ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 11 March 2013

လောကသစ္စာဆေးသမား

 

 တို့အဘိုးကား
လွယ်ပိုးဆေးအိပ်     ဘယ်ညာချိတ်မည်
ဆောရိပ်ခြုံကြား     ချောင်းမြင်ဖျားထိ
တောသားတောင်သူ     ဖျားနာသူကို
ကူညီသည့်စိတ်     မေတ္တာရိပ်တွင်
ချွေးသိပ်ဖြေသူ    သမားတည်း  ။


တို့အဘိုးလျှင်
တောတခွင်နှင့်     မြစ်ပြင်စပ်ကြား
ကိုယ့်စွမ်းအားနှင့်    မနားမနေ
ဘ၀မလှ     မ၀တဝ
ဆုံရအဖြစ်   များသာတည်း  ။

လယ်သမားလျှင်
လုပ်အားကိုသုံး     ထွန်းတုံးကိုငင်
နေ၀င်မိုးချုပ်     တကုပ်ကုပ်နှင့်
ကြိုါ်ကုတ်ဖွေလည်း......
မြေခွန်  လူခွန်    စည်းကြပ်ခွန်တွင်
ကျွန်ဖြစ်နေရ   မလှမပ
မ၀တ၀  ။


ယာသမားလျှင်     
ကိုင်းတောဝင်၍     သီးပင်သီးထပ်
သီးညှပ်သီးနှံ     ရာသီမှန်စွာ
ပျိုးစိုက်ရှာလည်း     
အိမ်မှာ လယ်မှာ     ချောင်းမြောင်းမှာလျှင်
ပြေးစရာမြေ   ပေးစရာငွေ
မွဲပြာနေရ  ။


တို့တိုင်း  တို့ပြေ
တို့ဌာနေမှာ  တို့မြေဖြစ်ည်း
မြေနှစ်မြေဆီ     တို့မမှီရ
မသိရလျှင်......
အလှပန်းညှိုး    ဘ၀ဆိုးကို
လျှို့ငုံ့ မည်သူ ခံမည်နည်း  ။


တို့အဘွားလျှင်
အမျိုးတို့အတွက်     တွေးမိချက်တွင်
ညာဘက်လွယ်ပိုး     ဆေးအိပ်ကြိုးနှင့်
မိုးပြင်လေအောက်    ခရီးထောက်သည်
စပါးကျီစဲ    လင်းတ၀ဲစဉ်
ဘုန်းရှင် နာမံ    ဆရာစံ.....ဟု
မည်ခံစည်းကြပ်     ဓားလှံအပ်လျှက်
တပ်မည်ဂဋ္ဋုန်    ပေါင်းစုအုံကာ
သူပုန်  သူပုန်  ထမည်တည်း  ။


အဘိုး ဂဋ္ဋုန်      တို့ သူပုန်ဟေ့
အုံလုံးကြွလာ    လယ်မှာ ယာမှာ
ချောင်းမြေင်းမှာပါ......
လယ်ယာကို စွန့်     ထွန်  နွား စွန့်၍
မတွန့်  မဆုတ်    နယ်ချဲ့ယုတ်ကို
ဒုတ်  ဓား လက်နက်    လှံသွား သွက်သွက်
ဇာတိစက်ဖြင့်
လက်ရုံးမီးမောင်း     အုတ်အော် သောင်းသောင်း
ပေါင်းစုမောင်းလျှင်   
မြန်တခွင်တွင်    ဂုဏ်ရှိန်လွင့်သည်
ငါလျှင် သူပုန်    ဤ၀သုန်မှ
ဂဋ္ဋုန်  တပ်မ    အောင်ပွဲတည်း  ။


လယ်သမားအရေး   တို့အရေးတည်း
တို့သွေး တို့သား      လယ်ယာများထည့်
ဓားမကိုဆွဲ    တံစဉ်ဆွဲ၍
မြဲမြံသည့်စိတ်     မျိုးချစ်စိတ်နှင့်
တို့ရိပ်  တို့ပြေ    တို့လယ်မြေကို
တို့တွေအများ        သွေးချွေးအားဖြင့်
ပွါးများကြံစည်     စိတ်ရည် ညီလျှက်
မသယ်မပိုး     နယ်ချဲ့ဆိုးလျှင်
ခြံရိုးကျော်ကာ     ခြေနင်းလာ၍
ယာစပ်စိုက်ခင်း     မြေတလင်းတွင်
အတင်းဝင်ကပ်     သူခိုးငတ်ကို
ချည်းကပ်မခံ     အမျိုးမာန်နှင့်
တွန်းလှန်ခဲံသည်    မဟုတ်လော........။


တို့အဘိုးကား...........
လွယ်ပိုေးဆးအိပ်     ဘယ်ညာချိတ်လျှက်
တောရိပ်ခြုံကြား     ချောင်းမြစ်ဖျားမှ
တောသားတောင်သူ     ဖျားနာသူကို
ဖေးကူတွဲကာ     အေးရိပ်ရှာသည့်
ခန္ဒာလဲကု     စိတ်လဲကုသည့်
ဖိလွန်းလျှင်ထ     အုံကြွပြသည့်
လောကသစ္စာ.................
        ဆေးသမားတည်း................။                  ။



1978 ဧပြီလ 11 ရက်နေ့တွင် ဒီပဲရင်းမြို့နယ်  လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီမှ ထုတ်ဝေသော

              မောင်ရန်နိုင်  (ရန်ကုန်တက္ကသိုလ်)  ရေးသားတင်ပြခဲ့သည့် ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်...

အရမ်းနှစ်သက်လို့ ပြန်လည် ရှာဖွေပြီး တင်ပြလိုက်ပါတယ်...


      ပြန်လည်မျှဝေသူ
   အောင်အောင်(မကစ)
 အမှတ်တရ ( 11-3-2013)
         မလေးရှား


လယ်တီမြေသား။..............။ လာလည်နိုင်ပါတယ်...
www.ninilayy.com 
www.aungsanmks.blogspot.com 
www.ledimyethar.com

တစ်နေ့ကျရင် သေရမှာပဲ

သေခြင်းတရားကို ဆင်ခြင်အောက်မေ့မူဟာ ၀ိပဿနာအလုပ် အားထုတ်မူကို အင်အားကြီးမားစွာနဲ့ အထောက်အကူပြုတယ်။

သေခြင်းတရားကို အဆင်ခြင်မိတဲ့ ပုဂ္ဂိုလ်များကတော့ အကာအလုပ်တွေနဲ့ပဲ အချိန်ကုန်နေတတ်တယ်။ အနှစ်သာရရှိတဲ့ အလုပ်တွေကို မေ့လျော့ပြီး နေတတ်ကြတယ်။



လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို ခံစားနေတယ်၊ မကောင်းမူ ဒုစရိုက်တွေကို ပြုလုပ်နေတယ် ဆိုတာကတော့ အကာအလုပ်တွေလုပ်နေတယ်ဆိုတာ ထင်ရှားပြီးသားပါ။

အဲဒီ အကာအလုပ်တွေ မလုပ်ပါဘူး၊ ကုသိုလ်အလုပ်တွေပဲ လုပ်နေတယ်လို့ ဆိုပြန်တော့လည်း ကုသိုလ်အမည်ခံထားတဲ့ အပေါ်ယံ ဂုဏ်ပကာသန၊ ထင်ပေါ်ကျော်ကြားမူ၊ လာဘ်လာဘ အစရှိတဲ့ အကျိုးတွေအတွက်ပဲ အချိန်ကုန်နေတတ်ကြတယ်။ အဲဒီအလုပ်တွေ လုပ်နေတာလည်း အကာအလုပ်တွေနဲ့ အချိန်ကုန်နေခြင်းပါပဲ။

အဲဒီ အကာကိစ္စတွေလည်း မလုပ်ပါဘူး၊ အနှစ်စစ် အနှစ်မှန်ဖြစ်တဲ့ ၀ိပါဿနာအလုပ်ကိုပဲ အားထုတ်တယ်လို့ ဆိုပြန်တော့လည်း အဲဒီ ၀ိပဿနာအလုပ်ကို အေးအေးဆေးဆေး ပေါ့ပေါ့လျော့လျော့နဲ့ ဖြည်းဖြည်းလေးလေး အားထုတ်နေတတ်ကြတယ်။ သေခြင်းတရားကို မဆင်ခြင်မိဘူးဆိုရင်ပေါ့။

သေခြင်းတရားကို ဆင်ခြင်မိတဲ့ပုဂ္ဂိုလ်ကတော့ ၀ိပဿနာအလုပ်ကို အရှိန်အဟုန်ကောင်းကောင်း၊ အင်အားပါပါ၊ စွမ်းရည်ပြည့်ပြည့်နဲ့ လုပ်ဖြစ်ပါတယ်။ ဒါနအလုပ်၊ သီလအလုပ်၊ သမထအလုပ်တွေကိုလည်း အကွက်စေ့စေ့၊ အနှစ်ပါပါ၊ စံချိန်များများနဲ့ တင်းတင်းရင်းရင်း လုပ်ဖြစ်ပါတယ်။

ဒါကြောင့် အပေါ်ယံ အကာအလုပ်တွေနဲ့ အချိန်မကုန်ကြစေဘဲနဲ့ အနှစ်စစ် အနှစ်မှန်ဖြစ်တဲ့ အလုပ်တွေကို ဦးစားပေးပြီး လုပ်နိုင်ဖို့အတွက် သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ကြရမယ်။

(၁) “တစ်နေ့ကျရင်သေရမှာပဲ” ဆိုတဲ့အသိ၊

(၂) “အချိန်မရွေး သေသွားနိုင်တယ်” ဆိုတဲ့အသိ၊

နှလုံးသားထဲမှာ စွဲစွဲမြဲမဲ ရှိနေအောင် ကြိုးစားကြရမယ်။

“တစ်နေ့ကျရင် သေရမှာပဲ”ဆိုတဲ့ အသိကတော့ သေခြင်းတရားကို အဝေးမှာထားပြီး ဆင်ခြင်တဲ့သဘော သက်ရောက်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဆင်ခြင်မူက လိုအပ်တဲ့ဆင်ခြင်မူပါပဲ။

တစ်နေ့ကျရင် သေရမှာပဲလို့ ဆင်ခြင်ထားတဲ့ ပုဂ္ဂိုလ်ဟာ လောကဓံတရားတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ ခံနိုင်ရည်ရှိပါတယ်။

လူရယ်လို့ ဖြစ်လာရင်တော့ လောကဓံဆိုတာ တစ်ပါးပါး၊ သို့မဟုတ် တစ်ပါးထက်များစွာကို ကြုံတွေ့နေရတာချည်းပါပဲ။

လာဘော၊ အလာဘော။ တစ်ခါတစ်ရံမှာ ပစ္စည်းဥစ္စာတွေ ပြည့်စုံပြီး၊ တစ်ခါတစ်ရံမှာ ပစ္စည်းဥစ္စာ ချို့တဲ့တယ်။ ယသော၊ အယသော။ တစ်ခါတစ်ရံမှာ အခြံအရံတွေပေါများပြီး၊ တစ်ခါတစ်ရံမှာ အခြံအရံတွေ ကင်းမဲ့တယ်။ နိန္ဒာ၊ ပသံသာ။ တစ်ခါတစ်ရံမှာ ကဲ့ရဲ့ခံရပြီး၊ တစ်ခါတစ်ရံမှာ ချီးမွမ်းခံရတယ်။ သုခံ၊ ဒုက္ခံ။ တစ်ခါတစ်ရံမှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး၊ တစ်ခါတစ်ရံမှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲတယ်။

အဲဒီလိုအားဖြင့် လောကဓံရှစ်ပါး တစ်ပါးပါး၊ သို့မဟုတ် တစ်ပါးထက်များတဲ့ လောကဓံတွေနဲ့ လူသားတွေဟာ အချိန်တိုင်း အချိန်တိုင်း တွေ့ကြုံနေကြရတာပါပဲ။

အဲဒီလိုလောကဓံတွေနဲ့ တွေ့ကြုံလာတဲ့အခါမှာ “တစ်နေ့ကျရင် သေရမှာပဲ”လို့ ဆင်ခြင်လိုက်မယ်ဆိုရင် ကြုံလာတဲ့ လောကဓံကို ခံနိုင်ရည် ရှိသွားပါတယ်။

ကြုံတွေ့လာခါမှ ကောက်ကာငင်ကာ ဆင်ခြင်မယ်ဆိုရင်တော့ သိပ်စိတ်မချရဘူး။ လောကဓံတွေနဲ့ မကြုံတွေ့သေးခင် ကြိုတင်ပြီး ဆင်ခြင်ထားနိုင်မှ စိတ်ချရမယ်။

မကြုံတွေ့သေးခင်ဆိုတာကတော့ -

အမှန်ကတော့ လောကဓံဆိုတာကတော့ အချိန်တိုင်း ကြုံတွေ့နေတာချည်းပါပဲ။ သို့သော်လည်း သိသိသာသာဆိုတဲ့ လောကဓံ၊ သိသိသာသာ ကောင်းတဲ့ လောကဓံကိုမှ လူအများက လောကဓံလို့ သတ်မှတ်ကြတော့၊ အဲဒီလို သိသာထင်ရှားတဲ့ လောကဓံတွေနဲ့ မကြုံတွေ့ခင်ကတည်းက “တစ်နေ့ကျရင် သေရမှာပဲ”လို့ ထပ်ကာထပ်ကာ ဆင်ခြင်ထားနိုင်မယ်၊ အင်အားပါအောင် ဆင်ခြင်ထားနိုင်မယ်ဆိုရင် တကယ်တမ်း သိသာထင်ရှားတဲ့ လောကဓံကြုံလာတဲ့အခါမှာ “တစ်နေ့ကျရင် သေရမှာပဲ”လို့ ဆင်ခြင်လိုက်ရုံနဲ့ လောကဓံကို အလိုအလျောက် ခံနိုင်ရည်ရှိသွားပါတယ်။

ကောင်းတဲ့လောကဓံပဲဖြစ်ဖြစ်၊ ဆိုးတဲ့လောကဓံပဲဖြစ်ဖြစ်၊ လောကဓံမှန်သမျှ ဘယ်လောကဓံမှ မတည်မြဲပါဘူး။ အကောင်းပြီးရင် အဆိုးလာနိုင်သလို အဆိုးပြီးရင်လည်း အကောင်းလာနိုင်တာပါပဲ။

နေမင်းကြီးဟာ အမြဲတမ်း ထွက်ပေါ်ထွန်းလင်းမနေပါဘူး။ အချိန်တန်ရင် ချုပ်ကွယ်မှောင်မိုက်ရပါတယ်။ လမင်းကြီးဟာလည်း အမြဲတမ်း ဆန်းတက်ပြည့်ဖြိုး မနေပါဘူး။ အချိန်တန်ရင် ဆုတ်ကျကွယ်ပရပါတယ်။ လပြည့်ရက်ရှိရင် လကွယ်ရက်ရှိသလို လဆန်းရက်ရှိရင် လဆုတ်ရက်လည်း ရှိရတာပါပဲ။

လောကဓံတရားတွေဟာ နေမင်း၊ လမင်းကြီးတွေနဲ့ သဘောချင်း တူပါတယ်။ လောကဓံကောင်းဆိုး အမျိုးမျိုးနဲ့ တွေ့ကြုံလာတိုင်း ဆင်ခြင်ပွားများ ခံနိုင်အားရှိဖို့အတွက် မဃဒေ၀လင်္ကာလေးတစ်ခု လက်ဆောင်ပေးလိုက်ပါရစေ။

“နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံငြားလော့၊ နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊ လပြည့်လကွယ်၊ ကြီး၍ငယ်ခဲ့၊ ထို့နှယ်မလွဲ၊ လူခပဲတို့၊ အမြဲချမ်းသာ၊ မရှိစွာရှင့်။”

သေခြင်းတရားကို ဆင်ခြင်မူရဲ့ အစွမ်းသတ္တိဟာ အင်မတန် အံ့သြစရာကောင်းပါတယ်။ လောကဓံခံနိုင်တဲ့ စိတ်စွမ်းအားကို သေခြင်း တရားပွားများမူက ဖန်တီးပေးနိုင်ပါတယ်။

တစ်နေ့ကျရင် အများအားဖြင့် ဘ၀မှာလိုအင်ဆန္ဒတွေ သိပ်များနေတတ်ကြတယ်။ ဟိုဟာလည်း ဖြစ်ချင်၊ ဒီဟာလည်း ဖြစ်ချင်၊ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်းလုပ်ချင်၊ ဟိုဟာလည်း ရယူချင်၊ ဒီဟာလည်း ရယူချင်နဲ့ လိုအင်ဆန္ဒတွေ များနေတတ်ကြတယ်။

တချို့ကျတော့ ကိုယ်ကိုယ်တိုင်လည်း လိုအင်ဆန္ဒ များရုံတင်မကဘူး၊ ကိုယ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအတွက်ပါ လိုအင်ဆန္ဒများနေတတ်ကြတယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို ဟိုဟာလည်း ဖြစ်စေချင်၊ ဒီဟာလည်း ဖြစ်စေချင်၊ ဟိုဟာလည်း လုပ်စေချင်၊ ဒီဟာလည်း လုပ်စေချင်၊ ဟိုဂုဏ်လေးလည်း ယူစေချင်၊ ဒီဂုစ်လေးလည်း ယူစေချင် စသည်အားဖြင့် လိုအင်ဆန္ဒတွေ များနေတတ်ကြတယ်။

အဲဒီ လိုအင်ဆန္ဒက ဘ၀အေးချမ်းမူကို ဖြစ်စေတဲ့ လိုအင်ဆန္ဒဆိုရင်တော့ တော်ပါသေးရဲ့၊ ဘ၀အေးချမ်းမူကို ပျက်စီးစေတဲ့ လိုအင်ဆန္ဒဆိုရင်တော့၊ ဥပမာ၊ ဂုဏ်ပကာသနတို့၊ ထင်ပေါ်ကျော်ကြားမူတို့ အဲဒီလို လိုအင်ဆန္ဒမျိုးဆိုရင်တော့ -

အဲ့ဒီ လိုအင်ဆန္ဒကို အကောင်အထည်ဖော်နေတဲ့အချိန်မှာလည်း လောဘစိတ်၊ လောဘအပူနဲ့ ပင်ပန်းဆင်းရဲရပါတယ်။ အကောင်အထည်ပေါ်လာလို့ မိမိလိုချင်တဲ့ ဂုဏ်ပကာသန၊ ထင်ပေါ်ကျော်ကြားမူ ရပြန်တော့လည်း သောကစိတ်၊ သောကအပူနဲ့ ပင်ပန်းဆင်းရဲရပါတယ်။ ဂုဏ်ကြီးလေ အပူကြီးလေ၊ ထင်ပေါ်ကျော်ကြားလေ ပင်ပန်းဆင်းရဲလေပါပဲ။

တစ်နေ့ကျရင် သေရမှာပဲလို့ ဆင်ခြင်ထားနိုင်တဲ့ပုဂ္ဂိုလ်၊ တစ်နေ့ကျရင် သေရမှာပဲဆိုတဲ့ ခံစားချက် ထင်ထင်ရှားရှား ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကတော့ မိမိအတွက်လည်း လိုအင်ဆန္ဒ မများတော့တဲ့အတွက်ကြောင့် စိတ်အေးချမ်းပါတယ်။

မိမိနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း လိုအင်ဆန္ဒ မများတော့တဲ့အတွက် မိမိနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်က မိမိရဲ့ လိုအင်ဆန္ဒကို ဖြည့်မပေးတဲ့အခါမှာ စိတ်ပင်ပန်းဆင်းရဲခြင်း မဖြစ်တော့တဲ့အတွက် စိတ်အေးချမ်းရပါတယ်။ တိုတောင်းလှတဲ့ ဘ၀လေးမှာ စိတ်အေးချမ်းစွာ နေသွားရဖို့က အဓိကပါပဲ။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။





























သေချိန်မသိတဲ့ဘ၀ ပျော်နေလို့ဖြစ်ပါ့မလား

အချိန်အားဖြင့် မြတ်စွာဘုရား ရာဇဂြိုဟ်မြို့၊ တပေါဒါရုံ ကျောင်းတိုက်မှာ သီတင်းသုံးတော်မူနေတဲ့အချိန်။

တပေါဒါရုံကျောင်းတိုက်ဆိုတာက တပေါဒါမြစ်ရဲ့ အနီးအနားမှာ တည်ထားတဲ့ ကျောင်းတိုက်ပါ။ အဲဒီ တပေါဒါမြစ်ရဲ့ ထူးခြားချက်တစ်ခုက တပေါဒါမြစ်ရေတွေဟာ ပူပြီးတော့နေတယ်။


ဘာ့ကြောင့် တပေါဒါမြစ်ရေတွေ ပူနေရသလဲဆိုရင် ရာဇဂြိုဟ်မြို့ကို ၀န်းရံထားတဲ့ တောင်ကြီးငါးလုံးထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဝေဘာရတောင်ရဲ့ အောက်မှာ နဂါးပြည်ရှိတယ်။ အဲဒီ နဂါးပြည်က နဂါးတွေ မြူးထူးပျော်ပါးကစားကြတဲ့ ရေအိုင်ကြီးကနေ အဲဒီ တပေါဒါမြစ် စတင်ပြီးတော့ စီးဆင်းလာတယ်။ လမ်းခရီးမှာ လောဟကုမ္ဘီငရဲကြီးနှစ်ခုရဲ့ ကြားကနေ ဖြတ်သန်းပြီးတော့ စီးဆင်းလာတယ်။

လောဟကုမ္ဘီငရဲဆိုတာက အလျှံတပြောင်ပြောင် တောက်လောင်နေတဲ့ သံပူအိုးကြီးတွေထဲက ကျိုက်ကျိုက်ဆူနေတဲ့ သံရေပူတွေထဲမှာ ငရဲသူ၊ ငရဲသားများ မြုပ်လိုက်ပေါ်လိုက်၊ မြုပ်လိုက်ပေါ်လိုက်နဲ့ ဆင်းရဲဒုက္ခ ခံစားကြရတဲ့ ငရဲကြီးပါ။

အိုးရဲ့အ၀ကနေ အောက်ကို မြုပ်သွားလိုက်တာ အိုးရဲ့ အောက်ခြေကြမ်းပြင်ကို ရောက်ဖို့အတွက် နှစ်ပေါင်းသုံးသောင်းကြာတယ်။ အိုးရဲ့ အောက်ခြေကြမ်းပြင်ကနေ အိုးရဲ့အ၀ကို ပြန်ရောက်ဖို့ အပေါ်ပြန်တက်လာတာ နှစ်ပေါင်းသုံးသောင်းကြာတယ်။

အဲဒီလိုအားဖြင့် နဂါးပြည်ရေအိုင်ကနေ မြစ်ဖျားခံပြီး လောဟကုမ္ဘီငရဲကြီးနှစ်ခုရဲ့ ကြားကနေ ဖြတ်သန်းစီးဆင်းလာတဲ့အတွက်ကြောင့် တပေါဒါမြစ်ရေတွေဟာ ပူနေရခြင်းဖြစ်တယ်။

အဲဒီတပေါဒါမြစ်ရဲ့ အနီးမှာတည်ထားတဲ့ တပေါဒါရုံကျောင်းတိုက်မှာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူတဲ့အချိန်။

တပေါဒါရုံကျောင်းတိုက်က “အရှင်သမိဒ္ဓိ”လို့ခေါ်တဲ့ ရဟန်းတော်လေးတစ်ပါးဟာ တစ်ခုသောမနက်မှာ အိပ်ရာက စောစောထပြီးတော့ စင်္ကြံကမ္မဋ္ဌာန်း ရူမှတ်ပွာများပြီးတော့နေတယ်။

အတောင်ခြောက်ဆယ်လောက်ရှိတဲ့ စင်္ကြံလမ်းမှာ ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်ပြီးတော့ နံနက်အာရုဏ်တက်တဲ့ အချိန်လောက်မှာ တပေါဒါမြစ်ထဲ ဆင်းပြီးတော့ ရေချိုးတယ်။

ရေချိုးပြီးတော့ ကုန်းပေါ်ပြန်တက်လာတဲ့အခါမှာ သင်းပိုင်ကိုပဲ ၀တ်ပြီးတော့ ဧကသီကိုတော့ မ၀တ်သေးဘဲ လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ အပေါ်ပိုင်းခန္ဓာကိုယ်မှာ စိုနေတဲ့ ရေတွေ ခြောက်သွားအောင်ဆိုတဲ့သဘောမျိုးနဲ့ မတ်တပ်ရပ် အခြောက်ခံနေတာပါ။

ခန္ဓာကိုယ်အစိုကြီးနဲ့ သင်္ကန်းဝတ်လိုက်မယ်၊ အ၀တ်ဝတ်လိုက်မယ်ဆိုရင် အဲဒီသင်္ကန်း၊ အဲဒီအ၀တ်တွေဟာ အနံ့အသက်လည်း မကောင်းဘူး။ ညစ်လည်း ညစ်နွမ်းလွယ်တယ်။ ရဟန်းတစ်ပါးအနေနဲ့ ၀ိနည်းအပြစ်လည်း သင့်တယ်။

ဒါကြောင့် ခန္ဓာကိုယ်အထက်ပိုင်းမှာ စိုနေတဲ့ရေတွေ ခြောက်သွားအောင် အခြောက်ခံတဲ့အနေနဲ့ ဧကသီကို မ၀တ်သေးဘဲ လက်တစ်ဖက်က ကိုင်ပြီး မတ်တပ်ရပ်နေတယ်။ အဲဒီလို ရပ်နေတာကို နတ်သမီးတစ်ယောက်က မြင်တော့ အရှင်သမိဒ္ဓိရဲ့ အပေါ်မှာ ချစ်ခင်နှစ်သက် တပ်မက်တဲ့စိတ်တွေ ဖြစ်တယ်။

အရှင်သမိဒ္ဓိဆိုတာက ခန္ဓာကိုယ်အချိုးအစား ကျနပြီးတော့ ရုပ်ဆင်းဥပဓိ အင်မတန်ချောမောတင့်တယ်တဲ့ ရဟန်းတော် ဖြစ်တယ်။ ပင်ကိုက ချောမောတင့်တယ်ရတဲ့ အထဲမှာ တရားရူမှတ်ပွားများပြီးကာစလည်းဖြစ်တော့ တရားရဲ့ အရှိန်အ၀ါနဲ့ ရုပ်အဆင်းက အထူးတောက်ပနေတယ်။ ရေချိုးပြီးစလည်းဖြစ်တော့ ခန္ဓာကိုယ်သန့်စင်ပြီး အထူးကြည်လင်နေတယ်။

ခန္ဓာကိုယ်အထက်ပိုင်းကလည်း ဧကသီမကပ်ဘဲ ဗလာကျင်းထားတဲ့အတွက်ကြောင့် ယောက်ျားတစ်ယောက်ရဲ့ ပင်ကိုအလှတွေဟာ ထင်ထင်ရှားရှား ပေါ်လွင်နေတယ်။

အဲဒီလို လှချင်တိုင်းလှ တောက်ပချင်တိုင်းတောက်ပနေတဲ့ ကျက်သရေပိုင်ရှင် အရှင်သမိဒ္ဓိကို မြင်တော့ ချစ်ခင်နှစ်သက် တပ်မက်တဲ့စိတ်တွေ ဖြစ်တယ်။

ရဟန်းတစ်ပါးကို မြင်မြင်ချင်း ချစ်မိတဲ့ နတ်သမီးဟာ ရင်ထဲက အချစ်စိတ်ကို မျိုသိပ်မထားနိုင်တဲ့အတွက်ကြောင့် ကောင်းကင်ကနေ မတ်တပ်ရပ်ပြီး အရှင်သမိဒ္ဓိကို စကားတစ်ခွန်း လှမ်းပြောလိုက်တယ်။

“အို… ချစ်သောရဟန်း…

“အသင်ဟာ အသက်အားဖြင့်လည်း အင်မတန် ငယ်ပါသေးတယ်။ အရွယ်အားဖြင့်လည်း အင်မတန် နုပျိုပါသေးတယ်။ ရုပ်ဆင်း ဥပဓိအားဖြင့်လည်း အင်မတန် ချောမောတင့်တယ် လှပါတယ်။ ခန္ဓာကိုယ်သွေးသား အင်အားတွေပြည့်ဝပြီး ကျန်းမာသန်စွမ်းနေပါတယ်”။

“ဒီလိုအချိန်မျိုးမှာ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို မခံစားဘဲနဲ့ ဘာဖြစ်လို့ ရဟန်းတရား ပွားများအားထုတ်နေရတာလဲ။ အခုလို ငယ်တုန်းရွယ်တုန်း၊ သန်တုန်းမြန်တုန်းမှာ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို မခံစားဘဲ ရဟန်းတရား ပွားများအားဖုတ်မူ မပြုသင့်ပါဘူး”။

“လောကီအာရုံ ကာမဂုဏ်ချမ်းသာဆိုတာ ငယ်တုန်းရွယ်တုန်း ခံစားမှ ကောင်းတာ။ သင်ကမခံစားဘဲ ရဟန်းတရား ပွားများအားထုတ်နေတော့ ကာမဂုဏ်ချမ်းသာ ခံစားရမယ့် အချိန်ကောင်း၊ အခွင့်ကောင်းကြီးကို သင်လက်လွတ်ဆုံးရူံးသွားမှာပေါ့”။

“အခွင့်ကောင်းကိုတော့ လက်မလွှတ်လိုက်စမ်းပါနဲ့။ ငယ်တုန်းရွယ်တုန်းမှာ လောကီအာရုံကာမဂုဏ်ချမ်းသာတွေကို အားရပါးရ၊ ပြည့်ပြည့်၀၀ ခံစားပြီးတော့ အသက်ကြီးတဲ့အချိန်ကျမှပဲ ရဟန်းတရား ပွားများအားထုတ်စမ်းပါ။

တမလွန်ဘ၀ ကောင်းရာကောင်းကြောင်းအတွက် ရဟန်းတရား ပွားများအားထုတ်တယ်ဆိုတာ အသက်ကြီးမှ အားထုတ်တာပဲ ကောင်းပါတယ်။”

အဲဒီလို နတ်သမီးကပြောတော့ အရှင်သမိဒ္ဓိက ခုလို ပြန်ပြီး မိန့်ကြားတော်မူပါတယ်။

ကာလံ ဝေါဟံ န ဇာနာမိ၊
ဆန္နော ကာလော န ဒိဿတိ။
တသ္မာ အဘုတွာ ဘိက္ခာမိ၊
မာ မံ ကာလော ဥပစ္စဂါ။

“နတ်သမီး သင်က ငါ့ကို အသက်အားဖြင့် ငယ်သေးလို့၊ အရွယ်အားဖြင့် နုပျိုသေးလို့ ရဟန်းတရားပွားများအားထုတ်မူ မပြုပါနဲ့ဦး၊ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို ခံစားပါဦးလို့ ပြောတယ်။ အသက်ကြီးမှပဲ ရဟန်းတရားကို ပွားများအားထုတ်ပါလို့ ပြောတယ်။”

“ဒါပေမဲ့ ငါကတော့ သေရမယ့်အချိန်ကို ကြိုတင်ပြီးတော့ မသိပါဘူး။ အသက်ကြီးမှပဲ သေရမယ်။ အသက်ငယ်တုန်းတော့ မသေသေးဘူးလို့ ငါသေရမယ့်အချိန်ကို အဲ့ဒီလိုခန့်မှန်းလို့ မရပါဘူး”။

“အသက်ကြီးမှပဲ တရားအားထုတ်တော့မယ်၊ အသက်ငယ်တုန်းတော့ ကာမဂုဏ်အာရုံ ခံစားဦးမယ်လို့ ရည်မှန်းထားပေမယ့် အသက်ကြီးတဲ့အထိ ငါက အသက်မရှင်ရဘဲ အသက်ငယ်တုန်းများ သေသဓွားခဲ့ရင် ရဟန်းတရားပွားများအားထုတ်ရမယ့် အချိန်ကောင်း၊ အခွင့်ကောင်းကြီးကို ငါ လက်လွှတ်ဆုံးရူံးသွားမှာပေါ့”။

“အချိန်ကောင်း၊ အခွင့်ကောင်းကြဓီးတော့ ငါ လက်လွတ်ဆုံးရူံး မခံနိုင်ဘူး၊ အချိန်ကောင်း၊ အခွင့်ကောင်းကို ငါလုံးဝ လက်မလွှတ်ဘူးဆိုတဲ့စိတ်နဲ့ ငါ ရဟန်းတရား ပွားများအားထုတ်မူ ပြုနေရခြင်းဖြစ်ပါတယ်။ လောကီအာရုံကာမဂုဏ် ချမ်းသာတွေကို မခံစားတော့ဘဲ ရဟန်းတရား ပွားများအားထုတ်နေခြင်း ဖြစ်ပါတယ်”။

အရှင်သမိဒ္ဓိရဲ့ ဖြေကြားချက်ကို ကောက်ချက်ချကြည့်လိုက်မယ်ဆိုရင် -

(၁) အရှင်သမိဒ္ဓိဟာ သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်နေတယ်။ သေခြင်းတရားကို အမြဲမပြတ် သတိရနေတယ်။ အချိန်မရွေး သေသွားနိုင်တယ်ဆိုတဲ့အသိ အရှင်သမိဒ္ဓိရဲ့ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ ရှိနေတယ်ဆိုတာကို ကောက်ချက်ချလို့ရတယ်။

(၂) သေခြင်းတရားကို ဆင်ခြင်ပွားများမူဟာ ရဟန်းတရား ပွားများအားထုတ်မူကို အင်အားကြီးမားစွာနဲ့ အထောက်အကူပြုတယ်ဆိုတာကို ကောက်ချက်ချလို့ရတယ်။

ရဟန်းတရား ပွားများအားထုတ်တယ်ဆိုတာကတော့ အဓိကအားဖြင့် ၀ိပဿနာအလုပ် အားထုတ်ခြင်းပါပဲ။

သီလ၊ သမာဓိကို အခြေခံပြီးတော့ ၀ိပဿနာအလုပ် အားထုတ်တာကိုပဲ ရဟန်းတရား ပွားများအားထုတ်တယ်လို့ ခေါ်ပါတယ်။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

Sunday 10 March 2013

မသေခင်ဘာလုပ်ကြမလဲ?

လူသားတွေရဲ့ ဘ၀မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားဟာ လူသားအားလုံးနဲ့ သက်ဆိုင်နေလို့ပါပဲ။

လူသားတစ်ဦးချင်းမှာ သူ့ဘ၀နဲ့သူ စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေ အသီးသီးရှိကြပါလိမ့်မယ်။ သူ့ရဲ့ လက်ရှိဘ၀၊ လက်ရှိအနေအထားနဲ့ လက်ရှိခံစားချက်အပေါ် မူတည်ပြီး စိတ်ဝင်စားကြမှာမို့ လူသားတစ်ဦးနဲ့တစ်ဦးရဲ့ စိတ်အ၀င်စားဆုံးအရာတွေဟာလည်း မတူထူးခြား ကွဲပြားနေကြမှာ မလွဲပါဘူး။

ကုန်သည်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ကုန်ပစ္စည်းတစ်ခုဟာ ဆေးပညာရှင်တစ်ယောက် အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ ဆေးပညာရှင် တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ဆေးကုထုံးတစ်ခုဟာလည်း ကုန်သည်တစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကုန်သည်တစ်ယောက် စိတ်အ၀င်စားဆုံး အရာဟာ ဆရာဝန်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်သလို ဆရာဝန်တစ်ယောက် စိတ်အ၀င်စားဆုံး အရာဟာလည်း ကုန်သည်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်လို့ပါပဲ။

ကိုယ်နဲ့ အသက်ဆိုင်တဲ့အရာကို စိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တောင်မှ စိတ်အ၀င်စားဆုံး မဟုတ်တာဟာ လူ့သဘာဝတစ်ခု ဖြစ်ပါတယ်။

အသိဉာဏ်ရှိတဲ့ လူသားမှန်ရင် ကိုယ့်ဘ၀ရဲ့ တိုးတက်မူကို လိုလားရစမြဲမို့ ကိုယ်နဲ့ မသက်ဆိုင်တာကို စိတ်ဝင်စားနေရင် ကိုယ့်ဘ၀ ဘယ်တိုးတက်နိုင်ပါတော့မလဲ။ ဒီတော့ ကိုယ့်ဘ၀ တိုးတက်မူနဲ့ မသက်ဆိုင်တာတွေကို စိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တောင်မှ အ၀င်စားဆုံးအရာ မဟုတ်တာဟာ သဘာဝကျပါတယ်။

ဒါပေမဲ့ သေခြင်းတရားကျတော့ လူသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိဂုဏ်မဲ့မရွေး၊ ဉာဏ်နုဉာဏ်ရင့်မရွေး၊ လူသားအားလုံးနဲ့ တပြေးညီ သက်ဆိုင်နေပါတယ်။ အသက်ကြီးသူတွေနဲ့သာမကပဲ အသက်ရွယ်သူတွေ၊ အသက်ငယ်သူတွေနဲ့ပါ သက်ဆိုင်နေတာဟာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။

အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး လူသားအားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် သေခြင်းတရားဟာ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ပါတယ်။

တချို့က သေခြင်းတရားကို သိသိသာသာ စိတ်ဝင်စားကြပါတယ်။ တချို့က ကိုယ့်ကိုယ်ကို သေခြင်းတရားကို စိတ်ဝင်စားလို့ ၀င်စားနေမှန်းမသိဘဲ (လုံးဝ စိတ်မ၀င်စားဘူးလို့တောင် အထင်ရောက်နေရက်နဲ့) စိတ်ဝင်စားနေကြပါတယ်။ ကိုယ်ကသာ စိတ်ဝင်စားနေမှန်း မသိတာ၊ ကိုယ့်စိတ်ကတော့ မသိမသာ စိတ်ဝင်စားနေပါတယ်။

လောကီအလုပ်တွေကို အရှိန်အဟုန်နဲ့ အပင်ပန်းခံလုပ်နေတာဟာ မသေခင် ခံစား စံစားဖို့၊ လောကုတ္တရာအလုပ်တွေကို အရှိန်အဟုန်နဲ့ အပင်ပန်းခံ လုပ်နေတာဟာ သေပြီးနောက် ခံစား စံစားဖို့၊ ဒါမှမဟုတ် သေခြင်းတရားက လွတ်မြောက်ဖို့။ သေခြင်းတရားကိုပဲ စံထားပြီး လူသားတွေ အလုပ်လုပ်နေကြတာပါ။

“မသေခင်” ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ လူသားတွေ အလုပ်လုပ်နေကြတာပါ။

တချို့က သေခြင်းတရားအကြောင်းပြောတာ မင်္ဂလာ မရှိဘူးလို့ ယူဆကြတယ်။ တက်တက်စင်မှားတဲ့ အယူအဆပါပဲ။

သေခြင်းတရားအကြောင်း ပြောဆိုတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိတော့ပါဘူး။ သေခြင်းတရားအကြောင်း တွေးတောခြင်းဟာလည်း လောကမှာ ကျက်သရေအရှိဆုံးပါပဲ။

ဘာလို့လဲဆိုတော့ သေခြင်းတရားကို အမှတ်ထင်ထင်သတိရနေမှသာ မသေခင် အခိုက်အတန့်ကာလလေးကို လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံး အလုပ်တွေနဲ့ တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါပဲ။

လူသားတိုင်းမှာ ကိုယ့်ကိုယ်ကို မကြာခဏ မေးသင့်တဲ့ မေးခွန်းတွေ အများကြီး ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တူတဲ့ မေးခွန်းတွေလည်း ရှိသလို မတူတဲ့ မေးခွန်းတွေလည်း ရှိပါလိမ့်မယ်။

“မသေခင် ဘာလုပ်ကြမလဲ” ဆိုတဲ့မေးခွန်းကတော့ လူသားအားလုံးရဲ့ တူညီတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လူသားအားလုံးရဲ့ ကိုယ့်ကိုယ်ကို မကြာခဏမေးသင့်တဲ့ မေးခွန်းတွေထဲမှာ အရေအကြီးဆုံး ဘ၀မေးခွန်းကတော့ “မသေခင် ဘာလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။

တိုးတက်ချင်တဲ့သူဆိုတာ မေးခွန်းတွေကို ချစ်မြတ်နိုးတတ်ရပါတယ်။ မေးခွန်းတွေကို ကြောက်ရင် မတိုးတက်နိုင်ပါဘူး။ စာမေးပွဲဆိုတာ မေးခွန်းတွေနဲ့ တည်ဆောက်ထားတာပါ။

ပညာရည်တိုးတက်လိုတဲ့သူဟာ စာမေးပွဲမှာ မေးထားတဲ့ မေးခွန်းတွေကို ပျော်ပျော်ကြီးဖြေဆိုရပါတယ်။ မေးခွန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ ဖြေဆိုနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ ပညာအရည်အချင်းဟာလည်း တိုးတက်မြင့်မားလာရပါတယ်။ စာမေးပွဲတစ်ခု အောင်ပြီးတိုင်း ပညာရည်တစ်ဆင့် မြင့်လာတာဟာ မျက်မြင်ထင်ရှားတဲ့ သဘာဝတရားကြီးပါ။

ဘ၀အရည်အသွေး မြင့်မားလိုသူတိုင်း ဘ၀စာမေးပွဲရဲ့ မေးခွန်းတွေကို ပျော်ပျော်ကြီး ရင်ဆိုင်နိုင်ရပါမယ်။ မှန်မှန်ကြီး ဖြေဆိုနိုင်ရပါမယ်။

ဘ၀အရည်အသွေးကို ထိပ်တန်းအကျဆုံး မြှင့်တင်ပေးမယ့် ဘ၀မေးခွန်းတွေထဲမှာ အချက်အချာအကျဆုံး မေးခွန်းကတော့ “မသေခင် ဘာလုပ်ကြမလဲ” ဆိုတဲ့ မဟာမေးခွန်းကြီးပါပဲ။

မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းထဲမှာ အပိုင်းနှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက “မသေခင်” ဆိုတဲ့အပိုင်းပါ။ တစ်ပိုင်းက “ဘာလုပ်ကြမလဲ” ဆိုတဲ့ အပိုင်းပါ။

“မသေခင်”ဆိုတဲ့ အပိုင်းနဲ့ သေခြင်းတရားကို သတိရ အောက်မေ့ဖို့၊ ကိုယ့်ဆီ မလွဲမသွေ ရောက်လာမယ့် သေခြင်းတရားကို ဧည့်သည်ကောင်းပမာ ကျေကျေနပ်နပ် လက်ခံဖို့၊ ကိုယ် တကယ်ပိုင်ဆိုင်တဲ့ ဘ၀ဟာ အချိန်ကာလအားဖြင့် ခဏတာလေးမျှသာ ဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ဖို့ ရည်ညွှန်းပါတယ်။

“ဘာလုပ်ကြမလဲ”ဆိုတဲ့ အပိုင်းနဲ့ ကိုယ် တကယ်ပိုင်ဆိုင်တဲ့ မသေခင် တစ်ခဏ ဘ၀တိုလျလျလေးကို တလေးတစား တန်ဖိုးထားတတ်ဖို့၊ အလုပ်ပိုနဲ့ အလုပ်လို၊ အကာအလုပ်နဲ့ အနှစ်အလုပ်ကို ခွဲခြားသိမြင်ပြီး အလုပ်ပိုတွေ၊ အကာအလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေကို အစွမ်းနိုင်ဆုံး ဆောင်ပွားဖို့၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေကို အရည်အသွေးပြည့်မီအောင်၊ အပြီးအဆုံး ပေါက်မြောက်အောင် အားထုတ်ဖို့ ရည်ညွှန်းပါတယ်။

သေခြင်းတရားကို သတိရအောက်မေ့တာ၊ သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ စိတ်ညစ်ဖို့၊ စိတ်ဓာတ်ကျဖို့ မဟုတ်ပါဘူး။ စိတ်ခိုင်ဖို့၊ စိတ်ဓာတ်မြင့်ဖို့ပါ။

သေခြင်းတရားကို နည်းမှန်လမ်းမှန် ပွားများတတ်ရင် စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ လုံးဝပျောက်ကင်းတဲ့အပြင် စိတ်ဓာတ်တွေ ခိုင်မာလာမယ်၊ စိတ်အရည်အသွေးတွေ မြင့်မားလာမယ်။ အသိဉာဏ် ရင့်ကျက်လာမယ်၊ ကိုယ်တကယ်လုပ်ရမယ့် အဓိကအလုပ်ဟာ ဘာလဲဆိုတာ ခွဲခြားတတ်လာမယ်။ ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြီးစီးအောင် လုပ်တတ်လာမယ်။ ကောင်းကျိုးတရားတွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

သေခြင်းတရားကို တွေးတဲ့စိတ်ဟာ အဖျက်စိတ်မဟုတ်ပါဘူး၊ အပြုစိတ်ပါ။ သေခြင်းတရားကို သတိရတဲ့သဘောဟာ အဖျက်သဘောမဟုတ်ပါဘူး၊ အပြုသဘောပါ။

အပြုသဘောဆောင်တဲ့စိတ်ဓာတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို အရှိန်အဟုန်ကောင်းကောင်း၊ အင်အားပါပါ၊ စွမ်းရည်ပြည့်ပြည့် လုပ်ဆောင်နိုင်ဖို့အတွက် “မသေခင် ဘာလုပ်ကြမလဲ” ဆိုတဲ့ တရားကို ဒီနေ့ ဟောရခြင်းဖြစ်ပါတယ်။

နှစ်ဟောင်းကုန်လို့ နှစ်သက်ကူးခါနီးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ ခြေမချခင် လမ်းဆုံးမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။

“နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ မသေခဲ့ပေမယ့် နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့တစ်နှစ်ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။”

အဲဒီလို သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။

“နှစ်ဟောင်းမှာ အလုပ်ပိုတွေ၊ အကာအလုပ်တွေနဲ့ အချိန်ဖြုန်းခဲ့လား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးခဲ့လား။ အနှစ်အလုပ်တွေ လုပ်ခဲ့တယ်ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာအထိ လုပ်ခဲ့လည်း၊ ဘယ်လောက် အရည်အသွေးပြည့်မီအောင် လုပ်ခဲ့လဲ”။

“နှစ်သစ်မှာရော၊ အလုပ်ပိုတွေ၊ အကာအလုပ်တွေနဲ့ အချိန်ဖြုန်းမှာလား၊ အလုပ်လိုတွေ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးမှာလား။ အနှစ်အလုပ်တွေ လုပ်မယ်ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာအထိ လုပ်မှာလည်း၊ ဘယ်လောက် အရည်အသွေးပြည့်မီအောင် လုပ်မှာလဲ”။

အဲဒီလို မသေခင်လုပ်ရမယ့် အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။

ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်ဆိုတာ မသေခင် ကာလလေးမှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။

ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကာလဟာ မသေခင်အချိန်ပိုင်းလေးမျှသာ ဆိုတာကို အမြဲသတိရနေမှ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မြန်မြန်ထက်ထက် သွက်သွက်လက်လက်နဲ့ အချိန်မီပြီးစီးအောင်၊ အကောင်းဆုံး ပြည့်စုံအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရဖို့ လိုအပ်ပါတယ်။

မသေခင် လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ ဘာအလုပ်တွေ လုပ်မယ်၊ ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်း ကြိုတင်စီမံကိန်း ချထားရပါမယ်။ တချို့အလုပ်တွေဆိုရင် မလုပ်မဖြစ် လုပ်မယ်လို့ကို အဓိဋ္ဌာန်ဆောက်တည်ထားရပါမယ်။

ဒါ့ကြောင့် အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားကို အမြဲ ဆင်ခြင်သတိရဖို့နဲ့၊ မသေခင်အချိန်ပိုင်းလေးမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်သွားနိုင်ဖို့ “မသေခင် ဘာလုပ်ကြမလဲ” ဆိုတဲ့ တရားကို ဟောရခြင်းဖြစ်ပါတယ်။

သေခြင်းတရားအကြောင်း
ပြောဆိုတာလောက်မင်္ဂလာရှိတာ
လောကမှာမရှိတော့ပါဘူး။
သေခြင်းတရားအကြောင်း
တွေးတောခြင်းဟာလည်း
လောကမှာကျက်သရေအရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို
အမှတ်ထင်ထင်သတိရနေမှသာ
မသေခင်အခိုက်အတန့်ကာလလေးကို
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
အလုပ်သင့်အလုပ်ထိုက်ဆုံး အလုပ်တွေနဲ့
တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာဖြစ်လို့ပါပဲ။

အလုပ်ပိုတွေ
အကာအလုပ်တွေကို
အတတ်နိုင်ဆုံးရှောင်ရှားပြီး
အလုပ်လိုတွေ
အနှစ်အလုပ်တွေကို
စွမ်းနိုင်ဆုံးအောင်ပွားနိုင်ဖို့
သေခြင်းတရားကို
မဖြစ်မနေသတိရသင့်ပါတယ်။

သေခြင်းတရားကို သတိရအောက်မေ့တာ
သေခြင်းတရားကိုဆင်ခြင်ပွားများတာဟာ
စိတ်ညစ်ဖို့၊ စိတ်ဓာတ်မကျဖို့ မဟုတ်ပါဖူး။
စိတ်ခိုင်ဖို့၊ စိတ်ဓာတ်မြင့်ဖို့ပါ။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

အများအကျိုးအားကိုးထိုက်မှလူ လူဖြစ်ရကျိုးနပ်အောင် ကြိုးစားနိုင်မှ တကယ့်လူ

လူဟူသည် - ကြံစည်တော့မည်ဆိုလျှင် -

၁။ ဤအကြံကား အပြစ်မကင်း၊ ပြီးသည်နှင့် ပြီးသဖြင့် အကျိုးလည်းမရှိ။

၂။ ဤအပြောမျိုးကား၊ ငါဆင်းရဲပြီး သူ ဒုက္ခရောက်တော့မည် အပြောတည်း၊ သို့ကြောင့် အပြစ်မကင်း၊ ပြီးသည်နှင့် ပြီးသဖြင့် အကျိုးလည်းမရှိ။


၃။ ဤအကျင့်မျိုးကား ငါပင်ပမ်းပြီး သူနွမ်းကျေတော့မည့်အကျင့်တည်း။ သို့ကြောင့် အပြစ်မကင်း၊ ပြီးသည်နှင့် ပြီးသွားသဖြင့် အကျိုးလည်း မရှိ။

ဤသို့ သိမှ လူမည် ဆိုရ၏။

ထိုသို့သာ သိပိုင်မေ့လျှင်

အခု သို့မဟုတ် နောင်လကုန်ပိုင်းဝယ် အကြွေးယူစားထားသူ၏ လခထုတ်လျှင် အမှန်ချေရတော့မည်ကို အတတ်သိနေသည့်ပမာ၊ အပြစ်မကင်းသော လျှပ်တစ်ပြက် ကောင်းပျက်ကလေးများတူ၍ အသိအမှတ်ပြုကာ -

ထိုအကြံမျိုး မကြံမိအောင် စောင့်စည်းပါတော့မည်။

အကြံမိသွားလျှင်လည်း နူတ်သို့မဆက်မိအောင် ချေဖျက်ပစ်ပါတော့မည်။

ပြောမိသွားလျှင်လည်း ကိုယ်ကျင့်သို့ တိုးမသွားမိအောင် ကြိုးစားပါတော့မည်။

ထိုလူသား ကြွေးကင်းလူသားတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

ငါဘာကောင်လဲ အကဲခတ် လုပ်ဇာတ်ပေါ်မည်သာ

ဤစာတန်းသည်

မေ့ခြင်းနှင့် မမေ့ခြင်း နှစ်ပါးတို့၏

သဘာဝခြားနားပုံ၊ အကျိုးပေးခြားနားပုံများနှင့် မေ့သောနေနည်း၊ မမေ့သောနေနည်း၊ နှစ်မျိုးတို့ကို ဝေဖန်ပြသရာ ဖြစ်ရာ ဤလောက်ဆို ရိပ်မိလောက်ကြပါပြီ။


ဤစာတန်းကို လေ့လာရင်းက ထိုသို့ ရိပ်မိလာပါလျှင် -

ကိုယ့်ကိုကိုယ် ငါသည်ကား မေ့တတ်သူလော၊ သို့မဟုတ် မေမေ့တတ်သူပေလော ပြန်လည်ဆန်းစစ်ဖို့ လိုအပ်မည် ထင်ပါသည်။

အကယ်တိတိ -

(က) သင်သည် အမေ့မရှိ သတိရနေသူဆိုပါအံ့၊ ထိုအခါ သင့်ကိုယ်သင် အော်… ငါသည်ကား လူမာတစ်ဦးပေတကားဟူ၍ ဆုံးဖြတ်ပါလေ။

အကယ်တိတိ -

(ခ) သင်သည် သတိမရှိ မေ့လျက်ပင်ရှိနေသူဆိုပါအံ့။ ထိုအခါ သင့်ကိုယ်သင် အော်… ငါသည်ကား လူမမာတစ်ဦးပေတကား ဆုံးဖြတ်ပါလေ။

အကယ်တိတိ -

(ဂ) သင်သည် သတိလုံးဝမရှိ အာရုံကြော မျောနေသူဆိုပါအံ့။ ထိုအခါ၌လည်း သင့်ကိုယ်သင် အော်… ငါသည်ကား မျှော်လင့်ချက်မရှိတော့ပါတကားဟူ၍သာ ဆုံးဖြတ်ပါလေ။

တစ်ဖန် သင့်ကိုယ်သင် အရွယ်အားဖြင့်လည်း ဆန်းစစ်ရဦးမည်မှာ -

ငါသည် အရွယ်အားဖြင့် ဘယ်အရွယ်၊ ဘယ်အရွယ်ထိကား မေ့နေသော အရွယ်သာတည်း။ ဘယ်အရွယ်၊ ဘယ်အရွယ်ထိကား မမေ့သောအရွယ်သာတည်း။

တစ်ဖန် အချိန်အားဖြင့်လည်းမေ့ချိန်ကား ဘယ်နှစ်နာရီ၊ အမှတ်မိနေချိန်ကား နာရီးပေါင်း ဘယ်မျှအထိပေတည်း။

ဤသို့လည်း ပြန်လည်သုံးသပ်ပါလေ။

အဘယ်ကြောင့်ဆိုသော် မေ့ခြင်းနှင့် မေမေ့ခြင်း နှစ်မျိုးတွဲလျက်က တစ်ဦးတည်း၌ မနေတတ်ခြင်း၊ တစ်ဦးတည်းဖြစ်ခဲ့သော် အရွယ်တိုင်း၊ အချိန်တိုင်း အမြဲမရှိတတ်ခြင်းများကြောင့်တည်း။

မေ့မေ့နေတတ်ခြင်းကား စကတည်းက ပါလာခြင်း၊ တိရစ္ဆာန်ဘ၀ အဖြစ်များခြင်း၊ လူဖြစ်သည့်တိုင် ညှို့ဓာတ်ပါသော အာရုံတို့၏ တိုက်စွဲ အစွဲခံရခြင်းများကြောင့် လွယ်၏။ စိတ်လွှတ်ပေးထားရုံဖြင့် ပြီးစီး၏။ စိတ်သက်သာလိုသူတိုင်း ခံတွင်းတွေ့သော မေ့ဆေးတစ်လက်ပင်တည်း။

မမေ့ခြင်းကား ထိုနှင့်ဘက်ကန် ပြောင်းပြန်တည်း။

သို့ကြောင့် လူ့ပြည်ရောက်နေသော သင် အဘယ်လမ်းစဉ်ရွေးမည်ကို ဆုံးဖြတ်ပါလေ။ ထိုနှစ်လမ်းကား ပြဒါးတစ်လမ်း၊ သံတစ်လမ်းပမာတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

ကောသမ္ဗီမှ သေမင်းငှင်ပွဲ

ဘုရားရှင် ရွေလက်ထက်တော်ကာလတုန်းက -

ကောသမ္ဗီပြည်ဝယ် ဘုရင် ဥတေနမင်းစော စိုးစံ၏။

ထိုမင်း၌ -

သာမာဝတီ၊ မာဂဏ္ဏီ၊ ၀ါသုလဒတ္တာဟူ၍ မိဖုရားကြီးသုံးပါး ရှိ၏။


ထိုတွင် -

သာမာဝတီကား ထိုပြည်ရှိ ဂေါသကသူဌေးကြီးနှင့် အတန်းတူ၊ အဆင့်တူ သူဌေးကြီးတစ်ဦး၏ သူဌေးသမီး ဖြစ်ပြီး ဂေါသကသူဌေး မွေးစားထားသူလည်း ဖြစ်၏။

တစ်နေ့ -

နန်းရင်ပြင် ကွင်းလယ်မှ သာမာဝတီ ဖြတ်အသွား -

နန်းတော်၏ လေသာပြတင်းဝမှ ရပ်ကြည့်နေသော ဥတေနမင်း မြင်သွားရာ နေရောင်အောက်ဝယ် ရွှေအဆင်းကဲ့သို့ ၀ါဝင်း တောက်ပသော အလှရုပ်ပိုင်ရှင် သာမာဝတီကို မရအရ အာဏာပြလျက်က သိမ်းပိုက်ခံရရာမှ မိဖုရားဘ၀ ရောက်လာရသူတည်း။ သို့မဟုတ် ဘုရင့်ဘက်က ချစ်လွန်းလွန်းလှသဖြင့် သူဌေးမျိုး ဘုရင့်သွေးထိုး ခံရလေသူပင်တည်း။

ဤကား သာမ၀တီအကြောင်း။

မာဂဏ္ဍီကား ရာဇ၀င် ခြေတံရှည်မျိုးဖြစ်ရာ အခြေအမြစ်မှ စရှင်းပြမှ လိပ်ပတ်လည်မည် ဖြစ်၏။

၎င်း၏ ဖခင်သည် မာဂဏ္ဍီဖြစ်၍ ဖခင်အမည်စွဲ၍ ခေါ်သော မာဂဏ္ဍီ၊ ထို မာဂဏ္ဍီပုဏ္ဏား ဇနီးမောင်နှံ၏ တစ်ဦးတည်းသော သမီးလှလေးဆိုရ၏။ ထိုသမီးလှလေးသည် လူမမီ၊ နတ်အလှထက်ပင် နည်းနည်းပိုသေး၏။ ၎င်း၏ကြန်အင်လက္ခဏာများကို ထိုပုဏ္ဏားကြီး ဇနီးမောင်နှံက ဗေဒအတတ်ဖြင့် ကြည့်ရူကြလေသောအခါ -

ဤသမီးကား စကြာမင်းနှင့်သာ ထိုက်တန်သော သမီးပေတကား။

ဤသမီးကား မင်းကောင်းမင်းမြတ်နှင့်သာ လိုကဖက်သော သမီးပေတကား။ ၎င်းကား အထက်ပါ မာဂဏ္ဍီ မိဖုရားပင်တည်း။

တစ်နေ့ -

ထိုပုဏ္ဏားဇနီးမောင်နှံတို့ ကျွတ်တန်းဝင်ချိန် အလှည့်ရောက်နေပြီဖြစ်သဖြင့် ထို မိသားဖသား လာရာလမ်း၏ သဲပြင်များပေါ်ဝယ် စက်တော်ရာ ခြေရာတော်များ ချပြပြီး တစ်ခုသော သစ်ပင်ရိပ်ဝယ် ဘုရားရှင် ငံ့လင့်စောင့်ကြိုနေတော်မူပါ၏။

ပုဏ္ဏားကြီးနှင့် ဇနီး၊ သမီး ထိုသုံးဥဓီးလည်း ထိုလမ်းအတိုင်း လာရင်းက မာဂဏ္ဍီပုဏ္ဏားကြီးကပင် စတင်ကာ ဘုရားရှင်၏ သူတစ်ပါးတို့နှင့် မကွဲပြားသော ခြေတော်ရာများကို မြင်တွေ့သွားရာ -

ရှင်မရေ၊ ကြည့်စမ်း-ကြည့်စမ်း၊ ဒါ သာမန်လူသားခြေရာ မဟတ်ုဘူးကွဲ့၊ ဧကန္တ စကြာဝတေးမင်း ဖြစ်ရမယ်၊ ဒါမှမဟဒုတ် စကြာမင်းလောင်း ဖြစ်ရမယ်။ တို့သမီးလေးနဲ့ ထိုက်တန်တဲ့ သမက်လောင်း တွေ့ရတော့မယ်ကွဲ့။

လာ ခြေရာခံ လိုက်ကြစို့ရဲ့။

ပုဏ္ဏေးမကြီးကလည်း ပုဏ္ဏားကြီးနည်းတူ လက္ခဏာဖတ်ပညာဗေဒပညာများ တတ်ကျွမ်းထားလေရာ ပုဏ္ဏားကြီး ထိုင်ငုံ့ကြည့်နေသော ခြေတော်ရာကို ပုဏ္ဏားကြီးနှင့် ခေါင်းချင်းဆိုင် ထိုင်လျက်ကပင် လေ့လာသုံးသပ်ပြန်၏။

အာ-အရှင့်သမီးယူမယ့် လူစားမျိုး မဟုတ်ဘူး အရှင်ရေ့။

ရာဂသွေးကင်းနေတဲ့ တရားမင်းသား ဖြစ်ရမယ်။

အိုကွယ်၊ လမ်းတွေ့တဲ့ ရတနာထုပ် မကောက်ဘဲ ပစ်ထားခဲ့၊ တို့ လူညံ့ ဖြစ်သွားမှာပေါ့၊ လာသာလာ ခြေရာခံလိုက်ကြရအောင်။

စောင့်နေသည် လာသာလာခဲ့
ဘုရားရှင်၏ ဤနေရာ လာခြင်းကပင် ပုဏ္ဏားကြီး ဇနီးမောင်နှံအတွက်တည်း။ ပုဏ္ဏားကြီး ဇနီးမောင်နှံလာခြင်းကလည်း ဘုရားရှင် ရှာပုံတော်ဖွင့်ရန်အတွက်တည်း။

အမျှော်တွက်နှင့် အရှာတွက် အချက်မိသွားကြပြီ။

ပုဏ္ဏားကြီးသည် ဘုရားရှင်၏ ထံတော်မှောက် ရောက်သွားသည်နှင့် ဘုရားရှင်၏ ဘုန်းကျက်သရေတော်များကို စေ့စေ့စပ်စပ်ကြည့်၏။ မျက်လုံးပွတ်သပ် အထပ်ထပ်လေ့လာ၏။ တစေ့တစောင်း ချောင်းမြောင်း၍လည်း အကဲခတ်၏။ ခြေဖ၀ါး၊ လက်ဖ၀ါး အသားတော်ကအစ ဘာမှ မကျန်စေရပြီ။

သည်လူမျိုးမှ ဒို့သမီးနှင့်မထိုက အဘယ်လူမျိုး ထိုက်လိမ့်နည်း။

ပုဏ္ဏားကြီးသည် စိတ်တွင်းမှနေ ထိုသို့ ရေရွတ်ကြုံးဝါးရင်း သူ့သမီး ချောကြောင်း၊ လှကြောင်း၊ သင်နှင့်သာ ထိုက်တန်ပါကြောင်း စသည်စသည်ဖြင့် ဘုရားရှင်အား မိမိတို့ မာဂဏ္ဍီသမီးလေးကို အပ်နေလေရာ -

ပုဏ္ဏားကြီး သင့်သမီး အဘယ်မှာ ချောသနည်း။

ဝမ်းဗိုက်တွင်း၌ ပိုးလောက်မစင်များဖြင့် ပြည့်ကျပ်နေ၏။

ချွဲကဏ်းသလိပ် အညစ်အကြေးများလည်း စုံလင်လှချေ၏။ ခန္ဓာ့ပြင်သို့ ထွက်စရာလမ်းပေါက်မှန်သမျှ မစင်ချေးများဖြင့်သာ ပေကျံလျက် ရှိ၏။

ထို ပုပ်ဟောင်ညှီထေး ညစ်ကြေးမဟင်၊ မသတီစရာအသွင် ဆောင်ထားသော သင့်သမီးကို ငါ မယူလိုပြီ။

ဟုတ်ပေသားကပဲ။

ထို မာဂဏ္ဏီပုဏ္ဏားကြီး ဇနီးမောင်နှံ အနာဂါမ် တည်သွားကြလေပြီတကား။

မဟုတ်လိုက်တာကပဲ။

မာဂဏ္ဏီသတို့သမီးက ဘုရားရှင့်အပေါ် အငြိုးကြီး ငြိုးထားလိုက်ပြီ။

ငါ့ မိုချိုးမျှစ်ချိုးပြောတာ တစ်နေ့ သိကြရောပေါ့၊ ဟင်း…

ထို့နောက် -

ပုဏ္ဏားကြီးဇနီးမောင်နှံ ဘုရားထံ ခွင့်ပန်ပြီး ရဟန်းဝတ်ကြရာ သမီးကို စူဠမာဂဏ္ဍီ ညီတော်ပုံဏ္ဏားထံ အပ်နှံထားခဲ့ကြ၏။

ထို စူဠမာဂဏ္ဍီပုဏ္ဏားကလည်း ဥတေနမင်းကြီးထံ သွားရောက်ဆက်သရာ ထို မာဂဏ္ဍီကား မိဖုရား ဖြစ်လာရ၏။ သို့မဟုတ် သမဓီးရှင်ဘက်က ထိုအပ်လာသဖြင့် ဘုရင် လက်ခံထားလိုက်ခြင်း။

ဤကား မာဂဏ္ဍီအကြောင်း။

ရန်သူအား ရန်သူသွေးသား
ဤ၌ သာမာဝတီ၊ မာဂဏ္ဍီတို့၏ ကိစ္စကိုသာ ညွှန်းလိုပါသဖြင့် စန္ဒပဇ္ဇောတမင်း၏ သမီးတော် ၀ါသုလဒတ္တာအကြောင်း ဖုံးခဲ့ပြီ။

ဥတေနမင်းသည် မိဖုရားခေါင်ကြီး အရာထားသော သာမာဝတီ မိဖုရားကြီးကို အလွန် မြတ်နိုးလဓှရကား အခြံအရံ မိဖုရား ခုနှစ်ရာ တို့နှင့်တကွ တခမ်းတနား အခွင်းအရေး ပေးသနားထား၏။ စံမြန်းရာ၌ကား သာမာဝတီ လက်ဥဓီး။ ထို့နောက် ၀ါသုလဒတ္တာ၊ နောက်ဆုံး မာဂဏ္ဍီအလှည့်ကျ။

တစ်နေ့ -

သာမာဝတီမိဖုရားကြီး၏ ကျွန်မ ခုဇ္ဇုတ္တရာသည် သုမနပန်းသည်ထံ ပန်းသွားဝယ်ရာ ဘုရားရှင်နှင့်တကွ နောက်ပါ သာဝကများအား ဆွမ်းအလှူတော်ပွဲ ကျင်းပနေချိန်နှင့် ကြုံကြိုက်နေရကား သုမနပန်းသည်ကလည်း ဖိတ်ကြား။ ကျွန်မလည်း တရားနာလိုသဖြင့် နေမိလေရာ -

ဘုရားရှင်၏ ဆွမ်းအနုမောဒနာ တရားအဆုံးမှာပင်

ထိုကျွန်မ သောတာပန်ဘ၀ ရောက်ခဲ့ရပြီ။

သို့နှင့် -

နန်းတော်သို့ ပြန်အလာ ၀ယ်လာသော ပန်းတို့ကား ထက်ဝက်တိုး ဖြစ်နေတော့ရာ -

ရှင်မ ယနေ့ ပန်းတွေကလည်းများလိုက်တာ -

ဘုရင်မင်းမြတ်က ခါတိုင်းထက် ပန်းဖိုး ပိုပေးလို့လားကွယ် သာမာဝတီမိဖုရားကြီးက အမေး -

မဟုတ်ပါဘူး အရှင်မ

ခါတိုင်းက လေးကျပ်ကို နှစ်ကျပ်ယူထားပြီး နှစ်ကျပ်ဖိုးပဲ ၀ယ်ခဲ့ပါတယ် အရှင်မ၊ ယနေ့တော့ လေးကျပ်ဖိုးလုံး ၀ယ်ခဲ့လို့ ဒီလောက်များတာပါ အရှင်မ။

ခုဇ္ဇုတ္တရာကျွန်မက အဖြေပေးလိုက်၏။

ဟင် - ဒီကနေ့ ဘာဖြစ်လို့လဲ ရှင်မ။

ဘုရားရှင်၏ တရားတော် နာကြားခွင့် ရခဲ့လို့ပါ။

အဲဒီတရား ငါတို့ကိုလည်း ဟောပြပေးပါလား။

သို့နှင့် ကျွန်မသည် ဘုရားကိုယ်စား တရားဟောကြားပေးရတော့မည်ဖြစ်၍ ကျနစွာ ရေအချိုးခံယူခြင်း၊ ကျန်စွာဝတ်စားဆင်ယင်မူကို ခံယူခြင်း ပြုပြီးနောက် တဘက်တစ်ထည်ကို ကိုယ်ရုံကဲ့သို့ ကိုယ်အပေါ်ပိုင်း ပတ်ကာ၊ ပလ္လင်ပေါ် တက်ရောက်၍ ဘုရားဟောသောအတိုင်း တရားဟောပြလိုက်ချေရာ -

သာမာဝတီနှင့် မိဖုရားခုနှစ်ရာတို့လည်း သောတာပန်ဘ၀ ရောက်ပြန်ရချေပြီ။

တစ်နေ့ -

ဘုရားရှင်နှင့် နောက်ပါ သာဝကများသည် -

နန်းတော်ရှေ့မှ ဖြတ်လျှောက်ပြီး ဆွမ်းခံ ကြွချီတော်မူပါသည်ကို တရားကိုသာ နာခွင့်ရ၊ ဘုရားဖူးခွင့် မရရှာကြသေးသော ထို သာမာဝတီအုပ်စုသည် နန်းဆောင်၏ ထရံများဝယ် မျက်လုံးတစ်လုံးစာမျှ အပေါက်ကလေးများ ဖောက်ပြီး ချောင်းမြောင်း ဖူးမြော်ကြ၏။ မာဂဏ္ဍီမိဖုရား တွေ့သိသွားပြီး။

ဒင်းတို့ ငါ့ရန်သူ အားပေးနေတာ သိစေ့မည်။

ထိုနောက် ဘုရင့်အား သာမာဝတီနှင့် နောက်ပါများ သူတို့လင်ငယ်များနှင့် ချိန်းတွေ့ရအောင် နံရံမှာ အပေါက်များ ဖောက်ထားကြပါသည်။

တစ်နေ့ အရှင်မင်းကြီးကိုပင် လုပ်ကြံခံရပါလိမ့်မည်။ ဂုံးအချော ဘုရင်ကလည်း တစ်ပါးတည်း လိုက်ပါပြီး မေးစစ်၏။

သာမာဝတီမိဖုရားကြီးတို့ကလည်း အကြောင်စုံ အကုန်အစင် ဟုတ်တိုင်းမှန်စွာဖြင့် စိတ်တိုင်းကျ လှူစေဗျား။

ရော-ခက်ကပြီ။

အဝေးကြည့်မုန်းလွန်းလို့ ဂုံးချောပါမှ အနီးဆုံးကြည့် မုန်းအားပြည့် ဖြစ်ရဦးတော့မှာပါကလား။

ထိုနေ့မှစ၍ မာဂဏ္ဍီသည် နိုင်ကွက်ကိုချည်း ချောင်းမြောင်းနေတော့၏။ ၎င်း၏ အဆောင်မှ သာမာဝတီအဆောင်တော်တို့အကူး စောင်းတော်၏ ၀မ်းဗိုက်အတွင်း အဆိပ်ပြင်းသော မြွေဟောက် သွင်းပေးထားကာ သာမာဝတီကပင် လုပ်ကြံသယောင် ဂုံးချော၏။

မာဂဏ္ဍီအကြံကား မအောင်၊ သာမာဝတီ၏ ၈ုစ်ကျေးဇူးများကသာ ပို၍ ပို၍ ထွန်းပြောင်လာ၏။

သီလ၏အလှကို မာနအလှက တုမမီနိုင်ပြီ။

သီလအားကိုလည်း မာနအားက လိုက်၍ မမီနိုင်ပြီ။

သီလ နတ်စောင့်သည်သာ ရှိ၏။ မာန နတ်စောင့်သည်ဟူ၍ မရှိပြီ။

ထို့နောက် မာဂဏ္ဍီသည် ဘုရင့်အမိန့်တော်ဖြင့်

ကြက်သေများကို ယူဆောင်လာကာ ဘုရား ဆွမ်းလောင်းရန် ချက်ပြုတ်ခိုင်း၏။ သာမာဝတီအုပ်စုကလည်း ကြည်ဖြူစွာ ချက်ပြုတ်ကြ၏။ တစ်ဖန် ကြက်အရှင်လတ်လတ်များကို ယူဆောင်လာကာ ဘုရင် အရက်နှင့် ပွဲတော်တည်ရန် ချက်ပြုတ်ခိုင်းပြန်၏။

ညီမ အသေဆို တော်သေးကွယ်

အရှင်ဆိုတော့ ငါတို့ အသတ်နိုင်ဘူး ညီမတော်။

မာဂဏ္ဍီအကြံ အောင်သွားပြီ၊ ဘုရားနှင့် သာမာဝတီညားကြရပေပြီ။

အရှင်မင်းကြီး -

သည်လောက်ဆို အစ်မတော် သာမာဝတီအကြောင်း သဘောပေါက်သင့်လှပါပြီဘုရား။

သူ့ဂေါတမအတွက် ကြက်ချက်ပေးပါဆိုတော့

ကြည်ကြည်ဖြူဖြူ ချက်ချင်းကြီး တာဝန်ယူလိုက်ပါသည်။

ယခု အရှင်မင်းကြီး ပွဲတော်တည်ဖို့အတွက် ကြက်ချက်ခိုင်းတော့ ချက်ချင်းပဲ ငြင်းပယ်လွှတ်လိုက်ပါသည်။

သည်လောက်ဆို အရှင်မင်းကြီးထက် ရဟန်းဂေါတမဘက်ပို၍ စိတ်ညွတ်နေသည်မှာ ထင်ရှားနေပါပြီ အရှင်မင်းကြီး။

မာဂဏ္ဍဓီ ဘယ်လိုတိုက်သော်လည်း ဥတေနမင်း မမိုက်တော့ပါပြီ။ ယခင် မြွေကိုလွှတ်၍ တိုက်ပေးစဉ်က မိုက်ကြွေးတင်ခဲ့သည်များ ယခုတိုင် မင်းစော သတိရဆဲပင် ရှိနေသေး၏။

ထိုစဉ်က -

သာမာဝတီအပေါ် အထင်လွဲ လေးညှို့ကို ဆွဲဆန့်ကာ ဒင်းသာမာဝ တီ သေရော့ဟဲ့ ရင်ဝတည့်တည့်ချိန်လျက်က မြားလွှတ်စဉ် -

(၁) တစ်ကြိမ်မှဓာ သာမာဝတီထံ မြားကမသွား၊ မိမိပစ်ခတ်သူထံ တန်ပြန်လှည့်လာခဲ့၏။

(၂) ဒုတိယအကြိမ်မှာ သာမာဝတီထံသို့ မြား လုံးဝမသွား ပစ်လေသူ မိမိနားရွက်နားအထိ တိုးကပ်လာကာ ထိမည်လုပ်သဖြင့် ရှောင်ပေးလိုက်ရ၏။

(၃) နောက်တစ်ကြိမ် သည်တစ်ချီကား မည်သို့မျှ ငါ့ဘက် မလှည့်စေရအောင် အသေချာဆုံးမြား အသေချာဆုံး လက်မှန်းလက်ဆများဖြင့် ချိန်လွှတ်ပေးလိုက်ရာ ထိုအသေချားကား သာမာဝတီ၌ကားမဟုတ်၊ မြားသည် တစ်ဟုန်ထိုး မိမိရင်ဝတည့်တည့် ဆီသို့ ပြေးဝင်လာရာ အရှောင်မြန်သဖြင့်သာ သေမင်းထံ အမိန့်မနာခံခဲ့ရသည်များကို ယခုတိုင် သတိရဆဲ ဖြစ်နေသေး၏။ သို့ကြောင့် -

ဥတေနမင်းသည် သာမာဝတီ၏ သီလကိုကား အကြွင်းမဲ့ ယုံပြီးသားတည်း။ မာဂဏ္ဍီ၏ အတွင်းသဘောကိုလည်း အကြွင်းမဲ့ သိပြီးသားတည်း။ ထိုနှစ်ဦးတို့၏ တူသော မတူခြင်းကို စိတ်ထားချင်းများက သက်သေပြနေကြပြီ ကိုယ်အမူအရာချင်းတို့ကပါ ထောက်ခံနေကြပါသည်ကို ဥတေန သိ၏။

မာဂဏ္ဍီကား အလိုရမ္မက် ကြီး၏။ အာရုံအတေါ့ မေ့မေ့ကြီးဖြင့် ဆွေ့ဆွေ့ခုန် တုန်တုန်လူပ်လူပ်ခံစားလေ့ရှိ၏။ အလိုကြီးသဖြင့် ဘာမဆို သူတစ်ပါးအပေါ် မာန်ဖီနေတတ်၏။ သူတစ်ပါး မာန်ဖီနေသဖြင့် မေတ္တာရေစက် ခန်းခြောက်လျက်။

ထိုအကြောင်းကို ကောင်းကောင်းကြီး သိနေတော့သဖြင့် မာဂဏ္ဍီတိုက်ကွက် သာမာဝတီဘက် မြားဦး မလှည့်တော့ပေ။ နေနှင့်ဦးပေါ့။ ထင်းခွေမကြုံ ရေခပ်ကြုံ မာဂဏ္ဍ၏ ကြုံးဝါးသံ၊

(က) သူ့ရန်ဘက် ဂေါတမအပေါ် ကြည်ညိုနေခြင်းသည် သူ့နှိပ်စက်သည်သို့ ထင်၏။

(ခ) သူ့ထက်သာ ဘုရင်က အရေးပေးသည်ကို သူ့ရှေ့ဆီးခံနေသော တုံးတစ်တုံးသို့ ထင်၏။ ထိုနှစ်ချက်တို့ကြောင့်ပင် ဤနန်းမတွင်းမှ သာမာဝတီကို ဖယ်ရှားပစ်ရန် သူ့မှာ တာဝန်ရှိလေ၏။

တစ်နေ့ -

ဥတေနမင်းစော နောက်ပါ အခြံအရံများဖြင့် ဥယျာဉ်တော်သို့ ထွက်၏။ ထိုအချိန်သည် မာဂဏ္ဍီအတွက် အခွင့်ကောင်းတည်း။

မာဂဏ္ဍီသည် -

ဦးမင်းတော် စူဠမာဂဏ္ဍီပုဏ္ဏားနှင့်တကွ သူ့တစ်ဆွေမျိုးအားလုံးကို စုရုံးစေကာ ဘုရင် မျက်နှာတော် ကွယ်နေဆဲ

သာမာဝတီမိဖုရားကြီးနှင့်တကွ သူ့အခြွေအရံ သူ့နန်းမတစ်ခုလုံး မီးလောင်တိုက်သွင်းတော့၏။

(က) သတ်သူ မာဂဏ္ဍီအုပ်စုကား
သူတို့ရှိ တစ်ဘက်သို့ အငြိုးထားမူ အာဃာတ ရမ္မက်ကြီးမူရာဂ ဘက်ပြိုင်လိုမူ မာနတို့ နှိပ်စက်ခံရသဖြင့် ချွေးပြန်။

(ခ) သေရမည့် သာမာဝတီအုပ်စုကား
သူတို့ရှိ တစ်ဘက်သို့ခွင့်လွှတ်တတ်မူ ခန္တီ၊ ရမ္မက်ပါးရှားမူ မေတ္တာ၊ အာရုံပေါ် စိတ်မသွား၊ မိမိခန္ဓာကြား ထားသောသတိတို့ကြောင့် အေးအေးသာသာခံ။

မီးကြီးကား သာမာဝတီတို့နန်းမ လောင်ကျွမ်းစပြုပြီ။

သာမာဝတီကိုလည်း မမေ့သတိဖြင့် ကိုယ့်ကိလေသာကို ရို့မြိုက်ကြရာ မီးကြီးလည်း နန်းမတစ်ခုလုံး (သာမာဝတီတို့ပါ) ၀ါးစားအပြီး သာမာဝတီတစ်အုပ်စုလုံးလည်း -

(က) အချို့ကား အနာဂါမ်ဘ၀ဖြင့် ဗြဟ္မာ့ပြည် လားကြရချေပြီ။

(ခ) အချို့ကား သကဒါဂါမ်ဘ၀ဖြင့် ဗြဟ္မာ့ပြည် သွားကြရချေပြီ။

မီးသည် သာမာဝတီတို့သာမက သာမာဝတီတို့အတွင်းရှိ ကိလေသာဟောင်းများကိုပါ မီးသမျှ လောင်မြိုက်ဝါးမြိုသွားချေပြီ။

ဘုရင် ဥတေနမင်း ရောက်လာသောအခါတွင်မူကား -

သာမာဝတီနန်းမတို့အစား ပြာပုံသာ ရူမြင်ရတော့သည် ဖြစ်ရာ ဖြစ်ရလေ သာမာဝတီရယ်။ အကြောင်းစုံ အကုန်သိသွားသော ထိုမင်းစော
မာဂဏ္ဍီမိဖုရားနှင့်တကွ

မာဂဏ္ဍီဆွေမျိုးမှန်သမျှ ပုခက်တွင်း ကလေးပါမကျန် နန်းရင်ပြင် ထုတ်ခေါ်စေပြီး

ကလေးများကိုကား ဓားဖြင့်ခုတ် တွင်းထဲ မြှုပ်စေ၏။

စူဠမာဂဏ္ဍီနှင့် လူကြီးများကိုသာ ဥက္ခောင်းပေါ်ရုံမျှ ကိုယ့်တွင်း ကိုယ်တူးခိုင်း၊ တူးပြီးသော် ကိုယ့်တွင်း ကိုယ်ဆင်းစေပြီး

မင်းချင်းများသည် တစ်ကိုယ်လုံးကိုကား မြေမှာမမြှုပ်၊ ဥက္ခောင်းကိုကား ဖော်ပေးထား၏။

ထို့နောက် မင်းချင်းများကား -

သံသွားတပ် ထွန်များနှင့် ထိုဥက္ခောင်းများ မပြတ်မချင်း ထွန်ယက် သတ်ဖြတ်ပေးရ၏။ ကာလ၀ိပါက် နောက်ပိုးတတ်ကြပြီ။

မည်မျှ စိတ်ဆင်းရဲကြရလေမည်နည်း။

ထိုမျှ လုပ်ရက်သူ မင်းချင်းများအပေါ် မည်မျှ အာဃာတထား အငြိုးပွားကြလေမည်နည်း။

အမိန့်ပေးရက်စက်သူ ဘုရင့်အပေါ် မည်မျှပြစ်မှား ဒေါသမာန်ပွားကြလေမည်နည်း။ ၎င်းတို့ အပြန်လမ်းကား အဆန်းမဟုတ်၊ အမှန်လည်း မဟုတ်၊ ခံရန်မျှသာတည်း။

မာဂဏ္ဍီမိဖုရားကိုကား -

ဦးစီးညွှန်ကြားသူ၊ မိမိမြတ်နိုးသော မိဖုရားကြီးကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ကြံဝံ့သူ၊ ရမ္မပြင်းထန် အကောက်ဉာဏ်ထားတတ်သူ၊

ထိုစွဲချက်သုံးချက်တို့ဖြင့်-

ဥတေနမင်းစောနှင့် ပရိတ်သတ်အားလုံး မြင်သာရာ နန်းမကွင်းပြင်ကြီးမှာပင် ကိုယ့်ဆီချက်အိုး ကိုယ်မီးထိုးလျက်က တည်ပေးရပါပြီ။ ဆီချက်အိုး ပွက်ပွက်အဆူ ကိုယ့်ပေါင်သား ကိုယ်ဓားဖြင့်လှီး၍ ကြော်စားပြနေရပါချေပြီ။

အသားဆတ်ဆတ် သွေးအထပ်ထပ် မသေမချင်း ကိုယ့်အသား ကိုယ်စားပြနေရပါချေပြီ။

ထိုမာဂဏ္ဍီလေး သာမာဝတီလို ပြုံးပြုံးလေး သေနိုင်ပါ့မလား။

ထိုမာဂဏ္ဍီလေး သာမာဝတီလို ကိုယ့်အဖြစ်ကိုယ်မြင် ဆင်ခြင်နိုင်ပါ့မလား။


ဘယ်သူလူသေ ဘယ်သူလူရှင်လဲ
ထိုနှစ်အုပ်စုသေသတင်း -

ဆွမ်းခံရင်း ရဟန်းတော်များ ကြားသိတော်မူလာခဲ့ကြရလေရာ ကျောင်းတော်တွင်း၌လည်း ပုထုဇဉ်ရဟန်းအားလုံး အုံးအုံးကျွက်ကျွက်သာတည်း။

နေ့ခင်း တရားသဘင် ကျင်းပတော်မူချိန်တွင်ကား -

ဘုန်းတော်ကြီးသော မြတ်စွာဘုရား

တစ်ဖက်မှာ -

(က) မာဂဏ္ဍီနှင့် သူ့ဆွေမျိုးများ၏ လုပ်ကြံမူကြောင့် သာမာဝတီ မိဖုရားကြီးနှင့်တကွ မိဖုရား ခုနှစ်ရာ၊ အခြွေအရံပါ မကျန်သေဆုံး၍ သွားရှာကြပါပြီ။

တစ်ဖက်မှာကား -

(ခ) ဥတေနမင်းကြီး၏ ကွပ်မျက်ခံရမူကြောင့်ပင် မာဂဏ္ဍီမိဖုရားနှင့်တကွ သူ့တစ်ဆွေတစ်မျိုးလုံး သေဆုံး၍ သွားကြရပါသည်။

ထိုနှစ်ခင်း -

ဘယ်ဒင်းသည် သေ၍ ဘယ်ဒင်းသည် အရှင်ဖြစ်ပါသလဲ ဘုရားဟူ၍ ရဟန်းတို့က လျှောက်ထားတောင်းပန်ကြရာ

အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ၊ မစ္စုနောပဒံ
အပ္ပမတ္တာ နမိယန္တိ၊ ယေပမတ္တာ မတာယထာ။

ဤဂါထာတော်ကို ရှင်တော်ဘုရား မိန့်မြွက်ကြားချေသည်တကား။ ထိုဂါထာ၏ အနက်အဓိပ္ပာယ်များ နောက်ကပင် ပြဆိုရှင်းလင်းခဲ့ပြီးပြီ။

(က) မမေ့ခြင်းသည် အသေခြင်း၏ အကြောင်းဖြစ်ပြီး၊ မမေ့သောသူ လူသေသော်မှလည်း သေသည်မမည်။

(ခ) မေ့ခြင်းကား သေခြင်း၏ အကြောင်းခံ အမှန်ဖြစ်ပြီး ထိုမေ့လေသူ လူမသေသည့်တိုင် သေသည်နှင့် ဘာမျှ မခြားနားပြီဟူ၍ပင်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။