငှာဖြင့်, ပညာသေတ္ထုစည်းရုံးပြု၍, ကျင့်မူတရား, မှတ်စိမ့်ထားသည်။ တခြားဒုတိယပိုင်းတည်း။

၃- ပုဏ္ဏားကို ဆုံးမသော အခန်း
(၄၈) မှတ်ကြကုန်လော့, ဗြဟ္မာ့နွယ်ရိုး, ပုဏ္ဏားမျိုးကို, ကောင်းကျိုးစကား, ငါလျှင်ကြားပိမ့်, ရှေ့ဖျားကမ္ဘာ, အစစွာက, ဗြဟ္မာပိုင်းခြား, ဆေးသမားနှင့်, ဟူးရာကျမ်းမြင်, ကောင်းကင် နက်သတ်, တတ်သည် တသီး, ယဇ်မီးပူဇော်, ဖြော်ဖြော်မှန်းရွက်, ဂြိုဟ်နတ်သန္တေး, ဦးဆေးတခြား, ခေါင်ဖျားဗေဒင်, သိမြင်နှံ့စပ်, ပိဋကတ်နှင့်, ကလာပ်ဗျဉ္ဇိ, ဒဏ္ဍီဝိဒဂ်, ကျမ်းခက်ဗျာကရိုဏ်း, တတ်နိုင်းတခြား, လေးပါးဤသို့, ပုဏ္ဏားတို့တွင်, မချို့ကျေးဇူး, အထူးသမိုက်, မျိုးလိုက်မှတ်သား, ဆေးသမားလည်း, ဆေးဝါးတတ်စွမ်း, ပိဏ္ဍောပြွမ်း၍, ဆေးကျမ်းထိုမျှ, သာရသင်္ဂြိုဟ်, ဖွင့်ဆိုတတ်ကျယ်, ဓိပ္ပာယ်အနက်, လွန်လေ့ကျက်၍, ဓာတ်ပျက်သည်းခြေ, သွေးလေချောက်ချား, သလိပ်ဖျားက, စသည့်ရောပါ, အနာအမျိုး, ကိုးဆယ့်ခြောက်ပါး, အပြားပြားကို, မမှားလပ်အောင်, ကုသဆောင်၍, အခေါင်းသမား မြောက်စေမင်း။

(၄၉) ဟောရဂန္ထ, ဂဏနဟု, သိပ္ပဟူးရာ, တတ်မြောက်မြားသား, ပုဏ္ဏားတရိုး, သူကောင်းမျိုးတို့, ကြိုးကြိုးကုတ်ကုတ်၊ အားအန်ထုတ်၍၊ အဟုတ်လေ့လ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမက္ကဏ်၊ ကိန်းဆန်ဓူဝန်း၊ ဂြိုဟ်သွန်းမန်ကပ်၊ ထပ်ကြပ်တညီ၊ တသီတိစုတ်၊ ဖော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ အတ္တာဗီသ၊ လှည့်ထနက်သတ်၊ မြင်းမိုရ်ပတ်သွား၊ ဒွါဒသိရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ လနေ၊ ကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမူတတ်ပွန်၊ စက်အဟန်သို့၊ မှန်မှန်ကားကား၊ အသား အရိုး၊ စုံပြည့်ဖြိုးလျက်၊ ကျော်ဟိုးမြင်သိ၊ ပညာရှိဟု၊ ကိတ္တိထင်ရှား၊ ဗြဟ္မာ့သားတို့။ ။ဟူးရားတတ်ခေါင် မြောက်စေမင်း။

(၅၀) သာမယဇွ၊ ဣရူဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘအရိုး၊ အမျိုးမြတ်လှ၊ ဗြဟ္မဏဟု၊ ပုဏ္ဏားလက္ခဏာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတင်လျက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဝဲပတ်ခြုံ၊ စပ္ပာယ်ရုံလျက်၊ တင်တုံစလွယ်၊ လည်ဝယ်မကင်း၊ သလင်းရထည်း၊ ပတ်စည်းကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ပုံးအုပ်လျက်၊ တုန်လူပ်မဲ့လဓျှင်း၊ ပွဲလယ်ကျင်းမှ၊ စိုးမင်းတို့ရှေ့၊ မရွေ့မတ်မတ်၊ ဖောင်းဖောင်ရွတ်၍၊ စိမ်းလတ်မြသွင်၊ မြေဇာပင်နှင်၊ ရေစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်တို့ထံ၊ အလှူခံလော့၊ ခြိုးခြံဘိပ်သည်း၊ ဥစ္စာဆည်းလျက်၊ ပစ္စည်းပေါယယ်၊ ပုဏ္ဏားကြွယ်ဟု။ ။လူဝယ်သတင်း ပေါက်စေမင်း။

(၅၁) ညတည်းမထင်၊ နေ၀င်အခါ၊ ဆည်းဆာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာ၍၊ ပရမီသွာ၊ မဟာပိန္နဲ၊ ဘေးရန်လွဲဖီ၊ နတ်စန္ဒီကို၊ ပန်းနီ ပန်းဖြူ၊ ပူဇော်မူလျက်၊ ဆုယူ ဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဥက္ခောင်းသန္တေး၊ နေ့တိုင်းဆေး၍၊ လုပ်ကျွေးမူဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ဆုံချွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအဆား၊ သားငါးရှောင်ကြဉ်၊ မယှဉ်သက်သတ်၊ ကျင့်မှတ်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတေ၊ ခုနှစ်နေ့လျှင်၊ စေ့လတ်သောအခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ ကြည်ညိုမြတ်လေး၊ အလှူပေးလော့၊ ရှေးကလွန်လေ၊ ရှေးရိုးပေတည့်၊ မျိုးဆွေအမြဲ၊ မှတ်သုံးစွဲ၍၊ ငရဲမသက်၊ ခန္ဓာပျက်လည်း။ ။အထက်နတ်ပြည်ရောက်စေမင်း။

(၅၂) ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါ်ဂြိုဟ်နှင့်၊ ဗေဒင်ကိန်းခန်း၊ မန္တာမွှန်းလျက်၊ ကျယ်ဝန်းစက္က၊ မဏ္ဍလဟု၊ တစ်ရာ့ရှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆေးပေဥက္ခောင်း၊ ဘိသိက်လောင်းလျက်၊ သူကောင်းသူမြတ်၊ လွတ်စေအနာ၊ ဥပဒ်ခွာလော့၊ ပြည်ရွာတိုင်းကား၊ ကြီးပွားစိမ်ငှာ၊ လေးမျက်နှာမှ, မလာရန်စစ်, မဖြစ်စေမူ, တီထွင်ပြု၍, စုစည်းမီးခဲ, ကျီးရဲရဲ၌, မြှောက်ကြဲ ဖြောက်ဖြောက်, ပေါက်ပေါက်စသည်, ပန်းငါးမည်ဖြင့်, ဆောက်တည်မပျက်, ခုနှစ်ရက်တွင်, ခန့်ထွက်ပိုင်းခြား, မန္တရားတည့်, ဖန်များရွတ်ဖတ်, ပျားထောပတ်နှင့်, မီးနတ်ကော်ရော်, ယဇ်ပူဇော်၍။ ။လူဘော်ရန်စစ်ပျောက်စေမင်း။

(၅၃) ကျေးဇူးပညာ, များစွာဂုဏ်အင်, ဗေဒင်တတ်သိ, ပညာရှိဟု, က၀ိပုဏ္ဏား, အများသမိုက်, အင်္သကရိုက်ကို, မြိုက်မြိုက်လျှားဖျား, စက်လားရဟတ်, ပတ်ပတ်သွင်သွင်, နူတ်သံလွင်နှင့်, ပီပြင်မူတ်မန်း, ဖြိုးဖြိုးဖြန်းလျက်, ကျယ်ဝန်းထွေပြား, အပါးပါးနှင့်, မှတ်သားကိန်းခန်း, ဆန်းနှင့်လင်္ကာ, နားဝင်စွာ၍, ဂါထာဖွဲ့ကျမ်း, ချီးမွမ်းစလောက်, မင်းပွဲမှောက်တွင်, တစ်ယောက်ပဋိတ်, ပုရောဟိတ်ဟု, ဘိသိက်ဆရာ, မြောက်ထိုက်စွသား, ဒိသာပါမုက်, မည်ထုတ်ကျော်အောင်, ကြိုးပမ်းဆောင်လျက်, တက်ခေါင်လိမ္မာ, ရှေးအခါ၌, ဆရာမြောက်လှ, ဇနက္ကသို့, လု့လကြိုးစား, မင်းတို့အားကို, စီးပွားရွက်ဆောင်, ကျေးဇူးရောင်ဖြင့်။ ။လူ့ဘောင်ထွန်းလင်း တောက်စေမင်း။

(၅၄) လက္ခဏာကြန်, တက်ပွန်လေ့လာ, မင်းဖြစ်ရာသား, လက်ျာဖ၀ါး, တခြားပြက်ပြက်, ခြေလယ်တက်၍, လက်လည်းထို့သွင်, အရေးမြင်မူ, မင်းလျင်စင်စစ်, ဖြစ်အံ့အမြဲ, မချွတ်လွှဲတည့်, ၀ံ့ရဲမရွံ့, လည်ဖြတ်ခံလော့, ထုံးစံမှတ်သား, နည်းနာများကို, ပုဏ္ဏားများခေါင်း, ရှစ်ယောက်ပေါင်းတွင်, ကယ်သောင်း လက်လွန်, ကောဏ္ဍန်ဟန်သို့, ဟောမှန်လက္ခဏာ, တတ်လှစွာ၍, ပညာကဝေ, မြောက်သောထွေဖြင့်, အသေအချာ, နာနာသိပ္ပ, ကိစ္စတတ်ပွန်, မန္တန်ပြီးစီး, တသီးသူရဿတီ, ပင့်ချီခေါ်ချ, စကားရလျက်, ပေါက်ပြကျော်ထိတ်, ပုရောဟိတ်ဟု, ဘိသိက်ဆရာ၊ မြှောက်ထိုက်စွာ၍။ ။မင်းဆရာသူကောင်း မြောက်စေမင်း။

(၅၅) ကျယ်ဝန်း, စကြ၀ဠာ, ကမ္ဘာအစ, ပေါ်ဦးကလျှင်, ဗြဟ္မာနွယ်ရို, ကျော်ဝှန်းဟိုးလျက်, မြတ်မျိုးစင်ကြယ်, လေးသွယ်ဗေဒင်, တတ်သိမြင်သား, လူတွင်ထင်ရှား, ပုဏ္ဏားတို့ကို, ကျင့်စေလို၍, သံချိုလင်္ကာ, နည်းနာထွေပြား, မှတ်စိမ့်ထားသည်။ ။တခြားတတိယပိုင်းတည်း။

လောကသာရ ဆုံးမစာ ပြီး၏။

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Monday 28 January 2013

သားရွှေဥ ဆုံးမစာ

သားရွှေဥ၊ မျက်ရူနားဝင်၊ ကြံဆင်ခြင်လော့၊ သစ်ပင်ခုန်တက်၊ ကျည်းသားနှက်နှင့်၊ ကြက်ငှက်လိုက်ထောင်၊ တယောင်ယောင်လျှင်၊ ကသောင်ချောက်ခြား၊ ပြေးသွား လျှိုးငုံ့၊ တောင်တုန့်မြောက်ပြန်၊ အဖန်ဖန်လျှင်၊ ပူပန်စိုးစွတ်၊ ကိုယ်အ၀တ်ကို၊ မချွတ်မလှန်း၊ ခပ်ထန်းထန်းကြောင့်၊ သန်းဥသန်းဖျာ၊ ရွရွလည်းတက်၊ ငေါ်ငက်ညှီနံ၊ ဦးဆံမသိမ်း၊ ဆီမလိမ်းဘဲ၊ ချမ်းငြိမ်းရေမိုး၊ မချိုးမသွန်း၊ မတွန်းကြေနှစ်၊ အညစ်ညစ်နှင့်၊ ပစ်စလက်ခတ်၊ ရှိရာတိုက်၏၊ ငတ်မွတ်စာစဉ်၊ သူ့ဥယျာဉ်ဝယ်၊ ချိုချဉ်ဖန်ခါး၊ သစ်သီးများကို၊ စွပ်သားတုံ၍၊ ရှင်မတွေ့လည်း၊ အလေ့အလာ၊ မပြုပါနှင့်၊ ဆရာခေါ်ကြား၊ ထံနီးပါးဝယ်၊ စေစားသုံးခံ၊ စာပေအံ၍၊ မလျှံမပေါ်၊ နေ့တိုင်းဖျော်လော့၊ လူချော် လူသွမ်း၊ လူသရမ်းနှင့်၊ ကျွမ်းမ၀င်ရာ၊ ရှောင်အပ်စွာသည်၊ ရတနာမျက်ရူ၊ သားရွှေဥ။

သားရွှေခဲ ဆုံးမစာ

သားရွှေခဲ၊ ပန်းဘဲညှပ်တူ၊ ပမာယူ၍၊ မပူမချမ်း၊ အကြမ်းအနု၊ သားမောင်ပြုလော့၊ တန်တုပုံကို၊ မိခင်ဆို၏၊ အရိုအသေ၊ ရေမြေ့သခင်၊ ရွှေနန်းရှင်ကို၊ ၀န်းကျင်ဗိုလ်များ၊ လွန်ခံ့ငြားသို့၊ ၀ပ်တွားကျိုးနွံ၊ ကြောက်ရွံ့လွန်လော့၊ ခြွေရံဆွေမျိုး၊ စည်းစိမ်ကိုး၍၊ မလျှိုးမကပ်၊ မပြုအပ်သည့်၊ ကြောက်ကပ်ဖားလျား၊ သွားလည်းနောက်ပါ၊ လာလည်းကြိုဆို၊ ဆိုလည်းတုပ်ကွ၊ မျက်နှာချ၍၊ ခယသောသွင်၊ ဖြူစေချင်သည်၊ ရွှေစင်ပုလဲ၊ သားရွှေခဲ။

ဆရာလင်း၏ ဆုံးမစာ

ငယ်စဉ်အခါ၊ ပညာရှာ။

သင်ပြီးသောစာ၊ မှတ်ထားပါ။

လုပ်ရန်အလုပ်၊ လုံ့လထုတ်။

စာအုပ်သင်ပုန်း၊ ကောင်းစွာသုံး။

ကစားဖော်ချင်း၊ ရန်မဲ့ကင်း။



အတုန်းတွင်းကျ၊ တိတ်နေရ။

လက်ရေးလှအောင်၊ ကြိုးစားမောင်။

စာမေးအောင်မှ၊ အတန်းတက်ရ။

ညခါအိပ်ချိန်၊ ညဉ့်ဦးနှိမ်။

သုံးကြိမ်မိဘ၊ ကန်တော့ကြ။

ရှင်မဟာသီလ၀ံသ ဆုံးမစာများ

၁။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်ထိုး၍ မသွားနှင့်။
 
၂။ မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍အလျင် မစားနှင့်။

၃။ မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်၊ လိုချင်သောအား၊ စားချင်ငြားက၊ ၀ပ်တွားခယ၊ တောင်းပါကြ။

၎။ အသက်ကြီးငယ်၊ ၀ါကြီးငယ်ကို၊ လွှဲဖည်မသွေ၊ နှိမ့်ချလေ။


၅။ ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။

၆။ ၀ါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဥာဏ်ပညာ။

၇။ လိမ္မာသိတတ်၊ လောကဓာတ်၊ တတ်လိမ့်များဂုဏ်အင်။

Sunday 27 January 2013

ဆရာလင်းရေးသည့် ဆုံးမစာ

ထန်းရည် အရက်၊ တစ်ချက် ကိုကင်း၊ ဘန်းဘင်း ကဇော်၊ လှော်စာ သောက်စား ပြုသူများ၊ စီးပွားပျက်မည်သိ။

ဗျပ်စောင်းမသွေး၊ ပုလွေနှင့်ဘာဂျာ၊ တီးမူတ်ကာနှင့်၊ ညမှာလျှောက်သွား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

အငြိမ့်ဇာတ်ပွဲ၊ ရုပ်သေးပွဲနှင့်၊ ပွဲလမ်းသဘင်၊ ပျော်ရွှင်လိုက်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

မြင်းပြိုင် ကြက်တိုက်၊ ၀ိုက်အံ့ ကြိုးဆွဲ၊ ဖဲကတ် ပဆစ်၊ မလစ်လောင်းစား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

လူသွမ်း လူသောင်း၊ လူဘူး တောင်းနှင့်၊ မကောင်းမိတ်ဖက်၊ လူသူပျက်တို့၊ ပေါင်းလျက်ယှဉ်သွား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

မလုပ်မကိုင်၊ မိုင်တွေငေးမူ၊ ငယ်မူကျောခင်း။ ပျင်းရိဖင့်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

အသက်အန္တရာယ်၊ ဖြစ်စေစဖွယ်၊ ည၀ယ်လမ်းလျှောက်မူ။


မယေားသားငယ်၊ ကျင့်ဖောက်လွယ်၊ ည၀ယ်လမ်းလျှောက်မူ။

ဘေးရန်သွယ်သွယ်၊ ဖြစ်အံ့ရွယ်၊ ညဘ၀ယ် လမ်းလျှောက်မူ။

သူခိုးသို့နှယ်၊ လူထင်ဖွယ်၊ ည၀ယ်လမ်းလျှောက်မူ။

စည်းစိမ်သွယ်သွယ်၊ ပျက်အံ့ရွယ်၊ ည၀ယ်လမ်းလျှောက်မူ။


ဆရာကြီးပီမိုးနှင်းဆုံးမစာ

မိဘကိုမသခင်ကျွေးပါ၊ သေမှမငိုပါနဲ့။

မိဘမျက်ရည်တစ်စက်၊ သားသမီးဆင်းရဲတစ်သက်။

မိဘကိုရှာမကျွေးချင်နေ၊ သောကရောက်အောင်မလုပ်ပါနဲ့။

သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုးပါ ။

လူသာလာပါ၊ ပြသနာခေါ်မလာပါနဲ့။



ပြောတော့သူဋ္ဌေး စားတော့အကြွေး၊ တောင်းတော့မပေး။

ကလေးရယ်၊ ခွေးရယ်၊ အကြွေးရယ် အလိုမလိုက်နှင့်။

စေတနာသည် လူတိုင်းနှင့်၊ မထိုက်တန်ပါ။

အားနာလို့လိုက်လျောတာ၊ အတယ်လို့မထင်နဲ့။

ရွှေကိုချစ်တဲ့ရွှေမျိုးတွေ၊ အိမ်မလာရ။

ရွှေရှိမှအမျိုးတော်၊ ငွေရှိမှလာပေါင်းချင်သူတွေကို ကျွန်ုပ်မတွေ့လိုပါ။

အချိန်နှင့်ဒီရေသည်၊ လူကိုမစောင့်ပါ။

ဘ၀မပျက်ခင်၊ တန်ဘိုးကိုနားလည်ပါ။

တစ်ဆယ်တန်တဲ့အလုပ်ကို၊ တစ်ရာတန်လောက် အချိန်မဖြုန်းပါနဲ့။

ဟန်ဆောင်ကောင်းသောမိတ်ဆွေသည်၊ ရန်သူထက်ကြောက်ဖို့ကောင်းသည်။

ပိုသေချာချင်ရင်၊ ကိုယ်တိုင်ထလုပ်ပါ။

Saturday 26 January 2013

မိဘကျေးဇူးဆပ်တယ်ဆိုတာ...

“ကျေးဇူကြွေး မကျေနိုင်” ဟုဆိုသည်မှာ ကျေးဇူးကြီးမားပုံကို ပြဆိုလိုခြင်းသာ ဖြစ်ပေသည်။

မိဘနှစ်ပါးအသက်ထင်ရှားရှိစဉ် ပြဆိုခဲ့သည့်အတိုင်း ရာသီအလိုက် ကျွေးမွေးပြုစုပေးခြင်း၊ အထူးသဖြင့် အမွေခံထိုက်အောင် နေခြင်း၊ မိဘနှစ်ပါး စိတ်ချမ်းသာအောင် သားသမီးတို့ လိုက်နာရမည့် ၀တ္တရားငါးပါးနှင့်အညီ လိမ်လိမ်မာမာ နေပြခြင်း၊ ကွယ်လွန်သွားကြသော အခါတွင်လည်း မိဘနှစ်ပါးကို ရည်စူး၍ အလှူဒါန ပြုလုပ်ပြီး အမျှတမ်းပေးဝေခြင်း ပြုပေးလျှင်ပင် ၀တ္တရားကျေသည်ဟု ဆိုသင့်၏။


ကျေးဇူးရှင် မိဘနှစ်ပါးတို့၏ ကျေးဇူးကြွေးကို ပေးဆပ်ရာ၌ အကောင်းဆုံးနည်းကို မြတ်စွာဘုရားဟော ကြားထားသည်မှာ တရားဖြင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။ တရားဖြင့် ကျေးဇူးဆပ်ခြင်းဆိုသည်မှာ-

(၁) ရတနာသုံးပါး မယုံကြည်သေးသော မိဘတို့အား ယုံကြည်လာအောင်၊ သရဏံဂုံမတည်သေးသော မိဘတို့အား သရဏဂုံတည်အောင် ဆောင်ရွက်ပေးခြင်း၊

(၂) အလှူဒါနအားနည်းသော မိဘတို့အား အလှူဒါန ပြုလုပ်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊

(၃) စစ်မှန်သော ကိုယ်ကျင့်သီလ မရှိသေးသော မိဘတို့အား ကိုယ်ကျင့်သီလစောင့်ထိန်းလာအောင် ဆောင်ရွက်ပေးခြင်း၊

(၄) အသိပညာမရှိသေးသော မိဘတို့အား အသိပညာရှိအောင် ရတနာသုံးပါးနှင့် စပ်သော အသိပညာ၊ ၀ိပဿနာပညာ၊ သစ္စာမြင်သော ပညာများသည် အမြတ်ဆုံးဖြစ်၍ ထိုပညာများဖြစ်ပွားအောင် စာဖက်ပြခြင်း၊ တရားနာဖြစ်အောင်၊ တရားထိုင်ဖြစ်အောင် ဆောင်ရွက်ပေးခြင်းများသည် အကောင်းဆုံး သော ကျေးဇူးဆပ်ခြင်း ဖြစ်ပေသည်။

သားသမီးများ ကိုယ်တိုင်က သီလရှင်၊ ရှင်သာမဏေ၊ ရဟန်းပြု၍ တရားအားထုတ်ခြင်း၊ မိဘများအပေါ် မေတ္တာပွားများခြင်းများလည်း မိဘနှစ်ပါးအား သာသနာအမွေခံစေ၍ တရားဖြင့် အကောင်းဆုံး ကျေးဖူးဆပ်ခြင်း ဖြစ်ပေသည်။

အရှင်သာရိပုတ္တရာသည် မိစ္ဆာအယူရှိသော မိခင်အား၊ သမ္မာအယူရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြတ်စွာဘုရားသည်ပင် မယ်တော် တော်စပ်ဖူးသော သန္တုသိတနတ်သားအား အဘိဓမ္မာတားဟောကြား ခြင်းဖြင့် အကောင်းဆုံး မွေးကျေးဇူးပေးဆပ် တော်မှုသွားကြလေသည်။

ဤမျှ ကျေးဇူးကြီးမားလှသောကြောင့် မိဘလုပ်ကျွေး ကျေးဇူးဆပ်၍ ချမ်းသာကြီးပွားသော ဖြစ်ရပ်များကို များစွာ ဟောတော်မှုထားသည်။ မိဘတို့အား စိတ်ဆင်းရဲအောင်လုပ်၍၊ တမင်ပြစ်မှား၍ ယခုဘ၀မှာပင် ဆင်းရဲရသူများ၊ မြေမျိုခံရသူများ၊ နောက်ဘ၀တွင် ငရဲကျသူများလည်း များလှလေပြီ။ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးသော်မှပင် နုစဉ်ဘ၀က မိုက်မဲသော မယားစကားနားထောင်မိ၍ မိဘနှစ်ပါးကို ရိုက်နှက်မိသောကံကြောင့် ခိုးသားရိုက်နှက်ခံရ၍ ပရိနိဗ္ဗာန် ပြုတော်မှုရရှာပေသည်။

- အမိနှင့် အဖတို့ကို စိတ်ဆင်းရဲအောင်မလုပ်ပါနှင့်။

- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးကြစမ်းပါ။

- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်တဲ့ သားသမီးများ ဖြစ်ကြပါစေ။

- သားသည် အမိအဖတို့အတွက် အားဖြစ်ရမျာပါ။ ကျား မဖြစ်ကြပါစေနဲ့။

- သမီးသည် အမိအဖတိုပအတွက် ထီးဖြစ်ရမှာပါ။ မီး မဖြစ်ကြပါစေနဲ့။

- အမိအဖတို့အတွက် အားဖြစ်စေရအောင် ကြိုးစားနေတဲ့သားမျိုး၊ အမိအဖတို့အတွက် ထီးဖြစ်အောင် ကြိုးစားနေတဲ့ သမီးမျိုးက မိဘကျေးဇူးကို သိတတ်နေကြသူတွေပါပဲ။

- ယနေ့သည် မိဘကျေးဇူးကို ဆပ်ခွင့်ကြုံတဲ့ အခါသမယပါ။

- အခါသင့်အခွင့်ကြုံနေတဲ့ ယနေ့ကာလကို မနက်ဖြန်သို့ မရွှေ့ဆိုင်းလိုက်ပါနဲ့။

- မနက်ဖြန်ဆိုတာက အစိုးမရနိုင်ပါဘူး။

- စိုးပိုင်ခွင့်ရနေတဲ့ ယနေ့ကာလမှာပဲ မိဘကျေးဇူးကို ဆပ်လိုက်ကြစမ်းပါ။

- မိဘကျေးဇူးကို လောကနည်း၊ ဓမ္မနည်းနဲ့ ပေးဆပ်နိုင်ပါတယ်။

- အမိအဖတို့ရဲ့ လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးနိုင်ရမယ်။ ပေးနေရမယ်။

- လိုအင်ပြည့်တော့ အမိအဖတို့ စိတ်ချမ်းသာတာပေါ့။

- အမိအဖတို့ကို စိတ်ချမ်းသာအောင်ထားနိုင်တဲ့ ကျေးဇူးဆပ်နည်းကို လောကနည်းလို့ခေါ်ပါတယ်။

- သဒ္ဓါစိတ်နည်းပါးတဲ့ အမိအဖကို သဒ္ဓါတရားထက်သန်လာအောင် ကိုယ်ကျင့်တရားယိုင်နဲ့နေတဲ့ အမိအဖကို ကိုယ်ကျင့်တရားဖြောင့်မတ်လာအောင်၊ စာရိတ္တညစ်ညူးနေတဲ့ အမိအဖကို စာရိတ္တဖြူစင်လာအောင် မင်္ဂဖိုလ်ရကြောင်း တရားကောင်းနဲ့ မတွေ့ရဘူးသေးတဲ့ အမိအဖကို မင်္ဂလမ်း ဖိုလ်လမ်း လမ်းမှန်ပေါ်သို့ရောက်ရှိသွားရအောင် ဖြည့်ဆည်းပေးနေတာက ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။

- လောကနည်းနဲ့ဖြစ်စေ၊ ဓမ္မနည်းနဲ့ဖြစ်စေ ကျေးဇူးဆပ်နေဖို့က အဓိကပါပဲရှင်။

မိဘကျေးဇူးဆပ်နိုင်သော သာ၊ သမီးများ ဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။


Friday 25 January 2013

မနိုင်းရက်ပါ အမေ့မေတ္တာ

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ySuEm18hK4wglwM-Wsk4pvSPMHocMPN1Osn1zQibpHTANIooNIZOKVKG6xGDZMZoiwBT1UNzQM3wcZuXwTF2LwCewrlAhHMtfTbCvlgdRuVTJ8CDJ6_3fc2M1Ws9v3sMxRQ-sL8JGho/s1600/Alabastrite20Mother20Holding20Child-1.jpg
အမေ့မေတ္တာ ၊ ထုပမာကို
တောင်ထူမြင်းမိုရ် ၊ အထိုထိုနှင့်
ယှဉ်ဆိုပါသည် ၊ ယှဉ်သည့်ပမာ
သူ့အောက်သာလျှင် နိမ့်ကျငုပ်လျှိုး
ဖန်ဖန်တိုးသည် ၊ မှီရိုးဘယ်မှာ
မရှိပါလည်း ၊ ညွှန်ပြဆိုမိ
ငါ့အသိကို ၊ ထုတ်ဆောင်လိုသည်
မွေးသည်မာတာ ၊ ရွှေမေတ္တာကို
လေမှာလွင့်လွင့် ၊ လိုက်ကာဖွင့်သည့်
ဝိုးတ၀ါးအသွင် ၊ သင်မြင်ပါလည်း
ရင်၌အသည်း ၊ ခိုင်မာစွဲ၍
ကျေးဇူးတုံ့တင် ၊ သင်ဆပ်ချင်မည်
ငါယုံကြည်မိ ၊ ဖော်ဆောင်၏။
မမေ့ရင်စုံ ၊ ကြာပဒုံဝယ်
ရေကြည့်တည်စ ၊ ထိုခဏ၌
သူသိရစဉ် ၊ မြတ်မိခင်သည်
ဖရဏပီတိ ၊ ဂွမ်းဆီထည့်သို့
သွားလာကုန်းကွ ၊ စားချို့ရသည်
သူ၏ရင်သွေး ၊ သက်ရှင်ရေးထက်
သူ့အသက်ကား ၊ ဆိုဖွယ်မရှိ
စွန့်လွှတ်မိသည့် ၊ မိခင်ဂုဏ်ပုဒ်
ငါလေနိုင်းချင့် ၊ စာကိုဆင့်လည်း
အဟုတ်အမီ ၊ ငါယုံကြည်သည်
အမေ့မေတ္တာကိုပြိုင် ၊ မဆိုနိုင်လို့။

အမေ့ရင်ဆုံ ၊ ကြာပဒုံလေ
အငုံကြွကြွ ၊ အုံလှလှနှင့်
ကြီးရင့်လာပြီး ၊ လနှင့်ချီတော့
လေဒဏ်လွေ့လွေ့ ၊ နေဒဏ်တွေလည်း
လည်တံကြော့ကြော့ ၊ ခေါင်းကိုမော့၍
သားငယ်မျက်နှာ ၊ လစန္ဒာကို
မျှော်ကာငေးရင်း ၊ ပွင့်ရခြင်းထက်
သူ့အသက်ကို ၊ သားတွက်ပေးထား
လိုလားမရှိ ၊ စွန့်လွှတ်မိသည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်အမီ ၊ ငါယုံကြည်သည်
မေတ္တာပွင့်ဖူး ၊ ရနံ့ထူးလို့။

သားငယ်မျက်နှာ ၊ လစန္ဒာသည်
အမေ့ရင်သိုက် ၊ ထိုတိမ်တိုက်မှ
ထွင်းဖောက်ရောင်ခြည် ၊ ဤလူ့ပြည်သို့
အေးမြစေမှု ၊ လင်းလက်ပြုတော့
ပင်ပန်းသမျှ ၊ ခ၀ါချ၍
နှစ်သက်ကြည်နူး ၊ မိန့်မိန့်မှုးအောင်
ရင်သွေးဟူက ၊ ရူမ၀သည်
နီထွေးနီတာ ၊ သားမျက်နှာကို
ဖန်ဖန်ကြည့်ရင်း ၊ ကြည်နူးခြင်းဖြင့်
အသက်ထက်ပင် ၊ သားကိုခင်သည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်မမှီ ၊ ငါယုံကြည်သည်
မေတ္တာတံတိုင်း ၊ သူထူနိုင်လို့။

မိခင်မာတာ ၊ မျိုးမြန်မာမို့
ဟိရီတရား ၊ အစဉ်ထားလည်း
သားတို့တွက်ဆို ၊ ဟိရီမလိုပြီ
ဖြူဖြူသန့်သန့် ၊ ရနံ့သင်းသင်း
မြစ်မင်းနှစ်မြွှာ ၊ စီးဆင်းလာသည့်
နို့နှစ်ဟာရ ၊ အစဉ်ရဖို့
ဟိရီကိုပယ် ၊ လှမခြယ်သည်
သားတို့အတွက် ၊ အရှက်ကိုဖယ်
မေတ္တာရှေ့ဆောင် ၊ သူလုပ်ဆောင်သည်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်မမီ ၊ ငါယုံကြည်သည်
အစစ်မေတ္တာ ၊ အမေစေလာလို့။

နို့ချိုတိုက်ရင်း ၊ ချော့မြှူရင်းဖြင့်
သားလည်ပျော်မြူး ၊ သူကြည်နူး၍
ရင်နှစ်အစုံ ၊ ကြာပဒုံကို
ခြေဖြင့်လည်းတော့ ၊ ခေါင်းဆံဆော့လည်း
အပြစ်မပြော ၊ အချစ်နှောသည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်မမီ ၊ ငါယုံကြည်သည်
ခွင့်လွှတ်မေတ္တာ ၊ အမေလေပွားလို့။

ပညာသင်စ ၊ ထိုခဏလေ
မိုက်မှားပေါင်းသင်း ၊ နေရခြင်းကို
မောင်မင်းဘယ်ခါ ၊ ရှောင်ကြဉ်ပါဟု
နူတ်မှဖွဖွ ၊ စောင့်ရှောက်မိသည့်
မေးသည့်မိခင် ၊ ကျေးဇူးရှင်
ပညာစုံခါ ၊ ကြင်ရာစုံဖို့
တော်ရာကြင်ဖက် ၊ သူပြုပြင်သည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
မဟုတ်မမီ ၊ ငါယုံကြည်သည်
ရှေ့ရေးရှေ့ရာ ၊ အဖြာဖြာတွက်
မြော်မြင်ကြီးမား ၊ မေတ္တာထားလို့။

သားသမီးတစ်စု ၊ အိမ်ထောင်ပြုလို့
မြေး ၊ မြစ်တွေရ ၊ သူအိုရလည်း
အသစ်မွေးဖွား ၊ မေတ္တာများဖြင့်
တုန်ချည့်မဲ့ယောင် ၊ သူ့ကိုယ်ကောင်ကို
လှုပ်ရှားသွက်လက် ၊ သားအတွက်ဟု
ဆံဖြူသွားစွန့် ၊ ပါးရေတွန့်နှင့်
မှုန်ဝါးအမြင် ၊ မဆင်ခြင်ဘဲ
သားနှင့်သမီး ၊ တည့်ကြ၏လော
သားနှင့်သမီး ၊ ကျန်းမာ၏လော
သားနှင့်သမီး ၊ ချမ်းသာ၏လော
သားနှင်သမီး ၊ လမ်းဖြာ၏လော
ထိုထိုသဘော ၊ သူစစ်ကြောသည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်အမီ ၊ ငါယုံကြည်သည်
အသစ်မေတ္တာ ၊ ဖုးပွင့်ရှာလို့
မခန်းမေတ္တာ ၊ စီးဆင်းရှာလို့။


သေအံ့ဆဲဆဲ ၊ သက်ငင်ဆဲဝယ်
ငင်သောအသက် ၊ စောင့်ဆည်းလျက်က
သားကိုလည်းခေါ် ၊ သမီးခေါ်၍
လိမ္မာနေရစ် ၊ ရန်မဖြစ်နှင့်
ဒါကမင်းတွက် ၊ ဒါကမင်းဖို့
အမွေခွဲဝေ ၊ သူပေးချေပြီ
သူ့ကိုသာစေ ၊ ငါ့နာစေဟု
စိတ်ထားစေတနာ ၊ မကွက်ပါသည်
စိတ်ထားမေတ္တာ ၊ ညီညာပါသည်
စိတ်ထားမုဒိတာ ၊ သူပွားရှာသည်
စိတ်ထားဂရုဏာ ၊ သူပြုရှာသည်
ဗြဟ္မာအသွင် ၊ မြတ်မိခင်။
မေတ္တာသခင် ၊ မြတ်မိခင်။

မေတ္တာတရား ၊ ပြိုင်စံရှားသည့်
အိုဘယ်မိခင် ၊ သားသခင်
သခင့်စေတနာ ၊ ပျိုမေတ္တာနှင့်
သခင့်သစ္စာ ၊ မုဒိတာနှင့်
သခင့်ရောင်ဝါ ၊ ကရုဏာနှင့်
ပြည့်ဖြိုးလတ်ဆတ် ၊ ဂုဏ်မြင့်မြတ်ကို
မဆိုဝံ့ပြီ ၊ မနိုင်းချင်သည်
နိုင်းလေသမျှ ၊ ခိုင်းသမျှသည်
သခင့်မေတ္တာ ၊ မိုးအောက်မှာပင်
ငုပ်လျှိုးကွယ်ပျောက် ၊ ဆီးနှင်းပေါက်သို့။
သခင့်မေတ္တာ ၊ ပင်လယ်ပြာဝယ်
သက်ဝင်ကွယ်ပျောက် ၊ မိုးတစ်ပေါက်သို့။

မိခင်သဒ္ဒါ ၊ ရွှေမေတ္တာကို
ပမာ ပမာ ၊ နိုင်းစရာနှင့်
ယှဉ်ကာဆိုကြည့် ၊ ငါနိုင်းမိလည်း
အရာရာတွင် ၊ ပမာတင်သည့်
ခိုင်းနိုင်းစရာ ၊ အဖြာဖြာသည်
အမေ့မေတ္တာ ၊ ရောင်ခြည်ဖြာအောက်
စင်းစင်းမှောက်၍ ၊ အညံ့ခံရူံးပေး
လွတ်မြောက်ရေးထက် ၊ နည်းလမ်းဘယ်မှာ
မတွေ့ပါပြီ ၊ ငါယုံကြည်သည်
အမေ့မေတ္တာ ၊ လွန်ကြီးမားလို့။
အမေ့မေတ္တာ ၊ ကန့်သတ်မဲ့လို့။

သားသမီးအတွက်ဆို
အမေဟာလေ
ကိုယ့်ကိုယ်ကို အကျွမ်းခံ
ဖယောင်းတိုင်လို အလင်းပေး
အနစ်နာခံ ၊ တုမရတဲ့နည်းနာတွေနဲ့
လောကလယ်မှာ တင့်တယ်ရအောင်
လမ်းပြပေးရှာတယ်
မေတ္တာအလင်းတွေနဲ့။

(အရှင်ပါမောက္ခ ( ကြို့ပင်ကောက် )

Thursday 24 January 2013

ဖိုးသူတော် ဦးနု စကားပုံ ဆုံးမစာများ


၁။ သေရည်ကိုလည်း မသောက်နှင့်၊ ရေကြည်ကိုလည်း မနှောက်နှင့်၊
သေရည်ကိုသောက်က အပါယ်ဘုံသို့ ကျတတ်သည်။
ရေကြည်ကိုနှောက်က အနည်မှုန်တို့ ထတတ်သည်။

၂။ ထင်တိုင်းလည်းနှိပ်၍ မဆိုနှင့်၊ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်၊
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွားတတ်သည်။
ဝင်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။


၃။ အဟုတ်အမှန်လည်းသိမှ၊ အလုပ်အကြံလည်းရှိမှ၊
အဟုတ်အမှန်သိမှ သံသရာဘေးဝေး၍ အနေကြွယ်ဝမည်။
အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတည်ကြမည်။

ပေါက္ကံ မောင်ချို စကားပုံ ဆုံးမစာများ


၁။ အသုံးကြီးသော် မပြီးစီး၊ စကားလုံးကြီးသော် အချည်းနှီး။

၂။ ငါးတစ်ကောင်ပုပ်သော် တလှေလုံး ပုပ်သည်။

၃။ တစ်ယောက် မကောင်းသော် အားလုံး ပျက်စီးသည်။

၎။ တစ်ယောက် ကောင်းသော် အပေါင်း ချမ်းသာသည်။


၅။ တရားသိသော် အမှားကို မြင်နိုင်သည်။

၆။ ဥစ္စာရတနာ ကုံလုံကြွယ်ဝပြည့်စုံသည် မှန်စေ၊ လှူဒါန်းပေးကမ်း စွန့်ကြဲခဲသည်။

၇။ ဒါန သီလ အကျိုးအပြစ်ကို အသိအမြင် အသင်အကြားရှိသည် မှန်စေ၊ ကျင့်ဆောင်နိုင်ခဲသည်။

၈။ ပညာကိုလိုသော် မပျင်းနှင့်။

၉။ ဥစ္စာကိုလိုသော် မငြင်းနှင့်။

၁၀။ အရပ်ကို ချစ်စေလိုသော် ပေးကမ်းပါ။

ညောင်ပင်သာ ဦးပုည ဆုံးမစာများ


၁။ သူတပါးကို၊ ကဲ့ရဲ့လို၊ ကိုယ့်မှာရန်သူ ပေါတတ်သည်။

၂။ မော်မော်ကြွားကြွား၊ လူရမ်းကား၊ အများမချစ် မုန်းတတ်သည်။

၃။ တောင်းတတ်သောသူ၊ တောင်းမှုမပေး၊ သည်နှစ်ရေး၊ မအေးစိတ်က မုန်းတတ်တယ်။

၎။ ဆိုခွင့်ပြုခွင့်၊ သင့်မသင့်၊ နိုင်းချင့်အခါလင့်ရမည်။

၅။ အကျယ်အကျယ်၊ မငြိမ်ဖွယ်၊ မာန်စွယ်ချုံး၍ ကျဉ်းတတ်စေ။

၆။ တံတားအို မှောင်ခိုမလျှောက်နှင့်၊ တံတားအို မှောင်ခိုလျှောက်က ကျိုးတတ်သည်။

၇။ စကားဆို တောင်လိုမမောက်နှင့်၊ စကားဆို တောင်လိုမောက်က ငြိုးတတ်သည်။

မဃဒေ၀လင်္ကာ ဆုံးမစာများ

၁။ သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏။

၂။ သူ့ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။

၃။ ကာလဒေသ၊ ပုဂ္ဂလကို၊ နိုင်းဆမရှိ၊ မသိတတ်သူ၊ လူမိုက်ဟူ၏၊ သိမှု ပဏ္ဍိ၊ ပညာရှိ။

၎။ ကံမွဲဥာဏ်နုံ့၊ မလုံမလ၊ နတ်မ မဘူး။


၅။ အန္ဓဗာလ၊ လူထိုမျှတို့၊ ကံဝီရိယ၊ မယုံကြ။

၆။ ပယောဂစက်၊ ပျက်သည့်သူအား၊ လူကိုထား၍ ဘုရားသောမှ၊ ကယ်မရ။

၇။ ပေးကမ်းလေ့ဟူ၊ မရှိသူတို့၊ နတ် လူ နိဗ္ဗာန်၊ ချမ်းသာမွန်ကို၊ ဧကန်ဘယ်ခါ၊ မရရာ။

၈။ မပေးမလှူ၊ မုန်းဆေးဟူ၏။ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည်း။

၉။ တရာမးကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တသောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက် ပြစ်တင်၊ ကြောက်လော။

၁၀။ ဆရာမိဘ၊ ဆုံးမစကား၊ မလိုက်ငြားလည်း၊ ပျက်ပြားဆင်းရဲ၊ ဖြစ်မြဲဧကန်။

၁၁။ လောကီ ဓမ္မတာ၊ လူတို့မှာတီ၊ စဉ်လာတရား၊ ဖျက်မမှားလင့်။

၁၂။ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ်ပျက်ပြား၊ ဘ၀လားသော်၊ မယားမပါ၊ သားမပါဘူး။