ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 11 November 2011

ဂျပန်နိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

ဂျပန်လူမျိုးများသည် ဂျပန်ပြည်သို့ ဗုဒ္ဓဘာသာမရောက်မီက ရှင်တိုဘာသာကို ကိုးကွယ်ခဲ့ကြသည်။ ရှင်တို ဘာသာဆိုသည်မှာ နတ်ကိုးကွယ်မူ တစ်မျိုးပင် ဖြစ်ပြီး ကွယ်လွန်သွားသော ဘိုးဘွားစဉ်ဆက်ကို ကိုးကွယ်သော အယူဝါ၏တစ်မျိုးပင် ဖြစ်ပြီး ကွယ်လွန်သွားသော ဘိုးဘွားစဉ်အဆက်ကို ကိုးကွယ်သော အယူဝါဒ (Ancestor Worship) ကိုလည်း ကျင့်သုံးခဲ့ကြသည်။

ခရစ်နှစ် ၅၅၂-ခုနှစ်တွင် ကိုရီးယားကျွန်းဆွယ်ရှိ ပက်ချိ (Packche) နိုင်ငံမှ သံတမန်တစ်ဦးသည် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ ကျမ်းစာများကို ဂျပန်ပြည်သို့ ယူဆောင်လာရာမှ မဟာယာန ဗုဒ္ဓဘာသာ စတင် ပြန့်ပွားခဲ့သည်။

ဗုဒ္ဓဘာသာကို ရှေးဦးစွာ ကိုးကွယ်သောဘုရင်မှာ ယိုမေ(Yomei) ဘုရင် ဖြစ်ပြီး ထိုစဉ်က မင်းဆွေမင်းမျိုးတို့သည် သပ္ပာယ်လှသော ဗုဒ္ဓရုပ်ပွား ဆင်တုတော်ကို ဘေးရန် အန္တရာယ်ကို ကာကွယ်ပေးနိုင်၍ လောကီ ကောင်းကျိုးချမ်းသာများကို ရရှိစေနိုင်သော နတ်ရုပ်အဖြစ် ယုံကြည်လျက် လက်ခံကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကိုလည်း ရှင်တိုဘာသာကဲ့သို့ နတ်ကိုးကွယ်သော ဘာသာတစ်ခုအဖြစ် ယုံကြည် ယူဆခဲ့ကြလေသည်။

ဗုဒ္ဓဘာသာသည် ဂျပန်ပြည်၌ ရှေးဆန်သော အစွဲအလမ်းကြီးသည့် ရှင်တို့ဘာသာဝင်အချို့၏ ဆန့်ကျင်မူကို အနည်းငယ် တွေ့ရသော်လည်း ဗုဒ္ဓဘာသာနှင့်အတူ တိုးတက်နေပြီဖြစ်သော တရုတ်ယဉ်ကျေးမူလည်း ပူးတွဲပါလာသဖြင့် ဂျပန်မင်းဆွေမင်းမျိုးများနှင့် ပညာတတ်အပိုင်းက အခက်အခဲမရှိလှတဲ့ ဗုဒ္ဓဘာသာကို လက်ခံခဲ့ကြသည်။

မင်းဆွေမင်းမျိုးများထဲမှ ရှိုတိုကူ(Shotoku) အိမ်ရှေ့မင်းသား၏ အားပေးချီးမြှောက်မူမှာ လွန်စွာ ခရီးရောက်ခဲ့သည်။ ထိုမင်းသားသည် ခရစ်နှစ် (၆၀၇)ခုနှစ်၌ ဂျပန်ပြည်တွင် ရှေးအကျဆုံးဖြစ်သော ဟိုရယူဂျီစေတီကိုလည်း တည်ထားကိုးကွယ်ခဲ့လေသည်။

ခရစ်နှစ် ၈-ရာစု (၇၁၀-၇၈၄) နာရခေတ်၌ စံရွန်ဂိုဏ်း၊ ဂျိုဂျစ်ဆုဂိုဏ်း စသည့် ဗုဒ္ဓဘာသာဂိုဏ်း (၆)ဂိုဏ်း ဖြစ်ပေါ်လာသည်။ ထိုတွင် ခရစ်နှစ် ၇၅၄တွင် ပေါ်ထွန်းလာသော ရစ်ဆု(၀ိနယ)ဂိုဏ်းက စနစ်ကျသော ရဟန်းခံ ရှင်ပြု သီလရှင်ဝတ်နည်း စည်းမျဉ်းဥပဒေတို့ကို ချမှတ်ပေးခဲ့သည်။ ယနေ့တိုင် နာရဘုရားကြီးဟု ထင်ရှားလျက်ရှိသော မဟာဝေရောစန ကြေးဆင်းတုတော်ကြီးကိုလည်း ဤနာရခေတ်၌ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပေသည်။

၈-ရာစု ကုန်ခါနီးမှ ၁၂-ရာစု ကုန်ခါနီး (၇၉၄-၁၁၈၄) အထိ ဖြစ်သော ဟေယန်ခေတ်တွင် ဂျပန် ဗုဒ္ဓဘာသာ၌ တင်ဒိုဂိုဏ်းနှင့် ရှင်ဂွန်းဂိုဏ်းဟူသော ဂိုဏ်း(၂) ပေါ်လာသည်။ ထိုတွင် ရှင်ဂွန်းဂိုဏ်းမှာ တန္တရဂိုဏ်းဖြစ်၍ အင်းအိုင် လက်ဖွဲ့ဂါထာ မန္တန်များ အားကောင်းလာသည်။ ထိုခေတ်တွင် ဘုန်းကြီးများ အားလုံးကလည်း နိုင်ငံရေးတွင် ပါဝင်လာကြသဖြင့် သာသနာတော် တဖြည်းဖြည်း ဆုတ်ယုတ်လာသည်။

ဟေယန်ခေတ်ကုန်၍ ကမာကုရခေတ် (၁၁၈၅-၁၃၃၃) သို့ ရောက်သောအခါ ကမ္ဘာကျော် ကမာကုရ ကြေးဆင်းတုတော်ကြီးကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ဤခေတ်တွင် ဂျိုဒိုဂိုဏ်းနှင့် ဂျိုဒိုရှင်ဂိုဏ်းဟူသော ထူးခြားသည့် ဗုဒ္ဓဘာသာဂိုဏ်း(၂)ခု ပေါ်လာသည်။ ထို နှစ်ဂိုဏ်းလုံးသည် အမိတာဘုရား၏ နာမည်ကို အကြိမ်များစွာ ရွတ်ဆိုရှိခိုးခြင်းအားဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်သည်ဟု ယုံကြည်ကြသည်။

ဤခေတ်တွင် ဈင်ဂိုဏ်းများလည်း တရုတ်ပြည်မှတစ်ဆင့် ဂျပန်ပြည်သို့ ရောက်လာသည်။ ထိုတွင် ရင်ဇိုင်းဈင်ဂိုဏ်းက “တရားအားထုတ်ဖို့မလို အဆင်သင့်တဲ့အခါ ဉာဏ်အလင်း အလိုအလျောက်ပေါ်လာသည်”ဟု ဟောပြောသည်။ အိုတိုဈင်ဂိုဏ်းကမူ “ဉာဏ်အလင်းကို အလိုအလျောက် မရနိုင်၊ တရာ အားထုတ်မှသာလျှင် တစ်ဆင့်ပြီးတစ်ဆင့် ဉာဏ်အလင်း ပေါ်လာနိုင်သည်” ဟုဆိုလေသည်။ ထို့ပြင် နိချိရှင် အမည်ရှိသော ဘုန်းတော်ကြီးတစ်ပါး တည်ထောင်သည့် နိချိရင်ဂိုဏ်းကလည်း မဟာယာနကျမ်းစာဖြစ်သော သဒ္ဓမ္မပုဏ္ဍရိကကျမ်း၏ အမည်ကို အကြိမ်များစွာ ရွတ်ဆိုခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်သည်ဟု ဟောပြောခဲ့လေသည်။

ဤ ကမာကုရခေတ်၌ အထင်ရှားဆုံး အချက်တစ်ခုမှာ ဂျိုဒိုရှင်ဂိုဏ်းကို တည်ထောင်သော ဘုန်းကြီး ရှင်ရန်က အိမ်ထောင်ပြုလိုက်ပြီး အခြား ဘုန်းကြီးများကိုလည်း သူ့ကဲ့သို့ပင် အိမ်ထောင်ပြုကြရန် တိုက်တွန်းခဲ့သဖြင့် ယနေ့အထိ ဂျပန်ဘုန်းကြီးများ အိမ်ထောင်ပြုကြသော အစဉ်အလာ ပြန့်ပွားလာခဲ့ခြင်း ဖြစ်လေသည်။

ခရစ်နှစ် ၁၆-ရာစုမှစ၍ နောက်ပိုင်းခေတ်များတွင် တချို့သော အာဏာပိုင်တို့လက်ထက်၌ ဗုဒ္ဓဘာသာအား နှိပ်ကွပ်မူပြုခဲ့ကြသော်လည်း ဗုဒ္ဓဘာသာတရားတော်များမှာ ဂျပန်လူမျိုးတို့၏ နိုင်ငံရေးနှင့် ယဉ်ကျေးမူနယ်ပယ်၌ သြဇာလွှမ်းမိုးမြဲ လွှမ်းမိုးလျက်သာ ရှိခဲ့သည်။ တိုကူဂါဝါခေတ် (၁၆၁၅-၁၈၆၅)တွင် ဗုဒ္ဓဘာသာမှာ နိုင်ငံတော်ဘာသာဖြစ်လာပြီး ဂျပန်လူမျိုးတိုင်း ဗုဒ္ဓဘာသာ ကျောင်းတစ်ကျောင်း၌ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း မှတ်ပုံတင်ရသည့် အစဉ်အလာ ဖြစ်ပေါ်လာခဲ့လေသည်။ နိုင်ငံခြားသားနှင့် ခရစ်ယာန်ဝါဒကို ဟန့်တားရန် လက်ထပ်ခြင်း၊ မွေးသေခြင်း စသော လူမူကိစ္စများကိုပါ ဘုန်းကြီးများထံမှ မှတ်ပုံတင်ကြရလေသည်။

ယခုခေတ်တွင်မူ ဂျပန်ဘုန်းကြီးအများစုသည် အိမ်ထောင်သားမွေး စီးပွားရေး အလုပ်များကို လုပ်နေကြသဖြင့် သာမန်လူတို့နှင့် များစွာ ခြားနားမူ မရှိကြတော့ချေ။ အသုဘပွဲများနှင့် တစ်နှစ်တစ်ကြိမ် ကွယ်လွန်သူ ဘိုးဘွား မိဘတို့အား ပူဇော်ပွဲ ပြုလုပ်သောအခါတို့၌ တရားကျမ်းစာများ ရွတ်ဖတ်ပေးခြင်းမှ တစ်ပါး အခြားဘာသာရေးအလုပ်ဟူ၍လည်း မည်မည်ရရ မရှိတော့ချေ။ ပြည်သူလူထုအများစုလည်း ဗုဒ္ဓဘာသာအမည်ခံရုံမျှသာ ရှိတော့သည်။ မေဂျီခေတ်(၁၈၆၈)မှစ၍ အာဏာပိုင်များက ရှင်တိုဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်ခဲ့ကြလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment