ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 22 November 2011

သတ္တ၀ါတို့၏ သန္တာန်၌ စိတ် စေတသိက်ရုပ်တို့၏ ဖြစ်စဉ် (၀ီထိ) များ

စိတ်သက်နှင့် ရုပ်သက်

သတ္တ၀ါတို့၏သန္တာန်၌ ပဋိသန္ဓေတည်နေချိန်မှစ၍ မသေမီကာလအတွင်းဝယ် စိတ်စေတသိက် ရုပ်တရားများ အမြဲမပြတ် ဖြစ်ပျက်လျက်နေကြသည်။

ထိုသို့ဖြစ်ပျက်လျက်နေရာ စိတ်တစ်ခုစီ၌ ဥပါဒ်(ဖြစ်မူ)၊ ဌီ(တည်မူ)၊ ဘင်(ပျက်မူ) ဟူသော ခဏငယ်သုံးချက် (ကာလတို သုံးခု)ဖြင့် သတ်မှတ်ထားသည်။

ထိုဥပါဒ်၊ ဌီ၊ ဘင်(ဖြစ်၊ တည်၊ ပျက်) ကာလတိုသုံးခုကို စိတ္တက္ခဏ(ခဏကြီး) တစ်ချက်ဟုဆိုသည်။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်အတွင်း၌ ထို စိတ္တက္ခဏ(ခဏကြီး)ပေါင်း ကုဋေတစ်သိန်းခန့် ဖြစ်နိုင်ပေသည်။ ထိုစိတ်များ ဖြစ်ပျက်မူသဘောကို လူသာမာန်တို့၏ အသိဉာဏ်ဖြင့် သိနိုင်ရန် အလွန်ပင်ခဲယဉ်းလှပေ၏။ သဗ္ဗညုဘုရားရှင်တို့သာ သိနိုင်ကြသည်။

ရုပ်တစ်ခု တစ်ခု ဖြစ်ပျက်ရာ၌လည်း ဥပါဒ်၊ ဌီ၊ဘင် (ဖြစ်၊ တည်၊ ပျက်) အားဖြင့် သုံးမျိုးပင် ရှိပါသည်။ ရုပ်တရားတို့၏ ဥပါဒ်ခဏ(ဖြစ်မူကာလ)နှင့် ဘင်ခဏ(ပျက်မူကာလ)တို့သည် စိတ်တရားတို့၏ ဥပါဒ်ခဏ (ဖြစ်မူကာလ) နှင့် ဘင်ခဏ(ပျက်မူကာလ)နှင့် တူပါသည်။ သို့သော်လည်း စိတ်၏ ဌီခဏသည် ခဏငယ် တစ်ချက်သာကြာ၏၊ ရုပ်၏ ဌီခဏကား ခဏငယ်ပေါင်း (၄၉)ချက်ကြာလေသည်။

ထို့ကြောင့် စိတ်သက်သည် ဥပါဒ်၊ ဌီ၊ ဘင် အားဖြင့် ခဏငယ်သုံးချက်သာ ရှိသော်လည်း ရုပ်သက်ကား ဥပါဒခဏ(၁)၊ ဌီခဏ(၄၉)၊ ဘင်ခဏ(၁)အားဖြင့် ခဏငယ်ပေါင်း(၅၁)ချက် ရှိလေသည်။

ဤသို့လျှင် စိတ်တစ်ခု ဖြစ်ပျက်ရာ၌ - ဥပါဒ်၊ ဌီ၊ ဘင် အားဖြင့် ခဏငယ်သုံးချက်(ခဏကြီးတစ်ချက်) သာ အသက်ရှည်၏။

ရုပ်တစ်ခု ဖြစ်ပျက်ရာ၌ကား - ဥပါဒ်(၁)၊ ဌီ(၄၉)၊ ဘင်(၁) အားဖြင့် ခဏငယ်(၅၁)ချက် (ခဏကြီး ၁၇-ချက်) အသက်ရှည်၏။

ထို့ကြောင့် စိတ်၏အသက်သည် ကာလအားဖြင့် တို၍ ရုပ်၏အသက်ကား ရှည်ကြာလှပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment