ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 30 November 2011

နိဗ္ဗာန်သရုပ်

နိဗ္ဗာန်သည် ရုပ်နာမ်သင်္ခါရ ၀ဋ်ဆင်းရဲဟူသမျှတို့၏ လုံးဝချုပ်ငြိမ်းခြင်းဟူသော သန္တိလက္ခဏာသဘောအားဖြင့် တစ်ပါးတည်းသာ ဖြစ်သော်လည်း ခန္ဓာအကြွင်းရှိခြင်း၊ မရှိခြင်း ကွဲပြားခြားနားကြောင်း ပရိယာယ်အားဖြင့်ကား -

(၁) သဥပါဒိသေသ နိဗ္ဗာန်

(၂) အနုပါဒိသေသ နိဗ္ဗာန် ဟူ၍ (၂)မျိုးအပြားရှိသည်။ ထိုတွင် -

(၁) ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ပရိနိဗ္ဗာန်မပြုမီအတွင်း ကိလေသာတို့၏ လုံးဝမဖြစ်ပေါ်နိုင်သောအားဖြင့် ကုန်ဆုံးချုပ်ငြိမ်းခြင်းသည် သဥပါဒိသေသနိဗ္ဗာန် ဖြစ်သည်။

(၂) ကိလေသာအားလုံးချုပ်ငြိမ်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်ကာလ၌ ရုပ်နာမ်သင်္ခါရတို့ လုံးဝဖြစ်ပေါ်မလာတော့ဘဲ အပြီးသတ် ချုပ်ငြိမ်းခြင်းသည် အနုပါဒိသေသနိဗ္ဗာန် မည်၏။

ထိုအနုပါဒိသေသနိဗ္ဗာန်ကို ခန္ဓာတို့၏ အပြီးသတ်ချုပ်ငြိမ်းမူ ဖြစ်သောကြောင့် ခန္ဓနိဗ္ဗာန်ဟု ဟောကြားတော်မူပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

နိဗ္ဗာနဓာတ်နှင့် သင်္ခါရ

တနည်းအားဖြင့် နိဗ္ဗာန်ဟူသော ဝေါဟာရသည် နိဗ္ဗာနဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ နိဗ္ဗာနဆိုသည်မှာ ကင်းငြိမ်းခြင်းဟု အဓိပ္ပာယ်ရသည်။ ရုပ် နာမ်သင်္ခါရဟူသော ၀ဋ်ဆင်းရဲတို့ လုံးဝ ဖြစ်ပေါ်မလာကြတော့ဘဲ ရုပ် နာမ်သင်္ခါရတို့ လုံးဝကင်းငြိမ်းသော သဘော၊ မရှိခြင်းသဘောဟု ဆိုလိုပေသည်။ မှန်၏၊ ရုပ်နာမ်တရားတို့ကို ပြုပြင်စီမံမူ သဘောကြောင့် သင်္ခါရဟု ခေါ်သည်။ ထို ရုပ်နာမ်သင်္ခါရတို့နှင့် နိဗ္ဗာနဓါတ်သည် ဆန့်ကျင်ဘက်ဖြစ်သည်၊ သင်္ခါရတရားတို့သည် ရှေးဦးစွာဖြစ်ပေါ်ခြင်း ဥပါဒ်သဘောရှိကြသည်။ ချမ်းသာ ကောင်းစားရန် အမြဲမပြတ်ပြုပြင်အားထုတ်နေရသော သဘောလည်းရှိကြ၏။ ရှေးဘ၀ ရှေးအကြောင်းတရားတို့နှင့်စပ်၍ ဖြစ်ခြင်းလည်းရှိ၏။ ပုံသဏ္ဌာန် အထည်ကိုယ်ရှိသကဲ့သို့ ထင်ပေါ်လာတတ်ကြသည်။ နိဗ္ဗာန်မှာမူကား ရှေးဦးစွာ ဖြစ်ပေါ်လာခြင်း ဥပါဒ်သဘောလည်းမရှိ၊ မပြတ်ဖြစ်သော ရုပ်နာမ်အစဉ်မှလည်း ကင်း၏။ ပြုပြင်အားထုတ် ရသော သဘောလည်းမရှိ၊ ရှေးဘ၀ ရှေးအကြောင်းတို့နှင့် စပ်၍ ဖြစ်ခြင်းလည်းမရှိ၊ နိမိတ်ပုံသဏ္ဌာန် အထည်ဒြပ်ကင်းသည့် အနေအားဖြင့်သာ အရိယာတို့၏ ဉာဏ်မျက်စိ၌ ထင်ပေါ်လာသည့် သဘောရှိသည်။

ထို့ကြောင့် နိဗ္ဗာန်ကို သိပြီး မြင်ပြီးသော အရိယာပုဂ္ဂိုလ်များသော်မှလည်း ထိုနိဗ္ဗာန်ကို မည်သည့်အရာဝတ္ထုနှင့် တူသည်ဟူ၍လည်းကောင်း၊ မည်သို့သော အဆင်းအရောင် ပုံသဏ္ဌာန်ရှိသည်ဟူ၍လည်းကောင်း၊ မည်သည့်အရွယ်ပမာဏရှိသည်ဟူ၍လည်းကောင်း မပြောပြနိုင်ပါချေ။ မပြတ်ဖြစ်ပျက်လေ့ရှိသော ရုပ် နာမ် သင်္ခါရတို့၏ လုံးဝပေါ်မလာဘဲ ချုပ်ငြိမ်း ကင်းဆိတ်သည့် အနေအားဖြင့်သာလျှင် သိလည်းသိရ၏၊ ပြောလည်း ပြောပြနိုင်ကြလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Tuesday 29 November 2011

နိဗ္ဗာန်နှင့် သန္တိသုခဓာတ်

ကိလေသာခန္ဓာတို့၏ ချုပ်ငြိမ်းမူ၊ ရုပ်နာမ်တရားတို့၏ နောက်တဖန် ပြန်မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမူဟူသော အငြိမ်းဓာတ် အအေးဓာတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။

ထိုအငြိမ်းဓာတ် အအေးဓာတ်ကား ချမ်းသာတစ်မျိုးဖြစ်၍ သန္တိသုခ နိဗ္ဗာန ဓာတ်ဟူ၍လည်းကောင်း ခေါ်သည်။ ထိုနိဗ္ဗာန်သည် သဘောအားဖြင့် ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းအေးမြခြင်း သဘောလက္ခဏာ ရှိသည်။ ငြိမ်းအေးခြင်းဟူသော ပင်ကိုယ်သဘောမှ မည်သည့်အခါမျှ ရွေ့လျားခြင်းမရှိသော ဂုဏ်နှင့်ပြည့်စုံ၏။ စိတ်စေတသိက်တို့ထက် ပို၍သိမ်မွေ့သော ဓာတ်ကြီးတစ်မျိုးဖြစ်၍ စိတ်စေတသိက်ကဲ့သို့ပင် အထည်ပုံဟန်၊ သဏ္ဌာန်နိမိတ်၊ အရိပ်အသွင် မရှိသော ပရမတ္ထဓာတ်ကြီး ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ိ



နိဗ္ဗာန်

နိဗ္ဗာန်ဟူသည် ဗုဒ္ဓဘာသာတို့၏ အမြင့်ဆုံးရည်မှန်းချက်နှင့် နောက်ဆုံးပန်းတိုင်ဖြစ်သည်။ နိဗ္ဗာန်ဟူသော အမည်သည် နိဗ္ဗာန ပါဠိပုဒ်မှ ဆင်သက်လာခြင်းဖြစ်သည်။ နိဗ္ဗာန၏ မူလပုဒ်ရင်းမှာ နိဝါန ဖြစ်သည်။ နိဝါနမှ နိဗ္ဗာန ဖြစ်လာခြင်းဖြစ်၏။

“၀ါန” ဟုဆိုအပ်သော တဏှာစက်ကွင်းမှ ရှင်းရှင်းကြိး လွတ်ကင်း ထွက်မြောက်သည့်တရားဟု အဓိပ္ပာယ်ရသည်။

အပ်ချုပ်သမားသည် အ၀တ်အထည်တစ်စနှင့်တစ်စကို အပ်ချည်ဖြင့် ချုပ်စပ်သကဲ့သို့ တဏှာတရားသည်လည်း ဘ၀တစ်ပါးနှင့် ဘ၀တစ်ပါးကို ချုပ်စပ်ဆက်သွယ်တတ်သည်။ ထို့ကြောင့် တဏှာကို ၀ါနဟုခေါ်သည်။

အကြမ်းရှင်းပြရမည်ဆိုလျှင် တဏှာကား သံသရာ နယ်ချဲ့တရား တပါးဖြစ်၏။ တဏှာနယ်ပယ်ကား (၃၁)ဘုံဟူသော သြကာသလောကဓာတ်ကြီးတစ်ခုလုံး ဖြစ်သည်။ ထို (၃၁)ဘုံအတွင်း ကောင်းသောဘ၀(သုဂတိ)နှင့် မကောင်းသောဘ၀(ဒုဂ္ဂတိဘ၀)တို့၌ တစ်ဘ၀ပြီးတစ်ဘ၀ ဆုံလည်နွားပမာ ပြောင်းလဲဖြစ်ပေါ်နေသည့် သတ္တ၀ါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်ကို သံသရာဟုခေါ်သည်။

ထိုသံသရာကို ချဲ့တတ်သည့် နယ်ချဲ့တရားတို့ကား ဒိဋ္ဌိ၊ မာန၊ တဏှာတို့ဖြစ်သည်။ ဒိဋ္ဌိသည် ခန္ဓာငါးပါး၌ အတ္တရှိ၏ဟု အမှားမြင်၏။ မာနကား ထိုအတ္တကိုပင် “ငါ ငါ” ဟု မှတ်ထင်၏။ ဒိဋ္ဌိမာနအရင်းခံမူကြောင့် မိမိ၏ ရုပ်နာမ်တရားများကို တဏှာဖြင့် အားပါးတရ စွဲလမ်း၏။

တဏှာကား အစွမ်းသတ္တ အလွန်ထက်သည့် တရားတစ်ပါးတည်း၊ ထိုတဏှာက ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ပြည့်နှက်နေသည့် ဤလောကကြီး ပျော်မွေ့စရာ၊ ချမ်းမြေ့စရာ ကောင်း၍ အလွန်သာယာစိုပြည်သည့် လောက နိဗ္ဗာန်ကြီးအဖြစ် ဖန်တီးပေးထား၏၊ ရဟန္တာမှတပါးသော သတ္တ၀ါမှန်သမျှကို ထိုထိုအာရုံ၌ဖြစ်စေ၊ မိမိခန္ဓာကိုယ်၌ဖြစ်စေ တွယ်တာမက်မောစေ၍ သံသရာဝဋ်ဆင်းရဲ၌ မငြီးငွေ့အောင်၊ ပျော်ရွှင်အောင် ပြုလုပ်ထားသည့်တရားကား တဏှာပင်ဖြစ်သည်။

ထို့ကြောင့် တဏှာရှိသော သတ္တ၀ါတို့သည် မိမိတို့ လိုချင်တွယ်တာမူ အတိုင်းအတာအရ ဆင်းရဲအမျိုးမျိုးကိုခံယူကာ နေ့မအား ညမအား ရုန်းကန် လူပ်ရှားနေကြရသော်လည်း တဏှာကို ဒုက္ခပေးနေသည့် ရန်သူအဖြစ်မမြင်ကြ မိတ်ဆွေကောင်းကြီးအသွင်ဖြင့်သာ အဖေါ်ပြုကာ ပျော်ပျော်ပါးပါး သံသရာခရီးနှင်လျက်ရှိကြလေသည်။ အချုပ်ဆိုရသော် တဏှာ၏လက်ချက်ကြောင့် သတ္တ၀ါများ သံသရာမှ ထွက်ပေါက်မရှာကြဘဲ ဘ၀ပေါင်းများစွာ ကြင်လည်နေကြရခြင်း ဖြစ်ပေသည်။

ထို့ပြင် တဏှာသည် ကမ္မ၀ဋ်ကို တွင်တွင်လည်အောင် လှည်ပေးတတ်သော ကိလေသ၀ဋ်တရားတစ်ခု ဖြစ်သည်။ လိုချင်မက်မောမူတဏှာကြောင့် ကုသိုလ်၊ အကုသိုလ်များကို ပြုလုပ်နေကြ၏။ တဏှာအရင်းခံသည့် ယင်းပြုလုပ်မူ (ကမ္မ၀ဋ်)ကြောင့် လက်ရှိဘ၀ခန္ဓာပြတ်စဲသွားသောအခါ ၀ိပါက၀ဋ်ခေါ် ရုပ်သစ်၊ နာမ်သစ်များ ဖြစ်လာကာ ဘ၀တစ်ခုပေါ်လာပြန်၏။ ထိုဘ၀သစ်ဖြစ်၍ မကြာမီမှာပင် ဘ၀၌ တွယ်တာနှစ်သက်တတ်သော(ဘ၀နိကန္ထိက) လောဘဇောခေါ်တဏှာရပြီးခါစ အတ္တဘောကို မက်မောတွယ်တာပြီးလျှင် ယခင်အတိတ်ဘ၀ကနည်းတူ ဘ၀သစ်တွင် စခန်းသွားရပြန်သည်။

ဤသို့ပုထုဇဉ်၊ သေက္ခ သတ္တ၀ါတို့သည် တဏှာတည်းဟူသော ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်တို့ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်လာပြီးလျှင် သံသရာတကြောဝယ် နစ်မျောကျင်လည်၍ နေကြရလေသည်။ ဤ သံသရာတကြောဟူသော (၃၁)ဘုံကား တဏှာ၏နယ်၊ တဏှာ၏စက်ကွင်းတည်း။

နိဗ္ဗာန်ကား ထိုတဏှာ၏နယ်၊ တဏှာ၏စက်ကွင်းမှ လွတ်သော တရားမျိုးဖြစ်ပေသည်။

သို့သော် နိဗ္ဗာန်ကား(၃၁)ဘုံကဲ့သို့ ကမ္ဘာလောကဓာတ်ကြီး တစ်ခုအဖြစ်ဖြင့်လည်းကောင်း ကမ္ဘာသူ ကမ္ဘာသားတစ်စုံတစ်ဦးအနေဖြင့်လည်းကောင်း တစ်စုံတစ်ခုသော အရပ်၌ တည်ရှိနေသည့်အရာ မဟုတ်ချေ။

နိဗ္ဗာန်ဆိုသည်မှာ ရုပ်နာမ်နှစ်ပါး အကြွင်းမဲ့ချုပ်ဆုံးမူဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ရဟန္တာပုဂ္ဂိုလ်၏ လောကသုံးပါးမှ လွတ်မြောက်ပုံ

အရဟတ္တမဂ်စိတ်ဖြစ်ပြီးနောက် အရဟတ္တဖိုလ်စိတ် ဆက်လက် ဖြစ်ပေါ်ပြီးသော အရိယာပုဂ္ဂိုလ်ကို ရဟန္တာဟုခေါ်သည်။

ရဟန္တာပုဂ္ဂိုလ်ကား ကိလေသာအားလုံးကို အကြွင်းမရှိပယ်ပြီးဖြစ်၍ အကုသိုလ်ဟူသမျှ မြူတစ်စေ့စာမျှ မရှိတော့ချေ။ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်ဟုခေါ်သည်။

ထိုရဟန္တာပုဂ္ဂိုလ်သည် ကိလေသာ (၁၀)ပါး၊ ယင်းနှင့်တကွဖြစ်သော အကုသိုလ် စိတ္တုပ္ပါဒ်ကို ပယ်ပြီးဖြစ်သည်။

ထောင်လွှားခြင်း၊ တက်ကြွခြင်း၊ မနာလိုဝန်တိုခြင်း၊ တွေဝေခြင်း၊ ပျံ့လွင့်ခြင်း၊ စသော သဘောများလည်း မရှိတော့ပေ၊ ထို့အတူပင် ရဟန္တာအရှင်မြတ်များ ပြုလုပ်သော အလှူပေးခြင်း၊ တရာဟောခြင်း၊ ဘာဝနာပွားခြင်း၊ သံဃဝေယျာဝစ္စပြုလုပ်ခြင်း စသော ကုသိုလ်များသည်လည်း ကုသိုလ်အမည်မရတော့ပေ၊ ရဟန္တာတို့အတွက် နောက်ကာလ၌ အကျိုးပေးရန် ဘ၀မရှိတော့သောကြောင့် ပြုကာမတ္တ(ကြိယာ) သဘောမျှသာ ဖြစ်သွားသည်။ ရဟန္တာပြုလုပ်သည့် ကောင်းမူမှန်သမျှ ကုသိုလ်အမည်မရဘဲ ကြိယာ(ပြုကာမတ္တ) အမည်မျှကိုသာ ရရှိသွားသည်။ ကြိယာ(ပြုကာမတ္တ) သဘောမျှသာဖြစ်သွား၏ ဟုဆိုလိုသည်။

ထိုသို့ ရဟန္တသန္တာန်၌ (ကုသိုလ်နှင့်တကွ) အကုသိုလ်ဟူသမျှ လုံးဝမရှိသောကြောင့် လူ နတ် ဗြဟ္မာ သတ္တ၀ါများ၏ မြတ်သောအလှူကို ခံယူထိုက်သော အမြတ်ဆုံးပုဂ္ဂိုလ်ကား ရဟန္တာပင်ဖြစ်လေသည်။

ရဟန္တာပုဂ္ဂိုလ်သည် အောက်မဂ်သုံးပါးတို့ မပယ်နိုင်၍ ကြွင်းကျန်နေသော -

ရူပရာဂ(ရူပဘုံနှင့်ဈာန်ကို တပ်နှစ်သက်မူ)

အရူပရာဂ (အရူပဘုံနှင့်ဈာန်ကို တပ်နှစ်သက်မူ)

မာန (ထောင်လွှားခက်ထန်မူ)

ဥဒ္ဓစ္စ (စိတ်ပျံ့လွင့်မူ)

အ၀ိဇ္ဇာ (မသိမူ တွေဝေမူ) သံယောဇဉ်တို့ကို အရဟတ္တမဂ်ဖြင့် ပယ်သတ်ပြီးဖြစ်လေသည်။ ရဟန္တာဘ၀၌ ပယ်သတ်စရာ ကိလေသာဟူ၍ မရှိတော့ချေ။

ကိလေသာ အကုသိုလ်အားလုံးကုန်သွားခဲ့လေပြီ၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သည် -

(က) ရူပရာဂ(လောဘ)၊ အရူပရာဂ(လောဘ)၊ မာန၊ ဥဒ္ဓစ္စ၊ အ၀ိဇ္ဇာတို့နှင့်တကွ ယှဉ်ဖက် အကုသိုလ် စိတ္တုပ္ပါဒ်ဟုဆိုအပ်သော သင်္ခါရလောက၊ ကုသိုလ်စိတ္တုပ္ပါဒ်ဟုဆိုအပ်သော သင်္ခါရလောကမှ လွတ်မြောက်သည်။

(ခ) ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် အနာဂါမ်ဘ၀ကို ကျော်လွန်ပြီးဖြစ်သည်။ ထို့ကြောင့် အနာဂါမ်ဘ၀ဟုဆိုအပ်သော သတ္တလောကမှ လွတ်မြောက်သည်။

(ဂ) ရဟန္တာဖြစ်လျှင် သံသရာဝဋ်မြစ်ပြတ်ပြီး ဖြစ်လေပြီ၊ ထို့ကြောင့် နောက်ထပ်တဖန် ဖြစ်ရန်မရှိတော့ရကား ကာမ(၁၁)ဘုံ၊ ရူပ(၁၆)ဘုံ၊ အရူပ(၄)ဘုံ အားဖြင့် (၃၁)ဘုံဟုဆိုအပ်သော သြကာသလောကမှ အပြီးတိုင် လွတ်မြောက်ပါသည်။

ဤသို့အားဖြင့် သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဟုဆိုအပ်သော အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့၏ ဆိုင်ရာမဂ်ဖြင့် ဆိုင်ရာကိလေသာတို့ကို ပယ်သတ်နိုင်ပါသည်။ ထို့ကြောင့် ပယ်သတ်ပြီးသော ကိလေသာ(အကုသိုလ်) သင်္ခါရ လောကမှလည်းကောင်း၊ မိမိဆိုင်ရာမဂ်ဖြင့် ပယ်သတ်ခဲ့သော ကိလေသာအားလျော်စွာ ယင်းကိလေသာတို့ကြောင့် ဖြစ်ရာဘုံဟုဆိုအပ်သော သြကာသလောကမှ လည်းကောင်း၊ ပုထုဇဉ်ဘ၀ အစရှိသော အောက်အောက်ပုဂ္ဂိုလ်၏ ဘ၀ဟုဆိုအပ်သော သတ္တာလောကမှ လည်းကောင်း လွတ်မြောက်ကြပါသည်။

ဤသို့ အရိယာပုဂ္ဂိုလ်တို့၏ လောကသုံးပါးမှ ထွက်မြောက်မူကိုပင် ကိလေသာငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ဟုခေါ်ရလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အနာဂါမ်ပုဂ္ဂိုလ်၏ လောကသုံးပါးမှ လွတ်မြောက်ပုံ

အနာဂါမိမဂ်စိတ်ဖြစ်ပြီးနောက် အနာဂါမိဖိုလ်စိတ် ဆက်လက်ရရှိပြီးသော အရိယာပုဂ္ဂိုလ်ကို အနာဂါမ်ဟုဆိုသည်။

အနာဂါမ်အရိယာပုဂ္ဂိုလ်ကား ဤကာမတဏှာကျက်စားရာ ကာမ (၁၁)ဘုံသို့ ပဋိသန္ဓေနေသောအားဖြင့် ရောက်မလာတော့ပေ။ ကာမပဋိသန္ဓေမနေတော့ချေ။ ထို့ကြောင့် အနာဂါမ်ပုဂ္ဂိုလ်ဟုခေါ်သည်။

ထိုအနာဂါမ်ပုဂ္ဂိုလ်သည် အောက်ပါအတိုင်း (၅)မျိုးရှိသည် -

(၁) ဗြဟ္မာဘုံ၌ ဖြစ်၍ ထိုဗြဟ္မသက်တမ်းအလယ်၌ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်ပြုသူ။

(၂) ဗြဟ္မာဘုံ၌ဖြစ်၍ ထိုဗြဟ္မသက်တမ်းအလယ်ကိုကျော်လွန်မှ ရဟန္တာဖြစ်လျက် ပရိနိဗ္ဇာန်ပြုသူ။

(၃) လွယ်လွယ်ကူကူး မပင်မပန်းသော အကျင့်တို့ဖြင့် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်ပြုသူ။

(၄) ပင်ပန်းခဲယဉ်းသော အကျင့်တို့ဖြင့် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်ပြုသူ။

(၅) အထက်အထက်ဘုံစဉ်စံကာ အကနိဋ္ဌဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသူ။

အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိမဂ်ဖြင့် ကာမရာဂ (ကာမဂုဏ်ကို လိုချင်တပ်မက်သော လောဘတဏှာ)နှင့် ဗျာပါဒ(ဖျက်ဆီးတတ်သော ဒေါသ)တို့ကို အကြွင်းမဲ့ အကုန်အစင်ပယ်သတ်ပြီး ဖြစ်လေသည်။ ယင်းသို့ ပယ်သတ်ပြီးဖြစ်သဖြင့် ကာမဘုံသို့ ရောက်မလာခြင်းဖြစ်သည်။ ပဋိသန္ဓေ မနေခြင်းဖြစ်သည်။ ထို့ကြောင့် အနာဂါမ်ပုဂ္ဂိုလ်သည် -

(က) ကာမရာဂ(လောဘ)၊ ဗျာပါဒ(ဒေါသ)နှင့်တကွ ယင်းတို့၏ ယှဉ်ဖက် စေတသိက် ဟုဆိုအပ်သော သင်္ခါရလောကမှ လွတ်မြောက်သည်။

(ခ) အနာဂါမ်ဖြစ်သည်နှင့်တပြိုင်နက် သကဒါဂါမ်ဘ၀ကို ကျော်လွန်ပြီး ဖြစ်သည်။ ထို့ကြောင့် သကဒါဂါမ်ဘ၀ဟုဆိုအပ်သော သတ္တလောကမှ လွတ်မြောက်ပါသည်။

(ဂ) အနာဂါမ်ဖြစ်လျှင် ကာမရာဂ(လောဘ)၊ ဗျာပါဒ(ဒေါသ)တို့ကို ပယ်ပြီး ဖြစ်သည်။ ကာမဘုံကို တပ်မက်သော ကာမရာဂကို ပယ်ပြီးရကား ကာမ(၁၁)ဘုံ၌ တစ်ဖန်မဖြစ်တော့ပြီ။ ဖြစ်ရန်အကြောင်းလည်း မရှိတော့ချေ။ ထို့ကြောင့် ကာမ(၁၁)ဘုံဟုဆိုအပ်သော သြကာသလောကမှ လွတ်မြောက်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday 28 November 2011

သကဒါဂါမ်ပုဂ္ဂိုလ်၏ လောကသုံးပါးမှ လွတ်မြောက်ပုံ

သကဒါဂါမိမဂ်စိတ်ဖြစ်ပြီးနောက် သကဒါဂါမိဖိုလ်စိတ်ကို ဆက်လက် ရရှိပြီးသော အရိယာပုဂ္ဂိုလ်ကို သကဒါဂါမ်ဟုခေါ်သည်။

ထိုသကဒါဂါမ်ပုဂ္ဂိုလ်သည် အောက်ပါအတိုင်း (၆) မျိုးရှိသည် -

(၁) လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ လူ့ပြည်၌ပင် ဘ၀မခြားဘဲ (အနာဂါမ် ရဟန္တာ ဖြစ်ကာ) ပရိနိဗ္ဗာန်စံသူ၊

(၂) လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘ၀တွင် နတ်ပြည်၌ ပဋိသန္ဓေနေကာ ပရိနိဗ္ဗာန်စံသူ။

(၃) နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ နတ်ပြည်၌ပင် ပရိနိဗ္ဗာန်စံသူ။

(၄) နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသူ။

(၅) လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘ၀တွင် နတ်ပြည်၌ ပဋိသန္ဓေနေပြီး တတိယဘ၀တွင် လူ့ပြည်၌ ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံသူ။

(၆) နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ လူ့ပြည်၌ ပဋိသန္ဓေနေပြီး နောက်တဖန် နတ်ပြည်၌ ပရိနိဗ္ဗာန်စံသူ။

သကဒါဂါမ် အရိယာပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ဖြင့် အပါယ်သို့ရောက်စေနိုင်သော ရုန့်ရင်းကြမ်းတမ်းသော ရာဂ (တွယ်တာမူ)၊ ဒေါသ(စိတ်ဆိုးမူ)၊ မောဟ(မသိမူ) တို့ကို ပယ်သတ်နိုင်ခဲ့သည်။ ထို့ကြောင့် သကဒါဂါမ်ပုဂ္ဂိုလ်သည် -

(က) အပါယ်သို့ရောက်စေနိုင်သော ရုန့်ရင်းကြမ်းတမ်းသော ရာဂ ဒေါသ မောဟ ကိလေသာတို့နှင့် တကွ ယင်းတို့၏ယှဉ်ဖက် စေတသိက်ဟုဆိုအပ်သော သင်္ခါရလောကမှ လွတ်မြောက်ပါသည်။

(ခ) သကဒါဂါမ်ဖြစ်သည်နှင့် တပြိုင်နက် သောတာပန်ဘ၀ကို ကျော်လွန်ပြီး ဖြစ်သည်။ ထို့ကြောင့် သောတာပန်ဘ၀ဟုဆိုအပ်သော သတ္တလောကမှ လွတ်မြောက်ပါသည်။

(ဂ) သကဒါဂါမ်ဖြစ်လျှင် အပါယ်သို့ ကျရောက်စေတတ်သော (ရာဂ ဒေါသ မောဟ) စသော ကိလေသာများကို ပယ်ပြီးဖြစ်သည်။ ထို့ကြောင့် အပါယ် (၄)ဘုံ ဟုဆိုအပ်သော သြကာသလောကမှ လွတ်မြောက်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အင်တာနက်မှ သိကျွမ်းသူကိုယုံသော မိန်းကလေး လူနှင့်ပစ္စည်းများ လိမ်လည်ခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrko8Fcc48VuRWJ6Q3jBcM_qhZLiJr2ruQp4tCkjXdQXvxCI20WW2fidYLmShKXh-LSjv8EKFyAJxGQLQMHociQ3iPjwng9U7GBEZaa3BnftPmOVPSSnSkutwHIRCOaXeacO_GAtaaqR0/s1600/cartoon-girl-@-desk-computer-300x300.jpg



အင်တာနက်မှ အသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦးကို ယုံကြည်မိသော မိန်းကလေးငယ်တစ်ဦး သားမယားအဖြစ် လိမ်လည်ပေါင်းသင်းခံရကာ လက်ဝက်လက်စားများ လိမ်လည်ယူဆောင်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မုံရွာမြို့နေ မ.....(၁၉)နှစ်သည် နိုဝင်ဘာ ၆-ရက် ညနေ ၄-နာရီက မိဘများအား အင်တာနက်ဆိုင်သို့ သွားရောက်လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ ၈ယ/...... လော်ဂျာဆိုင်ကယ်နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ.....၏ ဖခင်ဖြစ်သူက မုံရွာမြို့တွင် လိုက်လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိပါက အကြောင်းကြားရန် ဆက်သွယ်မှာကြားခဲ့သည်။

နိုဝင်ဘာ ၁၁-ရက် မွန်းလွဲ ၁-နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုးတော်စပ်သူများက မ.....အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခိန်းတစ်ခု၌ တွေ့ရှိ၍ နေအိမ်သို့ ပြန်လည်ခေါ်ယူထားခဲ့သည်။ မ.....၏ ပြောပြချက်အရ လွန်ခဲ့သော သုံးလခန့်က အင်တာနက်ဆိုင်တွင် ၁၅-ကြိမ်ခန့် ဆက်သွယ် ပြောဆိုသိကျွမ်းခဲ့သူ ရန်ကုန်မြို့နေ ကို.......သည် နိုဝင်ဘာ ၆-ရက်က မုံရွာမြို့သို့ ရောက်ရှိလာပြီး မ.......အား ရန်ကုန်မြို့သို့ သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ တည်းခိုခိန်းတစ်ခု၌ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ပြီး ပါရှိသည့် ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကို လိမ်လည်ရယူသွားခဲ့သဖြင့် ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ကို......အား(ပ) အမှတ် ၆၃၇/၂၀၁၁ ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၆/၄၂၀ အရ အမူဖွင့် စုံစမ်းဖော်ထုတ်လျက်ရှိသည်။

မိန်းကလေးငယ်ထံမှ လိမ်လည်ရယူသွားသော လက်ဝတ်လက်စားနှင့် ဆိုင်ကယ်မှာ စုစုပေါင်းတန်ဖိုး ကျပ် ၁၇-သိန်းခန့်ရှိသည်ဟုဆိုသည်။

“ဒီနေ့ အသက်အရွယ်ငယ်တဲ့ ကလေးငယ်တွေလည်း အင်တာနက်သုံးတာ ပိုများလာတယ်။ ငယ်ရွယ်သူတွေအနေနဲ့ အင်တာနက်ကို အသုံးပြုတဲ့အခါ လမ်းမှား မရောက်အောင်တော့ မိဘတွေ စောင့်ကြည့်သင့်တယ်လို့ထင်တယ်။ ကလေးက အင်တာနက်အသုံးပြုတတ်တာ တိုးတက်တဲ့လက္ခဏာ ဆိုပေမယ့် အခုလိုအဖြစ်ဆိုးတွေ မကြုံရအောင် ကလေးငယ်တွေကို အင်တာနက်အသုံးပြုချိန်မှာ စောင့်ကြည့်သင့်တယ်”ဟု မုံရွာမြို့ ဒေသခံ မိဘအုပ်ထိန်းသူ တစ်ဦးကပြောသည်။

မျိုးမင်းဦး (မုံရွာ၊ နိုဝင်ဘာ-၂၁)
Vol.10, No.36, NOVEMBER24, 2011 (7 DAY NEWS)

သောတာပန်ပုဂ္ဂိုလ်၏ လောကသုံးပါးမှ လွတ်မြောက်ပုံ

ထိုအရိယာပုဂ္ဂိုလ်တို့တွင် သောတာပတ္တိမဂ်စိတ်ဖြစ်ပြီးနောက် သောတာပတ္တိဖိုလ်စိတ်ကို ဆက်လက်ရရှိပြီးသော ပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်ဟုခေါ်သည်။ ထိုသောတာပန်ပုဂ္ဂိုလ်သည် အောက်ပါအတိုင်း (၃)မျိုးရှိသည် -

(၁) တစ်ဘ၀သာ ပဋိသန္ဓေနေခွင့်ရှိသော ဧကဗီဇ သောတာပန်၊

(၂) နှစ်ဘ၀မှ ခြောက်ဘ၀အတွင်း သင့်သလို ပဋိသန္ဓေနေခွင့်ရှိသော ကောလံကောလ သောတာပန်၊

(၃) ခုနှစ်ဘ၀ ပဋိသန္ဓေနေခွင့်ရှိသော သတ္တက္ခတ္တုပရမ သောတာပန်။

ထိုသောတာပန်အရိယာပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဖြင့် ဒီဋ္ဌိဝိစိကိစ္ဆာ ကိလေသာ(၂)ပါးကို ပယ်လိုက်သောကြောင့် ထိုကိလေသာနှင့် အတူတကွဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၊ ၀ိစိကိစ္ဆာသမ္ပယုတ်စိတ် ၁-ခု၊ ထိုစိတ်တို့နှင့် ယှဉ်သော စေတသိက်တို့ကိုလည်း ပယ်ပြီးဖြစ်သည်။

ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်သည် -

(က) ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၊ ၀ိစိကိစ္ဆာသမ္ပယုတ်စိတ် ၁-ခု၊ ထိုစိတ်တို့နှင့် ယှဉ်သော စေတသိက်များဟု ဆိုအပ်သော သင်္ခါရလောကမှ လွတ်မြောက်ပါသည်။

(ခ) သောတာပန်ဖြစ်သည်နှင့် တပြိုင်နက် ပုထုဇဉ်ဘ၀ကို ကျော်လွန်ပြီးဖြစ်သည်။ ထို့ကြောင့် ပုထုဇဉ်ဘ၀ဟုဆိုအပ်သော သတ္တလောကမှ လွတ်မြောက်ပါသည်။

(ဂ) သောတာပန်ဖြစ်လျှင် ဒိဋ္ဌိဝိစိကိစ္ဆာနှင့် အပါယ်သို့ ကျရောက်စေနိုင်သော အခြားကိလေသာများကို ပယ်ပြီးဖြစ်၍ အပါယ်ဘုံများသို့ မကျရောက်တော့ပေ။ ထို့ကြောင့် အပါယ် (၄)ဘုံဟုဆိုအပ်သော သြကာသလောကမှ လွတ်မြောက်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Sunday 27 November 2011

အရိယာပုဂ္ဂိုလ်များ လောကသုံးပါးမှ လွတ်မြောက်ပုံ

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာခေါ်သော အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့နှင့် ဆိုင်ရာမဂ်များကို ရရှိပြီးသည်မှစ၍ မိမိဉာဏ်အားလျော်စွာ လောကသုံးပါးမှ လွတ်မြောက်သွားကြသည်။ ဆိုင်ရာကိလေသာတို့ကို ဆိုင်ရာမဂ်ဖြင့် ပယ်နိုင်ခဲ့ကြသည်။ ထိုကိလေသာများ ကင်းကွာငြိမ်းအေးသွားမူကိုပင် နိဗ္ဗာန်ဟုဆိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဗောဓိပက္ခိယနည်းဖြင့် လောကမှထွက်မြောက်ပုံ

လောကကြီးအတွင်းဝယ် သက်ဝင်လူပ်ရှားနေကြသော လူသားမှန်သမျှသည် တစ်နေ့ကျလျှင် အိုကြရမည်၊ ရောဂါမျိုးစုံ အနှိပ်စက်ခံရလျက် နာကြရမည်။ လောက၌ အပူရှိက အအေးရှိသည်၊ အအေးရှိက အပူရှိသည်။ ထိုနည်းတူ အိုခြင်း တရားရှိက မအိုခြင်းတရား ရှိရမည်၊ နာခြင်းတရားရှိက မနာခြင်းတရား ရှိရမည်၊ သေခြင်းတရားရှိက မသေခြင်းတရားရှိရမည်ဟု မအိုရာ၊ မနာရာ၊ မသေရာ၊ တရားအစစ် တရားအမှန်ကို ပညာရှင်အချို့က ရှာဖွေနေကြသည်။ မည်သို့ပင် ရှာဖွေ နေကြပါသော်လည်း မအိုရာ၊ မနာရာ၊ မသေရာ၊ တရားစစ် တရားအမှန်ကို မတွေ့ကြရဘဲ အိုမြဲ အိုနေကြရသည်၊ နာမြဲ နာနောကြရသည်၊ သေမြဲ သေနေကြရသည်။

လောကသုံးပါး၌ တရားအလုံးစုံကို သိမြင်တော်သော သဗ္ဗညုတဉာဏ်သခင်ဘုရားရှင် ပွင့်တော်မူလာသောအခါ (အဇရာ) မအိုရာ၊ (အဗျာဓိ) မနာရာ၊ (အမတ) မသေရာ ဖြစ်သော အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တရားကို ဟောပြတော်မူသည်။

မြတ်စွာဘုရားဟောကြားတော်မူသဖြင့် မအိုရာ၊ မနာရာ၊ မသေရာဖြစ်သော အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက်မျက်မှောက်ပြုနိုင်ရန် ခန္ဓာကိုယ်ပေါ်၌ သတိကပ်ကာ ရူမှတ်ပွားများရမည်ဟု သိလာကြသည်။

ထို့ကြောင့် သတိပဋ္ဌာန်းတရားလေးပါးကို ပွားများလာကြသည်။ အားထုတ်လာကြသည်။ ရူမှတ်လာကြသည်။ ယင်းသတိပဋ္ဌာန်းတရားလေးပါးကား -

(၁) ကာယာနုပဿနာသတိပဋ္ဌာန်း = ခန္ဓာကိုယ် (ရူပက္ခန္ဓာ) ကို အမြဲမပြတ် ရူမှတ်သော သတိပဋ္ဌာန်း

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်း = ကောင်းဆိုးခံစားမူ (ဝေဒနာက္ခန္ဓာ) ကို ရူမှတ်သော သတိပဋ္ဌာန်း

(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန် = ဖြစ်ပေါ်လာသောစိတ်မှန်သမျှ (၀ိညာဏက္ခန္ဓာ) ကို ရူမှတ်သော သတိပဋ္ဌာန်း

(၄) ဓမ္မနုပဿနာ သတိပဋ္ဌာန်း = ကြွင်းကျန်သော သဘောတရားများ (သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ) ကို ရူမှတ်သော သတိပဋ္ဌာန်း ဟူ၍ (၄)ပါး အပြား ရှိသည်။

သတိပဋ္ဌာန်းတရား လေးပါးကို အားထုတ်သောအခါ ခန္ဓာကိုယ် ရုပ်၊ နာမ် အပေါ်၌ သတိကပ် ရူမှတ်နေရခြင်းကား လွယ်ကူလှသည့်အရာမဟုတ်၊ ကာမဂုဏ် အာရုံတော၌ ကျက်စားကာ အပျော်ကြူးခဲ့သော စိတ်ဆင်ရိုင်းကို သတိချွန်းဖြင့် ထိန်းချုပ် ရူမှတ်နေမူကား အလွန်ပင်ခဲယဉ်းလှပေ၏။

သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာဟူသော ဣနြေ္ဒငါးပါးရှိသည်။ သတိပဋ္ဌာန်း တရားပွားများအားထုတ်သောအခါ ထိုဣနြေ္ဒငါးပါးတွင် သဒ္ဓါ(ယုံကြည်မူ)နှင့် ပညာ(သိနားလည်မူ) ညီမျှရန် လိုအပ်ပေသည်။ ထို့အတူပင် ၀ီရိယ(အားထုတ်မူ)နှင့် သမာဓိ(တည်ကြည်မူ)လည်း ညီမျှရန် လိုအပ်ပြန်သည်။

သဒ္ဓါ၊ ပညာနှစ်ပါးတွင် ပညာအားနည်း၍ သဒ္ဓါလွန်ကဲလျှင် အကျိုးမဲ့ အချည်းအနှီးဖြစ်သောအရာ၌ ကြည်ညိုတတ်၏။ မကြည်ညိုသင့်သော (နတ်၊ ဗြဟ္မာ၊ တော၊ တောင် စသည့်) အရာဝတ္ထု၌ ကြည်ညိုတတ်၏။

သဒ္ဓါအားနည်း၍ ပညာလွန်ကဲနေလျှင် မာယာပရိယာယ်များပြားကာ ကောက်ကျစ်စဉ်းလဲသော သဘောသို့ ရောက်သွားတတ်၏။ ဆေးကုသရာ၌ ဆေးကြောင့်ဖြစ်သော ရောဂါသည် အလွန်အကုခက်ကာ လူနာ၏ ရောဂါသက်သာမူ မမြန်ဆန်သကဲ့သို့ ဖြစ်တတ်သည်။

သဒ္ဓါ၊ ပညာ၊ နှစ်ပါးစုံ ညီမျှမှသာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ကြည်ညိုမူ မှန်ကန်နိုင်ပေသည်။ အကျိုးရှိသော ယုံကြည်မူ ကြည်ညိုမူ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ရှေးဆရာများက သဒ္ဓါလွန်လျှင်ကွန့်တတ်သည် ပညာလွန်လျှင် ယူမှားတတ်သည်ဟုလည်းကောင်း၊ သဒ္ဓါလွန်လျှင် မိုက်မှား တတ်သည်၊ ပညာလွန်လျှင် ယူမှားတတ်သည်ဟုလည်းကောင်း၊ သဒ္ဓါပညာ နှစ်ဖြာညီစေဟုလည်းကောင်း ဆိုထားကြသည်။ ၀ီရိယအားနည်း၍ သမာဓိလွန်ကဲနေလျှင် ၀ီရိယ၏ဆန့်ကျင်ဘက်ရန်သူဖြစ်သော ပျင်းရိမူဖြစ်လာမည်။ ယောဂီပုဂ္ဂိုလ်သည် ပျင်းရိလာသောကြောင့် တရားလုပ်ငန်း၌ ပေါ့လျော့အားနည်း လာမည်။ ယောဂီပုဂ္ဂိုလ်ကို ပျင်းရိမူက အနိုင်ယူသွားပေမည်။ ထို့ကြောင့် သမာဓိလွန်လျှင် တွန့်တတ်သည် ဟု ရှေးဆရာတို့ ဆိုထားကြခြင်းဖြစ်သည်။

သမာဓိအားနည်း၍ ၀ီရိယွန်ကဲနေပြန်လျှင်လည်း သမာဓိ၏ ဆန့်ကျင်ဘက်ရန်သူဖြစ်သော ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မူ) ဖြစ်လာမည်။ ယောဂီပုဂ္ဂိုလ်သည် စိတ်ပျံ့လွင့်နေသောကြောင့် စိတ်တည်ကြည်မူမရနိုင်ပေ၊ စိတ်မတည်ကြည်လျှင် လိုရာအကျိုးပြီးစီးမူ နှောင့်နှေးမည်၊ ကြန့်ကြာမည်၊ ထို့ကြောင့်လည်း ၀ီရိယလွန်လျှင် ပျံ့တတ်သည်ဟု ရှေးဆရာတို့ ဆိုထားကြခြင်းဖြစ်ပေသည်။

သမာဓိ၊ ၀ီရိယ၊ နှစ်ဝမျှစေ ဆိုသည့်အတိုင်းသမာဓိသည် ၀ီရိယနှင့် ယှဉ်တွဲလျက် သမာဓိ ၀ီရိယနှစ်ပါး အညီအမျှဖြစ်လာသောအခါ ပျင်းရိမူ ဖြစ်မလာနိုင်တော့ပေ။

ဝီရိယသည်လည်း သမာဓိနှင့်ယှဉ်တွဲလျက် ၀ီရိယ၊ သမာဓိနှစ်ပါး အညီအမျှ ဖြစ်လာသောအခါ စိတ်တည်ကြည်လာပေမည်။

ယင်းသို့သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိ နှစ်ပါးစုံအညီအမျှဖြစ်ရန်အတွက် သတိပဋ္ဌာန်းဟူသော သတိဖြင့် ထိန်းချုပ်ပေးရသည်။ ရူမှတ်ပေးရသည်။ ပွားများပေးရသည်။ ထို့ကြောင့်လည်း သတိဆို ပိုသည်မရှိဟု ဆိုထားကြခြင်းဖြစ်လေသည်။

သတိဖြင့် ထိန်းချုပ်ရူမှတ်လာသောအခါ သဒ္ဓါစသော ဣနြေ္ဒငါးပါး ညီမျှလာသည် သတိအကူအညီကြောင့် ယုံကြည်မူ၊ အားထုတ်မူ၊ တည်ကြည်မူ၊ ထိုးထွင်းသိမူ လေးပါးအဆင့်အတန်းညီမျှလာမည်။

သတိနှင့်တကွ သဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သမာဓိ ဟူသော ဣနြေ္ဒငါးပါး ညီမျှလာမည်၊ ရရှိလာမည်၊ ထိုအခါ မအိုရာ၊ မနာရာ၊ မသေရာ တရားစစ် တရားမှန်ကို မြင်တွေ့လာမည်၊ မျက်မှောက်ပြုလာမည်၊ ဆိုက်ရောက်လာမည်။

ယင်းတို့မြင်တွေ့နိုင်သော ဉာဏ်၊ မျက်မှောက်ပြုနိုင်သော ဉာဏ်ကား ဗောဓိပက္ခိယ တရား(၃၇)ပါးတွင် ခေါင်းဆောင်ကြီးဖြစ်၏၊ အချုပ်အချာ ပဓာန ဖြစ်၏။

ဤဗောဓိပက္ခိယတရား (၃၇)ပါး အ၀င်အပါ ဉာဏ်ပညာဦးဆောင်သော သတိ၊ ၀ီရိယ စသော တရားများသည်ကား အို၊ နာ၊ သေရေး ဒုက္ခဘေးအပေါင်းမှ လည်းကောင်း၊ အလွန်ပူလောင်လှသော ရာဂစသော (၁၁)ပါးသော မီးတို့မှ လည်းကောင်း၊ လွတ်မြောက်နိုင်သော တရားများဖြစ်သည်။

ယင်းတရားများသည်ပင် သတ္တ၊ သြကာသ၊ သင်္ခါရ ဟူသော လောက (၃)ပါးမှ ထွက်မြောက်နိုင်သော တရားများဖြစ်ပေသည်။

ဗောဓိပက္ခိတရား (၃၇) ပါး

သတိပဋ္ဌာန်း - ၄ ပါး
သမ္မပ္ပဓာန် - ၄ ပါး
ဣဒ္ဓိပါဒ် - ၄ ပါး
ဣနြေ္ဒ - ၅ ပါး
ဗိုလ် - ၅ ပါး
ဗောဇ္ဈင် -၇ ပါး
မဂ္ဂင် - ၈ ပါး

ဗောဓိပက္ခိယတရား - ၃၇ ပါး ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ပဋိစ္စသမုပ္ပါဒ် လင်္ကာကြီး

အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ။ ။ ဗောဓိရတနာ၊ ယာဉ်စကြာဖြင့်၊ သစ္စာလေးရပ်၊ လေးကျွန်းပတ်သည့်၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်၊ ဘ၀သုံးပါး၊ ဟုန်းဟုန်းသွားသည့်၊ ရထားသံသရာ၊ ယာဉ်စကြာ၏၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတတ်သိရန်၊ နိဒါန်းပြန်ပိမ့်။ အမှန်လေးချက်၊ သဘောနက်ကို၊ ဖုံးဝှက်ကွယ်ကာ၊ အ၀ိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျ၍၊ ဘ၀မြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမိုက်မီးစား၊ ဤခန္ဓာကို၊ တွယ်တာသမူ၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ်ထမ်းသည်၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်၊ ဘ၀နောင်ခါ၊ သံသရာဝယ်၊ လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်းစေလို၍၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုကြိုးစားစား၊ ပြုတုံငြားက၊ ဆယ်ပါးပုည၊ အာနေဉ္ဖဟု၊ ဘ၀နှီးရင်း၊ ပွားတုံလျှင်းသည်။ ၀ဋ်ခင်း ၀ဋ်နွယ်ရှည်သတည်း။

သင်္ခါရပစ္စယာ ၀ိညာဏံ။ ။ ၀ဋ်ခင်း ၀ဋ်နွယ်၊ ရှည်ကြောင်းရွယ်သား၊ ဆယ်ဖြာ ပုည၊ အပုညနှင့်၊ ဘ၀နှီးရင်း၊ ပွားတုံလျင်းသော်၊ လေးသင်းပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာလူနတ်၊ ဘုံသုံးရပ်၌၊ ဓာတ်ပဓာန၊ ပြဓာန်းလှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဉ်ပါ၊ အရှင်ဓာတ်မင်း၊ ပေါ်တုံလျင်း၍၊ ကိုယ်တွင်းကိုယ်ပြင်၊ ထွက်ဝင်တံခါး၊ အင်ခြောက်ပါး၌၊ အများရုပ်နာမ်၊ အတန်တန်လျှင်၊ ၀န်းရံဖြိုဖြို၊ အမျိုးမျိုးကို၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်လျှင်၊ ထက်မြက်တေဇာ၊ သူ့ရှိန်ဝါကြောင့်၊ ငါငါသူသူ၊ လူပဲနတ်ပဲ၊ အထင်လွဲလျက်၊ ငရဲအပါယ်၊ အသွယ်သွယ်လျှင်၊ ၀ဋ်နွယ်ရှည်လျား၊ တမားမားသည်။ ။ ခြောက်ပါးဝိညာဉ်စွမ်းရည်တည်း။

ဝိညာဏပစ္စယာ နာမရူပံ။ ။ ခြောက်ပါး ၀ိညာဉ်၊ စွမ်းရည်အင်ကြောင့်၊ မီးတွင်းရှိန်ဝါ၊ ထပ်ကြပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ်ကြသား၊ ဖဿဝေဒနာ၊ စေတနာနှင့်၊ သညာဝိတက်၊ ရောင်စုံယှက်သည်၊ အမျက်ကြောင်တယ်၊ ကြိုးစုံချယ်သို့၊ အသွယ်အသွယ်၊ အနွယ်နွယ်လျှင်၊ ဆန်းကြယ်စွာလှ၊ နာမ်ကာယနှင့်၊ ဘူတဟူပေ၊ မြေ ရေ လေ မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးထည့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌ၀ီသ၊ ရုပ်ကာယဟု၊ နာမ ရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ ပေါ်တုံလာ၍၊ နာနာကာယ၊ အနန္တလျှင်၊ ရူပရုပ်ဟန်၊ သဏ္ဌာန်အမူ၊ ဇာတ်မတူသည်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိုးကုန်းမျိုး၊ ကောင်းဆိုးယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပေါယယ်၊ သောသောကြွယ်သည်။ နှစ်သွယ်နာမ်ရုပ် စွမ်းရည်တည်း။

နာမရူပပစ္စယာ သဠာယတနံ။ ။ ထက်ရှားပြည့်စုံ၊ အပုံပုံလျှင်၊ တည်တုံ နာမ်ရုပ်၊ ကိုယ်သမုတ်သား၊ အထုပ်အထယ်၊ ကြီးငယ်ကာလ၊ ပေါ်ပြန်ကလည်း၊ ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည်ခြောက်မျိုး၊ ကိုယ်လုံးဖြိုးလျက်၊ အရိုးစီစဉ်၊ အမြင်စက္ခု၊ ကြားမူသောတ၊ ဃာနအနံ့၊ လျန်ရန်ဇိဝှါ၊ ကာယတွေ့ထိ၊ အသိမနော၊ မရောမယှက်၊ တလက်လက်လျှင်၊ အမျက်စိမ်ရည်၊ လဲ့လဲ့ကြည်သို့၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ အတုထင်၍ ဤရှင် ဤလူ၊ ဤမူ နေလ၊ ရူပသဏ္ဌာန်၊ အသံအမျိုး၊ အခိုးလိုင်ပျံ့၊ ယနံ့ထိုထို၊ အချိုအချဉ်၊ ဤလျှင် အပူ၊ ဤမူ အအေး၊ အတွေးအသိ၊ ပြည့်စုံဘိ၍၊ ငါ၏ ဤကိုယ်၊ ငါမင်းပျိုဟု၊ အဆိုအထင်၊ အမြင်မှောက်မှား၊ စိတ်နေကြွားဘို့၊ တံခါးခြောက်သင်၊ ကိုယ်လုံလင်းသည်။ ။ ခြောက်သင်းဓာတ်မှန် စွမ်းရည်တည်း။

သဠာယတနပစ္စယော ဖေဿာ။ ။ ဓာတ်မှန်အကြည်၊ ခြောက်မျိုးတည်က၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံးထင်၍၊ ၀ိညာဉ်ခြောက်ဆင့်၊ ဖွားဖွားပွင့်က၊ နိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြားစက်ရှိန်၊ လက်လက်ထိန်သား၊ ၀ရဇိန်သွား၊ ရွပ်ရွပါဝါသို့၊ ခြောက်ပါးဖဿ၊ ဖြန်းဖြန်းထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နည်းသောအား၊ တွေ့ထိငြားက၊ ဤကား ဣဋ္ဌ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖေါ်အာရုံ၊ ရသဂုဏ်ကို၊ အကုန်ပေါ်ထွက်၊ ရွန်းရွန်းတက်၍၊ မက်ဘွယ် မုန်းဘွယ်၊ အနူန်းချယ်သည်။ ။ ခြောက်သွယ် ဖဿ စွမ်းရည်တည်း။

ဖဿပစ္စယာ ဝေဒနာ။ ။ ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိမ်နည်သောအား၊ စက်ရှိန်ဝါး၍၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌ ဟူသည်၊ အရည်မီးမီး၊ ယိုထွက်စီးသော်၊ တက်သီးခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦးရွှန်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘသုဘာ၊ သာ, မသာနှင့်၊ တွေလာများတောင်း၊ ကောင်းမကောင်းလည်း၊ ထောင်းထောင်းငေါ်ငေါ်၊ သိထင်ပေါ်၍၊ ကောင်းသော်စိတ်ဝမ်း၊ ဖိတ်ဖိတ်လျှမ်းလျှင်၊ ရွှင်လန်းနှလုံး၊ စွင်စွင့်ပြုံး၏၊ မုန်းဖွယ်တွေ့က၊ ခြောက်သွေ့နွမ်းညိုး၊ နှလုံးဆိုး၍၊ အခိုးလူလူ၊ ပွက်ပွက်ဆူ၍၊ ပူပူပင်ပင်၊ မရွှင်မလန်း၊ စိတ်ကုန်ခမ်း၏၊ ချမ်းသာသုခ၊ တခုမျှ၌၊ လောကအထု၊ အကုန်စု၏၊ ပုပုရွရွ၊ မြင်သမျှလည်း၊ သူခဘို့ချည်း၊ လုံ့လသည်း၏၊ အရည်းသူမြတ်၊ ပရမတ်ကို၊ ချန်လှပ်ထား၍၊ အများလောက၊ ရှိသမျှကား၊ ဒုက္ခပွားမူ၊ များစွာပြုသည်။ ။ သုခဝေဒနာ စွမ်းရည်တည်း။

ဝေဒနာပစ္စယာ တဏှာ။ ။ သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာမြိန်ရွန်း၊ အစိမ့်မွှန်းက၊ သွန်းသွန်းဆူကြ၊ ထိုသုခ၌၊ ပိယဟူသား၊ အချစ်ပွား၍၊ ခြောက်ပါးဝေဒနာ၊ မြိန်ရှက်စွာကို၊ လွယ်ကာမနှေး၊ လိုတိုင်းပေးသည်၊ သေဋ္ဌေးရတနာ၊ ပမာအလား၊ ကြင်မယားနှင့်၊ ၀တ်စားရွှေငွေ၊ လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်၊ သဘင်ပွဲလမ်း၊ အဆန်းဆန်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည့်အပုံ၊ ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ၊ စက္ခုစသား၊ ဒွါရခြောက်မည်၊ အကြည်အလင်း၊ ကိုယ်တွင်းဓာတ်နု၊ အစုစုလျှင်၊ ဗဟုဘေဒါ၊ များပြားစွာသည်၊ ဓမ္မာရမ္မဏ၊ ကာမ၀တ္ထု၊ အစုအပုံ၊ ခြောက်အာရုံ၌၊ ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွား၍၊ တရားအချက်၊ သဘောနက်ကို၊ အိပ်မက်တွင်းမျှ၊ မမြင်ကြဘဲ၊ ကာမထောင်တွင်း၊ ခန္ဓာကင်းသည်။ ခြောက်သင်းတဏှာ စွမ်းရည်တည်း။

တဏှာပစ္စယာ ဥပါဒါနံ။ ။ တဏှာခြောက်မည်၊ အရင်းတည်၍၊ အရှည်များ လျား၊ အစဉ်ပွားက၊ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့်၊ ကာမအာရုံ၊ အလုံးစုံကို၊ အကုန်နှီးရင်း၊ အစွဲပြင်း၏၊ အသင်းပွားများ၊ သားမယားက၊ စသည်ဖြာဖြာ၊ မဆုံးရာသား၊ ကာမ၀တ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်၊ တဖန်ထို့ပြင်၊ မိစ္ဆာဥာဉ်ဖြင့်၊ အမြင်ယွင်းဖေါက်၊ အယူမှောက်သည်၊ ခြောက်ဆယ့်နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ၊ တစိထိုမှ၊ ဂေါသီလကို၊ ၀ဋ်မှထုတ်တတ်၊ စွဲထင်မှတ်သည်၊ သီလဗ္ဗတုပါဒါန်၊ အထန်အပြင်း၊ အယူတင်း၍၊ ၀ဋ်ခင်းဝဋ်နွယ်၊ ၀ဋ်ပင်လယ်မှ၊ လွတ်ဘွယ်မအား၊ တမားမားတည်း။ ။ လေးပါးဥပါဒါန် စွမ်းရည်တည်း။

ဥပါဒါနပစ္စယာ ဘဝေါ။ ။ စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီးမြဲ၍ ရဲရဲရက်ရက်၊ ကိုယ့်အတွက်ကြောင့် သက်သတ်ခိုးမူ၊ စသည်ပြုလျက်၊ အကုသလ၊ ကမ္မဆယ်တန်၊ အပြစ်လျှံ၏၊ တဖန် နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မျှော်လျက်၊ သူတော်ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအင်ဂီ၊ ဒသင်ဂီတည့်၊ လေးလီဗြဟ္မ၊ ၀ိဟာရဈာန်၊ ဆယ်တန်ကသိုဏ်း၊ အလိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံ့လကြိုးစား၊ ကောင်းမူပွား၏၊ နှစ်ပါးကုသိုလ်၊ အကိုသိုလ်ဟု၊ ထိုထိုဘ၀၊ ဖြစ်သမျှ၌၊ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့်၊ အကျိုးတရား၊ အရှည်ပွားသည်။ ။ နှစ်ပါးဘ၀ စွမ်းရည်တည်း။

ဘ၀ပစ္စယာ ဇာတိ။ ။ ဘ၀စွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေသတ္တာ၊ သတ္တ၀ါတို့၊ ဖြစ်ရာဘ၀၊ ဆုံးပြန်ကလည်း၊ ဧက, စတု၊ ငါးခုခန္ဓာ၊ ကံချရာ၌၊ ဓမ္မတာစစ်၊ သစ်တဖြစ်လဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲဇာတိ၊ သန္ဓေငြိ၍၊ တြိဘုံပြင်၊ နယ်တခွင်၌၊ အစဉ်ပြည့်ပွား၊ အစားစားလျှင်၊ မားမားမတ်မတ်၊ ဇာတ်အမျိုးမျိုး၊ တန်ခိုးတင်းတိမ်၊ ဂုဏ်သိရ်နိမ့်မြင့်၊ အကျင့်ဆိုးကောင်း၊ အပေါင်းများစွာ၊ သတ္တ၀ါဟု၊ နာနာကာယ၊ ဖြစ်ပြန်ကြသည်။ ။ လေးဝဇာတိ စွမ်းရည်တည်း။

ဇာတိပစ္စယာ ဇရာ မရဏ။ ။ သန္ဓေ ဇာတိ၊ တဖန်ငြိ၍၊ တြိဘုံသူ၊ တဆူဆူလျှင်၊ လူလူနတ်နတ်၊ မတ်မတ်မားမား၊ ဖြစ်ပြန်ငြားသော်၊ သုံးပါးအရွယ်၊ အလယ်, အဆုံး၊ အမြဲထုံးဖြင့်၊ အနူန်းစဉ်စီ၊ သန္ဓေချီက၊ နာရီစဉ်သင့်၊ အဆင့်ဆင့်လျှင်၊ ရင့်မြဲရော်မြဲ၊ တသဲသဲတည့်၊ မစဲနေ့ည၊ တရွရွလျှင်။ ခဏသန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်မီး၊ ရှိန်ရှိန်ညီး၍၊ အကြီးအငယ်၊ အရွယ်ခြားနား၊ အစားစားလျှင်၊ အသွားတွင်တွင်၊ မစဲနှင်၏၊ လေးအင်သေမူ၊ တခုခုလည်း၊ မပါ အန္တရာယ်၊ အသွယ်သွယ်နှင့်၊ နှီးနွယ်ရုံးစည်း၊ တစ်လုံးတည်းလျှင်၊ ကြီးကြီးငယ်ငယ်၊ အရွယ်မထောက်၊ အချိန်ရောက်က၊ ချုပ်ပျောက်ခန္ဓာ၊ မငြင်းသာတည်း။ ။ ဇရာမရဏ စွမ်းရည်တည်း။

သောကပရိဒေ၀ ဒုက္ခဒေါမနုဿ ဥပါယာသာ သမ္ဘ၀န္တိ။ ။ သန္ဓေဇာတိ၊ ခန္ဓာရှိက၊ ဉာတိဘောဂ၊ စသည်သင်းပင်း၊ ကွေကွင်းခြင်းနှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော်၊ ပူဆာသောက၊ ဒုက္ခငိုကြွေး၊ သက်မွေးဝန်ထမ်း၊ ပူချမ်းဒုက္ခ၊ အနိဋ္ဌကြောင့်၊ စိတ်ကမကြည်၊ မဆည်ငင်ရိုက်၊ အလိုက်အလှဲ၊ ဆင်းရဲငါးပါး၊ အကျဉ်းအားတည့်၊ ကျယ်ပွားအနန္တ၊ တွေ့ကြုံရသည်။ ။ မူလဇာတိ အနူန်းတည်း။

ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ။ ၀ဋ်သံသရာ၊ ရှည်မင်းစွာ၌၊ သူငါကစ၊ ဖြစ်သမျှကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုန်သော်၊ နာမ်ရုပ်နှစ်သင်း၊ အမြင်လင်းလော့၊ အရင်းအ၀ိဇ္ဇာ၊ ထိုမှဖြာ၍၊ ဇရာမရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကားလူပင်၊ ဤလျှင်နတ်ပဲ၊ အထင်လွဲလျက်၊ တ၀ဲလည်လည်၊ ၀ဋ်နွယ်ဆည်၏၊ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်ရသည်။ ။ ဘ၀ဤကိုယ် ဖြစ်ထုံးတည်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Friday 25 November 2011

ဝဋ်မြစ် (၂) ပါး

သံသရာဝဋ်ဆင်းရဲလည်ကြောင်းဖြစ်၍ သံသရာဝဋ်၏ အမြစ်အရင်းဖြစ်သော တရားနှစ်ပါးမှာ -

၁။ အ၀ိဇ္ဇာ

၂။ တဏှာ - တို့ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် လောကသုံးပါးမှ လွတ်မြောက်ပုံ

ပဋိစ္စသမုပ္ပါဒ်စက်တွင် အ၀ိဇ္ဇာနှင့် တဏှာနှစ်ပါးသည် ၀ဋ်သုံးပါးတရားတို့၏ လည်ရာလည်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်စက်၏ အကြောင်းရင်းအကြောင်းစ ဖြစ်သောကြောင့် လည်းကောင်း၊ သံသရာဝဋ်၏ ပင်မ အမြစ်ကြီးနှစ်သွယ်ဖြစ်ကြသည်။ တနည်းအားဖြင့်ဆိုသော် အ၀ိဇ္ဇာ၊ တဏှာဟူသော အနုသယကိလေသာကြီးနှစ်ပါးသည် ၀ဋ်တရားတို့၏ ဦးခေါင်းကြီး နှစ်လုံးနှင့် တူပေသည်၊ သတ္တ၀ါတို့၌ ခေါင်းအင်္ဂါသည် အချုပ်အချာပဓာနဖြစ်သကဲ့သို့ အ၀ိဇ္ဇာ၊ တဏှာ တရားနှစ်ပါးတို့သည်လည်း ပဋိစ္စသမုပါဒ်ဝဋ်ကြီး၏ အချုပ်အချာ ဦးခေါင်းများဖြစ်ကြ၏၊ မြွေသတ္တ၀ါ၏ဦးခေါင်းကို ဆုပ်ကိုင်သောအခါ ဆုပ်ကိုင်သူ၏လက်မောင်းသည် ရှည်လျားသောမြွေကိုယ်၏ ရစ်ပတ်ခြင်းကို ခံရသကဲ့သို့ ၀ဋ်တရားတို့၏ ဦးခေါင်းကြီးများဖြစ်သည့် အ၀ိဇ္ဇာနှင့် တဏှာတို့ကို စွဲကိုင်ထားသောကြောင့် သတ္တ၀ါတို့သည် သံသရာဝဋ်တည်းဟူသော ရှည်လျားသော ကိုယ်ကြီးဖြင့် အထပ်ထပ်ရစ်ပတ်မူကို ခံနေကြရခြင်းဖြစ်ပေသည်။

ထို့ပြင် ပဋိစ္စသမုပ္ပါဒ်စက်ကို ရှေ့ပိုင်းဘ၀စက်၊ နောက်ပိုင်းဘ၀စက် ဟူ၍ နှစ်ပိုင်းခွဲလိုက်လျှင် အ၀ိဇ္ဇာနှင့် တဏှာတို့သည် ထိုဘ၀စက်ကြီးနှစ်ခု၏ ခေါင်းကြီးများပင်ဖြစ်သည်။ အ၀ိဇ္ဇာသည် အ၀ိဇ္ဇာမှ ဝေဒနာအထိ (အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ) ရှေ့ပိုင်းဘ၀စက်၏ ခေါင်းကြီးဖြစ်၍ တဏှာသည် တဏှာမှ ဇာတိအထိ (တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ) နောက်ပိုင်း ဘ၀စက်၏ စက်ခေါင်းကြီး ဖြစ်သည်။

ဥပမာအားဖြင့် ရှေ့ပိုင်းတွင် စက်ခေါင်းတစ်လုံး၊ နောက်ပိုင်းတွင် စက်ခေါင်းတစ်လုံး တပ်ဆင်ထားသည့် မီးရထားကြီးနှင့် တူသည်၊ ထိုစက်ခေါင်းကြီးနှစ်လုံး တပ်ဆင်ထားသော မီးရထားကြီးသည် တောကြိုတောင်ကြား တောင်နံပါး စသော လမ်းကောက်လမ်းကျဉ်းများ၌ ရှေ့ခေါင်း၊ နောက်ခေါင်းတို့ဖြင့် တက်တုံ ဆင်းတုံ၊ ကွေးကောက်တုံဖြင့် တသုန်သုန်သွားလာ၍ နေဘိသကဲ့သို့ အ၀ိဇ္ဇာ၊ တဏှာတည်းဟူသော ရှေ့ခေါင်း နောက်ခေါင်းနှစ်လုံးတပ်ထားသော ဘ၀စက်ယန္တရာ သံသရာရထားကြီးသည်လည်း တက်တုံ ဆုတ်တုံ ကွေ့ကောက်တုံတို့ဖြင့် သုံးဆယ့်တစ်ဘုံဝယ် တသုန်သုန် လှည့်လည်သွားလာနေပေသည်။

သို့ဖြစ်၍ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကြီး၌ ဘ၀သံသရာလည်ပတ်ကြောင်း စက်ခေါင်းကြီးနှစ်လုံးဖြစ်သည့် အ၀ိဇ္ဇာ၊ တဏှာဟူသော ကိလေသ၀ဋ်ကို အမြစ်ပါမကျန် တွန်းလှန်ပယ်သတ်နိုင်မှ သံသရာထွက်ပေါက်ရ၍ လောကသုံးပါးမှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် အ၀ိဇ္ဇာနှင့် တဏှာတို့ကို ချုပ်ငြိမ်းအောင် ၀ိပဿနာတရား ရူမှတ်ပွားများအားထုတ်ရမည်။ အ၀ိဇ္ဇာချုပ်သွားသောအခါ သင်္ခါရ၊ ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဟူသော ရှေ့ပိုင်းဘ၀စက်ကြီး ချုပ်ငြိမ်းသွား၏။ ဝေဒနာ တဏှာချုပ်သောကြောင့် ဥပါဒါန်၊ ဘ၀၊ ဇာတိ စသော နောက်ပိုင်းဘ၀ စက်များချုပ်ငြိမ်းပြီး သံသရာမှ ရှင်းရှင်းကြီး ကျွတ်လွတ် ထွက်မြောက်သွားလေတော့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဝဋ်သုံးပါးနည်းအားဖြင့် သံသရာလည်နေပုံ

အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တရားတို့ကို သတ္တ၀ါတို့၏ စိတ်အစဉ်ကို ညစ်နွမ်းအောင်ပြုလုပ်တတ်သောကြောင့် ကိလေသာဟုခေါ်၏၊ အ၀ိဇ္ဇာသည် ထိုထိုအာရုံတို့၌ အမှန်အတိုင်းမသိအောင် ဖုံလွှမ်းပေး၏၊ မှောင်ချပေး၏၊ ပညာ မျက်စိ ကန်းအောင်ပြုလုပ်၏၊ ထိုအခါ ထိုထိုအာရုံတို့ကို ခုံခုံမင်မင် လိုချင်တပ်မက်မူ တဏှာဖြစ်လာ၏၊ တဖန် ထိုထိုအာရုံတို့ကို မရလျှင် မနေနိုင်လောက်အောင် အာရုံကိုပြင်းစွာစွဲလမ်းမူဥပါဒါန်ပေါ်လာ၏၊ ထို့ကြောင့် ထိုထိုအာရုံကို ရရာရကြောင်း ကောင်းမကောင်းသော ကုသိုလ်ကံ၊ အကုသိုလ်ကံများကို ပြုလုပ် ကြရသည်၊ ဤသည်မှာ ကိလေသာဝဋ် ကမ္မ၀ဋ်ကိုလည်အောင် လှည့်ပေးခြင်းဖြစ်၏။

ထိုသင်္ခါရ၊ ကမ္မဘ၀ဟူသော ကမ္မ၀ဋ်ကြောင့် ထိုထိုဘုံဘ၀တို့၌ ၀ိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်တို့ အမျိုးမျိုးဖြစ်ပေါ်ကြရ၏။ ထိုဖြစ်ပေါ်လာသောဝိပါက် နာမက္ခန္ဓာကမ္မဇရုပ်တို့ကား ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘ၀၊ ဇာတိ ဇရာ မရဏဟူသော ၀ိပါက၀ဋ်တည်း။ ဤသို့ ကမ္မ၀ဋ်သည် ၀ိပါက၀ဋ်လည်အောင် လှည့်ပေး၏။

ထို ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာစသော ၀ိပါက၀ဋ် တရားများဖြစ်လာသည့်အခါ ထိုဝဋ်တရားများတွင် အာရုံကိုတွေ့ထိမူ ဖဿ၊ ခံစားမူ ဝေဒနာ စသည်တို့ကြောင့် အာရုံကိုတပ်မက်မူတဏှာ၊ စွဲလမ်းမူဥပါဒါန်တရားတို့နှင့် အာရုံ၏အမှန်သဘောကို မသိမူ အ၀ိဇ္ဇာဟူသော ကိလေသာတရားတို့ ဖြစ်ပွားလာရပြန်၏၊ ဤသို့ဝိပါက၀ဋ်က တဏှာဥပါဒါန် အ၀ိဇ္ဇာဟူသော ကိလေသ၀ဋ်ကို တဖန်ပြန်၍ လည်စေပေသည်။ ဤသို့အားဖြင့် ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်၊ ၀ိပါက၀ဋ်ကြောင့် ကိလေသ၀ဋ်ဖြစ်၊ ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ် စသည်ဖြင့် ၀ဋ်သုံးပါး မပြတ်မစဲ ထပ်တလဲလဲ လည်ပတ်ဖြစ်နေပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဝဋ် (၃) ပါး

ပါဠိလို ၀ဋ္ဋကို မြန်မာလု ၀ဋ်ဟုခေါ်သည်။ ၀ဋ္ဋသဒ္ဒါသည် လှည်းဘီး၊ စက်ဘီးများ ချာချာလည်သကဲ့သို့ လည်ပတ်ခြင်းဟု အနက်အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အကြောင်းပြီးလျှင်အကျိုး၊ အကျိုးပြီးလျှင်အကြောင်းဟု အကြောင်းအကျိုးမပြတ်ဘဲ ဆက်စပ်လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ်တရားများကို ပါဠိလို ၀ဋ္ဋ၊ မြန်မာလို ၀ဋ်ဟုခေါ်ပါသည်။ ထို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ပါးကို ၀ဋ်အားဖြင့် ခွဲခြားလျှင် -

(၁) ကိလေသ၀ဋ်

(၂) ကမ္မ၀ဋ်

(၃) ၀ိပါက၀ဋ် - ဟူ၍ သုံးမျိုးရသည်။

ထိုသုံးပါးမှာ -

(၁) အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဟူသော ကိလေသ၀ဋ်၊

(၂) သင်္ခါရ၊ ကမ္မဘ၀ဟူသော ကမ္မ၀ဋ်၊

(၃) ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘ၀၊ ဇာတိ၊ ဇရာ၊ မရဏ ဟူ ၀ိပါက၀ဋ်တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အလွှာ (၄) ပါး

အလွှာတို့သည် -

(၁) အ၀ိဇ္ဇာ၊ သင်္ခါရ နှစ်ပါးသည် အတိအကြောင်း တလွှာမည်၏။

(၂) ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ အားဖြင့် ငါးပါးသည် ပစ္စုပ္ပန်အကျိုး တလွှာမည်၏။

(၃) တဏှာ၊ ဥပါဒါန်၊ ဘ၀အားဖြင့် သုံးပါးသည် ပစ္စုပ္ပန်အကြောင်း တလွှာမည်၏။

(၄) ဇာတိ၊ ဇရာမရဏ နှစ်ပါးသည် အနာဂတ်အကျိုး တလွှာမည်၏။

အခြင်းအရာ (၂၀) ရေတွက်နည်းဖြင့် အလွှာ(၄)ပါးကိုရေတွက်လျှင် -

(၁) အတိတ်အကြောင်းငါးပါးသည် တလွှာ၊

(၂) ပစ္စုပ္ပန်အကျိုးငါးပါးသည် တလွှာ၊

(၃) ပစ္စုပ္ပန်အကြေင်းငါးပါးသည် တလွှာ၊

(၄) အနာဂတ်အကျိုးငါးပါးသည် တလွှာ -

ဤသို့အားဖြင့် အလွှာ (၄)ပါး ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အခြင်းအရာ (၂၀) ပါး

အခြင်းအရာတို့သည် -

(၁) အတိတ်အကြောင်း (၅)ပါး

(၂) ပစ္စုပ္ပန်အကျိုး (၅)ပါး

(၃) ပစ္စုပ္ပန်အကြောင်း (၅)ပါး

(၄) အနာဂတ်အကျိုး (၅)ပါးအားဖြင့် အခြင်းအရာ (၂၀) အင်္ဂါ (၂၀) ဖြစ်ပါသည်။

ထိုတွင် -

(၁) အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကမ္မဘ၀အားဖြင့် (၅)ပါးတို့သည် အတိတ်အကြောင်းမည်၏။

(၂) ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာအားဖြင့် (၅)ပါးတို့သည် ပစ္စုပ္ပန်အကျိုးမည်၏။

(၃) အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကမ္မဘ၀အားဖြင့် (၅)ပါး တို့သည် ပစ္စုပ္ပန်အကြောင်းမည်၏။

(၄) ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာအားဖြင့် (၅)ပါး တို့သည် အနာဂတ်အကျိုးမည်၏။

ဤသို့အားဖြင့် အခြင်းအရာ(၂၀) အင်္ဂါ(၂၀) ဖြစ်ပါသည်။

အခြင်းအရာ(၂၀)နှင့် စပ်လျဉ်း၍ အတိတ်အကြောင်းဟုဆိုအပ်သော အ၀ိဇ္ဇာ၊ သင်္ခါရနှစ်ပါးတွင် မကင်းကောင်းသော တဏှာ၊ ဥပါဒါန်၊ ဘ၀တို့ကို ထည့်သွင်းရေတွက်လျှင် အတိတ်အကြောင်း (၅)ပါး ဖြစ်၏။

ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (၅)ပါးသည် အတိအကြောင်းကြောင့် ဖြစ်သော ပစ္စုပ္ပန်အကျိုး (၅)ပါးမည်၏။

တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀တို့တွင် မကင်းကောင်းသော အ၀ိဇ္ဇာ၊ သင်္ခါရတို့ကို ထည့်သွင်းရေတွက်လျှင် အနာဂတ်အကျိုးကို ဖြစ်ပေါ်စေကြောင်းဖြစ်သော ပစ္စုပ္ပန်အကြောင်း (၅)ပါး မည်၏။

အနာဂတ်အကျိုးဖြစ်သော ဇာတိ၊ ဇရာမရဏအင်္ဂါ၌ ဥပ၀တ္တိဘ၀ကို ထုတ်ဖေါ်၍ သိအပ်၏။ ဇာတိ၊ ဇရာမရဏတို့သည်ကား ဥပပတ္တိဘ၀၏ အမူတို့သာတည်း၊ ဇာတိဆိုလျှင် ၀ိပါက်နာမက္ခန္ဓာ၊ ကဋတ္တာရုပ်တို့လည်း ပါဝင်ကြ၏၊ ယင်းတရားတို့ကိုပင် ဥပပတ္တိဘ၀ဟုဆိုသည်။ ထို့ကြောင့် ဇာတိ၊ ဇရာမရဏတို့၌ ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ကို ထုတ်ဖေါ်ယူအပ်၏။ ဤသို့ ယူသဖြင့် အနာဂတ်အကျိုးတရား ငါးပါးဖြစ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အစပ် (၃) ပါး

အစပ်တို့သည် -

(၁) သင်္ခါရနှင့် ၀ိဉာဏ်အကြား တစပ်၊

(၂) ဝေဒနာနှင့် တဏှအကြား တစပ်၊

(၃) (ကမ္မ) ဘ၀နှင့် ဇာတိအကြား တစပ် - အားဖြင့် (၃)ပါး ရှိသည်။

ထိုတွင် -

(၁) အတိတ်အကြောင်းငါးပါး၏ အဆုံးဖြစ်သော သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုးငါးပါး အစဖြစ်သော ၀ိညာဉ်အကြား၌ အကြောင်းအကျိုးစပ်သော ဟေတုဖလ အစပ်တခု၊

(၂) ပစ္စုပ္ပန်အကျိုးငါးပါး၏ အဆုံးဖြစ်သော ဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း ငါးပါး၏အစဖြစ်သော တဏှာအကြား၌ အကျိုးအကြောင်းစပ်သော ဖလဟေတု အစပ်တခု၊

(၃) ပစ္စုပ္ပန်အကြောင်းငါးပါး၏ အဆုံးဖြစ်သော (ကမ္မ) ဘ၀နှင့် အနာဂတ်အကျိုးငါးပါး၏အစဖြစ်သော ဇာတိအကြား၌ အကြောင်းအကျိုးစပ်သော ဟေတုဖလ အစပ်တခုအားဖြင့် (၃)မျိုး အပြားရှိသည်။

(ဆောင်) သင်္ခါရနှင့်၊ ၀ိညာဏသာ၊ ဝေ, တဏှာမှ, ဘ၀, ဇာတိ၊ တိ သန္ဓိ၊ စပ်ဘိ မြဲသေချာ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အဓွန့်ကာလ (၃) မျိုး

အဓွန့်ကာလဟူသည် -

(၁) အတိတ်ကာလ၊

(၂) အနာဂတ်ကာလ၊

(၃) ပစ္စုပ္ပန်ကာလအားဖြင့် (၃)မျိုး ပြားသည်။

ထိုတွင် -

(၁) အ၀ိဇ္ဇာ၊ သင်္ခါရနှစ်ပါးတို့သည် အတိတ်ဘ၀၌ အကျုံးဝင်သောကြောင့် အတိတ်ကာလ အတိတ်အဓွန့်မည်၏။

(၂) ဇာတိ၊ ဇရာမရဏနှစ်ပါးတို့သည် အနာဂတ်ကာလ၌ အကျုံးဝင်သောကြောင့် အနာဂတ်ကာလ၊ အနာဂတ်အဓွန့်မည်၏။

(၃) အလယ်၌ရှိသော ၀ိညာဉ်၊ နာပ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ ဥပါဒန်၊ ဘ၀အားဖြင့် ရှစ်ပါးတို့သည် ပစ္စုပ္ပန်ကာလ၌ အကျုံးဝင်သောကြောင့် ပစ္စုပ္ပန်ကာလ၊ ပစ္စုပ္ပန်အဓွန့်မည်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ပဋိစ္စသမုပ္ပါဒ် အဓိပ္ပာယ်

အ၀ိဇ္ဇာစသော အကြောင်းတရားတို့ကြောင့် သင်္ခါရစသော အကျိုးတရားများ ဖြစ်ပေါ်လာခြင်းသည် ပဋိစ္စသမုပ္ပါဒ်မည်၏။

ထိုသို့ ပဋိစ္စသမုပ္ပါဒ် (အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပေါ်မူ) ၌ -

၁။ အ၀ိဇ္ဇာ (မသိမူ) ကြောင့် သင်္ခါရ (ပြုပြင်စီရင်မူ) ဖြစ်၏။

၂။ သင်္ခါရ (ပြုပြင်စီရင်မူ) ကြောင့် ၀ိညာဉ် (အကျိုးဝိပါက်စိတ်) ဖြစ်၏။

၃။ ၀ိညာဉ် (သိမူစိတ်) ကြောင့် နာမ်ရုပ် (စေတသိက်နာမ်နှင့်ရုပ်) ဖြစ်၏။

၎။ နာမ်ရုပ် (စေတသိက်နာမ်နှင့်ရုပ်) ကြောင့် သဠာယတန (အာယတနခြောက်ပါး) ဖြစ်၏။

၅။ သဠာယတန (အာယတနခြောက်ပါး) ကြောင့် ဖဿ (တွေ့ထိမူ) ဖြစ်၏။

၆။ ဖဿ (တွေ့ထိမူ) ကြောင့် ဝေဒနာ (ခံစားမူ) ဖြစ်၏။

၇။ ဝေဒနာ (ခံစားမူ) ကြောင့် တဏှာ (လိုချင်တပ်မက်မူ) ဖြစ်၏။

၈။ တဏှာ (လိုချင်တပ်မက်မူ) ကြောင့် ဥပါဒါန် (စွဲလမ်းမူ) ဖြစ်၏။

၉။ ဥပါဒန် (စွဲလမ်းမူ) ကြောင့် ဘ၀ (ပြုလုပ်မူနှင့် ဖြစ်တည်မူ) ဖြစ်၏။

၁၀။ ဘ၀ (ပြုလုပ်မူ) ကြောင့် ဇာတိ (ပဋိသန္ဓေနေမူ) ဖြစ်၏။

၁၁။ ဇာတိ (ပဋိသန္ဓေနေမူ) ကြောင့် ဇရာမရဏ (အိုမူ သေမူ) နှင့်

၁၂။ သောက (စိုးရိမ်မူ)၊ ပရိဒေ၀ (ငိုကြွေးမူ)၊ ဒုက္ခ (ကိုယ်ဆင်းရဲမူ)၊ ဒေါမနဿ (စိတ်ဆင်းရဲမူ)၊ ဥပါယာသ (ပြင်းထန်စွာပူပန်မူ) တို့ဖြစ်ကြပါသည်။

ဤသို့ အကြောင်းတရားကြောင့် အကျိုးတရားများဖြစ်ခြင်း (ပဋိစ္စသမုပ္ပါဒ်) ကိုကြည့်လျှင် ချမ်းသာဟူ၍ မြူတစ်စေ့မျှမရှိကြောင်း၊ ဆင်းရဲတုံး၊ ဆင်းရဲစု၊ ဆင်းရဲခဲချည်းသာ ဖြစ်ကြောင်း တွေ့ရှိရပေသည်။

ဤအကြောင်းတရားများမဖြစ်က ဤအကျိုးတရားများမဖြစ်ပေါ်ပေ၊ ဒုက္ခမီးအားလုံး ငြိမ်းအေးသွားမည်ဟု အပြန်အားဖြင့် ဟောတော်မူသော ပဋိလောမဒေသနာကိုလည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာဟုပင် ခေါ်ဆိုရပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် လောကသုံးပါးမှထွက်မြောက်ပုံ

ဤပဋိစ္စသမုပ္ပါဒ်နည်းဖြင့် လောကသုံးပါးမှ ထွက်မြောက်ရာ၌ ပဋိစ္စသမုပ္ပါဒ်နှင့် စပ်လျဉ်း၍ အင်္ဂါ ၁၂-ပါး၊ အဓွန့်ကာလ ၃-ပါး၊ ခြင်းရာ ၂၀ -ပါး၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ ၀ဋ် ၃-ပါး၊ ၀ဋ်မြစ် ၂-ပါး တို့သည်လည်း သိသင့်သိထိုက်သော တရားများပင် ဖြစ်ပေသည်။ ထိုတရားများကာ အောက်ပါအတိုင်းပင်တည်း -

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး

၁။ အ၀ိဇ္ဇာ = သစ္စာလေးပါး စသည်ကို မသိမူ

၂။ သင်္ခါရ = ကုသိုလ် အကုသိုလ် ကံ စေတနာ

၃။ ၀ိညာဉ် = လောကီဝိပါက် ၀ိညာဉ်များ

၎။ နာမ်ရုပ် = စေတသိက်နာမ်နှင့် ရုပ်တရား

၅။ သဠာသယတန = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော အာယတနခြောက်ပါး

၆။ ဖဿ = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ခြောက်ပါး တို့၌ဖြစ်သော အတွေ့ခြောက်ပါး

၇။ ဝေဒနာ = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အတွေ့ ခြောက်မျိုးတို့ကြောင့် ဖြစ်သော ခံစားမူခြောက်ပါး

၈။ တဏှာ = လိုချင်တပ်မက်မူ

၉။ ဥပါဒါန် = စွဲလန်းမူ

၁၀။ ဘ၀ = ဖြစ်ပေါ်မူ

၁၁။ ဇာတိ = ပဋိသန္ဓေနေမူ

၁၂။ ဇရာမရဏ = အိုမင်းယိုယွင်းမူနှင့် သေဆုံးပျက်စီးမူအားဖြင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါး ရှိသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

လောကသုံးပါးမှ လွတ်မြောက်ရေး သစ္စာလေးပါးနည်းဖြင့် လောကမှထွက်မြောက်ပုံ

လောကတွင် သက်ဝင်လူပ်ရှားနေကြသော လူသားအားလုံးတို့သည် ယခု ပစ္စုပ္ပန်ဘ၀၌ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ဟူသော ခန္ဓာငါးပါးကို ရရှိထားကြ၏။ ထိုရရှိထားသော ခန္ဓာငါးပါးကို ငါပိုင်ဖြစ်၏၊ ငါဖြစ်၏ စသည်ဖြင့် ထင်မှတ်နေကြသည်။ ထို့ကြောင့်ပင် ဤခန္ဓာ ငါးပါးကို အစဉ်သဖြင့် တွယ်တာနေကြသည်၊ စွဲလမ်းနေကြသည်၊ တစိုက်မတ်မတ် မက်မောနေကြသည်။

ဤခန္ဓာကိုယ်ကို တွယ်တာစွဲလမ်းနေမူကို တဏှာလောဘဟုခေါ်သည်။ “ဤတဏှာကား ခန္ဓာကိုယ်ကို ဘ၀အဆက်ဆက်ဖြစ်ပေါ်နေအောင် တည်ဆောက်နေပါတကား”ဟု မသိနိုင်ကြချေ။ ခန္ဓာငါးပါးကိုလည်း ဒုက္ခခဲဟု မသိနိုင်ကြ၊ သိဖို့ရန်လည် အလွန်ပင် ခဲယဉ်းလှပေသည်။

ဤလောကဓါတ်တခွင်ဝယ် တရားအားလုံးကို သိတော်မူသော သဗ္ဗညုတဉာဏ်သခင် ဘုရားရှင်ပွင့်တော်မူလာ၍ သစ္စာလေးပါးမြတ်တရားကို ဟောကြားတော်မူသဖြင့် သတ္တ၀ါများ သစ္စာလေးပါးတရားတို့ သိခွင့်ရလာခဲ့ကြသည်။ ယင်းသစ္စာလေးပါးကား -

(၁) ဒုက္ခသစ္စာ - ဆင်းရဲအမှန်

(၂) သမုဒယသစ္စာ - ဆင်းရဲကြောင်းအမှန်

(၃) နိရောဓသစ္စာ - ငြိမ်းအေးရာအမှန်

(၄) မဂ္ဂသစ္စာ - ငြိမ်းအေးရာသို့ရောက်ကြောင်း လမ်းကောင်းအမှန်တို့ဖြစ်သည်။

သစ္စာလေးပါးတွင် လောကီခန္ဓာငါးပါး ရုပ် နာမ်တရားသည် ဒုက္ခသစ္စာဖြစ်၏။ ထိုဒုက္ခသစ္စာကို သိရမည်။ လောကီခန္ဓာငါးပါး ရုပ် နာမ်တရားကို တွယ်တာသည့် တဏှာလောဘသည် သမုဒယသစ္စာဖြစ်၏။ ထိုသမုဒယသစ္စာကို ပယ်ခွာရမည်။ ယင်းတဏှာငြိမ်းအေးရာ နိရောဓသစ္စာကို မျက်မှောက်ပြုရမည်၊ ဆိုက်ရောက်ရမည်။ တဏှာငြိမ်းရာ နိရောဓသစ္စာသို့ ဆိုက်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ဖြစ်သော မဂ္ဂသစ္စာကို ပွားများရမည်ဟု ဟောပြထားပေသည်။

တရားတော်ကို နာကြားရသည့် ဝေနေယျတို့၏ အသိဉာဏ်၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဒုက္ခတုံး၊ ဒုက္ခခဲကြီးပါတကား၊ ဖြစ်ပြီးလျှင် ပျက်ကြမှာပါတကားဟု သိမြင်လာကြသည်။ ဤကဲ့သို့ သစ္စာလေးပါးကို သိသော အသိဉာဏ် ရင့်ကျက်လာပါက လိုချင်မူ ရာဂမီး၊ စိတ်ဆိုးမူ ဒေါသမီး၊ မသိမူ မောဟမီး၊ ပဋိသန္ဓေနေမူ ဇာတိမီး၊ အိုမူ ဇရာမီး၊ ပျက်စီးသေဆုံးမူ မရဏမီး၊ စိုးရိမ်မူ သောကမီး၊ ငိုကြွေးမူ ပရိဒေ၀မီး၊ ကိုယ်ဆင်းရဲမူ ဒုက္ခမီး၊ စိတ်ဆင်းရဲမူ ဒေါမနဿမီး၊ ပြင်းထန်စွာပူလောင်မူ ဥပါယာသမီး ဟူသော မီး(၁၁)ပါးတို့သည် ငြိမ်းအေးကုန်ခမ်းသွားပေမည်။

ဤမီး (၁၁)မီး ငြိမ်းအေးကုန်ခမ်းသွားခဲ့သော် သတ္တာလောက၊ သြကာသလောက၊ သင်္ခါရလောကဟူသော လောက (၃)ပါးမှ လွတ်မြောက်သွားပေတော့သည်။

ဤသို့ သစ္စာလေးပါးနည်းဖြင့် လောကသုံးပါးမှ လွတ်မြောက်ရာ၌ -

(၁) လောကီခန္ဓာငါးပါး ရုပ် နာမ်တရားတို့သည် ဒုက္ခတုံး၊ ဒုက္ခခဲပါတကားဟု သိမြင်ခြင်းသည် ဒုက္ခသစ္စာကို သိမြင်မူပင်ဖြစ်၏။

(၂) ဤလောကီခန္ဓာငါးပါး ရုပ် နာမ်တရားပေါ်၌ တွယ်တာမူ တဏှာလောဘသည် သမုဒယသစ္စာမည်၏။ ယင်းတဏှာလောဘကို ပယ်ခွာခြင်းသည်ပင် သမုဒယသစ္စာကို ပယ်ခွာမူဖြစ်သည်။

(၃) ဒုက္ခသစ္စာဟုသိသည်နှင့် တပြိုင်နက် လောကီခန္ဓာငါးပါးအပေါ်၌ တွယ်တာမူတဏှာ ငြိမ်းအေးသွား၏။ ယင်းတွယ်တာမူတဏှာ ငြိမ်းအေးမူသည် နိရောဓသစ္စာမည်၏။ နိရောဓသစ္စာကို ဆိုက်ရောက် မျက်မှောက်ပြုသည် မည်၏။

(၄) ဒုက္ခသစ္စာဟုသိမြင်ခြင်းသည်ပင် (သမ္မာဒိဋ္ဌိမဂ္ဂင်-) မဂ္ဂသစ္စာမည်၏၊ ယင်းအသိများဖြစ်နေခြင်းသည်ပင် မဂ္ဂသစ္စာကို ပွားများသည်မည်၏။

ဤကား သစ္စာလေးပါးနည်းဖြင့် လောကသုံးပါးမှ ထွက်မြောက်ပုံဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Thursday 24 November 2011

စိတ္တနိယာမ

စိတ္တနိယာမမှာ အဆင်း၊ အသံ အစရှိသော အာရုံတို့သည် မျက်စိ၊ နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သော် စီမံဖန်ဆင်းသူ မရှိဘဲလျက် ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အစရှိကုန်သော ၀ီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်မြဲသဘောကို စိတ္တနိယာမ ဟုခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဓမ္မနိယာမ

ဓမ္မနိယာမမှာ ပစ္ဆိမဘ၀ိက ဘုရားလောင်းတော်တို့၏ ပဋိသန္ဓေတည်နေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါ၊ ဘုရားအဖြစ်ရောက်တော်မူသောအခါ၊ ဓမ္မစကြာတရားဟောတော်မူသောအခါ၊ အာယုသင်္ခါရလွှတ်တော်မူသောအခါ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်အခါတို့၌ တစ်သောင်းသော လောကဓါတ်၏ တပြိုင်နက်အားဖြင့် လူပ်ရှားမြဲသဘောကို ဓမ္မနိယာမဟုခေါ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ကမ္မနိယာမ

ကမ္မနိယာမမှာ သတ္တ၀ါမှန်သမျှ မိမိတို့ ရှေးကပြုခဲ့သော ကံအမူနှင့်တူစွာ အကျိုးပေးမူ မြဲခြင်းဖြစ်၏။

ချဲ့ဦးအံ့ - မြတ်စွာဘုရားလက်ထက်၌ သာဝတ္ထိမြို့တံခါးရွာကို မီးလောင်ရာ မြက်ဖြင့်ပြုလုပ်ထားသည့် ကရွတ်ခွေတစ်ခုသည် မီးစွဲလျက် ကောင်းကင်သို့ လွင့်တက်စဉ် ပျံလာသောကျီး၏လည်၌ စွပ်မိ၏၊ ကျီးသည် မြေသို့ ကျ၍သေလေ၏။

သင်္ဘောကြီးတစ်စင်းသည် သမုဒ္ဒရာ၌ ရွက်စုံလွှင့် စက်ကုန်ဖွင့်ကာ မောင်းနှင်ပါသော်လည်း လုံးဝရွေ့လျားမူမရှိ၊ ရပ်တန့်လျက်နေ၏။ ထိုအခါ သင်္ဘောသားများသည် မိမိတို့သင်္ဘော၌ လူယုတ်မာပါပြီဟု စာရေးတံမဲချကြရာ သင်္ဘောသူကြီး၏ မယားလက်၌သာ သုံးကြိမ်တိုင်တိုင်ကျလေ၏။ ထိုအခါ သင်္ဘောသူကြီးက တစ်ယောက်အတွက်နှင့် အများသူတို့ ပျက်စီးရန်မသင့်ပေဟု ဆုံးဖြတ်၍ သဲအိုးကို မိမိဇနီး၏လည်မှာဆွဲလျက် သမုဒ္ဒရာထဲသို့ ပစ်ချစေ၏။ ထိုသို့ပစ်ချသောခဏ၌ပင် သင်္ဘောကြီးသည် လေးမှ လွှတ်အပ်သည့်မြားအလား တဟုန်တည်းပြေးသွားလေ၏။

ရဟန်းတော်တစ်ပါးသည် လိုဏ်တစ်ခုအတွင်းသီတင်းသုံးနေစဉ် တောင်ထွတ်သည်ပြိုကျလေ၏။ ထိုပြိုကျသော တောင်ထွတ်သည် ရဟန်းတော် သီတင်းသုံးနေသည့် လိုဏ်ဂူပေါက်ကို ပိတ်လျက်တည်ရှိ၏၊ (၇)ရက် ပြည့်သည့်နေ့တွင် သူ့အလိုလို လိမ့်၍ ပွင့်၏။

ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား တရားဟောနေစဉ်အတွင်း ထိုအကြောင်းအရာသုံးမျိုးစလုံး မြတ်စွာဘုရားထံ တပြိုင်နက် ဆိုက်ရောက်လာ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုသတ္တ၀ါသုံးဦး၏ ရှေးအကြောင်းတရားကို အောက်ပါအတိုင်း ဟောကြားတော်မူ၏။

ထိုသုံးဦးအနက် ကျီးသည် ရှေးဘ၀၌ လူဖြစ်စဉ်အခါ မိမိ၏ ကြမ်းတမ်းလှသော နွားရိုင်းကို ဆုံးမသွန်သင်၍ မရနိုင်သဖြင့် ဒေါသဖြစ်ကာ နွား၏လည်၌ ကောက်ရိုးစည်းကိုဖွဲ့ချည်၍ မီးတိုက်လွှတ်ခဲ့ဖူး၏၊ နွားသည် ထိုမီးကြောင့် သေခဲ့ရ၏၊ ထိုနွားရှင်သည် သေ၍ နောက်ဘ၀တွင် ကျီးသတ္တ၀ါဖြစ်လေရာ ထိုမကောင်းမူ ကံဟောင်းကြောင့် ကောင်းကင်၌ ပျံသွားစဉ် လည်မှာ မီးကွင်းစွပ်မိ၍ သေဆုံးရလေ၏။

လှေသူကြီးကတော်သည် ရှေးဘ၀၌ ခွေးတစ်ကောင်ကို အမျက်ထွက်သဖြင့် ခွေး၏ လယ်ပင်းတွင် သဲအိုးဖွဲ့၍ ရေ၌ပစ်ချသတ်ခဲ့ဘူး၏၊ ထို အကုသိုလ်ကံကြောင့် လှေသူကြီးကတော်ဘ၀၌ ပြုခဲ့သော အကုသိုလ်ကံနှင့်  အလားတူစွာ သဲအိုးဆွဲပြီး သမုဒ္ဒရာထဲ ပစ်ချခံရ၏။

လိုဏ်ဂူပိတ်ခံရသော ရဟန်းသည် ရှေးဘ၀၌ နွားကျောင်းသားဖြစ်စဉ်က ဖွတ်တစ်ကောင် တွင်းထဲဝင်သည်ကိုမြင်လျှင် သစ်ရွက်များဖြင့် တွင်းကို ပိတ်ဆို့ခဲ့၏၊ ခုနှစ်ရက်တိုင်မှ ထိုအရပ်သို့တဖန် ရောက်ပြန် လေသည့်အခါ တွင်းကိုဖွင့်လေလျှင် အစာရေစာငတ်မူကြောင့် အားနည်းလှစွာ ထွက်၍လာသော ဖွတ်ကိုမြင်လျှင် သနားသည့် စိတ်ရှိပြန်သဖြင့် လွှတ်လိုက်၏။ ထိုကံဟောင်းကြောင့် ယခုဘ၀တွင် ခုနှစ်ရက်တိုင်တိုင် လိုဏ်ပိတ်ခြင်းဒုက္ခကို တွေ့ကြုံခံစားရ၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဥတုနိယာမ

ဥတုနိယာမမှာလည်း ပြုလုပ်စီရင်ပေးသူမရှိဘဲ ဥတု၏အစွမ်းဖြင့် မြက်သစ်ပင်များ၌ အစဉ်အမြဲဖြစ်လေ့ရှိသောသဘောကို ဥတုနိယာမဟုခေါ်၏။

မြက်သစ်ပင်တို့သည် တန်ခုး၊ ကဆုန်၊ နယုန် စသော တစ်ဆယ့်နှစ်ရာသီတို့တွင် ထိုထိုလ ထိုထိုသမယတို့၌ သူ့အခါ၊ သူ့သမယ နှင့်သူ ဖူးကြ၊ ပွင့်ကြ၊ သီးကြမြဲဖြစ်ကုန်၏။ တန်ခူးလ၌ ဖူး၊ ပွင့်၊ သီးကြသော သစ်ပင်တို့သည် တန်ခူးလရောက်တိုင်း ဖူး၊ ပွင့်၊ သီးကြသကဲ့သို့ ကျန်လတို့၌ ဖူး၊ ပွင့်၊ သီးလေ့ရှိသော သစ်ပင်တို့သည်လည်း မိမိတို့ ဖူး၊ ပွင့်၊ သီး နေကျ လရောက်တိုင်း ဖူး၊ ပွင့်၊ သီးကြကုန်၏၊ သူ့အခါသမယသို့ရောက်လျှင် ပြုပြင်စီရင်သူမရှိဘဲ သူတို့ ဖူး၊ ပွင့်၊ သီးသည့် အချိန်ရောက်လျှင် သူတို့အလိုလို တောင်တိုင်းတောတိုင်း၌ပင် ဖူးကြ ပွင့်ကြ သီးကြပေ၏။ ဤကဲ့သို့ ဖြစ်ကြ သည်ကိုပင် ဥတုနိယာမဟု ခေါ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Wednesday 23 November 2011

ဗီဇနိယာမ

ဗီဇနိယာမမှာ တစ်စုံတစ်ယောက်၏ ပြုလုပ်ဆောင်ရွက်ပေးမူမရှိပါဘဲလျက် ပြုလုပ်ဆောင်ရွက်ပေးသည့် အလား မြက်သစ်ပင်တို့၌ မျိုးစေ့၏ ဓါတ်သဘောဖြင့် ဖေါက်ပြန်ကွဲလွဲမူ လုံးဝမရှိဘဲ ထိုမြက်၊ ထိုသစ်ပင်မျိုးဖြစ်ခြင်း မြဲသောသဘောကို ဗီဇနိယာမဟုခေါ်၏။

ကုလားပဲအညွန့်များမှာ မြောက်အရပ်သို့သာ အညွန့်ဖျား လှည့်ခြင်း၊ ဒက္ခိဏနွယ်ပင်မျိုးများမှာ အခြားသစ်ပင်များကို လက်ျာဘက်မှနွယ်ကာတက်ခြင်း၊ နေကြာပန်းများမှာ နေမင်းရှိရာသို့မျက်နှာမူခြင်း၊ မာလောနွယ်များမှာ သစ်ပင်ရှိရာသို့ ရှေ့ရူခြင်း၊ အုန်းသီးများ၏ ထိပ်၌ အပေါက်ရောက်ခြင်းသည် ဗီဇနိယာမ မည်၏။ ရှိရှိသမျှမျိုးစေ့တို့မှ ပေါက်ကြသည့် အပင်များ၏ အညွန့်၊ အရွက်၊ အပွင့်၊ အသီးများသည် မူလ မျိုးစေ့နှင့်တူစွာ အညွန့်အရွက်ထွက်၍ ဖူးကြ ပွင့်ကြ သီးကြကုန်၏။ သရက် မျိုးစေ့မှ သရက်ပင်ပေါက်၍ သရက်ညွန့် သရက်ရွက်ထွက်ကာ သရက်ဖူး၊ သရက်ပွင့် ပွင့်လျက် သရက်သီးသာသီး၏၊ ပိန္နဲ၊ မာလကာ စသည်ဖြစ်မလာပေ၊ ထိုကဲ့သို့ မူလမျိုးစေ့နှင့်တူစွာ ဖူးကြ၊ ပွင့်ကြ၊ သီးကြသည်မှာလည်း ဗီဇနိယာမ၏ ဓါတ်သဘောပင်ဖြစ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

နိယာမတရား (၅) ပါး

နိယာမအဓိပ္ပာယ်
လူ၊ နတ်၊ ဗြဟ္မာ ဖန်ဆင်းရှင်ဟူသော တစ်စုံတစ်ယောက်၏ ပြုလုပ်ဖန်ဆင်းမူကြောင့်မဟုတ်ဘဲ သဘာဝဓါတ်အလျောက်မဖောက်မပြန် အစဉ်အမြဲ သူ့အကြောင်းနှင့် သူ့အကျိုး၊ သူ့အမျိုးနှင့် သူ့အနွယ် အစဉ်အပျက် အဆက်ဆက် ဖြစ်ပွားနေမူကို နိယာမတရားဟု ခေါ်၏။

ထိုနိယာမတရားများမှာ -

(၁) ဗီဇ နိယာမ

(၂) ဥတု နိယာမ

(၃) ကမ္မ နိယာမ

(၄) ဓမ္မ နိယာမ

(၅) စိတ္တ နိယာမ - ဟူ၍ ငါးပါးရှိ၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဝီထိစိတ် ဖြစ်ပေါ်လာပုံ

ဝီထိစိတ်များသည် အခွင့်သာလျှင် သင့်ရာ၌ဖြစ်ဖို့ရန် ခန္ဓာကိုယ်တွင်း၌ စုဝေး တည်ရှိနေကြသည်မဟုတ်၊ အပြင်ဘက်၌ တစ်စုံတစ်ခုသောနေရာတွင် စုေါင်း သိမ်းဆည်းထားနိုင်သူလည်းမရှိ၊ ၀တ္ထု၊ အာရုံ၊ မနသိကာရ စသော ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံမိကြသည့်အခါမှသာ ရုတ်တရက်ဖြစ်ပေါ်လာကြပေသည်။

ဤသို့ ၀ီထိစိတ်များဖြစ်ကြရာ၌ ဘ၀င်၏အခြားမဲ့၌ အာဝဇ္ဇန်းဖြစ်ရမည်၊ အာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဉ်စိတ်ဖြစ်ရမည် စသည်ဖြင့် ပြုပြင်စီမံနိုင်သူ နတ်၊ လူ၊ ဗြဟ္မာ တစ်စုံတစ်ယောက်မျှမရှိချေ။ သို့မရှိပါဘဲလျက် ပြခဲ့သော ဥပမာအရ- အာရုံ၏ ပသာဒ၌ ထိုခိက်ခြင်းကိစ္စ၊ ဘ၀င်အစဉ်ပြတ်ခြင်းကိစ္စ၊ မြင်ခြင်းကိစ္စ စသည်တို့ ကိုယ်စီကိုယ်င ရှေ့နောက်မတူအောင် အသီးသီးဆောင်ရွက်လျက် ရှည်လျားစွာ တစီတတန်းကြီး အချက်ကျအောင်ဖြစ်နေပုံသည် မျက်မြင် မဟုတ်စေကာမူ သဘာဝဓမ္မအားဖြင့် လွန်စွာထင်ရှားလျက်ရှိသောကြောင့် ဆန်းကြယ်၍ အံ့ဖွယ်ကောင်းသော စိတ္တနိယာမပင် ဖြစ်ပေတော့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Tuesday 22 November 2011

စက္ခုဒွါရ ၀ီထိ

အဆင်းရူပါရုံနှင့် စက္ခုပသာဒတို့ တွေ့ဆုံကြသည်မှစ၍ စိတ္တက္ခဏတစ်ချက် (အတီတဘ၀င်) အလွန်တွင် စက္ခုပသာဒ၌ အဆင်းရူပါရုံထင်လာ၏။ ထိုအခါ -

(၁) အတီတဘ၀င် - လွန်သွားသောဘ၀င်

(၂) ဘ၀င်္ဂစလန - လူပ်ရှားသောဘ၀င်

(၃) ဘ၀င်္ဂုပစ္ဆေဒ - ပြတ်သွားသောဘ၀င်

(၄) ပဉ္စဒွါရာ ၀ဇ္ဇန်း - ငါးဒွါရ၌ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်

(၅) စက္ခုဝိညာဉ် - မြင်သိစိတ်

(၆) သမ္ပဋိစ္ဆိုင်း - အာရုံကိုခံယူသောစိတ်

(၇) သန္တီရဏ - အာရုံကို စုံစမ်းသောစိတ်

(၈) ၀ုဋ္ဌော - အာရုံကို ဆုံးဖြတ်မှတ်သားသောစိတ်

(၉) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၀) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၁) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၂) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၃) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၄) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၅) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၆) တဒါရုံ (ပထမအကြိမ်) - ဇောအာရုံကို လိုက်ယူသောစိတ်

(၁၇) တဒါရုံ (ဒုတိယအကြိမ်) - ဇောအာရုံကို လိုက်ယူသောစိတ် - တို့ဖြစ်ပြီးနောက် (၁၇)ချက် ရုပ်သက်စေ့ရကား ဒုတိယတဒါရုံနှင့်ပြိုင်၍ ချုပ်လေတော့၏။ ထို့နောက် ဘ၀င်စိတ်များ ဆက်လက်ဖြစ်၏။

ဝီထိစိတ်တို့၏ ဖြစ်စဉ်ကို ခန့်မှန်းနိုင်အောင် သရက်သီး ဥပမာဖြင့် ပြသေးသည်။

(၁) လူတစ်ယောက်သည် သရက်ပင်အောက်မှာ ခေါင်းမြီးခြုံပြီး အိပ်ပျော်နေ၏၊

(၂/၃) အနီးအပါး၌ သရက်သီးကြွေကျ၍ လန့်ပြီးနိုးလာသည်။

(၄) ဘာပါလိမ့်မလဲဟု ဆင်ခြင်ပြီးကြည့်သောအခါ

(၅) သရက်သီးကိုမြင်၍

(၆) လက်ဖြင့်ကောက်ယူပြီး

(၇) နှိပ်နယ်စုံစမ်းကြည့်၏၊

(၈) အနံ့ခံကြည့်ပြီး မှည့်မှန်းသိ၍

(၉/၁၅) စား၏၊

(၁၆/၁၇) သရက်သီးကို စားမျိုပြီးနောက် ထပ်၍ အိပ်ပျော်သွားပြန်သည်။

ဤဥပမာ၌ -

(၁) ဘ၀င်ကျနေခြင်းသည် အိပ်ပျော်နေသည်နှင့်တူ၏၊

(၂/၃) ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒဖြစ်ခြင်းသည် သရက်သီးကြွေက၊ သံကြောင့် လန့်နိုးလာသည်နှင့် တူ၏။

(၄) ပဉ္စဒွါရာဝဇ္ဇန်းဖြစ်ခြင်းသည်နိုးလာပြီး ဘာပါလိမ့်မလဲဟု ဆင်ခြင်မူနှင့်တူ၏၊

(၅) စက္ခုဝိညာဉ်ဖြစ်ခြင်းသည် သရက်သီးကို မြင်မူနှင့်တူ၏၊

(၆) သမ္ပဋိစ္ဆိုင်းဖြစ်ခြင်းသည် လက်ဖြင့် ကောက်ယူခြင်းနှင့်တူ၏၊

(၇) သန္တီရဏဖြစ်ခြင်းသည် မှည့် မမှည့်နှိပ်နယ်စုံစမ်းခြင်းနှင့်တူ၏၊

(၈) ၀ုဋ္ဌောဖြစ်ခြင်းသည် အနံ့ခံပြီး မှည့်မှန်းသိခြင်းနှင့်တူ၏၊

(၉/၁၅) ဇောဖြစ်ခြင်းသည် သရက်သီးကို စားနေခြင်းနှင့်တူ၏၊

(၁၆/၁၇) တဒါရုံဖြစ်ခြင်းသည် သရက်သီးကို မျိုချလိုက်သည်နှင့်တူ၏။

- တဖန်ထပ်၍ ဘ၀င်ကျသွားခြင်းသည် တဖန်ပြန်၍ အိပ်ပျော်သွားသည်နှင့်တူ၏။

ဆောင် ။ ။ အိပ် - နိုး - ဆင် - ကြည်၊ ယူ - နှိပ်ဘိ၊ နံ့သိ - စား မျို၊ အိပ်ပြန်သလို။
ဝီထိတရား၊ ဖြစ်စဉ်များ၊ မှတ်သားစေလို၊ ဋီ - ပြဆို

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဝီထိ (စိတ်ဖြစ်စဉ်) ခေါ်ပုံ

လူတို့၏သွားရာ လာရာလမ်းခရီးကို ၀ီထိဟုခေါ်သကဲ့သို့ စိတ်စေတသိက်တို့၏ ဖြစ်စဉ်ကို ၀ီထိဟု ခေါ်သည်။

ထိုဝီထိသည် -

(၁) စက္ခုဒွါရ၀ီထိ - စက္ခုဒွါရ၌ဖြစ်သော မြင်သိစိတ်ဦးဆောင်သော စိတ် စေတသိက်တို့၏ဖြစ်စဉ်၊

(၂) သောတဒွါရ၀ီထိ - သောတဒွါရ၌ဖြစ်သော ကြားသိစိတ် ဦးဆောင်သော စေတသိက်တို့၏ဖြစ်စဉ်၊

(၃) ဃာနဒွါရ၀ီထိ - ဃာနဒွါရဖြစ်သော နံသိစိတ်ဦးဆောင်သော စိတ်စေတသိက်တို့၏ဖြစ်စဉ်၊

(၄) ဇိဝှါဒွါရ၀ီထိ - ဇိဝှါဒွါရ၌ဖြစ်သော အရသာသိစိတ် ဦးဆောင်သော စိတ်စေတသိက်တို့၏ဖြစ်စဉ်၊

(၅) ကာယဒွါရ၀ီထိ - ကာယဒွါရ၌ဖြစ်သော ထိသိစိတ်ဦးဆောင်သော စိတ်စေတသိက်တို့၏ဖြစ်စဉ်၊

(၆) မနောဒွါရ၀ီထိ - မနောဒွါရ၌ဖြစ်သော သိစိတ်ဦးဆောင်သော စိတ် စေတသိက်တို့၏ဖြစ်စဉ် အားဖြင့် (၆)မျိုး ရှိသည်။

အဆင်းအာရုံ (ရူပါရုံ)စသော အာရုံ (၆)မျိုးနှင့် မျက်စိ စသော ဒွါရ (၆)မျိုးတို့ တွေ့ဆုံသောအခါ မြင်သိစိတ် စသော စိတ်၊ စေတသိက်တရားများ ဖြစ်ပေါ်လာကြသည်။

ထိုအခါ အာရုံ ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်သောကြောင့် ယင်းအာရုံရုပ်နှင့် စပ်၍ ဖြစ်ပေါ်လာရသော စိတ်တရားတို့သည်လည်းဖြစ်၊ တည်၊ ပျက် (၁၇)ချက်ကြာအောင် ဖြစ်ရလေသည်။

ဤသို့ ရုပ်တရားတို့နှင့် အညီအမျှ စိတ်တရားတို့၏ စိတ္တက္ခဏ (၁၇)ချက် ကြာအောင်ဖြစ်မူကိုပင် တစ်ဝီထိဟု ခေါ်ဝေါ်သတ်မှတ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

စိတ် စေတသိက်တို့၏ ဖြစ်ရာဌာန

လူတို့၏ ၀င်ရာထွက်ရာ အပေါက်ကို တံခါးပေါက်ဟု ခေါ်သကဲ့သို့ စိတ်စေတသိက်တို့၏ ၀င်ရာထွက်ရာဖြစ်သောကြောင့် မျက်စိစသည်ကို တံခါးပေါက်(ဒွါရ) ဟုခေါ်သည်။

တံခါး (၆) ပေါက်
သတ္တ၀ါတစ်ဦးစီ၏ သန္တာန်၌

(၁) စက္ခုဒွါရ - မျက်စိတံခါးပေါက်၊

(၂) သောတဒွါရ - နားတံခါးပေါက်၊

(၃) ဃာနဒွါရ - နှာခေါင်းတံခါးပေါက်၊

(၄) ၀ိဝှါဒွါရ - လျှာတံခါးပေါက်၊

(၅) ကာယဒွါရ - ကိုယ်တံခါးပေါက်၊

(၆) မနောဒွါရ - စိတ်တံခါးပေါက်၊ အားဖြင့် တံခါး (၆)ပေါက် ရှိလေသည်။

တရားကိုယ်အားဖြင့်


(၁) မျက်စိအကြည် (စက္ခုပသာဒ) ရုပ်သည် စက္ခုဒွါရမည်၏။

(၂) နားအကြည် (သောတပသာဒ) ရုပ်သည် သောတဒွါရမည်၏။

(၃) နှာအကြည် (ဃာနပသာဒ) ရုပ်သည် ဃာနဒွါရမည်၏။

(၄) လျှာအကြည် (ဇိဝှါပသာဒ) ရုပ်သည် ဇိဝှါဒွါရမည်၏၊

(၅) ကိုယ်အကြည် (ကာယပသာဒ) ရုပ်သည် ကာယဒွါရမည်၏၊

(၆) (ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး ဟူသော ဘ၀င်စိတ် ၁၉-ပါးသည် မနောဒွါရမည်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

သတ္တ၀ါတို့၏ သန္တာန်၌ စိတ် စေတသိက်ရုပ်တို့၏ ဖြစ်စဉ် (၀ီထိ) များ

စိတ်သက်နှင့် ရုပ်သက်

သတ္တ၀ါတို့၏သန္တာန်၌ ပဋိသန္ဓေတည်နေချိန်မှစ၍ မသေမီကာလအတွင်းဝယ် စိတ်စေတသိက် ရုပ်တရားများ အမြဲမပြတ် ဖြစ်ပျက်လျက်နေကြသည်။

ထိုသို့ဖြစ်ပျက်လျက်နေရာ စိတ်တစ်ခုစီ၌ ဥပါဒ်(ဖြစ်မူ)၊ ဌီ(တည်မူ)၊ ဘင်(ပျက်မူ) ဟူသော ခဏငယ်သုံးချက် (ကာလတို သုံးခု)ဖြင့် သတ်မှတ်ထားသည်။

ထိုဥပါဒ်၊ ဌီ၊ ဘင်(ဖြစ်၊ တည်၊ ပျက်) ကာလတိုသုံးခုကို စိတ္တက္ခဏ(ခဏကြီး) တစ်ချက်ဟုဆိုသည်။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်အတွင်း၌ ထို စိတ္တက္ခဏ(ခဏကြီး)ပေါင်း ကုဋေတစ်သိန်းခန့် ဖြစ်နိုင်ပေသည်။ ထိုစိတ်များ ဖြစ်ပျက်မူသဘောကို လူသာမာန်တို့၏ အသိဉာဏ်ဖြင့် သိနိုင်ရန် အလွန်ပင်ခဲယဉ်းလှပေ၏။ သဗ္ဗညုဘုရားရှင်တို့သာ သိနိုင်ကြသည်။

ရုပ်တစ်ခု တစ်ခု ဖြစ်ပျက်ရာ၌လည်း ဥပါဒ်၊ ဌီ၊ဘင် (ဖြစ်၊ တည်၊ ပျက်) အားဖြင့် သုံးမျိုးပင် ရှိပါသည်။ ရုပ်တရားတို့၏ ဥပါဒ်ခဏ(ဖြစ်မူကာလ)နှင့် ဘင်ခဏ(ပျက်မူကာလ)တို့သည် စိတ်တရားတို့၏ ဥပါဒ်ခဏ (ဖြစ်မူကာလ) နှင့် ဘင်ခဏ(ပျက်မူကာလ)နှင့် တူပါသည်။ သို့သော်လည်း စိတ်၏ ဌီခဏသည် ခဏငယ် တစ်ချက်သာကြာ၏၊ ရုပ်၏ ဌီခဏကား ခဏငယ်ပေါင်း (၄၉)ချက်ကြာလေသည်။

ထို့ကြောင့် စိတ်သက်သည် ဥပါဒ်၊ ဌီ၊ ဘင် အားဖြင့် ခဏငယ်သုံးချက်သာ ရှိသော်လည်း ရုပ်သက်ကား ဥပါဒခဏ(၁)၊ ဌီခဏ(၄၉)၊ ဘင်ခဏ(၁)အားဖြင့် ခဏငယ်ပေါင်း(၅၁)ချက် ရှိလေသည်။

ဤသို့လျှင် စိတ်တစ်ခု ဖြစ်ပျက်ရာ၌ - ဥပါဒ်၊ ဌီ၊ ဘင် အားဖြင့် ခဏငယ်သုံးချက်(ခဏကြီးတစ်ချက်) သာ အသက်ရှည်၏။

ရုပ်တစ်ခု ဖြစ်ပျက်ရာ၌ကား - ဥပါဒ်(၁)၊ ဌီ(၄၉)၊ ဘင်(၁) အားဖြင့် ခဏငယ်(၅၁)ချက် (ခဏကြီး ၁၇-ချက်) အသက်ရှည်၏။

ထို့ကြောင့် စိတ်၏အသက်သည် ကာလအားဖြင့် တို၍ ရုပ်၏အသက်ကား ရှည်ကြာလှပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday 21 November 2011

အရူပါဝစရကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်

အရူပကုသိုလ်ကံ စေတနာတို့တွင် -

- အာကာသာနဉ္စာယတန ကုသိုလ်ကံ(သင်္ခါရလောက)သည် အာကာသာနဉ္စာယတနဘုံ (သြကာသလောက)၌ ယင်းဗြဟ္မာ(သတ္တလောက)အား ယင်းအာကာသာနဉ္စာယတန၀ိပါက်ကို ဖြစ်စေပါသည်။

- ၀ိညာဏဉ္စာယတန ကုသိုလ်ကံ(သင်္ခါရလောက)သည် ၀ိညာဏဉ္စာယတနဘုံ(သြကာသလောက)၌ ၀ိညာဏဉ္စာယတနဗြဟ္မာ(သတ္တလောက)တို့အား ၀ိညာဏဉ္စာယတန၀ိပါက်ကို ဖြစ်စေပါသည်။

- အာကိဉ္စညာယတနကုသိုလ်ကံ (သင်္ခါရလောက)သည် အာကိဉ္စညာယတနဘုံ(သြကာသလောက)၌ အာကိဉ္စညာယတနဗြဟ္မာ(သတ္တလောက)တို့အား အာကိဉ္စညာယတန၀ိပါက်ကို ဖြစ်စေပါသည်။

- နေ၀သညာနာသညာယတန ကုသိုလ်ကံ(သင်္ခါရလောက)သည် နေ၀သညာနာသညာယတနဘုံ (သြကာသလောက)၌ နေ၀သညာ နာသညာယတနဗြဟ္မာ(သတ္တလောက)တို့အား နေ၀သညာ နာသညာယတန ၀ိပါက်ကို ဖြစ်စေပါသည်။

ဤကား လောကီကုသိုလ်၊ အကုသိုလ်ဟူသော သင်္ခါရလောက၊ (၃၁)ဘုံဟူသော သြကာသလောက၊ ပုဂ္ဂိုလ် (၁၂)ယောက်ဟူသော သတ္တလောက အားဖြင့် လောက (၃)ပါးတို့ ဆက်သွယ်ပုံဖြစ်ပေသသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဟီန, မဇ္ဈီမ, မဏီတရူပါဝစရကုသိုလ်ကံနှင့် ဘုံ, ပုဂ္ဂိုလ်

ရူပါဝစရကုသိုလ် စေတနာသည်လည်း တစ်ပါးတစ်ပါး၌ ဟီနဈာန်၊ မဇ္ဈိမဈာန်၊ မဏီတဈာန်အားဖြင့် (၃)ပါးစီ၊ (၃)ပါးစီ ပြား၏။ ထိုတွင် -

- ကြိုးစားအားထုတ်ဆ်ဲအခိုက်၌ အားနည်းသောဆန္ဒ စသည်နှင့်ယှဉ်လျှင် ဟီန၊

- အလယ်အလတ်ဖြစ်သော ဆန္ဒစသည်နှင့်ယှဉ်လျှင် မဇ္ဈိမ၊

- အားကောင်းသော ထက်သန်သောဆန္ဒ စသည်နှင့်ယှဉ်လျှင် ပဏီတ မည်၏။

(၁)(က) ရူပပထမဈာန် ကုသိုလ်ကံ(သင်္ခါရလောက)သည် ဟီနဖြစ်လျှင် ဗြဟ္မပါရိသဇ္ဇာဘုံ (သြကာသလောက)၌ ယင်းပါရိသဇ္ဇာဗြဟ္မာ(သတ္တလောက) အားလည်းကောင်း

(ခ) မဇ္ဈိမဖြစ်လျှင် ဗြဟ္မပုရောဟိတာဘုံ၌ ယင်းပုရောဟိတ ဗြဟ္မာတို့အား လည်းကောင်း

(ဂ) ပဏီတဖြစ်လျှင် မဟာဗြဟ္မာဘုံ၌ ယင်းမယာဗြဟ္မာတို့အားလည်းကောင်း ပထမဈာန်ဝိပါက်ကို ဖြစ်စေသည်။


(၂)(က) ရူပဒုတိယ၊ တတိယ ဈာန်ကုသိုလ်ကံ (သင်္ခါရလောက) သည် ဟီနဖြစ်လျှင် ပရိတ္တာဘုံ (သြကာသလောက)၌ ပရိတ္တာဘာဗြဟ္မာ (သတ္တလောက) အားလည်းကောင်း

(ခ) မဇ္ဈိမဖြစ်လျှင် အပ္ပမာဏာဘုံ၌ ယင်းဗြဟ္မာတို့အားလည်းကောင်း

(ဂ) ပဏီတဖြစ်လျှင် အာဘဿရာဘုံ၌ ယင်းဗြဟ္မာတို့အားလည်းကောင်း ဒုတိယ၊ တတိယ ဈာန်ဝိပါက်ကို ဖြစ်စေပါသည်။


(၃) (က) ရူပစတုတ္ထဈာန် ကုသိုလ်ကံ (သင်္ခါရလောက) သည် ဟီနဖြစ်လျှင် ပရိတ္တသုဘာဘုံ (သြကာသလောက)၌ ယင်းဗြဟ္မာ (သတ္တလောက) တို့အားလည်းကောင်း

(ခ) မဇ္ဈိမဖြစ်လျှင် အပ္ပမာဏသုဘာဘုံ၌ ယင်းဗြဟ္မာတို့အားလည်းကောင်း

(ဂ) ပဏီတဖြစ်လျှင် သုဘကိဏှာဘုံ၌ ယင်းဗြဟ္မာတို့အားလည်းကောင်း စတုတ္ထဈာန်ဝိပါက်ကို ဖြစ်စေပါသည်။


(၄)(က) အဘိညာဉ်ဈာန်ကိစ္စမတပ်သော ရူပပဉ္စမဈာန် ကုသိုလ်ကံ (သင်္ခါရလောက) သည် ဝေဟပ္ဖိုလ်ဘုံ (သြကာသလောက)၌ ယင်းဗြဟ္မာ (သတ္တလောက) တို့အား ပဉ္စမဈာန်ဝိပါတ်ကို ဖြစ်စေပါသည်။

(ခ) ရူပ ပဉ်္စမဈာန် ကုသိုလ်ကံ (သင်္ခါရလောက) သည်ပင် သညာကင်းအောင် တပ်မက်မူကင်းအောင် ရူမှတ်သောကြောင့် အသညသတ်ဘုံ (သြကာသလောက)၌ သုဂတိအဟိတ် ပုဂ္ဂိုလ်ဟူသော အသညသတ်ဗြဟ္မာ (သတ္တလောက) တို့အား ဇီဝိတန၀က ကလာပ်ဟူသော ပဋိသန္ဓေကျိုးကိုလည်းကောင်း၊

ပ၀တ္တိအခါ - အ၀ိနိဗ္ဘောဂရုပ်(၈)ပါး၊ ဇီဝိတရုပ်(၁)ပါး၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ (၃)ပါး၊ လက္ခဏရုပ် (၄)ပါး၊ အာကာသဓါတ် (၁)ပါးအားဖြင့် (၁၇)ပါးသော ရုပ်ဟူသော ပ၀တ္တိကျိုးကိုလည်းကောင်း ဖြစ်စေသည်။

(ဂ) ရူပ ပဉ္စမဈာန် ကုသိုလ်ကံ (သင်္ခါရလောက) သည် -

- သဒ္ဓိနြေ္ဒလွန်ကဲသော အနာဂါမ် ပုဂ္ဂိုလ် (သတ္တလောက) တို့အား အ၀ိဟာဘုံ (သြကာသလောက)၌

- ၀ီရိယနြေ္ဒလွန်ကဲသော အနာဂါမ်ပုဂ္ဂိုလ်အား အတပ္ပါဘုံ၌

- သတိနြေ္ဒလွန်ကဲသော အနာဂါမ်ပုဂ္ဂိုလ်အား သုဒဿာဘုံ၌

- ပညိနြေ္ဒလွန်ကဲသော အနာဂါမ်ပုဂ္ဂိုလ်အား အကနိဋ္ဌဘုံ၌

ရူပ ပဉ္စမဈာန်ဝိပါက်ဟူသော ပဋိသန္ဓေ၊ ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဒွိဟိတ်သြမက ကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်

ဒွိဟိတ်သြမကကုသိုလ်ကံသည် လူ့ဘုံ စာတုမဟာရာဇ်နတ်ဘုံတို့၌ သုဂတိ အဟိတ် ပုထုဇဉ်အဖြစ် ပဋိသန္ဓေအခါ အဟိတ်ကုသလ၀ိပါက်ဟူသော ပဋိသန္ဓေကျိုးကို ဖြစ်စေသည်။

ပ၀တ္တိအခါ အဟိတ်ကုသလ၀ိပါက် (၈)ပါးဟူသော ပ၀တ္တိကျိုးကို ဖြစ်စေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

တိဟိတ်သြမက ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်

တိဟိတ်သြမကကံ (၄)ပါးနှင့် ဒွိဟိတ်ဥက္ကဋ္ဌကံ (၄)ပါးတို့သည် ကာမသုဂတိ ခုနှစ်ဘုံ၌ ဒွိဟိတ်ပုထုဇဉ် ပုဂ္ဂိုလ်အဖြစ် ဒွိဟိတ်မဟာဝိပါက် ၄-ပါးဟူသော ပဋိသန္ဓေကျိုးကို ဖြစ်စေပါသည်။

ပ၀တ္တိအခါ ဒွိဟိတ် မဟာဝိပါက် (၄)ပါး၊ အဟိတ်ကုသလ၀ိပါက် (၈)ပါး ဟူသော (၁၂)ပါး ပ၀တ္တိကျိုးကို ဖြစ်စေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်

တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ လေးပါးသည် ပဋိသန္ဓေအခါ ကာမသုဂတိခုနှစ်ဘုံ၌ တိဟိတ်ပုထုဇဉ် ပုဂ္ဂိုလ်အဖြစ် တိဟိတ်မဟာဝိပါက် ၄-ပါး ဟူသော ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည်။

ပ၀တ္တိအခါ မဟာဝိပါက် (၈)ပါး၊ အဟိတ်ကုသလ၀ိပါက် (၈)ပါးအားဖြင့် (၁၆)ပါးသော ပ၀တ္တိကျိုးကို ဖြစ်စေနိုင်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Sunday 20 November 2011

တိဟိတ်၊ ဒွိဟိတ်၊ ဥက္ကဋ္ဌ၊ သြမက မဟာကုသိုလ်များ

ကုသိုလ်ကံများ ပြုလုပ်သောအခါ ကံ ကံ၏အကျိုးကို သိမြင်သော ဉာဏ်နှင့်ယှဉ်လျှင် အမောဟဟိတ်ပါသောကြောင့် တိဟတ်ကုသိုလ်ဖြစ်၏။

ကံ ကံ၏အကျိုးကို သိမြင်သောဉာဏ်နှင့် မယှဉ်လျှင် အမောဟဟိတ် မပါသောကြောင့် ဒွိဟိတ်ကုသိုလ်ဖြစ်၏။

ကုသိုလ်မပြုမီ ရှေ့ပိုင်းကာလ၊ ကုသိုလ်ပြုပြီး နောက်ပိုင်းကာလတို့၌ ကုသိုလ်ခြံရံလျှင် လည်းကောင်း၊ လောဘစသော ကိလေသာများနှင့် သူတပါးတို့ကို နှိပ့်ချထိခိုက်စေလိုမူ၊ မိမိကိုယ်ကို ချီးမြှင့်ဝါကြွားလိုမူများ ကင်းရှင်းလျှင်လည်းကောင်း မြင့်မြတ်သော ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။

ကိုသိုလ်မပြုမီ ရှေ့ပိုင်းကာလ၊ ကုသိုလ်ပြုပြီး နောက်ပိုင်းကာလတို့၌ အကုသိုလ်များ ခြံရံလျှင် လည်းကောင်း၊ လောဘစသော ကိလေသာများနှင့် သူတပါးတို့ကို နှိမ့်ချထိခိုက်စေလိုမူ၊ မိမိကိုယ်ကို ချီးမြှင့်ကြွားဝါလိုမူ စသည့်အကုသိုလ်များ ရူပ်ထွေးရောပြွမ်းနေလျှင်လည်းကောင်း၊ ယုတ်နိမ့် ညံ့ဖျင်းသော သြမကကုသိုလ် မည်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(ခ) ပဋိသန္ဓေအခါ ပ၀တ္တိအခါတို့၌ ဘုံပုဂ္ဂိုလ်အလိုက် ဖြစ်ထိုက်သည့် ရုပ်နာမ် သင်္ခါရများ

အကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်
ပဋိသန္ဓေအခါ
ဥဒ္ဓစ္စစေတနာကြဉ်သော အကုသိုလ်စေတနာ (သင်္ခါရလောက) (၁၁)ပါး တို့သည် အပါယ်ဘုံ (၄)ဘုံ (သြကာသလောက)၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (သတ္တလောက) တို့အား ပဋိသန္ဓေ၀ိညာဉ်ကို ဖြစ်စေပါသည်။

အပါယ်ပဋိသန္ဓေ ဟူသည်ကား အကုသလ၀ိပါက်ဥပေက္ခာသန္တီရဏ ဟူသော သင်္ခါရလောကတည်း။

ပ၀တ္တိအခါ
အကုသိုလ် စေတနာ(၁၂)ပါး (သင်္ခါရလောက)လုံးသည် ကာမဘုံ(၁၁)ဘုံ (သြကာသလောက)၌ ပုဂ္ဂိုလ် (၁၂)ယောက် (သတ္တလောက) တို့အား အကုသလ ၀ိပါက် (၇)ပါး တည်းဟူသော ပ၀တ္တိကျိုးကိုလည်းကောင်း၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံ၌ ရူပဗြဟ္မာတို့အား စက္ခုဝိညာဉ်၊ သောတ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အကုသလ၀ိပါက်(၄)ခု ဟူသော ပ၀တ္တိအကျိုးကိုလည်းကောင်း ဖြစ်စေပါသည်။

မဟာကုသိုလ်ကံနှင့် ဘုံ ပုဂ္ဂိုလ်

ပဋိသန္ဓေအခါ
မဟာကုသိုလ်စေတနာ(၈)ပါး (သင်္ခါရလောက)သည် ကာမသုဂတိ(၇)ဘုံ (သြကာသလောက)၌ ဒုဂ္ဂတိအဟိတ်ကြဉ်သော ပုဂ္ဂိုလ်(၁၁)ယောက် (သတ္တလောက)တို့အား ကာမသုဂတိပဋိသန္ဓေ (၉)ပါးကို ဖြစ်စေပါသည်။

ကာမသုဂတိ ပဋိသန္ဓေ(၉)ပါးကား မဟာဝိပါက်(၈)ပါးနှင့် ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ ဟူသော သင်္ခါရလောကတို့တည်း။

ပ၀တ္တိအခါ
ယင်းမဟာကုသိုလ် စေတနာ(၈)ပါးသည် ကာမသုဂတိ(၇)ဘုံ၌ ယခင်ပုဂ္ဂိုလ်(၁၁)ယောက်တို့အား မဟာဝိပါက်(၈)ပါးနှင့် အဟိတ်ကုသလ၀ိပါက်(၈)ပါးဟူသော ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။ အပါယ် (၄)ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တို့အား အဟိတ်ကုသလ၀ိပါက်(၈)ပါးဟူသော ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။

ရူပ(၁၅)ဘုံ၌ ရူပဗြဟ္မာတို့အား စက္ခုဝိညာဉ်၊ သောတ၀ိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အဟိတ်ကုသလ၀ိပါက် (၅)ခု ဟူသော ပ၀တ္တိကျိုးကို ဖြစ်စေပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

လောကသုံးပါး ဆက်သွယ်ပုံ

(က) ကုသိုလ်၊ အကုသိုလ် သင်္ခါရတို့နှင့် ဖြစ်ရာဘုံ ပုဂ္ဂိုလ်များ
သတ္တ၀ါတို့ ပြုလုပ်သမျှသော ကံကို ဤနေရာ၌ သင်္ခါရဟုခေါ်သည်။

ထိုသင်္ခါရတို့သည် ကုသိုလ်သင်္ခါရ၊ အကုသိုလ်သင်္ခါရအားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ကုသိုလ်သင်္ခါရသည်လည်း ကာမကုသိုလ်သင်္ခါရ၊ ရူပကုသိုလ်သင်္ခါရ၊ အရူပကုသိုလ်သင်္ခါရအားဖြင့် သုံးမျိုးပြားပြန်သည်။ ထိုတွင် -

- ကာမကုသိုလ်သင်္ခါရကြောင့် ကာမသုဂတိ (၇) ဘုံ၌ ဖြစ်ရသည်။

- ရူပကုသိုလ်သင်္ခါရကြောင့် ရူပ (၁၆) ဘုံ၌ ဖြစ်ရသည်။

- အရူပကုသိုလ်သင်္ခါရကြောင့် အရူပ (၄) ဘုံ၌ ဖြစ်ရသည်။

- အကုသိုလ်သင်္ခါရကြောင့် အပါယ် (၄) ဘုံ၌ ဖြစ်ရသည်။

ဤကား ကုသိုလ်၊ အကုသိုလ်ကံဟူသော သင်္ခါရလောကနှင့် (၃၁)ဘုံဟူသော သြကာသလောကတို့ ဆက်သွယ်ပုံဖြစ်ပါသည်။

အပါယ်လေးဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များသာ ဖြစ်ကြရသည်။

လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံတို့၌ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် (၃)ယောက်၊ အရိယာပုဂ္ဂိုလ် (၈)ယောက် အားဖြင့် (၁၁)ယောက် ဖြစ်ကြရသည်။

တာဝတိံသာ စသောနတ်ပြည် (၅) ဘုံ၌ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ် (၂)ယောက်၊ အရိယာ (၈)ယောက်အားဖြင့် (၁၀) ယောက်ဖြစ်ကြရသည်။

ဗြဟ္မပါရိသဇ္ဇာဘုံမှစ၍ ဝေဟပ္ဖိုလ်ဘုံတိုင်အောင် ဗြဟ္မာ (၁၀) ဘုံ၌ တိဟိတ် ပုထုဇဉ်နှင့် အရိယာ (၈)ယောက်အားဖြင့် (၉) ယောက်သော တိဟိတ်ပုဂ္ဂိုလ်တို့ ဖြစ်ကြရသည်။

အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်သာ ဖြစ်ရသည်။

သုဒ္ဓါဝါသ (၅) ဘုံ၌ အနာဂါမိဖိုလ် (အနာဂါမ်) ပုဂ္ဂိုလ်၊ အရဟတ္တမဂ် ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ် (ရဟန္တာ) ပုဂ္ဂိုလ် (၃) ယောက်တို့သာ ဖြစ်ကြရသည်။

အရူပ (၄) ဘုံ၌ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှတပါး အရိယာ (၇)ယောက်၊ တိဟတ်ပုထုဇဉ် (၁) ရောက်အားဖြင့် (၈)ယောက် ဖြစ်ကြရသည်။

ဤကား (၃၁)ဘုံဟူသော သြကာသလောကနှင့် ပုဂ္ဂိုလ် (၁၂)ယောက်ဟူသော သတ္တလောကသို့ ဆက်သွယ်ပုံ ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(၃) သင်္ခါရလောက

ဖြစ်တတ်၊ ပျက်တတ်သော သဘောရှိသည်ဖြစ်၍ ဘုံသုံးပါး၌ ဖြစ်သော (တေဘူမက) ရုပ်နာမ်တရားတို့သည် သင်္ခါရလောက မည်၏။

သင်္ခါရလောက (၁) ပါး
သတ္တ၀ါအားလုံးတို့ တည်နေမူ အသက်ရှင်မူ၏ အကြောင်းဖြစ်သော အာဟာရ (အကြောင်း) တရားတစ်ပါး။

သင်္ခါရလောက (၂) ပါး
(၁) ဘုံသုံးပါး၌ဖြစ်သော လောကီစိတ် ၈၁-ပါး၊ စေတသိက် ၅၂-ပါး၊ ဟူသော နာမ်တရား။

(၂) ဖောက်ပြန်တတ်သော သဘောရှိသည့် ရုပ် ၂၈-ပါးဟူသော ရုပ်တရား အားဖြင့် နာမ်၊ ရုပ် နှစ်ပါး။

သင်္ခါရလောက (၃) ပါး
(၁) နှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော သောမနဿ ဝေဒနာ တစ်ပါး၊

(၂) မနှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော ဒေါမနဿ ဝေဒနာ တစ်ပါး၊

(၃) အလယ်အလတ် (တည့်မတ်သမူလျစ်လျူရူသော) ခံစားခြင်း သဘောရှိသော ဥပေက္ခာဝေဒ၏နာ တစ်ပါး - အားဖြင့် ဝေ၏နာ (၃) ပါး။

သင်္ခါရလောက (၄) ပါး

(၁) အလုတ်အလွေးပြု စားမျိုအပ်သော အစာအာဟာရတစ်ပါး၊

(၂) အာရုံကို တွေ့ထိတတ်သော ဖဿအာဟာရတစ်ပါး၊

(၃) စိတ်ကို စေ့ဆော် တိုက်တွန်းတတ်သော မနောသဉ္စေတနာ အာဟာရ တစ်ပါး၊

(၄) အာရုံကို အထူးသိတတ်သော ၀ိဉာဏ်အာဟာရ တစ်ပါး - အားဖြင့် အာဟာရ (၄) ပါး။

သင်္ခါရလောက (၅) ပါး
(၁) ဖောက်ပြန်တတ်သော ရုပ်အစု ရူပုပါဒါနက္ခန္ဓာတစ်ပါး၊

(၂) ခံစားမူအစု ဝေဒနုဒါနက္ခန္ဓာတစ်ပါး၊

(၃) လောကီမှတ်သားမူအစု သညုပါဒါနက္ခန္ဓာတစ်ပါး၊

(၄) လောကီပြုပြင်မူ စီရင်မူအစု သင်္ခါရုပါဒါနက္ခန္ဓာတစ်ပါး၊

( ၅) လောကီသိမူ (စိတ်) အစု ၀ိညာဏုပါဒါနက္ခန္ဓာတစ်ပါး - အားဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါး။

သင်္ခါရလောက (၆) ပါး
(၁) မြင်သိစိတ် (စက္ခုဝိညာဉ်) ဖြစ်ရာ မျက်စိအကြည် စက္ခာယတန တစ်ပါး။

(၂) ကြားသိစိတ် (သောတ၀ိညာဉ်) ဖြစ်ရာ နားအကြည် သောတာယတန တစ်ပါး၊

(၃) နံသိစိတ် (ဃာန၀ိညာဉ်) ဖြစ်ရာ နှာခေါင်း အကြည် ဃာနာယတန တစ်ပါး၊

(၄) လျက်သိစိတ် (ဇိဝှာဝိညာဉ်) ဖြစ်ရာ လျှာအကြည် ဇိဝှာယတနတစ်ပါး၊

(၅) ထိသိစိတ် (ကာယ၀ိညာဉ်) ဖြစ်ရာ ကိုယ်အကြည် ကာယာယတနတစ်ပါး - အားဖြင့် အဇ္ဈတ္တိက(အတွင်း) အာယတန ၆-ပါး။

ဤဆိုအပ်ခဲ့ပြီးသော တရားများနှင့် ခန္ဓာ (၅)ပါး၊ အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး စသော တေဘူမက ရုပ်နာမ် တရားတို့ကို သင်္ခါရလောကဟု ခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

အရိယာပုဂ္ဂိုလ် (၈) ယောက်

(၁) သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိမဂ် ရဆဲပုဂ္ဂိုလ်

(၂) သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ်

(၃) အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ်

(၄) အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ်

(၅) သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ် ရပြီးသော (သောတာပန်) ပုဂ္ဂိုလ်

(၆) သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်ရပြီးသော (သကဒါဂါမ်) ပုဂ္ဂိုလ်

(၇) အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်

(၈) အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်

ပုထုဇဉ်ပုဂ္ဂိုလ်(၄)ယောက်တွင် နောက်ဆုံးဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်အားဖြင့် (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေကြသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။

အရိယာပုဂ္ဂိုလ် (၈)ယောက်တွင်လည်း - သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ် ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုး ရှိသည်။

(က) သေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်မှတပါး ကျန်အရိယာပုဂ္ဂိုလ် (၇)ယောက် ဖြစ်သည်။

(ခ) အသေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ပြီးဖြစ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် (၁)ယောက် ဖြစ်သည်၊ ဤပုဂ္ဂိုလ်ကို “အသေက္ခ” အပြင် “ရဟန္တာ”ဟုလည်း ခေါ်၏။

ဤသို့အားဖြင့် -

(က) ပုထုဇဉ် - ၄ယောက်

(ခ) အရိယာ - ၈ယောက်

အားဖြင့် (၁၂) ယောက်သော ပုဂ္ဂိုလ်များကို သတ္တလောကဟု ခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(၂) သတ္တလောက

လူ နတ် ဗြဟ္မာ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်စသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းသည် သတ္တလောက မည်၏။

ထိုသတ္တ၀ါတို့သည် အမျိုးအစားဖြင့် ရှိသည်။

(က) ပုထုဇဉ် ပုဂ္ဂိုလ် - ၄မျိုး

(ခ) အရိယာ ပုဂ္ဂိုလ် - ၈မျိုးအားဖြင့် - ၁၂မျိုး -

ပုထုဇဉ်ပုဂ္ဂိုလ် (၄) မျိုး

(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် = မကောင်းမူ ဒုစရိုက်တို့ကို ပြုလုပ်ခဲ့သောကြောင့် ထိုအကုသိုလ်ကံတို့၏ အကျိုးဖြစ်သော အဟိတ် အကုသလ ၀ိပါက် ဥပေက္ခာ သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်-ဟူသော အပါယ်ဘုံသား သတ္တ၀ါများတည်း။

(၂) သုဂတိအဟိတ်ပုဂ္ဂိုလ် = ကုသိုလ်ပြုစဉ်အခါက ဉာဏ်လည်းမပါ၊ ရှေ့နောက် အကုသိုလ်ခြံရံ၍လည်း ပြုခဲ့သော အညံ့စား ကုသိုလ်တို့ကြောင့်ဖြစ်သော အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ စိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ဝေမာနိကနတ်ပြိတ္တာ၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ ၀မ်းတွင်းကန်း၊ အ၊ ဆွံ့၊ အရူး၊ ဥဘတောဗျည်း၊ နပုန်းပဏ္ဍုက်စသော ပုဂ္ဂိုလ်တို့နှင့် ဇီဝိတန၀က ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ဗြဟ္မာတို့တည်း။

(၃) ဒွိဟိတ်ပုဂ္ဂိုလ် = အမောဟဟူသော ဉာဏ်ပညာမပါဘဲ အလောဘ၊ အဒေါသဟူသော ဟိတ်နှစ်ပါးဖြင့်သာ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မဂ်ဖိုလ်ရနိုင်လောက်အောင် ဉာဏ်မထက်မြက်သော လူ နတ် ပုဂ္ဂိုလ်တို့တည်း။

(၄) တိဟိတ်ပုဂ္ဂိုလ် = အလောဘ၊ အဒေါသ၊ အမောဟဟူသော (ဉာဏ်ပညာပါသော) ဟိတ်သုံးပါးဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မင်္ဂဖိုလ်ရနိုင်လောက်အောင် ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်တို့တည်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Saturday 19 November 2011

ဧကဝေါကာရ-စတုဝေါကာရ-ပဉ္စဝေါကာရဘုံများ

ဤသို့ဆိုခဲ့ပြီးသော ဘုံတို့တွင် -

(၁) အသညသတ်ဘုံသည် ရူမက္ခန္ဓာဟူသော ခန္ဓာတစ်ပါးသာ ရှိသောကြောင့် ဧကဝေါကာရဘုံ မည်၏
(ဧက = တစ်ပါး + ဝေါကာရ = ခန္ဓာ)

(၂) အရူပ (၄)ဘုံသည် နာမ်ခန္ဓာလေးပါးသာ ရှိသောကြောင့် စတုဝေါကာရ ဘုံမည်၏
(စတု = လေးပါး + ဝေါကာရ = ခန္ဓာ)

(၃) ကာမ (၁၁)ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံအားဖြင့် (၂၆)ဘုံသည် ခန္ဓာငါးပါးလုံး ရှိသောကြောင့် ပဉ္စဝေါကာရဘုံမည်၏။
(ပဉ္စ = ငါးပါး + ဝေါကာရ = ခန္ဓာ) ဤသို့အားဖြင့် -

(၁) ကာမ - ၁၁ ဘုံ

(၂) ရူပ - ၁၆ ဘုံ

(၃) အရူပ - ၄ ဘုံ

စုစုပေါင်း (၃၁) ဘုံကို သြကာသလောကဟု ခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Friday 18 November 2011

အရူပ (၄) ဘုံ

အရူပကုသိုလ် ဈာန်ရသူတို့ ရောက်ရာဖြစ်သောကြောင့် အရူပဘုံဟု ခေါ်၏။ ထိုအရူပဘုံသည် -

(၁) အာကာသနဉ္စာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကာသနဉ္စာယတန၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၂) ၀ိညာဏဉ္စာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ ၀ိညာဏဉ္စာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၃) အာကိဉ္စညာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကိဉ္စညာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ် ခန္ဓာလေးပါးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၄) နေ၀သညာနာသညာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ နေ၀သညာ နာသညာ ယတန၀ိပါက်စိတ် စေတသိက် ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် (၄)ဘုံ ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ရူပ (၁၆) ဘုံ

ရူပကုသိုလ်ဈာန်ရသူတို့ ရောက်ရာ ဖြစ်သောကြောင့် ရူပဘုံဟု ခေါ်၏။ ထို ရူပဘုံသည် (၁၆)ဘုံ ရှိသည်။

ပထမဈာန် (၃) ဘုံ
(၁) ဗြဟ္မပါရိသဇ္ဇာဘုံ = မဟာဗြဟ္မာတို့၏ အခြံအရံ ပရိသတ်ဖြစ်သော ဗြဟ္မာင်တို့၏ ဖြစ်ရာဘုံ၊

(၂) ဗြဟ္မပုရောဟိတာဘုံ = မဟာဗြဟ္မာတို့၏ မှူးကြီးမတ်ရာ ပုရောဟိတ် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၃) မဟာဗြဟ္မာဘုံ = ကြီးမြတ်ကုန်သော (မဟာ) ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ပထမဈာန် (၃) ဘုံ၊

ဒုတိယဈာန် (၃) ဘုံ
(၄) ပရိတ္တာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါနည်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၅) အပ္ပမာဏာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါများသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၆) အာဘဿရာဘုံ = ပြိုးပြိုးပြတ်ပြတ် တလက်လက် ထွက်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ဒုတိယဈာန် (၃) ဘုံ။

တတိယဈာန် (၃) ဘုံ
(၇) ပရိတ္တသုဘာဘုံ = နည်းပါးသော်လည်း တခဲနက် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၈) အပ္ပမာဏသုဘာဘုံ = များပြား၍ တခဲနက်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၉) သုဘကိဏှာဘုံ = တခဲနက်သော ကိုယ်ရောင်ကိုယ်ဝါ တို့ဖြင့် ရောယှက်နေသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် တတိယဈာန် (၃) ဘုံ။

(၁၀) ဝေဟပ္ဖိုလ်ဘုံ = ကြီးကျယ်ပြန့်ပြောသည့် အကျိုးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၁၁) အသညသတ်ဘုံ = သညာ-စသော နာမ်ခန္ဓာ မရှိ၊ ရုပ်ခန္ဓာ သက်သက်ရှိသော ဗြဟ္မာတို့၏ဖြစ်ရာဘုံ၊

- သုဒ္ဓါဝါသဘုံ = အလွန်စင်ကြယ်သော အနာဂါမ်၊ ရဟန္တာ ဗြဟ္မာတို့၏ဖြစ်ရာ သုဒ္ဓါဝါသဘုံ (၅)ဘုံ အားဖြင့် စတုတ္ထဈာန် (၇) ဘုံ၊ ပေါင်း ရူပ ဗြဟ္မာဘုံ (၁၆)ဘုံ ဖြစ်ပါသည်။

သုဒ္ဓါဝါသ (၅) ဘုံ
(၁၂) အ၀ိဟာဘုံ = အချိန်အနည်းငယ်မျှပင် မိမိဘုံဌာနကို မစွန့်ခွာသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၁၃) အတပ္ပါဘုံ = တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ စိတ်ပူပန်မူ မရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၁၄) သုဒဿာဘုံ = အလွန်တင့်တယ်သော အရောင်အဆင်း ရှိသောကြောင့် ရူကြည့်ချင်စရာ အလွန်ကောင်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၁၅) သုဒဿီဘုံ = အလွန်စင်ကြယ်သော မျက်စိနှင့် ပြည့်စုံသည့်ဖြစ်၍ လွန်ကဲထူးခြားစွာ မြင်စွမ်းနိုင်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(၁၆) အကနိဋ္ဌာဘုံ = ရူပဗြဟ္မာ အားလုံးတို့ထက် စည်းစိမ်အားဖြင့် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ကာမသုဂတိ (၇) ဘုံ

ကောင်းမူရှိသူတို့ လားရောက်၍ စည်းစိမ်ချမ်းသာများကို ခံစားရာ ကာမဘုံကို ကာမသုဂတိဘုံဟု ခေါ်သည်။

(၁) လူ့ဘုံ = လူတို့၏ နေရာဘုံ၊

(၂) စာတုမဟာရာဇ်ဘုံ = ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရဟု ဆိုအပ်သော နတ်မင်းကြီး လေးပါးတို့၏ နေရာဘုံ၊

(၃) တာဝတိံသာဘုံ = လာဃလုလင်နှင့် ကုသိုလ်ပြုဖက် ၃၃-ဦးတို့၏ နေရာဘုံ၊

(၄) မာယာဘုံ = ဆင်းရဲဒုက္ခမှ ကင်းသော နတ်တို့၏ ဖြစ်ရာဘုံ၊

(၅) တုသိတာဘုံ = မိမိ၏ စည်းစိမ်ကျက်သရေတို့ကို နှစ်သက်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊

(၆) နိမ္မာနရတိဘုံ = ကိုယ်တိုင်ဖန်ဆင်းထားသော စည်းစိမ်ဖြင့် မွေ့လျော်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊

(၇) ပရနိမ္မိတ၀သ၀တ္တိဘုံ = သူများဖန်ဆင်းပေးသော စည်းစိမ်းကို မိမိအလိုဆန္ဒအတိုင်း ဖြစ်စေနိုင်သော နတ်တို့၏ ဖြစ်ရာဘုံ။

ဤကာမသုဂတိ (၇)ဘုံတွင် နံပါတ် (၁) လူ့ဘုံမှတပါး ကျန် (၆)ဘုံကို နတ်တို့၏ နေရာဖြစ်၍ နတ်ပြည် (၆)ထပ်ဟု ခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဥဿဒ ငရဲငယ် (၅)မျိုး

ထိုငရဲကြီး ရှစ်ထပ်တွင် အထပ်တိုင်းအထပ်တိုင်း၌ အမျိုးမျိုးသော ဆင်းရဲ ဒုက္ခများပြားလှသည့် ငရဲငယ် ငါးခုတို့ဖြင့် ၀န်းရံလျက်ရှိသည်၊ ထိုငရဲငယ်များကို ဥဿဒငရဲဟု ခေါ်၏၊ ထိုဥဿဒခေါ် ငရဲငယ်ငါးခုတို့ကား -

(က) ဘင်ပုပ်ငရဲ (ဂူထ)

(ခ) ပြာပူငရဲ (ကုက္ကုဠ)

(ဂ) လက်ပံတောငရဲ (သိပ္ပလိဝန)

(ဃ) သန်လျက်တောငရဲ (အသိပတ္တ)

(င) ကြိမ်ပိုက်ချောင်းငရဲ (ဝေတ္တရဏီ) - တို့ဖြစ်ပါသည်။

(က) ဘင်ပုပ်ငရဲ = ယူဇနာတစ်ရာနက်သော မစင်တွင်းကြီးထဲ၌ ပိုးလောက်တို့၏ ၀ါးမျိုစားသောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(ခ) ပြာပူငရဲ = ယူဇနာတစ်ရာနက်သော ပြာပူတွင်းကြီးထဲ၌ အဖန်ဖန် ပူပြင်းလောင်ကျွမ်းမူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(ဂ) လက်ပံတောငရဲ = သံနှင့်တူသော လက်ပံဆူး၊ ဓား-သန်လျက်နှင့်တူသော လက်ပံရွက်ရှိသော ယူဇနာတစ်ရာ အမြင့်ရှိသော လက်ပံတော၌ ခွေး၊ လင်းတ၊ ကျားတို့၏ ၀ါးမျိုကိုက်သတ်မူ၊ လက်ပံဆူး၊ လက်ပံရွက်တို့၏ စူးရှဖြတ်တောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(ဃ) သန်လျက်တောငရဲ = အမြင့်၊ အနံတစ်ယူဇနာစီရှိသော သန်လျက်ရွက်နှင့်တူသော သစ်တောကြီး၌ လက်ပံတော ငရဲနည်းတူ ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(င) ကြိမ်ပိုက်ချောင်းငရဲ = အလွန်စပ်ငံသော ကြေးနီပူရေတို့ဖြင့် သံတံကျင်ပမာ စူးရှသော ကြိမ်တို့ ရောယှက်သော ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

ဆောင် = သဉ္ဇိုဝ်း,ကာလ၊ သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အ၀ီစိ။
အထပ်တိုင်းမှာ၊ ဘင်, ပြာ, လက်, သန်၊ ကြိမ်ပိုက်ရံ၊ ငါးတန် ဥဿဒရှိ။

(၂) တိရစ္ဆာန်ဘုံ = တိရစ္ဆာန်တို့၏ နေရာဘုံ၊

(၃) ပြိတ္တာဘုံ = ချမ်းသာမှကင်းဝေးသော ပြိတ္တာတို့၏ နေရာဘုံ၊

(၄) အသုရကာယ်ဘုံ = မြူးထူးပျော်ပါးမူ ကင်းသည့် ပြိတ္တာ အသုရကာယ်တို့၏ နေရာဘုံ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ငရဲကြီး (၈) ထပ်

(က) သဉ္ဇီဝ = သဉ္ဇိုဝ်းငရဲ = အဖန်ဖန် အထပ်ထပ် ပြန်၍ ပြန်၍ အသက်ရှင်ပြီး ငရဲဆင်းရဲကို ခံစားရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(ခ) ကာလသုတ္တ = ကာလသုတ်ငရဲ = မျဉ်းကြိုးအနက်ဖြင့် မျဉ်းသားကာ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ လွှတို့ဖြင့် အရွေးခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ

(ဂ) သင်္ဃာတ = သင်္ဃာတငရဲ = အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင် သံခဲတို့ဖြင့် အဖန်တလဲလဲ ထုကြိတ်ဝါးမြိုခံနေရသော ငရဲသား တို့၏ ဖြစ်ရာဘုံ၊

(ဃ) ရောရုဝ = ရောရုဝငရဲ = ပြင်းထန်ကျယ်လောင်သော အသံဖြင့် အမြဲတမ်း ငိုကြွေး မြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(င) မဟာရောရုဝ = မဟာရောရုဝငရဲ = ရောရုဝငရဲသားတို့ထက် ပိုလွန်ပြင်းထန်စွာ ငိုကြွေးမြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ။

(စ) တာပန = တာပနငရဲ = ပူလောင်လွန်းလှသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(ဆ) မဟာတာပန = မဟာတာပနငရဲ = တာပနငရဲသားတို့ထက် ပိုလွန် ပြင်းထန်စွာ ပူလောင်သော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

(ဇ) အ၀ီစိ = အ၀ီစိငရဲ = မီးလျှံကွက်လပ်မရှိ၊ ဆင်းရဲဝေဒနာကွက်လပ်မရှိ၊ ငရဲသားကွက်လပ်မရှိသော ငရဲသားတို့၏ ဖြစ်ရာဘုံ။ (ထိုအ၀ီစိငရဲကိုပင် မဟာအ၀ီစိငရဲဟု ခေါ်သည်။)

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

လောက (၃)ပါး

ဖြစ်ပျက်နေသော သဘောတရားများကို လောကဟု ခေါ်သည်။ ထိုလောကသည် -

(၁) သြကာသလောက

(၂) သတ္တလောက

(၃) သင်္ခါရလောက ဟု - (၃)ပါး အပြားရှိသည်။


(၁) သြကာသလောက
သတ္တ၀ါတို့၏ တည်ရာနေရာ ဘုံဌာနသည် သြကာသလောကမည်၏၊ ထိုသြကာသလောကသည် -

(၁) ကာမ = ၁၁ ဘုံ

(၂) ရူပ - ၁၆ ဘုံ

(၃) အရူပ - ၄ဘုံအားဖြင့် (၃၁)ဘုံ ရှိပါသည်။ ကာမ(၁၁)ဘုံ ဟူသည် အပါယ်(၄)ဘုံ၊ ကာမသုဂတိ(၇)ဘုံတို့ ဖြစ်ပါသည်။

အပါယ် (၄) ဘုံ
ချမ်းသာကင်းသော ဘုံများကို အပါယ်ဘုံဟု ခေါ်သည်။

(၁) ငရဲဘုံ = ချမ်းသာဟူ၍ မြူတစ်စေ့မျှ မရှိသောဘုံ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(ဆ) ပဋ္ဌာန်းကျမ်းနှင့် သစ္စာ(၂)ပါး

နာမ်ရုပ်တို့၏ အကြောင်းအမျိုးမျိုး၊ အကျိုးအမျိုးမျိုး၊ ကျေးဇူးပြုပုံ အမျိုးမျိုးတို့ဖြင့် နည်းမျိုးစုံရောပြွမ်၍ ဟောကြားရာကျမ်းသည် ပဋ္ဌာန်းကျမ်းမည်၏။ (ပ = အမျိုးမျိုး + ဌာန = အကြောင်းတရား)

ဤပဋ္ဌာန်းကျမ်းကိုပင် အနန္တနယသမန္တပါသာဒိကကျမ်းဟုလည်း ခေါ်ပြန်သေး၏။ ရေတွက်၍ မဆုံးနိုင်အောင် နည်းပေါင်းစုံသောကြောင့် အနန္တနယဟု ခေါ်သည်။ ပတ်ဝန်းကျင် အလုံးစုံ ပြည့်စုံသောကြောင့် သမန္တဟု ခေါ်သည်။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကြည်ညိုဖွယ်ကောင်းသောကြောင့် ပါသာဒိကဟု ခေါ်သည်။ ထို့ကြောင့် ပဋ္ဌာန်းကျမ်းတော်ကြီးသည် နည်းပေါင်းစုံတို့ဖြင့် အလုံးစုံ ပြည့်ဝကာ အစ အလယ် အဆုံး သုံးပါးလုံး ကြည်ညိုဖွယ်ကောင်းသောကြောင့် အနန္တနယသမန္တပါသာဒိက အမည်ရလေသည်။

ဤပဋ္ဌာန်းကျမ်း၌ မြတ်စွာဘုရားသည် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ၊ ပညတ်စသော တရားများက ဆိုင်ရာ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ၊ ပညတ်စသော တရားများအား ဟေတု၊ အာရမ္မဏစသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြုပုံကို အကြောင်း၊ အကျိုး ၂၄-မျိုးထိအောင်ဆက်စပ်ခွဲခြမ်းကာ ဟောပြတော်မူပါသည်

သို့ဖြစ်၍ ယင်းပဋ္ဌာန်းကျမ်းသည် စိတ်၊ စေတသိက် စသော ပရမတ္ထသစ္စာတရားများနှင့် ပုဂ္ဂိုလ်၊ ကျောင်း၊ အိပ်ရာ၊ နေရာ၊ ရာသီဥတု၊ စားဖွယ်ဘောဇဉ်စသော သမ္မုတိသစ္စာ ပညတ်တရားများကို ဟောပြသော ကျမ်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ဤပဋ္ဌာန်းကျမ်းကိုလည်း သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးလုံးကို ဟောတော်မူသည့် ကျမ်းဟုပင် ဆိုနိုင်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(စ) ယမိုက်ကျမ်းနှင့် သစ္စာ(၂)ပါး

ပုစ္ဆာ ၀ိသဇ္ဇနာအစုံ၊ အနုလောမပဋိလောမ အစုံ၊ သန္နိဋ္ဌာန် သံသယအစုံ စသော အစုံ အစုံ ဒေသနာ၏ အစွမ်းဖြင့် ဟောပြရာကျမ်းသည် ယမိုက်ကျမ်းမည်၏။

ဤယမိုက်ကျမ်း၌ အသညသတ်ပုဂ္ဂိုလ်အား ခန္ဓာတစ်ပါးဖြစ်၏ စသည်ဖြင့် ပြဆိုသော ပုဂ္ဂလ၀ါရကိုလည်းကောင်း၊ အသညသတ်ဘုံ၌ ခန္ဓာတစ်ပါး၊ ပဉ္စဝေါကာရ (ခန္ဓာငါးပါးရှိသော) ဘုံ၌ ခန္ဓာငါးပါးဖြစ်၏ စသည်ဖြင့် ပြဆိုသော သြကာသ (ဘုံ) ၀ါရကိုလည်းကောင်း၊ အသညသတ် ပုဂ္ဂိုလ်အား အသညသတ်ဘုံ၌ ခန္ဓာတစ်ပါး ဖြစ်၏ စသည်ဖြင့် ပြဆိုသော ပုဂ္ဂလောကာသ၀ါရ(ပုဂ္ဂိုလ် + ဘုံ)ကို လည်းကောင်း ဟောပြတော်မူသည်။

သို့ဖြစ်၍ ယင်းယမိုက်ကျမ်းသည် သြကာသလောကဟူသော ဘုံ၊ သတ္တ လောကဟူသော ပုဂ္ဂိုလ်နှင့် သင်္ခါရလောကဟူသော ခန္ဓာ၊ အာယတနစသည်ကို ဟောပြသော ကျမ်းဖြစ်သည်။

ထို့ကြောင့် ဤယမိုက်ကျမ်းကိုလည်း သြကာသလောက၊ သတ္တလောက ဟူသော သမ္မုတိသစ္စာနှင့် သင်္ခါရလောကဟူသော ပရမတ္ထသစ္စာနှစ်ပါးလုံးကို ဟောတော်မူသည့် ကျမ်းဟုပင် ဆိုသင့်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(င) ကထာဝတ္ထုကျမ်းနှင့် သစ္စာ(၂)ပါး

ရှေးအဘိဓမ္မာလေးကျမ်းတို့ဖြင့် ဟောခဲ့ပြီးသော ပရမတ္ထသစ္စာ၊ သမ္မုတိသစ္စာနှင့် စပ်သော စကားရပ်တို့ကို ရှင်းပြရာဖြစ်သောကျမ်းသည် ကထာဝတ္ထုကျမ်းမည်၏။ (ကထာ = စကားရပ် + ၀တ္ထု = ရှင်းလင်းပြသရာ)

ဘုရားရှင်သည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာကျမ်းတို့ဖြင့် ပရမတ္ထကထာတို့ကို ရှေ့တန်းတင် မဓာနပြု၍ ဟောပြတော်မူခဲ့ပါသည်။ တဖန် ပုဂ္ဂလပညတ်ကျမ်းဖြင့် ပညတ်အမျိုးမျိုးတို့ကို ခွဲခြမ်းပြပြီး သမ္မုတိသစ္စာ - သမ္မုတိကထာ၊ ပုဂ္ဂလပညတ်ကိုသာ ရှေ့တန်းတင်ပဓာနပြု၍ ဟောပြတော်မူခဲ့ပါသည်။ ယင်းသစ္စာ(၂)မျိုး၊ ကထာ(၂)မျိုးတို့တွင် အဘယ်သစ္စာ၊ အဘယ်ကထာကို မူလဧကန်အမှန်တရားဟု ယူရမည်နည်း စသည်ဖြင့် တရားနာ ပရိသတ်တို့ သန္တာန်၌ သံသယများ ၀င်လာနိုင်၏။ ထို့ကြောင့် ယင်းသံသယများကို ဖြေရှင်းပြရန် ကထာဝတ္ထုကျမ်းဖြင့် ဆက်လက်ရှင်းပြတော်မူခဲ့ပါသည်။

ဥပမာ - “ဘုရားလောင်းသည် သုမေဓာရသေ့ဘ၀ဖြင့် ဒီပင်္ကရာ မြတ်စွာဘုရားထံ နိယတဗျာဒိတ်ပန်း ဆင်မြန်းသည်မှစ၍ ဘုရားဖြစ်သည်အထိ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်ခဲ့၏”ဟု ဆိုရာ၌ ပရမတ္ထသစ္စာဘက်မှ ကြည့်လျှင် ဤအယူသည် သဿတဒိဋ္ဌိ(မြဲ၏ဟု ယူသော အယူ)ဖြစ်၏ဟု ယူဆဖွယ်ရှိ၏။ ထိုစကားရပ်ကို သမ္မုတိသစ္စာဘက်မှ ကြည့ှ်လျှင်ကား လောကဝေါဟာရ အသုံးအနူန်း စကားရပ်သာဖြစ်၍ သဿတဒိဋ္ဌိ မဖြစ်နိုင်သကဲ့သို့ ဖြစ်ပါသည်။

ဤသို့ အငြင်းပွားဖွယ်စကားရပ်တို့ကို ရှင်းပြသော ဤကထာဝတ္ထုကျမ်း၌ တတိယသင်္ဂါယနာ၏ အဓိပတိဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာ မထေရ်မြတ်သည် နိကာယ်ငါးရပ်မှ ထုတ်နုတ်၍ သုတ်ပေါင်းတစ်ထောင်ကို ရှင်းပြထားသည်။ ၎င်းတို့ကား - ပရမတ္ထတရားကို ပဓာနာထား၍ ဟောကြားတော်မူခဲ့သည့် သုတ်ပေါင်းငါးရာ၊ သမ္မုတိသစ္စာကို ပဓာနထား၍ ဟောကြားတော်မူခဲ့သည့် သုတ်ပေါင်းငါးရာအားဖြင့် တစ်ထောင်ဖြစ်ပါသည်။

ယင်းတို့ကို ရှင်းပြရာ၌လည်း မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် နည်းအတိုင်းပင် ရှင်းပြထားခြင်း ဖြစ်ပါသည်။

သို့အတွက် ကထာဝတ္ထုကျမ်းကိုလည်း ပရမတ္ထသစ္စာနှင့် သမ္မုတိသစ္စာနှစ်ပါး အယူအဆမလွဲမှားစေရန် ရှင်းပြသော ကျမ်းဖြစ်သောကြောင့် သစ္စာ(၂)ပါးလုံးကို ဟောကြားသည့် ကျမ်းဟုပင် ဆိုသင့်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(ဃ) ပုဂ္ဂလပညတ်ကျမ်းနှင့် သမ္မုတိသစ္စာ

ပုဂ္ဂလပညတ်စသော ပညတ်အမျိုးမျိုးကို ခွဲခြား သတ်မှတ်ပြသော ကျမ်းသည် ပုဂ္ဂလပညတ်ကျမ်းမည်၏။ (ပုဂ္ဂလ = ပုဂ္ဂိုလ် + ပညတ် = သတ်မှတ်ချက်)

ဤပုဂ္ဂလပညတ်ကျမ်း၌ - ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာစသော ပရမတ္ထတ တရားတို့၏ အမည်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် ၀ိဇ္ဇမာနပညတ်မည်၏။

လူ၊ နတ်၊ ဗြဟ္မာ၊ ယောက်ျား၊ မိန်းမစသော လူတို့ သုံးစွဲသော အမည်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အ၀ိဇ္ဇမာန ပညတ်မြည်၏။

ဝိဇ္ဇမာန ပညတ်တို့ကို ခန္ဓပညတ်စသည်ဖြင့်သာ ပြ၍ အ၀ိဇ္ဇမာန ပညတ်ကိုမူ ပုဂ္ဂိုလ်တစ်မျိုး နှစ်မျိုးစသည်ဖြင့် ချဲ့ထွင်း၍ ဟောပြထားသည်။

ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ အဘိဓမ္မာသုံးကျမ်းကို ဟောပြီးသောအခါ ပရမတ္ထသစ္စာတရားများကိုသာ နာကြားရသည့် နတ်ဗြဟ္မာတို့၏ သန္တာန်၌ သံသယ ၀င်လာနိုင်သည်။ ဤအဘိဓမ္မာသုံးကျမ်းလုံး၌ လူ၊ နတ်၊ ဗြဟ္မာ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံစသော သမ္မုတိသစ္စာ ပညတ်စကားများ လုံးဝမပါဝင်ခဲ့ချေ။ ခန္ဓာ၊ အာယတနစသော ပရမတ္ထသစ္စာ တရားများသား ပါဝင်ခဲ့သည်။

ထို့ကြောင့် ကမ္ဘာလောကကြီး၌ ပရမတ္ထသစ္စာတရားများသာ ရှိသလော၊ သမ္မုတိသစ္စာ ပညတ်တရားဟူသည် မရှိလေသလောဟု သံသယ၀င်လာနိုင်၏။ ပညတ်ဟူသည် မည်သို့မျှ အသုံးမ၀င်ဟု မှတ်ထင်ကာ တစ်ဖက်စွန်းသို့လည်း ရောက်သွားနိုင်ပေသည်။

လောက၌ ပရမတ္ထတရားသက်သက်မျှရှိ၏ဟု ယူဆလိုက်လျှင် တစ်ဖက်စွန်းရောက်နိုင်သကဲ့သို့ သမ္မုတိသစ္စာ ပညတ်သာ အဓိကဖြစ်၏၊ အရေးပါ၏ဟု ယူဆလိုက်လျှင်လည်း တစ်ဖက်စွန်းသို့ ရောက်နိုင်ပြန်သည်။ မြတ်စွာ ဘုရားရှင်၏ တရားတော်မှန်လျှင် လက်ဝဲစွန်း၊ လက်ယာစွန်းဟူသော အစွန်းနှစ်ဖက်မှ လွတ်ကာ မဇ္ဈိမပဋိပဒါ(အလယ်အလတ်ကျင့်စဉ်) လမ်းသာ အမှန်ဖြစ်ရပေသည်။

မြတ်စွာဘုရား၌ ကျင့်စဉ်များတွင် လှူဒါန်းမူ ဒါနပြုလုပ်ရာ၌ အလှူခံပုဂ္ဂိုလ်ပညတ်ကိုပင် လှူဒါန်းကြရသည်။

သီလဆောက်တည် ကျင့်သုံးရာ၌လည်း အခြားသတ္တ၀ါ၏ အသက်ကို မသတ်ရမူ၊ အခြားသတ္တ၀ါ၏ ပစ္စည်းကို မခိုးရမူစသည်ဖြင့် သတ္တ၀ါပညတ်ကို အစွဲပြု၍ သီလတရားဖြစ်ပေါ်ရ၏။

သီလရှိသောပုဂ္ဂိုလ်၊ သီလမရှိသော ပုဂ္ဂိုလ်တို့ကို ခွဲခြားရာ၌လည်း၊ ပုဂ္ဂိုလ်ပညတ်ဖြင့်ပင် ခွဲခြားကြရသည်။

မေတ္တာပွားရာ၌လည်း “ပုဂ္ဂိုလ်၊ သတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” ဟု ပုဂ္ဂိုလ်၊ သတ္တ၀ါစသော ပညတ်ကိုပင် မေတ္တာပွားရသည်။ ဈာန်အဘိညာဉ်ရရန် သမထတရား အားထုတ်ရာ၌လည်း ကသိုဏ်းပညတ်ကိုပင် အာရုံပြု၍ အားထုတ်ရသည်။

သို့ဖြစ်၍ ပညတ်သည် ဒါန၊ သီလ၊ သမထစသော လောကီနယ်ပယ်၌ မပါလျှင်မပြီး အရေးကြီးသော တရားပင်ဖြစ်၍ ပယ်၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားပွဲကြီး၌ ပုဂ္ဂလ ပညတ်ကျမ်းကို ကျမ်းအမည်နှင့် လျော်ညီစွာ ပုဂ္ဂလပညတ် သမ္မုတိသစ္စာကို ရှေ့တန်း တင်၍ ဟောတော်မူရပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(ဂ) ဓာတုကထာကျမ်းနှင့် ပရမတ္ထသစ္စာ

ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်းတို့၌ ဟောကြားအပ်ပြီးသော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတရားများကို ရေတွက်ရသော ခန္ဓာ၊ အာယတန၊ ဓာတ်တရားများ(သင်္ဂဟော)၊ မရေတွက်ရသော ခန္ဓာ၊ အာယတန၊ ဓာတ်တရားများ (အသင်္ဂဟော) စသည်ဖြင့် အခန်းကဏ္ဍ(၁၄)မျိုးတို့ဖြင့် အဆင့်ဆင့် ချဲ့ထွင်းပြဆိုရာဖြစ်သော ကျမ်းသည် ဓာတ်တုကထာကျမ်းမည်၏။ (ဓာတု=ခန္ဓာ)၊ အာယတန၊ ဓာတ်တို့ကို+ကထာ=ပြဆိုခြင်း)

ဤ ဓာတုကထာကျမ်း၌ သင်္ဂဟော၊ အသင်္ဂဟော စသော (၁၄)ပါးသော နည်းတို့ဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားများကိုပင် ဟောပြသည်။

ထို့ကြောင့် ဤဓာတုကထာကျမ်းကိုလည်း ပရမတ္ထသစ္စာဖြင့် အကျယ်ဝေဖန်၍ ဟောတော်မူသည့် ကျမ်းဟုပင် ဆိုသင့်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Thursday 17 November 2011

(ခ) ၀ိဘင်းကျမ်းနှင့် ပရမတ္ထသစ္စာ

ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားအပ်ပြီးသော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားများကို ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ပဋိစ္စသမုပ္ပါဒ် စသော(၁၈)မျိုးသော အခန်းကဏ္ဍတို့ဖြင့် အကျယ်ဝေဖန်ပြသော ကျမ်းသည် ၀ိဘင်းကျမ်းမည်၏။ (၀ိဘင်္ဂ = ဝေဖန်ခြင်း)

ဤ၀ိဘင်ကျမ်းကို အဘိဓမ္မဘာဇနီယ နည်းဖြင့်သာမက သုတ္တန်ဆန်ဆန် ဟောကြားအပ်သော သုတ္တန္တဘာဇနီယနည်း၊ အမေး အဖြေပြုလုပ်၍ ဟောကြားအပ်သော ပဥှာပုစ္ဆကနည်းတို့ဖြင့် အဆင့်ဆင့် ချဲ့ထွင်း၍ တန်ဆာဆင်ထားသည်။

ဤ၀ိဘင်းကျမ်းသည်လည်း ဓမ္မသင်္ဂဏီကျမ်း၌ ဟောခဲ့ပြီးသည့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္တတရားတို့ကိုပင် ချဲ့ထွင်း၍ ဟောပြသော ကျမ်းဖြစ်သည်။

ထို့ကြောင့် ဤ၀ိဘင်းကျမ်းကိုလည်း ပရမတ္ထသစ္စာဖြင့် အကျယ်ဝေဖန်၍ ဟောတော်မူသည့် ကျမ်းဟု ဆိုသင့်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Wednesday 16 November 2011

(က) ဓမ္မသင်္ဂဏီကျမ်းနှင့် ပရမတ္ထသစ္စာ

စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့ကို နှစ်စု၊ သုံးစု ခွဲခြမ်းပြု၍ နည်းမျိုးစုံဖြင့် ရေတွက်ပြသော ကျမ်းသည် ဓမ္မသင်္ဂဏီကျမ်းမည်၏။ (ဓမ္မ = တရားများကို + သင်္ဂဏီ = ရေတွက်ပြခြင်း)

ဤဓမ္မသင်္ဂဏီကျမ်း၌ ပရမတ္ထတရားများကို ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ စသည်ဖြင့် သုံးစုပြု၍ ဟောကြားထားသည်၊ ယင်းသို့ သုံးစုပြု၍ ဟောခြင်းကို ပါဠိလို တိက၊ မြန်မာလို တိက် ဟုခေါ်၏၊ ထိုသို့သော တိက်ပေါင်း ၂၂-တိက်ရှိသည်။ ပရမတ္ထတရားကို ဟေတူ ဓမ္မာ၊ နဟေတူ ဓမ္မာ စသည်ဖြင့် နှစ်စုပြု၍ ဟောခြင်းသည် ပါဠိလို ဒုက၊ မြန်မာလို ဒုက်မည်၏၊ ထိုသို့သော ဒုက်ပေါင်း ၁၀၀- ရှိသည်။

ဓမ္မသင်္ဂဏီကျမ်းကား ယင်းတိက် ၂၂တိက်၊ ဒုက် ၁၀၀ တို့ကို သရုပ်အားဖြင့် ရေတွက်၍ ဟောပြသော ကျမ်းဖြစ်သည်။

ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းကို ပရမတ္ထသစ္စာဖြင့် ဟော်တော်မူသည့် ကျမ်းဟု ဆိုရပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

သစ္စာ(၂)ပါးနှင့် အဘိဓမ္မာတရားတော်

အဘိဓမ္မာတရားတော်သည် ကျမ်းအရေအတွက်အားဖြင့် -

(က) ဓမ္မသင်္ဂဏီကျမ်း

(ခ) ၀ိဘင်းကျမ်း

(ဂ)ဓာတုကထာကျမ်း

(ဃ) ပုဂ္ဂလပညတ်ကျမ်း

(င) ကထာဝတ္ထုကျမ်း

(စ) ယမိုက်ကျမ်း

(ဆ) ပဋ္ဌာန်းကျမ်း ဟူ၍ (၇)ကျမ်းရှိသည်။

သစ္စာနှစ်ပါးနှင့် အဘိဓမ္မာ(၇)ကျမ်းကို ဝေဖန်ရသော် -

ဓမ္မသင်္ဂကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်းတို့ကို ဟောရာ၌ ပရမတ္ထသစ္စာကို အကျယ်အားဖြင့် ဟောတော်မူသည်။

ပုဂ္ဂလပညတ်ကျမ်းကို ဟောရာ၌ သမ္မုတိသစ္စာကို အကျယ်အားဖြင့် ဟောတော်မူသည်။

ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းတို့ကို ဟောရာ၌ သစ္စာ(၂)ပါးလုံးကို အကျယ်အားဖြင့် ဟောတော်မူသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

(၈) လောကသမ္မုတိ အပ္ပဟာန = လောက၌ သမ္မုတိသစ္စာကို မပယ်နိုင်ပုံ

သမ္မုတိသစ္စာ၊ ပရမတ္ထသစ္စာနှစ်ပါးတွင် သမ္မုတိသစ္စာသည် ပရမတ္တအားဖြင့် ထင်ရှားမရှိသောကြောင့် အ၀ိဇ္ဇမာန ပညတ် မည်၏၊ ပရမတ္တ သဘာဝအားဖြင့် ထင်ရှားမရှိသော်လည်း အမှတ်တရားပင်ဖြစ်၏။

မြတ်စွာဘုရားသည် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ဖြစ်သော်လည်း လူတို့၏ အသုံးအနူန်း ဝေါဟာရ ပညတ်များကို အတည်ပြုဟောကြားတော်မူ၏၊ ထိုသို့ ဟောကြားမှလည်း သတ္တ၀ါများ သဘောပေါက်နားလည်ကြမည် ဖြစ်ပေသည်။ ဘ၀ပြဿနာနှင့် အယူဝါဒ နေရာမှာလည်း မြင်လာပေမည်။

အကယ်၍ သမ္မုတိသစ္စာကို ပယ်လိုက်ပါက မည်သည့်ပညာရှင်မျှ လောကကြီးကို တိုးပွားအောင် တည်ထောင်နိုင်မည် မဟုတ်ပေ။ အမိ၊ အဖ၊ ဆရာသမား၊ သားသမီး၊ မောင်နှမ၊ မိန်းမ ယောက်ျားစသည်များ မရှိတော့သဖြင့် လောကကြီး တစ်ခုလုံး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လောကကြီး ဖြစ်သွားနိုင်၏၊ သီလရှိသော ပုဂ္ဂိုလ်၊ သီလမဲ့သော ပုဂ္ဂိုလ်၊ ယုတ်မာသော ပုဂ္ဂိုလ်၊ မြင့်မြတ်သော ပုဂ္ဂိုလ်စသည်ဖြင့် အယုတ်၊ အလတ်၊ အမြတ် ခြားနားမူလည်း မရှိနိုင်တော့ပေ၊ မိဘ ဆရာသမားတို့အား ကျေးဇူးဆပ်ရခြင်း၊ ရိုသေလေးစားခြင်း၊ ကျွေးမွေးစောင့်ရှောက်ရခြင်း၊ လှူဒါန်းပေးကမ်းရခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ ဘာဝနာ အားထုတ်ရခြင်း စသည်တို့လည်း မရှိနိုင်တော့ချေ။

သမ္မုတိသစ္စာသည် လောကကြီးတ်စခုလုံးကို စည်းမဲ့ကမ်းမဲ့ တိရစ္ဆာန်လောကကြီး ဖြစ်မသွားအောင် ထိန်းသိမ်းထားနိုင်သည့်အပြင် ငြိမ်းချမ်းသာယာသော လောကကြီးဖြစ်အောင် ဖန်တီးပေးနိုင်၏၊ ကျေးဇူးဆပ်ခြင်း(ကတညုတမင်္ဂလာ)၊ ရိုသေလေးစားခြင်း(ဂါရ၀မင်္ဂလာ)၊ ကျွေးမွေးစောင့်ရှောက်ခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ ဘာဝနာ အားထုတ်ခြင်း စသည့် ကုသိုလ်တရားများလည်း ဖြစ်ပေါ်လာနိုင်၏။

ဤသို့သမ္မုတိသစ္စာခေါ် ပညတ်တရားသည် လောကီနယ်၌ အလွန်အရေးပါအရာရောက်သောကြောင့် မြတ်စွာဘုရားသည် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း သမ္မုတိသစ္စာဒေသနာတော်ကို ဆိုခဲ့ပြီးသော အကြောင်းရှစ်မျိုးအရ ဟောကြားတော်မူခြင်းဖြစ်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။